19 October 2008

ပန်းသုံးပွင့်နဲ့အတူ


သိပ်အံ့သြသွားသလား မမြဝင်း….ပန်းသုံးပွင့်ဆိုတာ ထင်ချင်တိုင်းထင် မြင်ချင်တိုင်း စရာ မိန်းကလေး သုံးယောက်မဟုတ်ပါဘူးဗျာ။ ဘုရားတင်ဖို့ဝယ်လိုက်တဲ့ ပန်းသုံးပွင့်ကစတဲ့ ဇာတ်လမ်းပါ။ ပြီးခဲ့တဲ့ လပြည့်နေ့က ဖားအောက်ကျောင်းမှာ ဥပုသ်ယူရင်း ဘုရားပန်းတွေကို ကြည့်ပြီး အိမ်က ဘုရားစင်မှာ လှူချင်စိတ်တွေ တဖွားဖွား။ ပန်းတွေကို မြင်တော့ အဟောင်းတွေ အသစ်ဖြစ်ပြန်ရောလေ…….

ကြာပါပြီ ကြာခဲ့ပါပြီ။ ဖိုးသား ဟိုဘက်တစ်ခင်းလောင်းချေအုံး ဆိုတဲ့ ဆရာအံ့အသံကို ကြားယောင်မိနေတယ်။ ဝေယံရှိုင်းက ငိုနေလို့ ဖိုးသားရေ ပြီးရင် ပန်းတွေ ခူးပေးလိုက်ပါဦးဆိုတဲ့ အန်တီနုအသံကလည်း ထပ်ကြပ်မကွာ။ ကျနော်ဆောင်းတွင်းဆို အလုပ်လာလုပ်ရတဲ့ ဆရာအံ့စိုက်ခင်းပါ။ လူငှားတွေလည်း ရှိပေမယ့်။ ကျနော်က နှစ်တိုင်းအလုပ်လာလုပ်ဖြစ်တယ်။ ပြန်ရတဲ့ အဖိုးအခက ဆရာအံ့သင်ပေးတဲ့ အင်္ဂလိပ်စာပေါ့။ ကျောင်းလခမတက်နိုင်တဲ့ ကျနော့အတွက် ပြန်လည်ပေးဆပ်နိုင်တာဒါပဲရှိတယ်လေ။

ဆရာအံ့စိုက်ခင်းမှာက နှင်းဆီရယ်၊ ဂန္ဓာမာရယ် အတန်းတွေ အတန်းတွေမှ အများကြီး။ ဂန္ဓာမာတွေကတော့ အခုပန်းသုံးပွင့်လို yellow ball, snow ball တွေလေ။ သိပ်လှတဲ့ပန်းလုံးကြီးတွေပေါ့။ ပန်းတစ်ပွင့်ဖြစ်ဖို့ဆိုတာ လွယ်တာမှတ်လို့။ ပန်းသည်ဆီကလွယ်လွယ်ဝယ်လို့ရတိုင်း ပန်းတွေကို ပစ်စလက်ခတ်လုပ်တဲ့လူတွေဆို ကြည့်လို့မရတော့။ ဘာဖြစ်လို့လည်းဆိုတာ ပန်းစိုက်ဖူးမှ သိကြမှာလေနော့။

ပထမ မြေတွေကို စနစ်တကျ ကျင်းတူးပြီး နပ်ထားရတာ။ မြေဆွေး သစ်ရွက်ဆွေး နွားချေးခြောက်တွေနဲ့လေ။ ပြီးမှ ပန်းတွေကို စနစ်တကျ တိုင်းထွာပြီး ပျိုး။ ပိုးမကိုက် အကောင်မကိုက်အောင် ဂရုစိုက်။ ပြာတွေဖြန်းသင့်တာဖြင့်ဖြန်း။ ရေလောင်းတာကို လည်း စနစ်တကျလောင်းပေါ့။ အပင်လေးတွေထွက်လာချိန်ကျတော့လည်း ကိုယ့်ရင်သွေးလေးတွေလို အရိပ်တကြည့်ကြည့်နေမိပြန်ရော။

