07 October 2008

မိုးတိမ်တွေထဲကအိမ်


အီကွေတာနဲ့ပဲနီးလို့လား တချက်တချက်တိုက်လေတဲ့ ဒီနိုင်ငံကလေတွေက ပူပြင်းလွန်းတယ်။ အဲလိုနဲ့တိမ်တွေ အထပ်ထပ်ဖွဲ့လာခဲ့ရင်လည်း မကြာခဏမိုးအဖြစ်ရွာချတတ်တယ်။ နင်နဲ့ငါရဲ့ စိတ်ကူးထဲကအိမ်လေးဟာလည်း ရွာချတဲ့ မိုးတွေနဲ့အတူ ပျောက်ပျက်ခဲ့ပြီထင်ပါရဲ့။ ရွာနေတာ မိုးရေတွေလား နင်နဲ့ငါရဲ့ မျက်ရည်တွေလား……..ဟင်…

အရင်တုန်းကတော့ တို့နှစ်ယောက်သိပ်ချစ်ခဲ့ကြတယ်။ မရှိလေတဲ့ အရပ်မှာ ငါးပိရည်ပဲစားရစားရပေါ့။ နင်ရတဲ့လခ သုံးလေးသောင်းရယ် ငါရတဲ့လခငါးသောင်းခြောက်သောင်းရယ်နဲ့ လူမွေးလူတောင်မပြောင် အဆောင်အယောင်အခမ်းအနားတွေ မပါပေမယ့် ငါတို့သေချာပေါက်ပျော်ခဲ့ကြတယ်။ အများကစကားတင်းဆို ပြစ်ဖွဲ့ဆိုကဲ့ရဲ့လည်း ငါတို့နှစ်ယောက်တွဲလက်မဖြုတ်ပဲ တစ်ယောက်လက်တစ်ယောက်အုပ်ပြီး ကိုင်ဆွဲထားခဲ့မြဲနော်။ ဒါပေမယ့် နင့်မိဘ ငါ့မိဘအသိုင်းအ၀ိုင်းတွေအတွက် တာဝန်တွေကိုယ်စီပိုင်းပြီး ယူကြမယ်လို့ ထားခဲ့တဲ့ ကတိက၀တ်တွေက ရေကြည်ရာမြက်နုရာဆိုတဲ့ အပြင်ဘက်ဝေးရာဆီကို လှမ်းစေခဲ့တယ်။ အရင်ဆုံးအဆင်သင့်သွားတဲ့ နင်က အရင်သွားခဲ့ပေမယ့် နောက်ဆံတင်းတတ်တဲ့ ငါက ငါ့မိဘအတွက် အခြေကျ အနေလှအောင် အစစအရာရာ စီမံရသေးတော့ နောက်ကပေါ့။

ငါရောက်စကတည်းက စသတိထားမိတာ နင်အရမ်းပြောင်းလဲသွားတယ်နော်။ အေးလေအရင်လို သုံးလေးသောင်းဆိုတဲ့ ၀င်ငွေမျိုးမှမဟုတ်တော့တာ။ အ၀တ်အစားဆိုရင် Brand မှ အစားအစာဆိုရင်ဘာမှ ဖြစ်နေခဲ့ပြီ။ တိုးတက်ခေတ်မှီတဲ့ လူနေမှုပုံစံသစ်ထဲမှာ မူးယစ်နေခဲ့ပြီပေါ့။ ဒူးအထက်နားမှာအမြဲ ရှိတဲ့ တိုနံ့နံ့တွေနဲ့ယဉ်ပါးနေပြီဆိုတော့ ငါအမှတ်တရပေးထားတဲ့ ချင်းဝတ်စုံဝမ်းဆက်လေးကို ဘယ်တန်ဖိုးထားပါတော့မလဲနော်။ သွက်လက်ထက်မြက်မှုတွေနဲ့အတူ နင့်ရဲ့ရိုးသားခြင်းတွေပါ အရောင်မပြောင်းသွားဖို့ ငါဆုတောင်းပေမယ့်….

