30 October 2008

ဝှက်ဖဲ


လူတိုင်း လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိနေကြမယ်ထင်ပါတယ်။ လျှို့ဝှက်ချက်ဆိုတဲ့အတိုင်း ဖုံးကွယ်ထားတတ်ကြတာမို့ မမြင်လွယ်မသိလွယ်ဘူးပေါ့။ မှောက်ထားတဲ့ ဖဲချပ်လေးနဲ့တူပါလိမ့်မယ်။ ၀ှက်ဖဲလေးပေါ့ဗျာ…

ကိုယ်ရေးကိုယ်တာ တစ်ဦးတစ်ယောက်တည်းအတွက်ဆိုတဲ့ ၀ှက်ဖဲလေးတွေဆိုရင်တော့ လွတ်လပ်စွာကိုင်ဆောင်ခွင့်ရှိမယ်ထင်ပါတယ်။ သို့ပေမယ့် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ပါ ထိခိုက်စေမယ့် ၀ှက်ဖဲဆိုရင်ကော။ ဘယ်လောက် ထိခိုက်နစ်နာစေမလဲဆိုတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ရမယ်ထင်ပါတယ်။

ပြီးခဲ့တဲ့လက ၀ှက်ဖဲတစ်ချပ်အတွက် ကျနော်စိတ်ဓါတ်တော်တော်လေး ကျခဲ့ရပါတယ်။ အိပ်မပျော်တဲ့ညတွေလည်း များခဲ့တာပေါ့။ အလုပ်ထဲက ကျနော်ယုံကြည်ရတဲ့ အလုပ်အကိုင်သိပ်တော်တဲ့ လူတစ်ယောက်ရဲ့ ၀ှက်ဖဲလေးကြောင့်ပါ။ ဘယ်လိုမှထင်မထားမိတဲ့ အဖြစ်အပျက်မို့ ဒီနေ့အထိတော့ အိပ်မက်တစ်ခုလိုပါပဲ။ တော်တော်လေးကြာတဲ့အထိ ကျနော်ဟာ သူ့ဘက်ကနေ ရပ်တည်ပေးနေတုန်း။ သက်သေ သာဓကတွေ ခိုင်လုံလာတဲ့အခါမှာတော့ မငြင်းနိုင်တော့ပေမယ့် မယုံရဲသေးဘူးလေ။ နောက်ကနေ တစ်ယောက်ယောက်ကများ ချောက်ချလေသလားဆိုပြီး မျှော်လင့်နေမိသေးတယ်။ နောက်ဆုံးသူဝန်မခံသေးဘူးဆိုတော့ အကြောင်းထူးရှိနိုင်ကောင်းရဲ့ ထင်နေမိတယ်။ သူနဲ့မျက်နှာချင်းဆိုင်မိရင်တောင် ကျနော်က မျက်လွှာအရင်ချမိတယ်။ သူ့ကို ရဲရဲကြည့်ရမှာလို့အားနာမိလို့ပါ။ မသင်္ကာတဲ့အကြည့်တွေနဲ့ ကြည့်နေတယ်လို့ သူယူဆမှာစိုးရိမ်လို့ပါ။ အဆုံးသတ်မှာတော့ သူ့ဆီက ၀န်ခံချက် SMS တစ်ခုရလိုက်ပါတယ်။ တကယ့်ကို ထိခိုက်နာကျင်ရပါတယ်။ တစ်လလုံးလုံး အစစ်ဆေးခံ အမေးမြန်းခံရမယ့် ဘ၀ကနေ လွတ်မြောက်သွားပေမယ့် ကျနော်မပျော်ရွှင်ခဲ့ပါဘူး။ ဘာကြောင့်လုပ်ရက်ပါလိမ့်ဆိုတဲ့ အတွေးနဲ့ပါ။ ရုံးတစ်ခုလုံးလည်း အုံးအုံးကြွက်ကြွက်ဖြစ်သွားကြတယ်။ တစ်ချို့လူတွေက နောက်ဆုံးအချိန်ကျမှာ သူ့ရဲ့ဝှက်ဖဲကို သိလိုက်ရတာ။ ကျနော်ကတော့ ကျနော်သိနေပါတယ်ဆိုကို သူမသိအောင် သူ့မျက်စိရှေ့မှာတစ်လလောက် နေခဲ့ရတာပါ။ အဲဒီဝှက်ဖဲရဲ့ ရိုက်ခတ်မှုက ကျနော်တို့ကို အထက်လူကြီးတွေ ယုံကြည်မှု ကျဆင်းသွားစေခဲ့မယ်ထင်ပါတယ်။

ကံဆိုးတာလား ကံကောင်းတာလား မသိနိုင်လောက်အောင် တစ်ချို့ဝှက်ဖဲတွေကို ကျနော်သိနေတတ်ပါတယ်။ အကြောင်းတိုက်ဆိုင်တာပဲလား ကံတရားကြောင့်ပဲလား အနားက၀ှက်ဖဲတွေကို အမှတ်တမဲ့ တွေ့ရတတ်တယ်။ အဲဒီဝှက်ဖဲတွေတိုင်းအတွက် အခါများစွာ စိတ်ဓါတ်ပျက်ပြားဖူးပါတယ်။ များသောအားဖြင့် ကျနော်ထင်မှတ်မထားတာတွေ ဖြစ်နေတတ်လို့ပါ။ အရိုးခံစိတ်နဲ့ ပြောမိဆိုမိသမျှအတွက် အရမ်းကို တုန်လှုပ်မိတယ်။ တစ်ချို့ဝှက်ဖဲတွေကို သိရတဲ့အခါမှာ ကျနော့အတွက် လောကမှာ ဆက်လက်ရပ်တည်စေဖို့ ခဲယဉ်းစေတဲ့အထိပါ။ အနီးဆုံး အခင်ဆုံး အချစ်ဆုံးဆိုတဲ့ အစွဲတွေကြားမှာ သူတို့ရဲ့ဝှက်ဖဲတွေက သွေးပျက်စေတဲ့ ဆောင်းအိပ်မက်တွေ ပေးစွမ်းနိုင်တဲ့အထိလေ။ တစ်ခါတစ်ခါ သိပ်ကြောက်ဖို့ကောင်းသလို တစ်ခါတစ်ခါ ရွံ့မုန်းဖို့ကောင်းပါတယ်။

