30 May 2013

စီးပွားရေး ပြတင်းတံခါး ဖွင့်လှစ်ပြီးနောက်....


မြန်မာပြည်ရဲ့ စီးပွားရေးတံခါးဖွင့်တဲ့ အကြောင်းတွေဟာဖြင့် မနှစ်ကနေစပြီး ဒီနေ့ထက်ထိ မီဒီယာတွေရဲ့ နေရာတိုင်းမှာ ပြည့်နှက်လို့နေတယ်။ ပြည်ပလုပ်ငန်းရှင်ကြီးများလို၊ စီးပွားရေးလုပ်ကိုင်လိုသူများဟာ အခွင့်အလမ်းဆိုတဲ့ ကြိုးတချောင်းကို ဖမ်းဆွဲချင်ကြသူတွေချည်း။ သူတို့တွေ အားလုံး တံခါးဖွင့်ချိန်ကို အံကိုက် ၀င်ကြဖို့ ပြေးလမ်းထက်မှာ စောင့်နေကြတာ။ အာရှနိုင်ငံအသီးသီးရဲ့ စီးပွားရေးတွေကို အသီးသီးအသက စုပ်ယူဝါးမြိုပြီးကြပြီ။ ယိုးဒယားနိုင်ငံဆိုရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကစခဲ့တာမို့ တိုးတက်တာလည်းရှိသလို ဆုတ်ယုတ်တာလည်း ရှိခဲ့ပြီ မဟုတ်လား။ ဆုတ်ယုတ်မှုတွေထဲမှာ တိုင်းပြည်ထဲနေလူထုအတွက် ထည့်တွက်ရမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ညစ်ညမ်းမှုဆိုတဲ့ အချက်ပါ။ စက်မှုစီးပွားရေးတွေ အပြိုင်အဆိုင် တည်ဆောက်လာတဲ့အခါ စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းကာကွယ်မလဲဆိုတဲ့ ခေါင်းလောင်း ဘယ်သူ့ဆီမှာ မြည်နေပြီလဲ….

တိုးတက်ဖို့၊ ကြီးပွားဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရာအားလုံးဟာ တရှိန်ထိုးပြေးထွက်နေကြပေမယ့်. အဲ့ဒီအကြောင်းအရာတွေကော ကြိုတင်မှန်းဆထားသလား မသေချာပါ။ ကျနော်တို့ လူမျိုးတွေဟာ (ကျနော်ကိုယ်တိုင်အပါအဝင်) အစကတည်းက အဲ့ဒီဘက်မှာ အသိပညာပိုင်းဆိုင်ရာ၊ ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းဆိုင်ရာ အားနည်းကြပါတယ်။ မြေကြီးကကျယ်တာမို့ ကျနော်တို့ စွန့်ပစ်တာနဲ့ယိုယွင်းလာမှုတွေဟာ အချိန်တိုအတွင်းမှာ မသိရှိနိုင်တာကြောင့် ကျနော်တို့တွေအတွက် ထိခိုက်နစ်နာမှုဟာ မြင်သာမှုမရှိခဲ့တာပါ။ ပြီးတော့ အခုအချိန်ထိ စနစ်ကျတဲ့ အမှိုက်သိမ်းစနစ် မရှိသေးဘူးမဟုတ်လား။ ကြွတ်ကြွတ်အိတ်တွေကြောင့် မြေဆီလွှာတွေ မြေသြဇာတွေ ပျက်ဆီးဆုံးရှုံးရတယ်ဆိုတာ စာထဲမှာပဲ ရှိသေးတာ။ တခြားနိုင်ငံကြီးတွေလို စက်မှုစက်ရုံတွေ အပြိုင်းပြိုင်းဖြစ်လာခဲ့ရင် ဘယ်လိုများ ထိန်းသိမ်းကြမလဲ။ အစကတည်းက စနစ်မကျရတဲ့အထဲ ယိုင်နေတဲ့ဘူးစင် ခဲဆွဲသလိုဖြစ်တော့မှာပဲ။

အင်ဒိုနီးရှားက သစ်ပင်တွေ ခုတ်ပြီး မီးရှို့ရင် စင်္ကာပူရဲ့ ကောင်းကင်အမြဲ ပျောက်ဆုံးသွားပါတယ်။ မီးခိုးမှိုင်းတွေနဲ့ အတူ လေထုသန့်စင်မှုပါ ကျဆင်းသွားတာမို့ မျက်စိနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်းဆိုတဲ့ အရာတွေကိုပါ လက်ဆောင်အဖြစ် ဖြန့်ဝေပါတော့တယ်။ ကျနော်တို့ဆီမှာလည်း သစ်ပင်တွေကို ခုတ်ပြီး ဈေးကောင်းရတဲ့ အရပ်တွေဆီကို ရောင်းကြတဲ့အခါ၊ သစ်ပင်တွေကနေ ထိန်းသိမ်းပေးတဲ့ သဘာဝဂေဟ စနစ်တွေ တနေ့တခြား ပျောက်ဆုံးလာတာပဲမဟုတ်လား။ ပူလွန်းတဲ့ ကမ္ဘာမြေကြီး အဖြစ်ကို နေထိုင်ကြတဲ့ လူတွေကပဲ ဖန်ဆင်းခဲ့ကြတာမို့ မိဿလင်နဲ့ ဂျင်း သူကြင်မှ ကိုယ်ကြင်ဆိုသလို ဖြစ်နေခဲ့ပါပြီ။


တလောက နိုင်ငံတခုကို ရောက်သွားတဲ့အခါ ကောင်းကင်ပြာကို လုံးဝမမြင်ရတဲ့ အခြေအနေကို မျက်ဝါးထင်ထင် မြင်ရပါတော့တယ်။ လေထုထဲမှာ အမှိုက်စတွေလို လွင့်မျောနေတာမို့ မြို့နေလူထုရဲ့ အသက်ရှင်နေထိုင်မှုဟာ တကယ့်ကို ကြိုးတန်းပေါ်မှာ လျှောက်နေရသလိုပါပဲ။ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေဟာ အချိန်မရွေးဖြစ်ပွားနိုင်သလို၊ ခဲဆိပ်သင့်ခြင်းကြောင့် မြို့နေထိုင်တဲ့ ကလေးတွေရဲ့ သွေးတွေထဲမှာ ခဲဆိပ်သင့်မှုဟာ များသည်ထက်များလာခြင်း၊ သောက်သုံးရေ သန့်စင်မှုနိမ့်ကျခြင်း စတဲ့ အချက်တွေ တသီချည်းကို ဖြစ်ပေါ်စေတယ်။ အဓိက ကတော့ မိုးကောင်းကင်ကိုပါ လုံးဝ မမြင်ရတော့တာပါပဲ။ နေရောင်ခြည် တိုက်ရိုက်မရတော့သလို၊ ညအခါမှာလည်း ကြယ်တွေကိုမြင်ခွင့်မရှိတော့ဘူး ဆိုပါတော့။

ကျနော်တို့နိုင်ငံဟာလည်း တိုးတက်လာပြီးရင် အခုလိုမျိုး သဘာဝ အခွင့်အရေးတွေ ဆုံးရှုံးသွားမလား မဆိုနိုင်ဘူး။ စီးပွားရေးဆိုတဲ့ လောဘသားကောင်တွေကတော့ ဘယ်သူတေတေ ငါတို့အမြတ်အစွန်းကျန်ရင် ပြီးရောဆိုတဲ့ ခံယူချက်နဲ့ လာနေပါပြီ။ ကျနော်တို့ဆီကကော ဘယ်လို လက်ခံကြိုဆိုမလဲ။ မင်းတို့လည်းအမြတ်အစွန်းကျန်၊ ငါတို့လည်း အမြတ်အစွန်းကျန်၊ ကျန်တာတွေ ခေါက်ထားလိုက်ဆိုပြီး လက်ခံလိုက်ကြမလား။

စင်္ကာပူလို ကျွန်းနိုင်ငံလေးက ကျဉ်းမြောင်းတာမို့ အလွယ်တကူ ထိန်းချုပ်နိုင်ပေမယ့် ကြီးမား ကျယ်ပြန့်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလို ထိန်းချုပ်နိုင်မယ် မဟုတ်လို့ လွယ်လင့်တကူ လက်လျှော့ဖို့ပြင်ဆင်ထားနှင့်ပြီလား။ ကျနော်တို့ မြင်နေကြ တိမ်တွေကို မြင်ကွင်းကနေ လက်လွတ်ဆုံးရှုံးရနိုင်တယ်။ ပြီးတော့ အနာဂါတ်ရဲ့ ကြယ်ပွင့်ကလေးတွေရဲ့ ကျန်းမာရေး ကိန်းဂဏန်းများ ဘယ်လို ကမောက်ကမတွေ ဖြစ်ကုန်ကြမလဲ။

မြစ်တွေခမ်းခြောက်သည်ထက် ခမ်းခြောက်လာတာ ကြာခဲ့ပါပြီ။ အင်းလေးကန်ရေကောတဲ့ ဓါတ်ပုံတွေကြောင့် ရင်ထုမနာဖြစ်နေတာကလွဲပြီး တခြား ကျနော်တို့ ဘာများလုပ်ကိုင်နိုင်ကြပါသေးသလဲ။ မျက်နှာစာအုပ်မှာ ကော့မန့်တွေ တလှေကြီးပေး၊ စတေးတပ်တွေတင်၊ ဓါတ်ပုံတွေရှယ်လိုက်တာနဲ့ တာဝန်တွေကျေကြပြီတဲ့လားဗျာ။ ဒီ့နောက်ပိုင်း စက်ရုံတွေဆောက်ဖြစ်လို့ ထုတ်လွှင့်မယ့် စွန့်ပစ်အမှိုက်များနှင့် ပေါင်းစပ်လိုက်ရင် ဘုရား ဘုရား ရင်လေးစရာပါကလား။

သိပ်မကြာခင်လပိုင်းအတွင်း ထိုးတက်သွားတဲ့ ရန်ကုန်မြို့ အိမ်ယာမြေဈေးကွက်တွေ။ ဒါတောင် ခေတ်မှီမြို့တော်မဟုတ်သေးဘူးနော်။ နောင်တချိန်အဆင့်မြင့်မြို့တော်များဖြစ်သွားခဲ့ရင် နေရာအကွက်အကွင်းကောင်းတွေဟာ စီးပွားရင်းနှီးမြုပ်နှံသူတွေရဲ့ လက်ထဲမှာသာ ကျန်ရစ်ပြီး၊ လက်လုပ်လက်စားတွေ အတွက်တော့ မြို့ပြင်ကအကွက်အသစ်တွေပဲပေါ့။ ဟောင်ကောင်လိုများ လူနေအိမ်တွေကနေ ငှက်လှောင်အိမ်လေးတွေ အဖြစ်ကို ကူးပြောင်းသွားသည်အထိ ဖြစ်ပျက်သွားစေမလား။

ပြတင်းတံခါးကို ဖွင့်လှစ်လိုက်တဲ့ အခါ လေပြေလေညှင်းတွေသာ မကပဲ ခြင်တွေယင်တွေကိုပါ သယ်ဆောင်လာနိုင်ပါတယ်။ ခြင်တွေယင်တွေကြောင့် ဂေဟစနစ်တွေ ပျက်ယွင်းမသွားဘူး၊ နေထိုင်သူတွေ အတွက်လည်း ထိခိုက်နစ်နာမှုတွေ မရှိဘူးဆိုရင် တံခါးဖွင့်ရကျိုးနပ်ပြီ။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုသလို ကိုင်းကိုကျွန်းမှီရင်း ကျွန်းကိုလည်း ကိုင်းမှီကြရမှာ။

ခုလောလောဆယ်တော့ အဲ့ဒီပြတင်းတံခါးဆီကိုပဲ ငေးနေမိတာ....

