01 April 2013

ဟင်းလင်းပြင်တခုအကြောင်း

လက်တကမ်းမှာမရှိပေမယ့် နီးနေကြမှန်းသိပါတယ်။ မှန်တချပ်တောင် ကာထားတာမရှိလည်း ကျနော်တို့တွေကြားမှာ ဟင်းလင်းပြင်တခုရှိနေခဲ့တယ်။ ခင်ဗျားသိပါတယ် အဲ့ဒီဟင်းလင်းပြင်အကြောင်းကို…

အပြစ်တင်ရင်လည်း ခံရမှာပါပဲ။ ဒီဇာတ်လမ်းကို စခဲ့တာ ကျနော်ဆိုပါတော့။ ဟုတ်တယ် ခင်ဗျားဘက်က ယိုင်နဲ့မှုပမာဏကို ကျနော် မပြောလိုဘူး။ ပြောလည်း မပြောသင့်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားဟာ ကျနော်မဟုတ်လို့ပဲ။ တခါတလေ ကျနော်က စကားအပြော မတတ်ဘူး။ ပြောနေရင်းနဲ့ ပတ်ချာတွေ လည်နေတယ်။ ကျနော်ပြောချင်တာက ကျနော့အကြောင်းပဲ။ ဒါမှ ပြည့်စုံတိကျမှုရှိမယ်။

ဆိုပါတော့ ဟင်းလင်းပြင်တခုရှိတယ်။ ကျနော်က ဟင်းလင်းပြင်ထဲကို ရောက်သွားတာ။ မဟုတ်သေးဘူး ကျနော်က ၀င်သွားခဲ့လိုက်တာပါ။ ကျနော်ကလွဲရင် ဘာဆိုဘာမှ မရှိတဲ့နေရာတခုပေါ့။ ကျနော်ပျော်ပါတယ်။ သေချာတယ် ခင်ဗျားတို့ ပျော်မှာမဟုတ်ဘူး။ ကျနော့လိုလူမျိုးက ကျရာရောက်ရာအရပ်မှာ အပင်ပေါက်တတ်တဲ့ ရွက်ကျပင်မျိုးပါ။ အမှီအတွယ်နဲ့တွေ့ရင် အမှီအတွယ်နဲ့ပျော်တတ်သလို၊ တပင်တည်းဆိုတော့လည်း တပင်တည်းကျဲတတ်တာမျိုး။ ဘာမှမရှိတော့လည်း ဘာမှ မရှိတာမျိုးကို ပျော်နေပြန်ရော။ ခင်ဗျားတို့ရော အဲ့လို့အခြေအနေမှာ ပျော်မယ်ထင်သလား။

အဲ့ဒီဟင်းလင်းပြင်တခုမှာ ကျနော်နေတယ်။ ဘာဆိုဘာမှမရှိသလို ဘယ်သူဆို ဘယ်သူမှလည်း မရှိဘူး။ ကျနော်ပျော်နေတုန်းပဲ။ မရှိခြင်းဆိုတဲ့ အရသာက အတော်လေး နေသာထိုင်သာရှိတယ်။ ရှိခြင်းဆိုတဲ့ ဒုက္ခကို ခံစားပြီးရင် မရှိခြင်းရဲ့ ရသကိုခံစားကြည့်ပါ။ အချိန်ဆိုတဲ့ကန့်သတ်ချက်တွေ၊ တိုင်းတာမှုပုံစံတွေပါ မရှိတဲ့အခါ ကျနော်ဘယ်လောက်ကြာကြာ နေခဲ့မှန်း သတိမထားခဲ့မိဘူး။ နှိုးစက်တွေ၊ သတိပေးအတိုင်းအတာတွေနဲ့ လွတ်ကင်းတဲ့ဘောင်တခုထဲမှာ စိတ်ရှိတိုင်း မျောနေခဲ့တယ်။

တကယ်က အားလုံးကို မေ့သွားတာ။ စိတ်မရှိနဲ့နော်။ ခင်ဗျားကိုလည်း ကျနော်မေ့သွားတယ်။ ခင်ဗျား ဘယ်သူလဲလို့ ကျနော် ပြန်မမေးချင်ဘူး။ အသိတယောက်ပေါ့။ ဟိုတုန်းက သိခဲ့ဖူးတယ်။ လုံလောက်ပြီ။ ခင်ဗျားကို ခင်ဗျားသေချာသိတယ်ဆို ကျနော့ကို မိတ်ဆက်မပေးပါနဲ့။ ဒီနည်းက အခင်အမင်ပြတ်စေတယ်။

မရီနဲ့။ ဟာသမဟုတ်ဘူးဗျ။ အတည် အတည်။ စိတ်ရှိတဲ့အတိုင်း ပြောပါ။ ခင်ဗျားတို့ ဟင်းလင်းပြင်ကို ကြိုက်သလား။ ကျနော်ကရော ဟင်းလင်းပြင်မှာပဲ ပျော်နေသင့်တယ်မဟုတ်လား။ ခင်ဗျားလည်း မရှိဘူး။ ကျနော်လည်း မရှိဘူး။ ကဲ ဘယ့်နှယ့်လဲ…

No comments: