05 June 2009

စွန့်လွှတ်လိုက်သော ကစားနည်းတစ်ခု

ကျနော် ငယ်ငယ်တုန်းက သိပ်ကို အဆော့သန်ပါတယ်။ တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေချည်းပါပဲ။ ခြေမမှာ ဘယ်တော့မှ ခြေသည်းကပ်လေ့ မရှိပါဘူး။ မြေနီကြမ်းမှာ ခဲနဲ့ တိုက်လိုက် ချော်လဲလိုက်နဲ့ ဘယ်ကပ်လိမ့်မလဲ။ ဘောလုံးကန်ပြန်တော့လည်း သဲကွင်းထဲမှာအကန်ကောင်းလို့ ဗိုက်မှာ ဒဏ်ရာအပြည့်။ လက်တွေ တံတောင်တွေတော့ ပြောမနေပါနဲ့တော့။ တံတွေးဆွတ်ပြီးပစ်ရတဲ့ မြက်မြှားလေးတွေကနေ ဘောင်ခနဲ ဘောင်ခနဲ ရေနဲ့ထိရင် ထပေါက်တတ်တဲ့ ကျနော်တို့အခေါ် လက်ပစ်ဗုံးသီးလေတွေ အဆုံး ကစားနည်းပေါင်းစုံကို ဗြောင်းဆန်အောင် ဆော့ခဲ့တာပေါ့။ ကစားနည်းတစ်ခုကိုတော့ စွန့်လွှတ်ဖြစ်ခဲ့တယ်။ အဲဒါကတော့….

ပင်ပေါင်ဘောလုံးလေးကို သားရေပင်နဲ့ ချည်ပြီးဆော့ကစားခြင်းပါ။ လက်မှာ သားရေပင်တစ်ဖက်ကို ချည်ပြီး ပင်ပေါင်ကိုလက်ဖ၀ါးထဲထည့် ပြီး ပစ်မြှောက်တဲ့နည်းပါ။ ပင်ပေါင်လေးကို အဝေးရောက်အောင်လုပ်လိုက် ပြီးတော့ ကိုယ့်လက်ထဲပြန်ဆွဲလိုက်နဲ့ အစမှာတော့ တော်တော်ကို ပျော်ခဲ့သား။ သားရေပင်အားကောင်းရင် ဝေးဝေးရောက်နိုင်သလို ကိုယ်လိုရာကိုလည်း တုံ့ခနဲ ပြန်ဆွဲနိုင်တယ်လေ။ လက်ဖ၀ါးထဲကို ပိုင်ပိုင်ရောက်လာတဲ့ ပင်ပေါင်လုံးလေးကို သေချာဆုပ်ပြီး အဝေးရောက်အောင် ပြန်ပစ်လိုက် ပြန်ဆွဲလိုက်နဲ့ပေါ့။ တစ်စုံတစ်ယောက်ကို စနောက်ချင်လည်း မသိမသာလေး ဖတ်ဆို ပစ်လိုက် အမြန်ပြန်ဆွဲပြီး လက်ထဲ ၀ှက်ထားလိုက်ရုံပါပဲ။ ဘယ်သူလုပ်မှန်းမသိပဲ ကျီးကြည့်ကြောင်ကြည့် ကြည့်နေတဲ့ သူငယ်ချင်းကို မြင်ရင် ရယ်ချင်ပက်ကျိ ဖြစ်ဖြစ်သွားတတ်တယ်။

ဒါပေမယ့် တစ်ခါသား ကျနော် ပင်ပေါင်ဘောလုံးလေးဖက်ကနေ ကြည့်မိတယ်။ အဲ့ဒီနေ့က ကျနော် အလန့်တကြားကို လွှတ်ချပစ်လိုက်တာ။ သူငယ်ချင်းတွေက ဆို ဘာဖြစ်လို့လဲ သားရေပင်မှန်လို့လား ဆိုပြီး ၀ိုင်းမေးကြတာပေါ့။ ဟင့် အင်း ငါ ဆက်မဆော့ချင်တော့ဘူး လို့ တုံးတုံးတိတိ ကို ပြောမိခဲ့တယ်။ သူတို့လည်း ထူးထူးဆန်းဆန်းကို ဖြစ်လို့။

အဲ့ဒီရက်နောက်ပိုင်းကစလို့ ဒီကစားနည်းကို နောက်ထပ်မကစားတော့ဘူး။ ကျနော့လွှင့်ပစ်ခဲ့တဲ့ နေရာကနေလည်း ပြန်ကောက်မလာခဲ့တော့ဘူး။ အဲ့ဒီကစားနည်းကို တစ်ခါတည်း စွန့်လွှတ်ခဲ့ပါတော့တယ်…..