21 May 2013

အကယ်၍များ...

ပျော်ရွှင်ခဲ့ဖူးတဲ့ အချိန်အခါများ ပြန်လည်ကာ ရယူဖို့ရန်မဖြစ်နိုင်တော့တဲ့ အခါ..


မနေ့ညက မိတ်ဆွေတယောက်နဲ့ စကားစမြည်တဲ့အခါ အခုလို အကယ်၍များဆိုတဲ့ အတွေးတခုကို သူက လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါတယ်။ လောကကြီးမှာ လမ်းခွဲကြရတဲ့အခါ ကိုယ်က လက်ပြနှုတ်ဆက်ခဲ့တာ ရှိသလို၊ ကိုယ့်ကို လက်ပြနှုတ်ဆက်သွားတာလည်း ရှိမှာပါပဲ။ မျက်ရည်ဝဲပြီး ကျန်ခဲ့တာ အကြိမ်တွေမနည်းတော့ဘူးလို့ မိတ်ဆွေက ပြောပါတယ်။ တဆက်တည်း ငါတို့တွေက ငိုတာကလွဲပြီး ဘာလုပ်နိုင်မှာလဲဆိုတဲ့ စကားနဲ့ ကျနော့ကို နာကျင်စေခဲ့တယ်။ အမှန်တရားတွေက တခါတရံမှာ ကြားနာရသူအတွက် ခါးသက်လွန်းပါတယ်။

ကျနော်လိုလူက ဟိုစပ်စပ်ဒီစပ်စပ်ဆိုတော့ အပေါင်းအသင်းကများ။ ကျောင်းတွေကလည်း ဟိုတစ ဒီတစ တက်ထားလိုက်တာ ရန်ကုန်မှာ ရှိသမျှ ကျောင်းကုန်လောက်ထင်ရဲ့။ အဲ့ဒီတော့ အသိမိတ်ဆွေတွေက များပြီပေါ့။ ဒီကြားထဲ အလုပ်ကလည်း ရန်ကုန်မှာ သုံးခုတောင်လုပ်ခဲ့တာဆိုတော့ အလုပ်ထဲက မိတ်ဆွေတွေလည်း မနည်း။ မိတ်ဆွေလို့ ဆိုလိုက်ရင် ကျနော်က ရင်ဘတ်နဲ့ ပေါင်းမိတတ်တယ်။ ကိုယ်ပေါင်းစိတ်ခွာဆိုတာမျိုး ကြားဖူးပေမယ့် ကျနော့အဘိဓာန်မှာ အသုံးချလို့ မရဘူးဖြစ်နေတယ်။ အဲ့ဒီ အသုံးချစနစ် ထည့်သွင်းလို့ကို မရဘူးဆိုပါတော့။ ထားပါလေ..

များပြားလှတဲ့ မိတ်ဆွေထဲမှာ တော်တော်များများက ဝေးကွာနေတယ်။ တချို့က နေရာဒေသကြောင့် ဝေး။ တချို့က မိသားစု အရေးတွေနဲ့ ဝေး။ အဲ့ဒီအထဲက တချို့ကို လက်တွဲလို့မရတော့လို့ ဖြုတ်ချခဲ့တာတွေ ပြန်သတိရလာတယ်။ အကြောင်းကြောင်းတွေ ကြောင့် လက်တွဲဖြုတ်ခဲ့တာ ဖြစ်ပေမယ့် တချိန်က မိတ်ဆွေတွေ ဆိုတော့ အဲ့ဒီမှာ အကြောင်းကစပါတယ်။ ကျနော်ပဲ အစွန်းရောက်တာဖြစ်မှာ။ များသောအားဖြင့် ကျောခိုင်းပြီးရင် ပြန်လှည့်မကြည့်တတ်ဘူး။ မုန်းလို့တော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမုန်းဆိုတဲ့ အဖြစ်ကို အရောက်မခံခဲ့တာ။ မေ့ပြီးသွားရင် ဘာဆိုဘာမှ မကျန်တော့လောက်အောင် (ခံစားမှုဆိုတာတောင်) ကိုမေ့ပစ်ခဲ့တယ်။

မေ့တယ်ဆိုတာ ပြောတော့သာ လွယ်တာပါ အခုချက်ချင်း မေ့ချင်တယ်လို့ နာကျင်မှုတွေကြားက တမ်းတတိုင်း မဖြစ်နိုင်တာ လူတိုင်းသိမှာပါ။ အချိန်ဆိုတဲ့ သမားတော်နဲ့ တခြား စိတ်ဝင်စားစရာ တခုခုမှာ စိတ်နစ်လိုက်တဲ့အခါ မေ့သွားမှာပါလို့ သူငယ်ချင်းတချို့ကို ကျနော်ကိုယ်တိုင် ဖြောင်းဖြခဲ့ဖူးသလို (တကယ်က ကိုယ်တွေ့ဆိုပါတော့)။ ဒါပေမယ့် ကျနော်ကျောခိုင်းထားခဲ့တဲ့လူတွေ၊ ကျနော့ကို ကျောခိုင်းသွားတဲ့လူတွေက ကျနော့ မိတ်ဆွေတွေ ပြန်ဖြစ်မလာတော့ဘူး။ နည်းနည်း နားရှုပ်သွားမယ်ထင်တယ်။ အဲ့ဒီလူတွေအားလုံး ကျနော့အတွက် သူစိမ်းပြင်ပြင်ဖြစ်သွားကြတယ်။ သူတို့က လမ်းမှာ ချက်တဖြုတ်ဆုံခဲ့ဖူးတဲ့ ခရီးသွားဧည့်သည်တွေလိုပဲ။ ကျနော်တို့ နောက်တခေါက် ပြန်တွေ့တဲ့ အခါ အရင်ကတွေ့ခဲ့ဖူးသလိုလို တယောက်နဲ့တယောက် သေသေချာချာ မသိကြသလို။

သူငယ်ချင်းတယောက်ကတော့ ကျနော့ကို ကော်ပေတံနဲ့တူတယ်တဲ့။ ဘာလို့လဲလို့မေးတဲ့အခါ ကော်ပေတံတွေက ပျော့သလိုလိုထင်ရပေမယ့် ကြွတ်ဆပ်မာကျောတယ်တဲ့လေ။ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်ဖို့ စောသေးတယ်လို့ ယူဆထားသလို၊ တကယ်တမ်း ကိုယ့်ကိုကိုယ်တိုင်းတာဖို့ကြ သိပ်မလွယ်ဘူး ဆိုတော့ အဖြေမှန်မမှန် မသေချာဘူးပေါ့။

အစောက စကားကိုပြန်ကောက်ရရင် ကျနော့မိတ်ဆွေမေးတာက ကျနော်နဲ့ လမ်းခွဲထားခဲ့တဲ့သူတွေနဲ့ အကယ်၍များ လမ်းမှာ မတော်တဆ ဆုံဖြစ်ကြရင် ကျနော် ဘာလုပ်မလဲတဲ့၊ ဘယ်လိုခံစားမလဲဆိုတာပါ.ဟိုင်းလို့တော့ နှုတ်ဆက်မယ်လို့ အဖြေလွယ်လွယ်ပေးလိုက်တယ် ဟုတ်မဟုတ်တော့ သေချာဆုံမှပဲ သိတော့မှာ။ သူစိမ်းတွေနဲ့တွေ့တိုင်း ဟိုင်းလို့နှုတ်ဆက်ဖို့တော့ မတွန့်တိုခဲ့တာ အမှန်ပါပဲ။ နောက်သူငယ်ချင်းတယောက်ပြောသလိုဆို ငါတို့နဲ့သူက ဟိုင်းဘိုင်လေတဲ့။ ဆိုလိုတာက ဟိုင်းလို့နှုတ်ဆက်မယ် ပြီးရင် ဘိုင်လို့ပြောမယ် ကျန်တဲ့ ပတ်သက်မှု လုံးဝမရှိဘူးတဲ့။ အခုလည်း အဲ့လိုပါပဲ။

မိတ်ဆွေကတော့ ပွေ့ဖက်လှုပ်ယမ်း နှုတ်ဆက်သင့်တယ် မဟုတ်လားလို့ မေးလာခဲ့တယ်။ ဟင့်အင်း မလိုပါဘူးလို့ ခပ်ပြတ်ပြတ်ပဲဖြေမိခဲ့တယ်။ ဟုတ်တယ်မဟုတ်လား။ သူတို့တွေနဲ့က လမ်းခွဲခဲ့ကြပြီးပြီလေ။ မသိချင်ယောင်ဆောင်သွားဖို့တော့ မဖြစ်နိုင်ဘူး တကယ်မမြင်လိုက်တာမျိုးဆိုရင်တော့ ထားပါတော့။ ရှောင်လို့မရတဲ့ လမ်းတခုမှာ ထိပ်တိုက်တွေ့ဖြစ်ကြတဲ့အခါ ဟိုင်းလို့တော့ နှုတ်ဆက်ဖြစ်မယ်။ ပြုံးပြဖို့တော့ မသေချာသေးဘူး။

အကယ်၍များ ခင်ဗျားတို့ဆိုရင်ရော…..

16 May 2013

လေပြင်းတခုနှင့် ချစ်ကျွမ်းဝင်မိလေသောအခါ

သာသာလေး တိုက်ခတ်ရာကနေ တရှိန်ထိုး တိုက်ခတ်လာတဲ့ လေပြင်းတခုပဲဖြစ်ပါတယ်။ သူဘယ်လိုပဲတိုက်တိုက် ချစ်ကျွမ်းဝင်မိလေတဲ့ ကျနော်က အပြစ်မမြင်ပဲ ချစ်ခင်လို့သာနေတယ်။ သူကတော့ လေပြင်းတခုတိုက်ရင်းကနေ ကမ္ဘာအသစ်တခုကို တည်ထောင်ပစ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့။ သူရဲ့နာမည်ကိုက လေပြင်းတခုရဲ့ နာမည်၊ ဆာဟာရ ကန္တာရကနေ ဖြစ်တည်လာပြီး မြောက်အာဖရိကနဲ့ တောင်ဘက်ဥရောပကို အလဲထိုးမယ့် ဟာရီကိန်းမုန်တိုင်းတခုလို တိုက်ခတ်ပစ်မယ့် လေပြင်းတခုလို့ ဆိုပါတယ်။ ဖျက်ဆီးပစ်မယ်ဆိုတဲ့ အနုတ်လက္ခဏာ အသွင်ကိုမဆောင်ပဲ ခေတ်သစ်တခေတ်ကို ထူထောင်ပစ်မယ်ဆိုတဲ့ သူ့ရဲ့ အမည်နာမဟာ ပိုပိုပြီး ချစ်ကျွမ်းဝင်စေခဲ့တယ်ဆိုလည်း မမှား။

သူက ကျနော့ကို ပျော်ရွှင်ချမ်းမြေ့မှုတွေလည်း ပေးတယ်။ ကျနော့အားလပ်ချိန်တွေကိုလည်း အရသာရှိရှိ အတူတကွ ကုန်ဆုံးစေတယ်။ တခါတရံမှာ ကျနော့ကို ရှိုက်ကြီးတငင်ငိုကြွေးစေတဲ့ အထိ ကျနော့ကို ခံစားပေးစွမ်းနိုင်တဲ့ လေပြင်းတခုပါပဲ။ သူကတော့ Studio Ghibli ပဲဖြစ်ပါတယ်။ အခုတလောမှာ ကျနော့စိတ်ကို အတော်လေး စိုးမိုးထားပါတယ်။

ဒီစတူဒီယိုကို မရင်းနှီးခဲ့ရင်တောင် မီယာဇာကီဆိုတဲ့ ကာတွန်းရုပ်ရှင်ဒါရိုက်တာကိုတော့ သိကြမယ်ထင်ပါတယ်။ မသိသေးဘူးဆိုရင်လည်း သူ့ရုပ်ရှင်တွေကို ရှာကြည့်ကြဖို့ တိုက်တွန်းပါရစေ။ စတူဒီယိုကို စတင်ထူထောင်ဖြစ်တာလည်း မီယာဇာကီရဲ့ “ကာဇေနိုတနိနို နောရှိကာ” ဆိုတဲ့ ဇာတ်ကားလေးရဲ့ အောင်မြင်မှုကနေ အုတ်မြစ်တခုဖြစ်စေခဲ့တယ်။

ပထမဆုံးဇာတ်ကားအဖြစ် “မိုးကောင်းကင်ထဲကရဲတိုက်”ကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ချီနိုင်ခဲ့ပြီး လေပြည်လေညှင်းများကို စတင်သယ်ဆောင်လာခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အမြင်ဆန်းစေတဲ့ မိုင်းတွင်းလုပ်ငန်း နောက်ခံများသုံးထားတဲ့အပြင် လူ့သဘာဝစရိုက်များကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ခြယ်မှုန်းထားတာပဲဖြစ်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ အမြင်ရှုဒေါင့်ကနေလည်း ကြည့်လို့ရနေတဲ့ ဇာတ်ကားလည်းဖြစ်နေပြန်တယ်။

ဒုတိယနဲ့ တတိယဇာတ်ကားကိုတော့ ပြိုင်တူ ထုတ်လုပ်ခဲ့ပြီး ပရိတ်သတ်ရဲ့ စိတ်ဘ၀င်ကို ကျေနပ်စေခဲ့တယ်။ ကျနော်ကြည့်မိသွားတဲ့ ဇာတ်ကားက “ပိုးစုန်းကြူးလေးများရဲ့ အုတ်ဂူ” ဆိုတဲ့ စစ်နောက်ခံသမိုင်းကားလေးပါ။ စစ်ဆိုတဲ့ အနိဌာရုံတွေနဲ့အတူ စစ်ကာလအတွင်းမှာ အသက်ရှင်နေထိုင်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို မောင်နှမနှစ်ယောက်နဲ့ ပြသသွားတာပဲဖြစ်တယ်။ မျက်ရည်မခိုင်တဲ့သူတွေအတွက် စိတ်ကို အတော်လေး ထိခိုက်စေတဲ့ကားပါပဲ။ ဖော်ပြတဲ့ပုံက စွဲဆောင်နိုင်လွန်းလို့ ကာတွန်းကားပါလားလို့ မေ့လျော့သွားစေတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။


“အိမ်နီးနားချင်း ကြောင်ကလေးတိုတိုယို” ကတော့ စတူဒီယိုရဲ့ အမှတ်တံဆိပ် အဖြစ်ပါရောက်ရှိလာခဲ့ပါတယ်။ နာမည်ကြီးလှတဲ့ ဒီဇာတ်ကားကို ကျနော် ကြည့်ခွင့်မကြုံဖြစ်သေး။

စတုတ္ထကားဖြစ်တဲ့ “ကီကီရဲ့ပို့ဆောင်ရေး” ကားကတော့ ပေါ်လီယာနာလိုမျိုး စိတ်ထဲမှာ မှတ်စေတယ်။ မှော်ဆရာမလေး ကီကီရဲ့ စွန့်စားခန်းတွေလို့ ဆိုရမယ်။ လူငယ်တွေရဲ့ အိမ်ကိုစွန့်ခွာပြီး ရေကြည်ရာမြက်နုရာ ဘ၀ကို ရင်ဆိုင်ကြရတဲ့ အခါ ဖြစ်တတ်ကြုံတတ်တဲ့အရာတွေကို နောက်ကွယ်မှာ ခပ်ပါးပါးလေးချထားပြီး ကျရှုံးမှုများနဲ့ တွေ့ရတဲ့အခါ စိတ်ဓါတ်ခွန်အားကို မြှင့်တင်စေဖို့ ဦးတည်ထားတယ်။

ပဉ္စမမြောက်ဖန်တီးထားတဲ့ “မနေ့ကလိုပဲ” ဆိုတဲ့ ကားနဲ့ ဆဌမမြောက် “ထက်မြက်သော ၀က်ကလေး” ကိုတော့ ကျနော် မကြည့်ဖြစ်သေးပါဘူး။ ကြည့်ဖို့ရန်စာရင်းမှာ တို့ထားပြီး။

သတ္တမမြောက်ဇာတ်ကားက စတူဒီယိုရဲ့ ဆက်ခံသူအဖြစ်မျှော်လင့်ထားခဲ့တဲ့ ယိုရှိဖူမိဂွန်ဒို ရဲ့ တကားတည်းသော ဖန်ဆင်းမှုသက်သက်။ “နှလုံးသားရဲ့တိုးညှင်းသောအသံ” ဆိုတဲ့ ဒီဇာတ်ကားက ကြည့်တဲ့သူတွေအားလုံးရဲ့ ကိုယ်စိတ်နှလုံး အရာအားလုံးကို သိမ်းကျုံးယူသွားနိုင်ခဲ့တယ်။ လျှို့ဝှက်အဆန်းတကြယ်နိုင်လှတဲ့ ဒီဇာတ်ကားဟာ မထင်မှတ်ပါပဲ ယိုရှိဖူမိဂွန်ဒိုရဲ့ Master piece အဖြစ် ကြွင်းကျန်ရစ်ခဲ့ပြန်တယ်။ အခုလိုအစွမ်းအစရှိတဲ့သူတယောက်ကို ဆုံးရှုံးရတာ စတူဒီယိုအတွက်ရော ကျနော်တို့တွေအတွက်ပါ အတော်လေးကို နှမြောစရာကောင်းလှပါတယ်။ သူနှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တာပါ။ အလုပ်တွေကြိုးစားလွန်းလို့ ဖိအားတွေများပြီးသေဆုံးတယ်ရယ်လို့တောင် ပြောစမှတ်ပြုကြတယ်။

အဌမမြောက်အဖြစ် ဂျပန်ရှေးခေတ်တခုကို ခေါ်ဆောင်သွားတဲ့ “မင်းသမီးလေး မိုနိုနိုကို” ဇာတ်ကားကို တင်ဆက်တယ်။ လူတွေရဲ့ မဆင်မခြင် စွန့်ပစ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ညစ်နွမ်းမှုကနေ လူတွေကို အဆိပ်အတောက်တွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ အတွေးအမြင် ခံစားချက်မျိုးကျနော့ကို ပေးသွားတယ်။


စတူဒီယိုက ထုတ်လုပ်ထားတာ (ဒီ၂၀၁၃မှာ ဖြန့်မယ့် ကားအသစ်နှစ်ကားအပါအ၀င်) စုစုပေါင်းကားနှစ်ဆယ်ရှိပါတယ်။ ၁၈ကားရှိတဲ့အထဲမှာ ကျနော်ကြည့်ပြီးတဲ့ဇာတ်ကား ၁၁ကားရှိနေပြီး နောက်ထပ် ၇ကား အကြွေးကျန်နေသေးတယ်။ အရှေ့က ကားတွေအပြင် မကြည့်ရသေးတဲ့ ကားတွေက “ရာမဒါမိသားစု” နဲ့ “ကြောင်တကောင်ရဲ့ပေးဆပ်ခြင်း” တို့ပါပဲ။


“ပင်လယ်လှိုင်းလုံးများနဲ့တူသောချစ်ခြင်း” နဲ့ “ ပွန်းပိုကို” ဆိုတဲ့ကားနှစ်ကားကိုတော့ ကြည့်ဖို့ အဆင်သင့်ပြင်ထားဆဲ ကာလမှာပဲရှိနေပါသေးတယ်။

"နတ်ဖွက်ခြင်း” ဆိုတဲ့ ဇာတ်ကားကိုတော့ အခုထိ တရှိုက်မက်မက်ရှိနေတုန်းပဲဖြစ်ပါတယ်။ ချီဟိရိုဆိုတဲ့ ကလေးမလေးနဲ့ အမှောင်လောကသား သရဲသဘက်တွေ (ဒါပေမယ့်သူတို့တွေက ကြောက်ဖို့မကောင်းပဲ ချစ်စရာလေးတွေ) အကြောင်း။ လောဘဆိုတဲ့ လူစရိုက်ကို ပီပြင်အောင် ရိုက်ပြထားတယ်လို့ မြင်မိတယ်။

စင်္ကာပူကို စရောက်ကာစက “ပိုညို”ဆိုတဲ့ ဇာတ်ကားလေး ရုံတင်တာနဲ့ ဆုံဖြစ်ပါတယ်။ သို့ပေမယ့် အဲ့ဒီရုန်းကန်ကာစ ရက်တွေမှာ ရုပ်ရှင်ကြည့်ဖို့ အခွင့်အလမ်းက အလှမ်းကွာတာမို့ ဝေးကွာခဲ့ပြီး တနေ့ကမှ ပြန်ကြည့်ဖြစ်တဲ့ကားလေးပါ။ ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးကို လှလှပပ ပြသွားတဲ့ ကားကောင်းလေးတခုပါပဲ။