ပန်းလေးတွေဖူးလာပြီဆိုရင်တော့ အပျော်ဆုံးက ကျနော်ပဲထင်ပါရဲ့။ ပန်းစိုက်တဲ့ ဘဝကကြည်နူးစရာကောင်းလိုက်တာနော်။ လိပ်ပြာတွေဝဲသလို လမ်းသွားလမ်းလာတွေကလည်း အိုး….ဒီအခင်းက သိပ်လှပါလားဆိုရင် ခြေထောက်နဲ့မြေကြီးမထိတော့။ တကယ်တော့ အဲဒီပန်းခင်းက ကိုယ်နဲ့လည်းမဆိုင် ကိုယ်လည်း မပိုင်။

ပန်းတွေခူးချိန်ရောက်ရင်တော့ လက်တွေတုန်နေပြန်ရော။ နှမြော တာလည်းမဟုတ် ဘာလည်းမဟုတ်။ ပန်းတွေကို ရွရွလေးကိုင် တစ်ပွင့်ချင်းကို ရင်နာနာနဲ့ ဖြတ်နေတတ်တာ။ ဖိုးသားရယ် နင်ခူးနေတာ ဒီနေ့ပြီးရောပြီးမှာလားဆိုရင် ကျနော့ဆီက ပြီးမှာပေါ့ဗျာ ခင်ဗျားတို့က စိတ်ကိုမရှည်ဘူးနဲ့ပြန်အော်မိတတ်တယ်။ ဟုတ်တယ်လေ ပန်းလေးတွေ နာသွားရင် သူတို့သိမှာလားဗျာ။ ပန်းလေးတွေမှ စကားမပြောတတ်တာ။

နောက်တစ်ယောက်ကတော့ ပန်းလာကောက်နေကြဖောက်သည်။ တောင်းကြီးထဲမှာ စနစ်တကျစီရီထည့်ပါဆိုမရ။ အရွက်တွေခံပါဆိုနားမထောင်။ ကျနော့အခင်းသာဆို သူ့ကိုမရောင်းဘူး တကယ်။ ပန်းတွေခမျာ ပြွတ်သိပ်ကြပ်နေတဲ့ တောင်းထဲမှာ။ အပေါ်ကနေ ပုဆိုးလေးရေဆွတ်အုပ်လိုက်ပြီးရင် နေပူထဲမှာအကြာကြီးမသွားနဲ့ဆိုလည်း လိုက်နာမှာမဟုတ်။

တစ်ခါတစ်ခါ ကျနော်က သူတို့ကိုပြောရင် သူတို့တွေက ရီကြတယ်။ ဖိုးသားရယ်နင်အဖြစ်သည်းလွန်းတယ်တဲ့။ ပန်းတွေကားပေါ်တင်ရင် နင်ကားစပယ်ယာနဲ့ စကားများဦးမှာတဲ့။ ငါတို့မှာ စပယ်ယာမျက်နှာ ကြည့်လိုက်နေရတာတဲ့။ မတော်လို့ ခရီးသည်တွေကတက်နင်းသွားရင် နင်တော့ ဒုက္ခတဲ့။

အင်းလေ အခုနေပြန်တွေးကြည့်တော့ ခဏနေ အချိန်ကျရင် ညှိုးမှာပဲကိုးနော်။ လိုက်ပူနေတော့ စိတ်ပင်ပန်းတာပေါ့။ ညှိုးသွားတဲ့ပန်းတွေကို ဘယ်သူက တယုတယ အမြဲသိမ်းထားနိုင်မှာလဲ။

အခုလည်း ဘုရားပန်းကပ်မယ်ဆိုပြီး ဝယ်မိတဲ့ ပန်းသုံးပွင့်နောက်မှာ တွယ်ငြိနေတဲ့ စိတ်က အတောမသတ်။ အတိတ်ထိတောင် ပါတယ်ဆိုမှတော့။ သြော်…….ဘုရားပန်းနွမ်းလို့ စွန့်ပစ်တဲ့အချိန်ကိုရောက်လာတောင် နောက်ထပ်အသစ်တင်ရင်း နောက်ထပ် ခံစားချက်အသစ်တွေနဲ့ ဝေနေဦးမယ်ထင်ပါရဲ့….

10 comments:

စူး said...

ဒီပို့စ်လေး ကောင်းတယ်

RePublic said...