15 comments:

မယ့်ကိုး said...

ကစားနည်းကို ပုံဖော်ကြည့်ရတာ yo yo များလားလို့  ...

မမသီရိ said...

း)
ပင်ပေါင်ဘောလုံးလေးက
ဝမ်းနည်းချင်နည်းနေမှာ
မောင်လေးရေ..
း)

Rita said...

ခေါင်းစဉ်ကို ရုတ်တရက်ဖတ်လိုက်တော့ ရွာသားတစ်ယောက် စွန်လွှတ်တမ်းကစားနေပြီ မှတ်တာ။

နုပါ့ ကိုရွာသားရယ်။

:P said...

ခံစားချက်တွေ ပါးပါးလေး ကြောကြထားတာလားးးး..ငှင်။

လင်းဒီပ said...

အစ်ကိုကြီးက အရမ်းစိတ်နူတာ အဲ စိတ်နုတာ ပဲနော်...။ :P

ဝေလေး said...

yo yo လည်း အဲလိုကစားရတာပဲ။ ပင်ပေါင်ဘောလုံးလေး လည်း စိတ်ညစ်နေမှာ။ ထားရာနေစေရာသွားမို့လို့ အဲလိုခံစားမိလိုက်တာလား..... တွေးမိတာတော့ အဲလိုဖြစ်သွားတယ် မဟုတ်လည်း ဆောရီး....

ဖိုးသင်္ကြန် said...

အဲဒါ ငယ်ငယ်ကတော့ကောင်လေးတွေကစားတာဗျ။ ခုတော့ ကောင်မလေးတွေကစားတာ တွေ့တာပဲ။
ဝှီးခနဲလွှင့်ပစ်လိုက်၊ တုံ့ကနဲ့စောင့်ဆွဲလိုက်၊ ဖက်ဆိုပြေးကပ်လိုက်...။
ဟူး...ဆိုးပ။

khin oo may said...

ခံစားမှူပြင်းထန်တာပါ။ သိတဲ့အတိုင်းဘဲ။

Mogok Thar said...

ရွာစားက အဲလောက် နူးညံ့မယ် တကယ် မထင်ရဘူးဏော်။
ဟဲဟဲ.. ခင်လို့ စတာ။
ပျော်၇ွှင်ပါစေ ညီလေးရေ.....

ကောင်းကင်ပြာ said...

ပင်ပေါင်လေးကို သနားသွားတာ ထင်တယ်

Sein Lyan Tun said...

ဝေးဝေးရောက် ပြီးမှ တုံ့ခနဲ ပြန်ဆွဲခံထိ
ဒီလိုမျိုးဝဋ်လည်ခံရမှာကြောက်တာလား
အဲလိုထင်မိသွားတာလား ရုတ်တရက်ကြီးကို..
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

JulyDream said...

နောင်ဘ၀မှာ... ၀ဋ်လည်ပြီး
ဆော့စရာ အလုံး မရှိမှာ စိုးလို့တဲ့...

အခုဘ၀တောင် ရွာသားခင်မျာ ကံကောင်းလို့...

ဘာဘာ ဘာမှ မသိဘူးကွယ်။ ငှဲငှဲ...

သီဟသစ် said...

ကိုကိုရွာသား

ကောင်မလေးတွေကို အဲလိုထားခဲ့တာလားဗျ..

အဟီး စတာပါဗျာ..

ခင်မင်စွာဖြင့်
သီဟသစ်

ရွှေပြည်သူ (ShwePyiThu) said...

ဘဝမှာ ပင်ပေါင်ဘောလုံးလေးကို ကစားတဲ့သူမျိုးနဲ့ တွေ့ကြုံလာပြီး ကိုယ်က ပင်ပေါင်ဘောလုံးလေး ဖြစ်ရတဲ့အခါ... ချည်ထားတဲ့ သားရည်ပင်လေးက ဆော့တဲ့သူကိုလည်း ပြန်မမှန်ဘဲ ပင်ပေါင်ဘောလုံးလေးလည်း အကျမနာစေဘဲ ညင်ညင်သာသာ ပြတ်သွားပါစေ ငါ့အစ်ကိုရေ... (အချစ်ရေးကို ပြောချင်းမဟုတ်ပါ။ topic တွေ လိုင်းပူးကုန်မှာစိုးလို့း))

Unknown said...

ဖတ်ပြီး စာရေးသူ ဆိုလိုချင်တာနဲ့ 
တို့ ထင်တာ နည်းနည်းလေးများ ကွဲလွဲနေမလားလို့ 
မမန့် တော့ဘူး
သိပ်ခံစားလွယ်တာပဲ သနားပါတယ် စိတ်ကလေးကို