“လျှို့ဝှက်သောအာရစ်တီ” မှာတော့ စွန့်စားခန်းတွေအပြည့်နဲ့ ငလက်မလို လူအသေးလေးတွေ အကြောင်းပါ။ အာရစ်တီဆိုတဲ့ ကောင်မလေးနဲ့ ရွှန်းဆိုတဲ့ နှလုံးရောဂါသည်ကောင်လေးတို့ရဲ့ ဘ၀ရပ်တည်မှု တိုက်ပွဲတွေလို့ဆိုနိုင်တယ်။ သူတို့ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ကြည့်ရင်း တဖြည်းဖြည်းနဲ့ စိမ့်ဝင်သွားစေတဲ့ စွဲဆောင်မှုတွေနဲ့။

“မှော်ဆရာရဲ့အိမ်” မှာတော့ စုန်းမှော်အတတ်တွေနဲ့ ကျိန်စာသင့်ခံနေရတဲ့ လူတစုအကြောင်းကို ဖွဲ့ထားတာပဲဖြစ်တယ်။ ဆိုဖီဆိုတဲ့ မိန်းမလှလေး အပြင် စာခြောက်ရုပ်တရုပ်၊ အစွမ်းရှိတဲ့ ကယ်လစီဖာဆိုတဲ့ မီးတောက်၊ ကိုယ်တိုင်က ငှက်ဘ၀ပြောင်းနေတဲ့ မှော်ဆရာ တယောက်ရယ်နဲ့ စိတ်ဝင်စားအောင် အစီအစဉ်တကျ ချပြခဲ့ပြန်တယ်။


လူကြီးနဲ့လူငယ်ကြားထဲက ရင်ကြားစေ့မရတဲ့ အသိအမြင်ကွာဟချက်ပြဿနာတွေကို ချပြထားတာကတော့ “ပေါ်ပီပန်းတွေနဲ့တောင်ကုန်း” ဆိုတဲ့ကားလေးမှာပါ။ လူကြီးတွေက ကျော်ဖြတ်လာခဲ့တဲ့ အတွေ့အကြုံတွေကြောင့် သူတို့ဆုံးဖြတ်ချက်ကသာ အမှန်ဆုံးလို့ ယူဆကြသလို၊ တက်ကြွတဲ့ အသွင်သစ်အမြင်သစ်တွေနဲ့ လူငယ်တွေရဲ့ ရဲရဲတောက် အားမာန်တွေဟာ အမြဲလိုလို ထိပ်တိုက်တွေ့ကြစမြဲ။ ဒီဇာတ်ကားကိုတော့ စတူဒီယိုဆက်ခံသူဖြစ်လာနိုင်တဲ့ ဂိုယိုမီယာဇာကီ (မီယာဇာကီရဲ့ သား) ကရိုက်ကူးထားတာဖြစ်ပါတယ်။

အခုဆိုရင် လေပြင်းက ကျနော့ကို အတော်လေး မွှေနှောက်ကြီးစိုးနေခဲ့ပြီဆိုတာ သိလောက်ပါပြီ။ အမြင်အားဖြင့်သာမကပဲ သီချင်းများ၊ တီးလုံးများကပါ ထဲထဲဝင်ဝင် လွှမ်းမိုးနေတာကို သိလိုက်ချိန်မှာ ကျနော် အတော်လေး နောက်ကျနေခဲ့ပါပြီ။ ကျနော် အခုအိမ်မှာ ထပ်တလဲလဲနားထောင်ဖြစ်နေတာ စတူဒီယို ၂၅နှစ်ပြည့် တီးလုံးများပဲဖြစ်ပါတယ်။ အောက်ကလင့်မှာ သွားပြီးမော့နိုင်ပါသေးတယ်။

နှစ်ဆယ့်ငါးနှစ်ပြည့်အမှတ်တရ

ဒီစတူဒီယိုက ဖန်တီးမှုတွေဟာ လူငယ်တွေအပေါ် အတော်လေးကြီးစိုးစေခဲ့ပြီး တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းများကို ပဲ့ပြင်ပေးရာ ရောက်စေခဲ့တယ်။ ကာတွန်းကားတွေဆိုပေမယ့် ကလေးကြိုက် ဆေးရောင်စုံကားသက်သက်မဟုတ်ပဲ အတွေးအမြင်တွေကိုပါ ဖြန့်ကျက်စေခဲ့တာမို့ ဒီလေပြင်းဟာ ပညတ်သွားရာ ဓါတ်သက်ပါသွားခဲ့ပြီ မဟုတ်ပါလား။


အကျွမ်းဝင်လွန်းမက အကျွမ်းဝင်လွန်းနေခဲ့တဲ့ ကျနော့အတွက်ကတော့ တိုကျိုကိုများ ရောက်ဖြစ်ခဲ့ရင် ကျနော့လေပြင်းရဲ့ ပြတိုက်ကို သွားကြည့်ဖြစ်အောင် ကြည့်မယ်လို့ ဆုံးဖြတ်ထားသလို၊ ဒီနှစ်ထဲမှာ ထွက်ရှိမယ့် “လေနှင်ရာ” နဲ့ “မင်းသမီးလေး ခကုရ အကြောင်း” တို့ကို လည်ပင်းညောင်ရေအိုးဖြစ်အောင် စောင့်မျှော်လျက်ရှိပါကြောင်း……

ရုပ်ရှင်ကားနာမည်များကို ဤစာထဲတွင် ကျနော့စိတ်ကြိုက် ပြောင်းလဲခေါ်ဆိုထားခြင်းဖြစ်ပါသည်။

Reference: http://en.wikipedia.org/wiki/Studio_Ghibli

14 May 2013

အကျဉ်းသားဖြောင့်ချက်



ဘာရယ်မဟုတ်တဲ့ ဒီအညိုရောင်မျက်ဝန်းထဲမှာ ကျနော်ပိတ်မိနေခဲ့တယ်။ သေချာကြည့်ကြည့်ပါ ကျနော့ကို မြင်ရပါလိမ့်မယ်…ကျနော်လေ အကျဉ်းသားဖြစ်မှန်းမသိကိုဖြစ်သွားခဲ့တာပါ…

အစကဒီမျက်ဝန်းညိုတွေကို သေချာစိုက်ကြည့်မိရုံပါပဲ။ သူတို့က ညှို့တယ်ထင်ပါရဲ့။ တဖြည်းဖြည်း ဟိုးအဝေးက မျက်ဝန်းညိုကနေ အနားကိုနီးကပ်လာသလိုလို။ ကျနော့်ဖက်ကလား အဲ့ဒီဖက်ကလား ဘယ်သူဘယ်ဝါ ရှေ့တိုးလာတယ်ဆိုတာကို သေချာ မဆန်းစစ်နိုင်ခင် ကျနော် အဲ့ဒီမျက်ဝန်းညိုထဲမှာ လွင့်မျောသွားလိုက်တာ….

အညိုရောင်ဖျော့ဖျော့ အခန်းထဲမှာ အမည်းရောင် စက်ဝိုင်းတခုနဲ့ ကျနော့ကို ပိတ်လှောင်ထားတယ်။ ခြေတွေလက်တွေကို ဆန့်ကြည့်တော့ အနီရောင်ကြိုးမျှင်မျှင်လေးတွေက ကျနော့ကို ဖိနှိပ်ကြပြန်တယ်။ ဗာဒါစေ့ပုံ ထောင်ချောက်တခုရဲ့ ညွှတ်ကွင်းမှာ တိုးဝင်မိသွားတဲ့ သားကောင် တကောင်အဖြစ်နဲ့ပေါ့။ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ သမင်ရဲ့ဦးချိုအကြောင်းကို အခုနေမှ ပြန်အောက်မေ့မိတယ်။ ပင့်ကူအိမ်ထဲကို ဖြတ်သွားဖြတ်လာ လုပ်လေ့ရှိတဲ့ ပျံသန်းတတ်တဲ့ အကောင်တွေ အငိုက်မိသွားတာကိုလည်း ကြိမ်ဖန်များစွာ စိုက်ကြည့်မိဖူးပါလျက်ကယ်နဲ့လေ…အခုတော့ အရာရာဟာနောက်ကျခဲ့ပြီ မဟုတ်လား။

တကယ်က နွယ်ရှင်နဲ့ အလားတူတဲ့ မျက်တောင်တွေက ဖျတ်ခနဲ လှုပ်ခတ်ရင်း ဇက်ခနဲ ကျနော့ကို ဖမ်းဆီးခေါ်ဆောင်သွားကြတာ။ အသိဆိုတဲ့ အရာကို စမ်းလိုက်မိချိန်ကြတော့ အမည်းရောင်စက်ဝိုင်းတခုရဲ့ အလယ်ဗဟိုတည့်တည့်မှာ ထိုင်မိရက်သားဖြစ်နေပြီ။ ခြေတွေလက်တွေကို ရုန်းကန်လှုပ်ရှားကြည့်တယ်။ ရတော့ရတယ်။ အမည်းရောင်ကနေ အညိုရောင်ဆီကို အနည်းငယ်အစွန်းထွက်လို့ ရနေတယ်။ ဒါပေမယ့် အရမ်းတော့ လှုပ်ရှားလို့မရဘူး အနီရောင်ကြိုးမျှင်တွေက ဟိုတစ ဒီတစနဲ့ ကျနော်ဟာ ချုပ်နှောင်မှုတခုရဲ့ အောက်မှာဆိုတာကို လာလာပြီး သတိပေးနေကြတာကိုး။

မျက်ဝန်းရှင်က သတိပေးတယ် အဆိပ်ပြင်းသည်တဲ့။ DG Goods ဆိုတဲ့ ဆိုင်းဘုတ်ကို မမြင်ခင် ခလုတ်တိုက်လဲသွားတာပါလို့ ဆင်ခြေပေးလိုက်ရမလား။ ဒါမှ မဟုတ် မီးပွိုင့်ရှိလျက် မီးပျက်နေတဲ့လမ်းတွေကို ဖြတ်ကူးနေကြမို့ မီးပွိုင့်ရဲ့ အချက်ပြခြင်းထက် လမ်းမကိုပဲ ဦးစားပေး ရွေးမိလိုက်တယ်လို့ ဆိတ်သားရေ နဲ့ဖုံးသင့်သလား။ စဉ်းစား စဉ်းစား ခေါင်းတွေပူပြီး လူကိုနှုန်းခွေသွားသည်အထိ ဦးနှောက်ကို အလုပ်ပေး။

ဒါပေမယ့် ကွန်ပြူတာ တစ်လုံး မဟုတ်တာမို့ ဒေတာ အချက်အလက်တွေ မစုံလင်နိုင်သေး။ ပြည့်စုံလုံလောက်ပြီး ယုတ္တိယုတ္တာ ရှိတဲ့အဖြေ မပေးနိုင်ခဲ့ရင်……………အကျဉ်းသားအဖြစ် နေသွားရတော့မတဲ့။ ဘယ်လိုလုပ်မလဲ Debate တခုလုပ်ဖို့ ပြင်ဆင်ရခြင်းဟာ တကယ်တော့ တိုက်ပွဲတခုကို ကြိုတင်ပြင်ဆင်ရသလိုပါပဲလား။