ငါတို့နှစ်ယောက်သတ်မှတ်တဲ့ အခြေအနေရောက်ရင် ပြန်ကြရအောင်ဆိုတော့ “ ဘာပြန်လုပ်မှာလဲတဲ့” မေးရက်လိုက်တာဟာ။ “ဒီနိုင်ငံဟာ ငါတို့ရေမြေမဟုတ်ဘူးလေ အထူးသဖြင့်ငါချစ်တဲ့ မြေမဟုတ်ဘူး” ဆိုတော့ “ နင်သိပ်ချစ်ရင် အဲဒီမှာပဲ နေပါလား ဘာဖြစ်လို့ အဝေးကိုထွက်လာသေးလဲ” တဲ့။ အဲဒီမေးခွန်းရဲ့ အဖြေကို နင်သိသားနဲ့။ “မဖွံ့ဖြိုးသေးတဲ့ ငါတို့ရဲ့အမိနိုင်ငံကို နင်ထည့်တွက်သင့်တယ်” ဆိုတဲ့ အပြောကို
“နင်ဟာသိပ်အူကြောင်ကြောင်နိုင်ပါလား သူများတကာလည်း ဒီလိုပဲ ငါတို့လဲဒီလိုပဲပေါ့” ဆိုတဲ့ အဖြေနဲ့ကာခဲ့တယ်နော်။ “ဟိုရောက်ရင် သုံးလေးသောင်းနဲ့ ဘာသွားစားမလဲ”ဆိုတဲ့ အမေးကို မဖြေနိုင်တဲ့ နောက်မှာ ငါဟာ ဆွံ့အသူတစ်ယောက်ဖြစ်ခဲ့ရတယ်။ နင်ရဲ့ အရောင်ပြောင်းသွားတဲ့ စိတ်ဓာတ်အတွက် ငါ့ရင်ဘတ်တွေ တအက်အက်နာကျင်ခဲ့ရတယ်။ အဲဒီညက ဖန်ခွက်တွေ တခွက်ခြင်းခွဲနေမိပေမယ့် တကယ်တမ်းကွဲကြေနေရတာက ငါ့နှလုံးသားပါဟာ။

ဘ၀တစ်ခုကို အသစ်ကနေပြန်စမယ့် လူတစ်ယောက် တစ်ချိန်ချိန်မှာ အမိမြေကို ပြန်မယ့်လူတစ်ယောက်ရဲ့ အရိပ်ဟာ နင့်အတွက်မလုံခြုံနိုင်ပါဘူး။ နင်လိုအပ်တဲ့ အရာတွေဟာ ငါပေးနိုင်တဲ့ မေတ္တာတရားနဲ့တင် မဖြည့်စွမ်းနိုင်တော့ဘူးထင်ပါရဲ့။ ပျံပါလေ ပျံပါ ရွှေဟင်္သာတွေ ရှိတဲ့အရပ်ကိုပဲ ပျံပါ။ နင်ရဲ့အလိုမကျခြင်းတွေကိုပဲ ဖြစ်စေခဲ့တဲ့ ငါလိုလူကို သနားမငဲ့ ထားခဲ့ရက်နိုင်ပါတယ်။

အိပ်မက်ဆိုတာ တခါခါ ပန်းတိုင်တစ်ခုအဖြစ်ကို ပြောင်းမသွားတတ်ပါဘူး။ မိုးတိမ်တွေကနေ ငွေ့ရည်ဖွဲ့ပြီး ရွာချတတ်သလို အိပ်မက်အဖြစ်မက်ခဲ့ဖူးတဲ့ မိုးတိမ်တွေထဲကအိမ်ကလေးလည်း လွယ်လွယ်ကူကူပျောက်ပျက်သွားတယ်ထင်ပါရဲ့။ အခုလည်း မိုးတွေရွာပြန်ပြီ် ကိုင်ဇာရဲ့ “ တူနှစ်ကိုယ်မှန်းတဲ့ အနာဂတ်အချစ်တိုင်းပြည် ထူထောင်နိုင်ရန်စွန့်စားမည်” ဆိုတဲ့ သီချင်းလေးကို တစ်ချက်လောက်ပိတ်ပေးပါဗျာ။

11 comments:

May Moe said...

ကိုရွာသားလေး ရေ ဒါခံစားချက်ဆိုတော့တကယ်လားဟင် ? ညှိညှိနိုင်းနိုင်း နဲ့ အိပ်မက်တွေအကောင်အထည်ဖော်နိုင်ပါစေနော် ။

ဗီလိန် said...

ချစ်သူထက် အမိမြေကိုပိုချစ်တာ လေးစားပါတယ်ဗျာ။

ရွှေပြည်သူ (ShwePyiThu) said...

သီချင်းပိတ်လိုက်ပါပြီ ကိုရွာသာလေးရေ... လူတော်တော်များများကို တွေဝေစေတဲ့ အကြောင်းအရာ တစ်ခုကို ဇာတ်လမ်းဖွဲ့သွားတာ အရမ်းကို ကောင်းပါတယ်။ “ဟိုရောက်ရင် သုံးလေးသောင်းနဲ့ ဘာသွားစားမလဲ” ဆိုပြီး သူပြန်မေးတဲ့မေးခွန်းကိုတော့ လူတော်တော်များများ မဖြေနိုင်ကြသေးပါဘူးလေ...(၀န်ခံချက်။ ။ “နင်ရဲ့အလိုမကျခြင်းတွေကိုပဲ ဖြစ်စေခဲ့တဲ့ ငါလိုလူကို သနားမငဲ့ ထားခဲ့ရက်နိုင်ပါတယ်” ဆိုတာကို ဖတ်အပြီးမှာ ချောင်း(၂)ချက် ဆိုးမိပါကြောင်းး)) အဖွဲ့တွေက အရမ်းကိုကောင်းတယ် ကိုရွာသားလေးရေ...

ဇင်ယော် said...

ကိုရွာသားရေ တခါတလေတော့လည်း ယုံကြည်ချက် ဆိုတဲ့  မျဉ်းပြိုင်တွေပေါ် အတူလျှောက်မိတဲ့အခါကျရင် သံယောဇဉ်ဆိုတဲ့ ဆုံမှတ်က အလိုလို ဝေးသွားတတ် တယ်ဗျ။ ခံစားချက်မှာ အရေးအဖွဲ.ကောင်းလေး ထပ်ဖြည့် လိုက်တော့ ကိုရွာသားရေ မိုးတိမ်ထဲက အိမ်တစ်လုံး တချိန်တုန်းကလို ပျော်ရွှင်မှုတွေနဲ့  ပြည့်လျှမ်းနိုင်ပါစေလို့ ။

ဂျူနို said...

တကယ်လား။ ပြေပြေလည်လည် တိုင်ပင်အုန်းလေ။

ကိုရုပ်ဆိုး said...