ကိုယ့် ကိုကိုယ်ပြန်ရစ်နှောင် ပိတ်ပစ်တတ်တဲ့ စိတ်ရဲ့ခံစားငြိတွယ်မှု သံယောဇဉ်တွေပေါ့ဗျာ ၊၊ အဖြေထုတ်ဖို့ Integtation (သို့) Summation တွေလုပ်ရတဲ့အခါ ကိုယ့်ထည့် လိုက်ရမယ့် upper နဲ့ lower limit တွေကိုတော့ အမြဲသတိပြု ဂရုစိုက်ဖို့လိုတယ် ကိုရွှာသားလေးရေ ၊၊

ခင်မင်တဲ့
ကိုကြီးဝီ

Anonymous said...

ပန်းချစ်သူ ဖိုးသားလေးပေါ့ ဖတ်ရတာ ကြည်နူးမိတဲ့ ကိုယ်ပြုစုထားတဲ့ ပန်းကလေးကို ကိုယ်တိုင်မြတ်နိုးတန်ဖိုးထားတာလေးတွေ ဘလော့ဆိုတာနဲ့ ပန်းလေးတစ်ပွင့်ပေါ့နော့်း)

ပန်းခရမ်းပြာ said...

ပန်းလေးတွေကို ချစ်တတ်ရင် စိတ်သဘောထားနူးညံ့ သူဖြစ်မှာပေါ့နော်။

Moe Myint Tane said...

တစ်ရက်ပျော်ချင် အရက်သောက် တစ်လပျော်ချင် မိန်းမယူ တစ်သက်ပျော်ချင် ပန်းပင်စိုက်တဲ့။ ကိုရွာသားလေးက တစ်သက်လုံးပျော်ရမှာပါဗျာ ပန်းချစ်သူပေကိုး။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Phyu said...

ငယ်ငယ်က အမေစိုက်တဲ့ နှင်းဆီတွေကို ခိုးရောင်းပြီး ကိုယ် စိုက်တဲ့ အပင်လေးတွေ ပွင့်လည်းလာရော အဖူးကတည်းက အရိပ်တကြည့်ကြည့်နဲ့ ကြွေသွားတဲ့အထိပဲ.. အဲဒီကြမှ ကိုယ်ချင်းလည်း စာတတ်သွားရော...း).... ။
ပန်းချစ်သူလည်း မညှိုးတဲ့ မေတ္တာပန်းပဲ ပိုင်ဆိုင်ပါစေနော်..၊

တန်ခူး said...

ပန်းအလှကို ချစ်ရုံသက်သက် မဟုတ်ပဲ ပန်းဘ၀ကိုပါ ချစ်တတ်သူကိုး…
ဒီနှလုံးသားကြောင့်ပဲ ကဗျာတွေ စာတွေ မွေးဖွားဖြစ်တာပေါ့…
ကျွန်မ အရင်က ပန်းလေးတွေကိုပဲ စိတ်ဝင်စားတယ်… ခုတော့ ပန်းလေးတွေပွင့်တဲ့ ပန်းပင်လေးတွေကို တယုတယ စိုက်ပျိုးဖို့  စိတ်ဝင်စားတယ်… အရမ်းငြိမ်းချမ်းတယ်… (ပိုးသတ်ဆေးဖြန်းတဲ့ အချိန်ကလွဲလို့ )

ဇင်ယော် said...

အော် ကိုရွာသားက ပန်းချစ်တတ်တဲ့ ပန်းပျိုးသူကိုး။ ဥယျာဉ်မှူးတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်က ပို့ စ် ထဲမှာ အတိုင်းသားဗျာ။ ပန်းချစ်တတ်တဲ့ ကိုရွာသား အတွက် တစ်ပွင့်သောပန်း ထာဝစဉ် လန်းဆန်း နိုင်ပါစေဗျာ။

Unknown said...

ခုတော့ ပန်းချစ်သူလေး ပျိုးတဲ့ စာပန်းခင်းလေးပေါ့
အမှတ်သည်းခြေသိပ်ကြီးတာပဲကိုး
ငယ်ငယ်ကအကြောင်းလေးတွေကို
မှတ်၂ယ၂ ပြန်ခံစားပြီးရေးထားတာပဲ
တွယ်ငြိတဲ့ စိတ်ကလေးကိုတော့ တဖြည်းဖြည်းဖျောက်တော့နော့ ငယ်တော့ဘူး (ပန်းချစ်သူ သီချင်းလေးကိုတောင် သတိယမိတယ်)

Unknown said...

ဖိုးသား ဆိုလို့  တို့ မောင်လေးကိုတောင်သတိယသွား မိတယ်ကွယ်