ဒါနဲ့ နေပါဦး ကျနော်က တကယ်ပဲ ဒီအကျဉ်းထောင်ထဲက လွတ်မြောက်လိုတာလား ပြန်တွေးစရာဖြစ်လာခဲ့ပြီ။ ပြင်းပြင်းထန်ထန် လွတ်မြောက်ဖို့ ဆိုတဲ့ စိတ်ကို ကျနော်မွေးမြူလိုက်ရင် အလို…စိမ့်ထွက်လာတဲ့ ရေတွေက ကျနော့ကို.. ကျနော့ကို စိတ်ဓါတ်တွေ ပျော့သည်ထက်ပျော့ပြီး ဒီအမည်းရောင် အခန်းကို ကိုယ်ပိုင် အခန်းတခုလို ဖန်ဆင်းပြန်တယ်။ ဒါဆို ကျနော်က ဘာလုပ်ချင်တာပါလိမ့်။

ခပ်ပါးပါးလိုက်ကာ တခု စက္ကန့်ပိုင်းမခြား ကျနော့ ရှုခင်းတွေကို ဖုံးကွယ်သွားကြတယ်။ အပြင်မှာလေတွေ တိုက်နေသလား။ ပြင်ပ ရိုက်ခတ်မှုတိုင်းကို ကျနော် ခံစားသိရှိနေရတယ်ဆိုတော့ ဆိုးတော့ မဆိုးပါဘူး။ တခါတလေ လေသိပ်ပြင်းတယ်လို့ ခံစားမိရင် လိုက်ကာကို အကြာကြီးချထားလိုက်တယ် ထင်တယ်။ ခဏ ခဏ အမှောင်အတိ ကျသွားတိုင်း အဲ့ဒီအတွေးကို တွေးနေမိတာ။

ပိုပြီး မက်မောတွယ်တာစေတာက ဒီအကျဉ်းခန်းက မှန်ဘီလူးတခုလိုဖြစ်နေတာကိုပါ။ ဟိုး အဝေးကြီးအထိ ကျနော် မျှော်ကြည့်နိုင်သလို အနုစိတ်သေးငယ်လွန်းတဲ့ အရာတွေကိုလည်း ကျနော် ဒီအခန်းထဲကနေ အေးအေးဆေးဆေး ထိုင်ကြည့်နေနိုင်တယ်။ LED, LCD, Plasma တွေ HD ဖြစ်နေတာထက် ဒီနေရာက ပိုပြီး vivid မြင်ကွင်းတွေပေးတယ်။

ပြီးတော့ကော...သိပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ အရောင်တွေ။ စိတ်နှလုံးကို တည်ငြိမ်သွားအောင်၊ ဆူပွက်သွားအောင်၊ ပင်လယ်ရဲ့လှိုင်းတံပိုးတွေလို လှုပ်ရှားမှုမျိုးစုံဖြစ်သွားအောင် စတဲ့ စုတ်ချက်တွေနဲ့ ကျနော့အတွက် ပန်ချီကားတွေ ဖန်ဆင်းပေးတယ်။ ဗင်းဆင့် မြင်သွားတဲ့ အမြင်တွေကို လိုက်မမှီသည့်တိုင်အောင် သူချပြတဲ့ အရာတွေကိုတော့ အနည်းဆုံး မြင်ရစေတာမျိုးပေါ့။

"မြတ်စွာဘုရား"
တကယ်က အကျဥ်းထောင်ထဲက လွတ်မြောက်ဖို့ လိုရင်း မဟုတ်ပါလား။ လတ်စသတ်တော့ ကျနော်က အကျဉ်းထောင်ရဲ့ ဆိုးကျိုးတွေကို နက်နက်ရှိုင်းရှိုင်း မတွေးတောပဲ ကောင်းကျိုးတွေကိုပဲ အဖန်ဖန် တလဲလဲ ဆင်ခြင် သုံးသပ်နေတော့တာကိုး။

အကျဉ်းထောင်က ပေးတဲ့ အရာတွေ တချိန်ချိန်ကျရင် လျော့ကျလာလိမ့်မယ်၊ ဒါမှမဟုတ် ကျနော် သိပ်ကြောက်ပါတယ်ဆိုတဲ့ လုံးဝ ပိန်းပိတ်အောင်အမှောင်ကျသွားတာမျိုး ဖြစ်လာလိမ့်မယ် ဆိုတာမျိုး ဘာလို့ မတွေးသလဲ။

ကျနော် ကိုင်တွယ်နေတဲ့ စက်တွေလို အစားထိုးဖို့ ပစ္စည်းကရိယာတွေနဲ့ ဒီအကျဥ်းထောင်ကို ကျနော် ထိန်းသိမ်းထား နိုင်မယ်လို့ တယူသန်စိတ်ရှိနေခဲ့တယ်။ စက်တွေနဲ့ မတူပဲ သိပ်အနုစိပ်တဲ့ ဒီအကျဉ်းထောင်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုတော့ ကျနော် လျစ်လျူရှုပစ်ခဲ့ပါတာကိုး….

သေးငယ်ပြီး ဘာမှ လုပ်နိုင်စွမ်းမရှိပေမယ့် ဒီမျက်ဝန်းညိုလေးတခုက ကျနော့အကျဉ်းထောင်ပါ။ ကျနော်ကတော့ ဘယ်တော့မှ လွတ်မြောက်လမ်းကို မရှာဖွေလိုတော့တဲ့ အကျဉ်းသားတယောက်ပါ။ ခင်ဗျားတို့ရော ဘယ်လို အကျဉ်းသားတွေဖြစ်မလဲ....

13 May 2013

တောင်တွေရယ်ရစ်ဝိုင်းပါလို့ မြူတွေကသိုင်းဖွဲ့နှောင် (၂)

တအိမ်လုံးဟာ ဆူညံပွက်နေခဲ့တယ်။ တညပဲနေမှာမို့ မရဘူးနော် နောက်တည ထပ်အိပ်ရမယ်ဆိုတဲ့ အန်တီဝါ့ တောင်းဆိုမှုကလည်း ထပ်တလဲလဲ။ ကားသမားကို နောက်နေ့ ပြန်ဆင်းဖို့ မှာထားပြီးပြီဆိုတာတောင် ဖုံးဆက်ပြီး ချိန်းလိုက်လေ လုပ်နေသေးတာ။ ဟုတ်ပါတယ် သူတို့ အိမ်ရှင်တွေကလည်း ဧည့်သည်တွေကို စုံစိနေအောင် လိုက်ပို့ချင်တာမဟုတ်လား။

ရောက်ပြီး ခြေလက်ဆေးပြီးတဲ့အခါ ကျနော့ဘကြီးကို ဂျီကျတဲ့ အစီအစဉ်စပြီဖြစ်ပါတယ်။ ကျောက်လုပ်ငန်းတွေကို သွားကြည့်ချင်တယ်ဆိုတော့ ဘကြီးက ဆိုင်ကယ်အသင့် ဆွဲထုတ်လာပါရော။ ဟိုးတောင်တွေဆီကို ဆိုင်ကယ်နဲ့ တက်သွားတဲ့အခါ တိမ်တွေနဲ့ ပိုနီးနီးသွားသလိုလို။




ကံဆိုးတယ်လို့ ပြောရမယ်။ လုပ်ငန်းခွင်မရှိတဲ့ ရက်ဖြစ်နေတော့ စက်တွေပဲ ရိုက်လာရတယ်။ စိတ်ထဲက မြင်ယောင်ကြည့်မိပါတယ် အသံတွေဆူညံပြီး လည်ပတ်နေတဲ့ စက်တွေ၊ သယ်သူကသယ် ကျင်သူကကျင်နဲ့ စည်ကားနေမယ့် လုပ်ငန်းခွင်တခုကိုပေါ့။





ဘကြီးက စိတ်မလျှော့သေးဘူး။ ဟိုးနောက်ထပ်တောင် တခုကို ထပ်သွားတယ်။ သူကသာ အတင်းသွားနေတာ အနောက်က သူ့တူက ကြောက်နေတာ သူမသိဘူး။ ရင်ထဲမှာ ရိုလာကိုစတာ စီးနေရသလိုပါပဲ။ အမြင့်ဆုံးနေရာတခုမှာ ဓါတ်ပုံရိုက်ချင် ရိုက်ဆိုပြီး ဆိုင်ကယ်ကို ရပ်ပေးတယ်။ ဘုန်းကြီးကျောင်းနဲ့ ဘုရားကို တဖြည်းဖြည်းချင်းတက်။ လမ်းမှာပွင့်တဲ့ပန်းတွေကို ကင်မရာနဲ့ လက်သရမ်းခဲ့တယ်။




တောင်ပေါ်ကနေ ပတ်ဝန်းကျင်ကို လည်း ဘယ်ညာလှည့်ပြီး ဓါတ်ပုံရိုက်တယ်။ ဟိုးမြင်ရတဲ့ ကျောက်တောင် အမည်းကိုတွေ့လားတဲ့ အဲ့ဒီကျောက်တောင်ကို အောက်ခြေကနေ လှိုက်တူးလာလိုက်တာ အခုဆို ကုန်သလောက်ရှိပြီတဲ့။ အင်းလေ တနေ့ပြီးတနေ့ လှိုက်စားလာတဲ့ နောက် ဘယ်ကျောက်တောင်က ကြာကြာခံမှာတဲ့လဲ။



ကျောက်လုပ်ငန်းကို မကြည့်ရတဲ့ ကျနော့ကို ဘကြီးက ရှုခင်းသာကို ပို့မယ်ဆိုပြီး ခေါ်လာပြန်တယ်။ ရှုခင်းသာက အလှူခံနားမှာ ရပ်ရင်း စိုက်ခင်းတွေကို ငေးတယ်။ လိပ်ပြာကြီးတကောင် မားမားမတ်မတ်ပေါ်နေတဲ့ နေရာကို ရွှေလိပ်ပြာဟိုတယ်လို့ ရှင်းပြရင်း သူ့ရဲ့ သမိုင်းတွေဆီကိုပါ ရောက်သွားတယ်။ စီးပွားရေး လုပ်ငန်းရှင် တယောက်နဲ့ သူရဲ့ နယ်မြေချဲ့ထွင်မှုတွေ။
မထူးပါဘူး မိုးကုတ်အရှေ့ပိုင်းကိုပါ လိုက်ပို့မယ်ဆိုပြီး ဘကြီးက စက်မနိုးပဲ ဒီအတိုင်းလှိမ့်ဆင်းသွားတယ်။ လမ်းတလျှောက်လုံး ဆိုင်ကယ်ဆိုတာ ပေါလိုက်တာ။ မိုးကုတ်မြို့ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့တော့မှပဲ စက်အရှိန်ကုန်တယ်။ ကုန်းဆင်း ဘယ်လောက်နက်သလဲဆိုတာ။