ရွာသားရေ ... ကိုင်ဇာရဲ့ သီချင်းကို ပိတ်လိုက်ပြီး၊ ရွာသားအတွက် ... ဇော်ဝင်းထွဋ်ရဲ ... “နောက်ဆုံးအနမ်းက အက်စစ်လို ပူပြင်းလိုက်လောင်နေ၊ နောက်ဆုံးစကားတွေ ဆွံ့အ ... အရာရာ စွန့်လွှတ်ရတော့မယ်လေ”တဲ့။ အဲဒီ သီချင်းကို ဖွင့်ထားတယ်ဗျာ ...။ တစ်ခုတော့ ပြောလိုက်ပါဗျာ .... လမ်းခွဲချင်တိုင်း အမိမြေကိုတော့ ဆွဲမထည့်ပါနဲ့လို့ ... ရုပ်ဝတ္ထုတန်ဖိုးတွေ အမိမြေမှာမရှိပေမယ့် ... လွယ်လွယ်ကူကူမရနိုင်တဲ့ မေတ္တာတရားတွေ အမိမြေရဲ့ လမ်းဘေးတစ်နေရာမှာတောင် ရရှိနိုင်ပါတယ်လို့ .....။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုရွာသားရေ ကြားဖူးတဲ့ စကားလေး တစ်ခွန်းပါ "အသွင် မတူ အိမ်သူ မဖြစ်" ဆိုလားပဲ ။တကယ်ခံစားရေးတာဆိုရင်တော့ အကိုရှာတာ လွဲခဲ့တာ ဖြစ်မယ် ။ ဒါမှ မဟုတ်လည်း အချိန်ကြောင့် ပြောင်းလဲသွားမှူ့တွေထဲမှာ
အကို့ သက်ထားလေးလဲ ပါသွားတာ ဖြစ်မယ် ။ရှင်သန်ရာ ပတ်ဝန်းကျင်ဆိုတာက လည်း လူကို ပြောင်းလဲစေတတ်သော ဆယ့်နှစ်ကြိုး ကဝေလေ။
နဲနဲတော့ ညှိကြည့်ပါဦးအကို ။ သံယောဇဉ် လက်ကျန်လေးတွေက ခေါင်းမာမှူ့တွေကို ချိန်ခွင်လျှာ သာဖို့တော့ လိုမယ် ထင်တယ် အကို ။
ဝတ္တူ တစ်ပုဒ်ဆိုရင်တော့ ရသမြောက်တဲ့ လက်ရာပါပဲ အကို ။

လင်းဒီပ said...

ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းလို့ ကြိုက်ပါ၏....
ရွာသားလေးလည်းလွမ်းနေ၏
အဖော်ရလို့ ပျော်ပါ၏

နေချင်ရင်ကိုယ့်သဘောနဲ့နေ..မနေချင်ရင်သွားပေါ့
မတားပါဘူး....လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်
နေရာတိုင်းတော့ တစ်ယောက်အကြိုက်မလိုက်နိုင်ဘူး..

သီချင်းဆိုပြတာနော်

RePublic said...

ကိုရွာသားလေး ရေးတာတွေဖတ်ပြီး မျောပါသွားတယ် ၊၊ အရေးအဖွဲ့ က ကောင်းလွန်းတယ် ၊၊

ရွှေပြည်သူ (ShwePyiThu) said...

ဒီနေ့လူ(၁)ယောက်နဲ့ လမ်းမှာတွေ့မိလို့ ဒီပို့စ်ကို ထပ်ဖတ်ဖြစ်ပါတယ်။ Based on the true story ဆိုတာ အဲဒီအခါကျမှ စဉ်းစားမိပါတယ်။ ကာယကံရှင်ဖြစ်တဲ့ သူရယ် သူမရယ်... သူတို့ရင်ထဲမှာ ဘာတွေရှိခဲ့သလဲလို့ တွေးမိပါသေးတယ်... ဒီပို့စ်လေးကို ဖတ်မိရင်တော့ ဘာပဲဖြစ်ဖြစ် ကိုရွာသားလေးကို သူတို့က ကျေးဇူးတင်ကြမှာပါ... စာတွေဆက်ရေးပါဦး ကိုရွာသားလေးရေ။ အားပေးနေပါတယ်...

Unknown said...

ဖြစ်တတ်တဲ့ သဘာဝလေးတွေကို ခံစားတင်ပြထားပုံ လေးက တကယ်ဖြစ်ခဲ့ဖူးသလိုကို ခံစားရပါတယ် အိပ်မက်ကလေး လွယ်လွယ်ပျောက်မသွားဖို့ ပဲ ဆုတောင်းနေယုံကလွဲလို့  ဘာများတတ်နိုင်ဦးမှာလဲ