အကယ်၍သာ ဖြစ်နိုင်မယ်ဆိုရင် အဲဒီဝှက်ဖဲတွေကို ဘယ်လိုအကြောင်းနဲ့မှ ကျနော် မသိချင်ခဲ့ပါဘူး။ သိရတာနဲ့ ထိခိုက်နာကျင်ရတာမို့ပါ။ များများသိလေ ပိုစိတ်ပင်ပန်းလေမို့ ဖြစ်နိုင်ရင် မျက်စိမှိတ် နားပိတ်ခွင့်ကို တောင်းချင်မိတယ်။ အသံတွေ အရုပ်တွေကလည်း ပဲ့တင်သံတွေ နံရံတွေကနေတစ်ဆင့် ပိတ်ထားတဲ့နားတွေထဲအတင်းဝင် မှိတ်ထားတဲ့ မျက်စိကို ဇွတ်တွန်းဝင်လာတော့ ခက်ပါတယ်။

ဒါဆိုရင် ကျနော့မှာရော ကျနော့မှာ ၀ှက်ဖဲတွေ ရှိသလား? ကျနော့ ၀ှက်ဖဲတွေအတွက် ဘယ်သူတွေ ထိခိုက်နာကျင်စေခဲ့မိပြီလဲ။ ဘယ်သူတွေက အဲဒီဝှက်ဖဲကို မြင်သွားပြီလဲ။ ကျနော့ဝှက်ဖဲတွေကကော သိပ်ကြောက်စရာကောင်းနေသလား တွေးနေမိရင်း မှောက်ထားတဲ့ ဖဲလေးတစ်ချပ်ကို လက်နဲ့တစ်အားအုပ်ဖို့ကြိုးစာနေမိတော့တာ……..

7 comments:

Anonymous said...

ကိုတောသားက ၉ ပေါက် မောင်မျိုးက ဘူကြီးဆိုတော့ စားတယ် ၀ါးတယ် =) ၀ှက်ဖဲက ဆိုတာလည်း မရှိမကောင်း ရှိမကောင်းပါပဲ မပြောတက်ဘူး လူကြီူးတွေကိစ္စ ..။

စူး said...

ဝှက်တယ်ဆိုတာ သူတပါးကို ထိခိုက် မယ်ဆိုရင် တော့ ဝှက်ဖဲဆိုတာ မထားသင့်ဘူးလို့ ထင်ပါတယ်။

khin oo may said...

တို့လည်းသူမှားဝှက်ဖဲ တွေကို မသိချင်ပါ. ။ သို့သော် ရွာသားလေးရဲ့ဝှက်ဖဲ ကိုတော့ အသာလေး မကြည့်ချင်သား။ :P နာကျင်စေမယ်လို့ မယူဆမိလို့ပါ။

ဝေလေး said...

ဝှက်ဖဲ.. ဘာတွေလည်းဟင်.. လူကြီးတွေကိစ္စ... မီးလည်းသိဘူး.... :)
ဒီစာဖတ်ပြီးတွေးမိနေတယ်... ကိုယ့်မှာရော ဝှက်ဖဲများရှိနေလားလို့ .... ရှိဘူးထင်တာပဲ... :P

Moe Cho Thinn said...

ကျနော်ကတော့ ကျနော်သိနေပါတယ်ဆိုတာကို သူမသိအောင် သူ့မျက်စိရှေ့မှာတစ်လလောက် နေခဲ့ရတာပါ တဲ့။
သူများကို ငဲ့ညှာတတ်တဲ့ ယဉ်ကျေးတဲ့ ရွာသားပါလား။ ဒီလို စိတ်မျိုး ထားနိုင်ဖို့ ခက်ပါတယ်။ ဒီလိုလူမှာ သူများကို နာကျင်စေတဲ့ ၀ှက်ဖဲ မရှိဘူးလို့ ယုံကြည်နေပါတယ်။

Unknown said...

တို့ တော့ နည်းနည်းတုံးတယ်ကွယ်
ဝှက်ဖဲတွေရှိတယ်ဆိုတာကိုတောင် သတိမထားမိအောင်ပဲ (ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးရမယ် မကောင်းတာလုပ်ရင် မကောင်းတာပဲ ရမယ်) ဆိုတဲ့ စိတ်ကြောင့်လားမသိ
အင်း အရိုးခံစိတ်လေးရှိတဲ့ ရွာသားလေးမှာ ၀ှက်ဖဲ ရှိ မရှိ ကိုတော့ ပြောပြမှပဲသိတော့မယ်ကွယ်

Unknown said...

စကားမစပ် အင်ဂျင်နီယာ ပီသပါပေတယ်