နောက်နေ့မှာ မြို့ကိုလည်မှာမို့ မြို့ထဲကို ဖြတ်ပဲဖြတ်တယ်။ ဒီရပ်ကွက်က ဗမာရပ်ကွက်၊ ဒီရပ်ကွက်က တရုတ်ရပ်ကွက်၊ ဒီရပ်ကွက်က ပလောင်တွေ စသည်ဖြင့် ရှင်းရင်း မောင်းပါတယ်။ မြို့လယ်ခေါင်မှာ ဘဏ်တွေ အပြိုင်းအရိုင်း ဖွင့်နေခဲ့ပြီ။ မြေနီနီတွေကို မြင်နေရပြီ။ မြို့အဝင်က ချောင်းဟာ နီစွေးလို့။ 






ဟိုးအနောက်ဖက်က ကျေးနီတောင်ပေါ်ကိုပါ ထပ်တက်တယ်။ အဲ့ဒီမှာ နောက်ထပ်ရှုခင်းသာ တခုရှိပြီး မိုးကုတ်ကို မြင်ရတာ အတော်လေး လှတယ်လို့လည်း ပြောတယ်။ ဆက်သွားရင် မိုးမိတ်ကို ရောက်တယ်ဆိုတယ်။ လမ်းကမတ်သထက်မတ်လာသလို ကျဉ်းလည်းကျဉ်းလာတယ်။ ကုန်တွေအပြည့်တင်ပြီး အိပဲ့အိပဲ့နဲ့ မောင်းနေတဲ့ ကားတွေလည်းရှိတယ်။ တနယ်ကနေ တနယ် စားကုန် လူသုံးကုန်တွေဟာ ဒီလို ကုန်တင်ကားကြီးတွေနဲ့ အဆင့်ဆင့်ကူးရတယ်။ 


ရှုခင်းသာကိုရောက်တဲ့အခါ တကယ့်ကို မိုးဗြဲဒယ်ကြီးထဲက အမြောင်းလိုက် အမြောင်းလိုက်တန်းနေတဲ့ အိမ်တွေကို တွေ့ရတယ်။ လတ်ဆတ်တဲ့လေကို ရှူရင်း တဖြည်းဖြည်း အေးလာတာကို သတိထားမိတယ်။ အေးလာတာထက် မိုးသားရိပ်တွေကိုပါ မြင်လာတယ်။ တူဝရီးနှစ်ယောက်လုံး မိုးကာရော ထီးရော မပါဘူး။
အဲ့ဒီမှာပဲ လီဆူတွေ ရိုးရာအက ဗီဒီယိုရိုက်နေတာ တွေ့တယ်။ တယောက်မှ မြန်မာလို မပြောကြဘူး။ တရုတ်လိုပဲ တွင်တွင်ပြောကြတာကိုး။

မိုးနည်းနည်းကျလာတဲ့အခါ တူဝရီးနှစ်ယောက် တောင်အောက်ကို အမြန်ပြန်ဆင်းကြတယ်။ မိုးကသည်းလာတာမို့ အိမ်ကို မပြန်နိုင်သေး။ ဘကြီးနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပေါ့။ မိုးအေးတာထက် တိုက်တဲ့လေက စိမ့်အေးနေတာမို့ ရေနွေးကိုတွင်တွင်သောက်တယ်။ ဘကြီးက ငွေတသိန်းလောက်နဲ့ မိုးကုတ်မှာ အေးအေးနေလို့ရတယ်လို့ဆိုတယ်။ မုန့်တပွဲလောက်ကို နှစ်ရာလောက်နဲ့ ရတုန်းပဲတဲ့။ ဆိုင်ကယ်တစင်းဆိုလည်း ဘယ်လောက်မှ မရှိဘူး။ လိုင်စင်တရားဝင်မဟုတ်ပေမယ့် တသိန်းနှစ်သိန်းလောက်နဲ့ ဆိုင်ကယ်စီးနိုင်တဲ့ အရပ်။ တကယ်လည်း ဖမ်းမယ်ဆီးမယ်ဆိုတဲ့ မော်တော်ပီကယ်တွေလည်း မတွေ့ဘူးလေ။

အခုနောက်ပိုင်း မိုးကုတ်ကလူတွေတောင် ကျောက်ကိုသိပ်မမြင်ကြရတော့ဘူး။ ဦးပိုင်နဲ့ စီးပွားစပ်လုပ်ပြီးတဲ့အခါ တွင်းက ထွက်တဲ့ အဖိုးတန်တွေကို ဒီမှာ အရောင်းအဝယ်မလုပ်ကြတော့ပဲ ရန်ကုန်၊ နေပြည်တော် စတဲ့ စျေးကောင်းရတဲ့ နေရာတွေမှာ တခါတည်း သွားရောင်းချတာမို့ ဒီကထာပွဲဟာ နည်းနည်း ခြောက်ကပ်ကပ်နိုင်နေပြီ။

မိုးနည်းနည်းစဲတော့ အိမ်ကို ပြန်ခဲ့ကြတယ်။ အိမ်မှာ ထမင်းဝိုင်းက စောင့်နေပြီ။ မုန်ညင်းစော ထားမယ်လို့ အန်တီဝါက မှာလိုက်တယ်။ ပြီးတော့ ဒေါ်နန်းကြည်တောင်မှာ နေဝင်ချိန် ဓါတ်ပုံရိုက်မယ်လည်း ပြောထားသေးတယ်။ ခပ်သုတ်သုတ်လေးပြန်မှ အချိန်ကနှောင်းနေပေါ့…..


ဆက်ပါဦးမယ်...

10 May 2013

ပိုးစုန်းကြူး




Photo taken from the link: http://en.wikipedia.org/wiki/File:Lampyris_noctiluca.jpg

တွေ့စတုန်းက မှောင်ရီဖြိုးဖြ ညနေချိန်လေးပေါ့။ စိမ်းဝါလင်းလက်နေတဲ့ အဲ့ဒီအကောင်လေးဆီမှာမှ အာရုံတွေ ရှိမနေခဲ့ရင် ဒီလမ်းမထက်က ကျနော် မျက်မမြင်တယောက်ပဲ ဖြစ်နေလိမ့်မယ်။ အမှတ်မထင်ဆိုတဲ့ စကားလုံးလေးက သုံးနှုန်းခိုင်းနှိုင်းလို့ ကောင်းပေမယ့် တခါတရံမှာ ထိခိုက်နာကျင်စေတတ်တယ်။ ဟုတ်တယ် ကျနော်တို့ အမှတ်မထင်ပဲ တွေ့ရှိခဲ့ကြတာ။

ပိန်းပိတ်အောင် မမှောင်ခင်မှာတောင် သူ့က ကျနော့ကို ဖမ်းစားနေခဲ့ပြီ။ တခါမှ မမြင်တွေ့ဖူးတာမို့ ကျနော့အတွက်တော့ အစိမ်းသက်သက်ရယ်ပါ။ သူက ဘာလို့ အလင်းရောင်တွေ ထွက်နေခဲ့တာလဲ။ ကျနော့ကို လမ်းပြဖို့ ဒါမှမဟုတ် ကျနော့ရဲ့ စွဲလမ်းတပ်မက်မှုကို ရလိုလို့မဟုတ်တာတော့ သေချာတယ်။ ညနေခင်း ခြေခင်းလက်ခင်းသာလို့ လမ်းသလားနေတဲ့ ပိုးစုန်းကြူးတကောင်နဲ့ ကျနော် အမှတ်မထင် တွေ့ဖြစ်သွားခဲ့တယ်။

ကျနော်လျှောက်နေတဲ့လမ်းက မှောင်ပါတယ်။ မြွှေပါးကင်းပါး ကြောက်ပေမယ့် ခရီးဆိုတာ အဆုံးထိလျှောက်ရမယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားမိတော့ လျှောက်ပေါ့။ ဘေးပတ်ဝန်းကျင်က သစ်ပင်တွေ လေတိုးလို့ ရိုးတိုးရိပ်တိတ်ဖြစ်လာရင် စိတ်ထဲမှာ သရိုးသရီနဲ့ ပြေးရမလို ရပ်ပစ်ရမလိုလဲ ဖြစ်တတ်သေးတယ်။ မျက်စိမှိတ်ပြီး ပြေးရအောင်လည်း ကလေးကလား ဆန်တယ်ဖြစ်နေပြန်။ ဟန်တလုံးနဲ့ လျှောက်ပြန်တော့လည်း ကိုယ့်လိပ်ပြာက မလုံ။ ကျောကချမ်းသေး။ အဲ့ဒီအချိန်မှာ အရှေ့က မှိတ်တုတ်မှိတ်တုတ်လေးနောက် ကျနော်က တွယ်ငြိသွားတော့တယ်။

သူက ခပ်ဝေးဝေးကိုလည်း ပျံမပြေး။ အနားကပ်မယ်ဆိုတော့ ခွာပြန်ရော။ စကားအဖြစ်ပြောတာပါ။ ကျနော်က အနားကပ်ဖို့ စိတ်ကူးမရှိ။ ဒါပေမယ့် မှောင်နေတဲ့ လမ်းမအလယ်မှာ မှိတ်တုတ်လေးက ကျနော့ကို အဖော်ပြုတာတော့ လိုချင်သား။

ကြည့်ရတာ သူလည်း တကောင်တည်းဆိုတော့ ကျနော့ကို မခွာနိုင်ဘူးထင်ရဲ့။ ကျနော့နဲ့ သိပ်မဝေးတဲ့ အတိုင်းအတာ တခုမှာ ခပ်ခွာခွာလေး နေ,နေတယ်။

လူ့စိတ်ဆိုတာက အခက်သားနော်။ သူ့ကို လမ်းလျှောက်ချိန်တိုင်း တွေ့ချင်တယ်ဆိုတဲ့ အစွဲက ၀င်လာတယ်။ လက်ရှိဆိုတာထက် အနာဂါတ်ဆိုတဲ့ ကာလတွေကိုပါ ပိုင်ဆိုင်ကြီးစိုးချင်တဲ့ လောဘတကြီးဖြစ်လာ။ ဒါပေမယ့် ကျနော့ဖက်ကလည်း သူ့ကို စွဲလမ်းတပ်မက်နေတယ်ဆိုတာမျိုး မပြချင်ပြန်ဘူး။ အဲ့ဒီစိတ်ရောဂါကို သူငယ်ချင်းတယောက်ကတော့ လူသားဆန်ခြင်းလို့ အမည်တပ်တယ်။

သူ့ကို ပုလင်းအလှလေး တလုံးမှာ ထည့်ထားလိုက်ရင်ကော။ သူပျော်မှာပါနော့။ သူပျော်အောင် ပုလင်းလေးထဲမှာ သူ့အသုံးအဆောင်လေးတွေ ထည့်ပေးမယ်။ သူကြိုက်နှစ်သက်တဲ့ အစားအစာလေး တွေစသည်ပေါ့။ ဒါဆို ကျနော်လမ်းလျှောက်တိုင်း သူနဲ့အတူ ရှိနိုင်မယ်။ ဟုတ်ပြီ ဟန်ကျပြီ။

နေဦး အဲ့ဒါဆို သူကပုလင်းထဲမှာ ဆိုတော့ အခုလို လွတ်လွတ်လပ်လပ် ဘယ်ပျံသန်းနိုင်မလဲ။ ဟုတ်တယ် ကျနော် အဲ့ဒါကို ထည့်တွက်ရမယ်။ ကျနောသာဆိုရင် အဲ့လို ဘောင်ခပ်ထားတဲ့ နေရာဝန်းကျင်တခုမှာ မနေချင်။ လုံးဝကိုမနေချင်။ အဲ့ဒီတော့ ပယ်။

ဒါမှမဟုတ် သူ့ကို ကြိုးလေးတချောင်းနဲ့ ချည်နှောင်ထားဖို့။ သိပ်တော့လည်း မကွာခြားပြန်။ ဦးနှောက်က တကယ့် မဟုတ်က ဟုတ်က အတွေးဆို အမြဲအလေးပေးတယ်။ ပုလင်းထဲထည့်တာနဲ့ ကြိုးနဲ့ချည်တာ ဘာများ ခြားနားမှာမို့လဲ။ လွတ်လပ်မှုဆိုတဲ့ အရသာဟာ ဘယ်သူနဲ့ ဘာနဲ့မှ ချိတ်စပ်ထားမှု အလျဉ်းမရှိတာ။ ပြီးတော့ ရှေ့ကိုလည်း ကြည့်စရာမလို နောက်ကိုလည်း လှည့်စရာမလိုတဲ့ အနှောင်အဖွဲ့ကင်းတာ။

ထားပါလေ အခုလောလောဆယ် စိတ်ဝင်စားနေမိတာက သူ့ရဲ့ အလင်းရောင်။ ခန္ဓာကိုယ်ကနေ အလင်းတွေ လွှတ်ထုတ်ပေးနေတာ မထူးဆန်းဘူးလား။ တကယ်တမ်း အဲ့ဒီ အလင်းထုတ်ရခြင်း အကြောင်းကို သိရှိခဲ့ချိန်မှာ ကျနော့မျက်နှာတွေ ထူပူသွားခဲ့သည်။ ကျနော်တို့ကတော့ လမ်းချင်းတူလို့ တွေ့ကြတဲ့ ခရီးသွားတွေ သက်သက်ပါ။

ပတ်ဝန်းကျင်က တဖြည်းဖြည်း လင်းလာခဲ့သလို သူရဲ့ အလင်းရောင်လည်း တဖြည်းဖြည်း မှိန်စပြုလာပြီ။ လင်းလင်းချင်းချင်း ဖြစ်လာခဲ့ရင်….သူ့ကို ပျောက်သွားမှာ ကျနော်စိုးလာမိတယ်။ သူ့ကို ဖမ်းဆီးထားဖို့လည်း ကျနော့စိတ်က ခွင့်မပြု။ မကြာခင်မှာ သူဟာ မြင်ကွင်းကနေ ပျောက်ရှသွားတော့မယ်။ ကျနော် ဘာလုပ်ရမလဲ။

ဆုံးရှုံးပြီးမှ ရတတ်တဲ့ ခံစားမှုမျိုးကို နောင်တလို့ ခေါ်ရင် ကျနော် နောင်တရဖို့ကိုပဲ ကျေကျေနပ်နပ် ရွေးချယ်လိုက်တယ်။ သူနဲ့ကျနော် တွေ့ဖြစ်ချင် တွေ့ဖြစ်ဦးမှာပါ။ သူမဟုတ်တောင် တခြား ပိုးစုန်းကြူးတကောင်ကောင်….

08 May 2013

လူ့ဘ၀အတွင်းက အကောက်အကွေ့များ




တကယ်တမ်း လူ့ဘဝကို ကျော်ဖြတ်ရတဲ့အခါ ဘဝတဆစ်ချိုးတွေလို့ ခေါ်နိုင်တဲ့ အကွေ့အကောက်တွေ အများကြီးနဲ့ ကြုံဖူးကြမှာပါ။ မွေးဖွားပြီးကနေ သေဆုံးသည့်တိုင် တဖြောင့်တည်းသွားတဲ့ လူ့ဘဝဖြစ်စဉ်မှာ လုံးဝကိုမရှိနိုင်ပါဘူး။ အဓိက က အဲ့ဒီအကွေ့အကောက်တွေနဲ့ ကြုံတဲ့အခါ ဘယ်လို ရင်ဆိုင် ကျော်ဖြတ်သွားမလဲဆိုတာပါပဲ..Trouble with the Curve ဆိုတဲ့ ဇာတ်လမ်းကို ကြည့်ပြီး အခုလို အတွေးမျိုးတွေ ဝင်ရောက်သွားတာဖြစ်ပါတယ်။ တကယ်တမ်း ဒါရိုက်တာ ပြချင်တာက တခုဖြစ်နိုင်ပေမယ့် ထုံးစံအတိုင်း ကျနော် မြင်တဲ့ ရှုဒေါင့် ကိုပဲ ကျနော်ခံစားသွားခဲ့ပါတယ်။

အသက်ကြီးလို့ ပင်စင်ယူရင် ဆိုတဲ့ အတွေးမျိုး အခုလက်ရှိ ကျနော့အသက်အရွယ်မှာ ကျနော် တွေးနေခဲ့ပြီ။ အဖေကလည်း မကြာခင် ပင်စင်ယူတော့မှာဖြစ်လို့ ကျနော့အလှည့်ကျရင်ဆိုတာမျိုး ကျနော့ကို တွေးစေခဲ့တာပါပဲ။ ဒီဇာတ်လမ်း အစမှာလည်း အသက်ကြီးလာပြီဖြစ်တဲ့နောက် ဇရာရဲ့အရိပ်တွေ၊ ကိုယ်ခန္ဓာပျက်စီးယိုယွင်းမှုတွေနဲ့ ပင်စင်ယူခါနီး အဘိုးကြီး တယောက်ရဲ့ နေ့စဉ်ဘဝနဲ့ စပြီးဖွင့်လှစ်ခဲ့ပါတယ်။

ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ လူကြီးတွေရဲ့ အစွဲကို ဒီကားထဲမှာ အတိုင်းသားချပြထားခဲ့တယ်။ ကွန်ပြူတာခေတ်ကြီးမှာ စာရွက်စာတမ်းတွေကို ဖက်တွယ်နေဆဲ အဖိုးကြီးတယောက်ရဲ့ အတ္တမာန်မာနတွေ။ အသက်ကြီးလာသူတယောက်ရဲ့ အလိုမပြည့်မှုတွေဟာ ပတ်ဝန်းကျင်ကိုပါ ဒေါသ သင့်စေခဲ့ပါတယ်။ မိမိရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့ တခြားသူတွေအပေါ် ပြုမူ ဆက်ဆံတာတွေဟာ အရင်လို မဟုတ်တော့ဘူးဆိုတာ ကာယကံရှင်က သတိမထားမိပေမယ့် ဘေးလူကတော့ အသာလေး မြင်သွားခဲ့နိုင်တယ်။

ပြီးတော့ မိဘနဲ့သားသမီးကြားက မမြင်နိုင်တဲ့ တံတိုင်းတွေ။ အကြောင်းအရာတခုကြောင့် သမီးကို မိမိနဲ့ ဝေးရာဆီကို ပို့ထားတဲ့ ဖခင်ရဲ့ ဝေဒနာ။ ဖခင်ရဲ့ စွန့်ပစ်ခြင်းကို ခံရတယ်လို့ ဘဝတလျှောက်လုံး နာကျည်းမှုတွေနဲ့ သမီးဖြစ်သူရဲ့ ဝေဒနာ။ မီးတောင်တခုလို အရှိန်တခုရောက်လာတဲ့ အခါ အားလုံး ပွင့်ထွက်ကုန်ပါတော့တယ်။

ဖခင်ဖြစ်သူများ သူ့ကို ပြန်ခေါ်လာမလားလို့ ဖခင်ရဲ့ လုပ်ငန်းဖြစ်တဲ့ ဘေ့စ်ဘော အကြောင်းကို ထုံးလိုချေရေလိုနှောက်နိုင်တဲ့ သူဖြစ်အောင် သူကြိုးစားခဲ့ပေမယ့် ဖခင်က သူ့ကို တချက်လေးတောင် လှည့်မကြည့်တဲ့အခါ သမီးဖြစ်သူက ဘဝကို ဆန့်ကျင်ဖက်လျှောက်ပစ်နေခဲ့တာပါ။ စွန့်ပစ်ခံရတယ်ဆိုတဲ့ နာကျည်းချက်တခုက အမာရွတ်ပမာ စွဲထင်ပြီး သူ့ကို နောက်တချိန်မစွန့်ပစ်ခံရအောင် ဘဝကြင်ဖော်ပါ မရှာဖြစ်တော့တဲ့အထိ လူတွေကို အယုံအကြည်ကင်းမဲ့စေခဲ့တယ်။ တခါတခါ ကိုယ့်ရဲ့ ဘာမဟုတ်တဲ့ လုပ်ရပ်တခုဟာ သူတပါး ဘဝမှာ အရာထင်နာကျင်စေခဲ့မယ်ဆိုတာ ကျနော်တို့ သတိချပ်သင့်ပါတယ်။ ကောင်းတဲ့အချက်တခုကတော့ အဲ့ဒီနာကျင်မှုကို အရှိန်ယူပြီး သူ့ဘဝကို တိုးတက်မြင့်မားအောင် ကြိုးစားအားထုတ်ခဲ့တဲ့အဖြစ်ပါပဲ။

နောက်တခုကတော့ ကျနော်တို့လူငယ်တွေနဲ့ လူကြီးတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ။ အတွေ့အကြုံကြီးမားတဲ့ လူကြီးတွေက ခေါင်းမာစွာဆုံးဖြတ်တတ်သလို အတွေ့အကြုံမပြည့်ဝပေမယ့် တက်ကြွပျိုမျစ်နေတတ်တဲ့ လူငယ်တွေက တဇွတ်ထိုးလုပ်ကိုင်တတ်တဲ့ ပဋိပက္ခပါ။ အမြင်အာရုံ ချို့တဲ့နေပေမယ့် နားက ကြားတဲ့အသံကို အာရုံပြုပြီး ဝေဖန်ဆန်းစစ်နိုင်တဲ့ အတွေ့အကြုံဆိုတာကို လူကြီးတယောက်က သူ့အလုပ်အကိုင်ပေါ်မှာ အလောင်းအစားလုပ်ပြီး ပြသခဲ့ပါတယ်။

ရုပ်ရှင်ပြသချိန်အတွင်းမှာတော့ ပြဿနာဆိုတာကို မမြင်မိအောင်၊ စိတ်ဆင်းရဲစရာကို တောင် ရယ်မောဖော့ပစ်နိုင်တဲ့အထိ သရုပ်ဆောင်တွေက စွဲဆောင်သွားနိုင်ခဲ့တယ်။

ကျနော့အတွက်တော့ ကျနော့ဘဝအတွင်းက အကောက်အကွေ့တွေကိုကော၊ ကျနော်တို့မိသားစု အသိုင်းအဝိုင်းထဲက အကောက်အကွေ့တွေကိုကော ပြန်လည် သတိရစေတဲ့ ဇာတ်ကားလေးတခုပါပဲ။ အရင်တုန်းက ပူလောင်စွာဖြတ်ကျော်ခဲ့သမျှ နောက်များ ကြုံခဲ့ရင် ကျနော်ကိုယ်တိုင်လည်း အဲ့ဒီအကောက်အကွေ့တွေကို အေးအေးချမ်းချမ်းနဲ့ အခုဇာတ်ကားလေးထဲကအတိုင်း ဖြတ်ကျော်သွား ချင်လိုက်တာလို့ စိတ်ထဲက ဖြစ်မိတယ်။ တကယ်ဆို ကျနော်တို့အားလုံးအတွက် ပြဌာန်းထားတဲ့ လူ့ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက် ကောက်လိုက် ကွေ့လိုက် ပဲ မဟုတ်ပါလား..

06 May 2013

တိုးတက်မှု၏နောက်တွင် ကျကျန်ရစ်ခဲ့သော ကျင့်ဝတ်များ

ယနေ့ခေတ်ဟာ အတော်လေးကို တိုးတက်ခေတ်မှီပါတယ်။ တိုးတက်ခေတ်မှီသွားတဲ့ နောက်မှာ အချို့သော အရာများဟာ လိုက်မမှီပဲ ကျကျန်ရစ်ခဲ့တယ်။ ကျကျန်ရစ်တဲ့ အစိတ်အပိုင်းတွေထဲမှာ ကျင့်ဝတ်တွေ ပါသွားတာတော့ မကောင်းလှ။ လူတွေအချင်းချင်း ဆက်သွယ်ရာမှာ လိုက်နာရမယ့် ကျင့်ဝတ်မျိုးက အစစ ပါးရှားလာတဲ့ အချိန်အခါပါ။

ကျနော့အသက်က ကြီးတယ်လည်း မဟုတ်၊ ငယ်တယ်လို့ လုံးဝမဆိုနိုင်တဲ့ လူလတ် အပိုင်းအခြားမှာပါ။ ငယ်တဲ့ လူတွေမှာပဲ ကျင့်ဝတ်တွေ မသိတော့တာလား ဆိုတော့ မဟုတ်ပြန်ဘူး။ ကျနော်နဲ့ရွယ်တူ ပြီးတော့ အသက်နှစ်နှစ် သုံးနှစ်လောက်ကွာတဲ့ သူတွေမှာပါ တွေ့နေရတော့ အံ့သြတကြီးဖြစ်ရတယ်။ ကျောင်းမှာများ မသင်ခဲ့လေသလား၊ သူရို့အိမ်မှာရော ဆိုဆုံးမမှု မရှိလေသလား။ ကျနော်တို့ မြန်မာ့ပတ်ဝန်းကျင်မှာ လူကြီးမိဘတွေက မပြောဘူး မဆိုဘူး ဆိုတာ မရှိသလောက်ရှားပါတယ်။ မပြောမပြီး မတီးမမြည်လို့တောင် စာချိုးခဲ့ကြသေးတာ။

တလောလေးက အသိတွေဆီကို ဖုန်းတွေခေါ်မိတယ်။ ဖုန်းတွေခေါ်တဲ့အခါ ဒီနိုင်ငံမှာ ခေါ်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ကျန်အောင် လူတိုင်းက လုပ်ထားလေ့ရှိပါတယ်။ အဲ့ဒီတော့ ဖုန်းနံပါတ်နဲ့ ခေါ်ထားတယ်ဆိုတဲ့ အရာဟာ သူ့ဖုန်းထဲမှာ ပေါ်ကိုပေါ်တယ်။ ဘယ်နှစ်ခါ ခေါ်တယ်ဆိုတာတောင် ပေါ်ပါတယ်။ ဆိုလိုတာက ဘယ်သူမှ အရေးအကြောင်းမရှိပဲ ဖုန်းမဆက်ကြပါဘူး။ ဒီလူတယောက် ဖုန်းခေါ်ထားတယ်ဆိုရင် အနည်းဆုံးတော့ မက်ဆေ့ပို့ပြီး မေးချင်မေး ဒါမှမဟုတ် ဖုန်းပြန်ခေါ်ရမယ် မဟုတ်လား။ အခုက မက်ဆေ့ပို့ဖို့ နေနေသာသာ ဘာဆိုဘာမှ မတုန့်ပြန်ပါဘူး။ အဲ့ဒီလို အပြုအမူမျိုးကို လူတယောက်တည်းက ပြုမူနေတာ မဟုတ်တော့ ဒီတခုတော့ ကျကျန်ရစ်ပြီလို့ တွက်မိပါတယ်။

နောက်တခါ အပြင်မှာ တွေ့ဆုံကြဖို့ ချိန်းကြတဲ့အခါ။ လူတိုင်းဟာ အလုပ်လုပ်နေကြသလို ကိုယ်ပိုင်ချိန်များမှာလည်း ကိုယ့်ဟာကို ခွဲခြမ်းဝေမျှပြီး မလောက်မငှ ရှိတာကို သိပါတယ်။ ဒါပေမယ့် တွေ့ကြမယ်ဟေ့လို့ ချိန်းပြီးကြရင်၊ ကိုယ့်ဖက်က ပျက်ကွက်ခဲ့သည်ရှိသော် မလာနိုင်ဘူးဆိုတဲ့ အကြောင်းကို အနည်းလေးတော့ အသိပေးမှ လူဆန်ကြမယ် မဟုတ်ပါလား။ ကိုယ့်မြင်းကိုစိုင်းနေတာပဲ စစ်ကိုင်းရောက်ရောက်ဆိုပေမယ့် စပ်ဆက်နေတဲ့ လူတွေကိုတော့ လူအဖြစ် အသိအမှတ်ပြုတယ်ဆိုရင် မက်ဆေ့လေးပို့ပြီး လေးစားသမှုတော့ ပြုသင့်ပါတယ်။ တခြားလူတွေဟာလည်း သူလိုကိုယ်လို အချိန်ကို ဝေမျှသုံးနေကြရတယ်ဆိုတာ နားလည်သဘောပေါက်မယ်ဆိုရင်ပေါ့လေ။ အခုက ဆက်သွယ်လာနိုးနိုး နဲ့ ဟိုဒင်းကို ဟိုဟာမျှော်သလို မျှော်နေရတာမျိုးပါ။ ကိုယ်ကတော့ အားယားနေလို့ ချိန်းတဲ့သူတွေ မလာမချင်း ထိုင်စောင့်နေရမယ့်ပုံ။

အဆိုးဝါးဆုံး နောက်တခုက အချိန်မလေးစားတာ။ အကြောင်းကြီးငယ်ဆိုတာ လူတိုင်းမှာ ရှိစမြဲပါ။ တခါကနေ နှစ်ခါတော့ ဟုတ်ပါရဲ့။ အကြိမ်တိုင်း အကျင့်ကြီးလိုပါနေရင်တော့ ဒီလူဟာ အချိန်ကို မလေးစားတာပါ။ ဒီလမ်းခရီးကိုသွားရင် ဒီလောက်ကြာမယ်၊ ချိန်းထားတဲ့ အချိန်နဲ့တွက်ဆပြီး ဘယ်အချိန်မှာထ၊ ဘယ်အချိန်မှာ ပြင်ဆင်ရမယ်ဆိုတာ မွေးကင်းစ ကလေးမဟုတ်တော့တဲ့နောက် ကိုယ့်ဟာကို သတ်မှတ်ရမယ့် အလုပ်ပါ။ မိန်းကလေးတွေက အလှပြင်တာမို့ နောက်ကျတယ်ဆိုဦး ယောက်ျားသားတွေကပါ နောက်ကျလာတဲ့အခါ သူတပါးရဲ့ အချိန်တွေကို ခိုးယူနေသလိုဖြစ်တာမို့ ရှက်သင့်ရင် ရှက်ထိုက်တယ်။ ကိုယ်တွေ့နိုင်တဲ့ အချိန်ကို ချိန်းတာ အကောင်းဆုံးပဲ။ မဖြစ်နိုင်တဲ့ အချိန်ကိုချိန်းပြီး သူတပါးကိုစောင့်ခိုင်းတာဟာ အားနာစရာလို့ ခုခေတ်မှာ မသတ်မှတ်ကြတော့ဘူးထင်ရဲ့။

အခုထိ စိတ်ကို အနှောက်အယှက် အပေးဆုံးက နှုတ်ခမ်းဖျားက ပြောသွားတတ်တာမျိုး။ လူဆိုတာ ပြောပြီးရင် တည်ရပါမယ်။ သူငယ်ချင်း မင်းကိုတွေ့ချင်တယ် ပြောပြီး ဘယ်တော့မှ တွေ့ဖို့ မဆက်သွယ်လာတာမျိုး ကျနော့မှာ ရှိပါတယ်။ တွေ့ချင်တယ်ဆိုတဲ့ စကားလုံးက ဂျီတော့အွန်လိုင်းမှာပဲ ရှိရှာတာ။ ကျနော့ဖုန်းနံပါတ်လည်း သူ့မှာ ရှိတယ် ဒါပေမယ့် ယနေ့ထက်ထိ မဆက်သွယ်ပါဘူး။ ဒီလိုလူကို ကျနော်က သင်္ကြန်အမြှောက်လိုပဲ သဘောထားပါတယ်။ အဲ့ဒီလိုမျိုး အကြိမ်အရေအတွက် များလာတဲ့အခါ ဒီလူရဲ့ စကားတွေကို ကျနော့နားရွက် ဟိုဖက်ဒီဖက်မှာပဲ ဖြတ်စေတယ်။ မင်းက ငါခင်သလို မခင်ဘူးဆိုရင် ကျနော်က ပြုံးနေမိတယ်။ အလုပ်များတယ် ဆိုတဲ့ ဆင်ခြေတခုကို သူက ကောင်းကောင်းပေးမှာ ဖြစ်ပေမယ့် ယနေ့ခေတ်လို တနေ့ထက်တနေ့ ကျဉ်းမြောင်းလာတဲ့ ဒီကမ္ဘာမြေမှာ အရာရာကို ဖုံးကွယ်ထားနိုင်မယ်လို့ သူယုံကြည်နေဆဲပဲဆိုရင် သူ့တာမလုံဘူးဆိုတာ သိစေချင်ပါတယ်။

ကျကျန်ရစ်တဲ့အရာတွေ အကုန်လုံးကို ပြောရရင် ဆုံးမယ်မထင်တော့ဘူး။ လူဆိုတာ အမှားနဲ့ မကင်းနိုင်သူတွေပါ။ ကျနော်ကိုယ်တိုင်လည်း စင်းလုံးချော မဟုတ်တာမို့ ယနေ့ထက်ထိ မှားနေဆဲပဲဖြစ်ပါတယ်။ ခဲတံရဲ့နောက်မှာ ခဲဖျက်ကို ထည့်ထားတာဟာ ကျနော်တို့ရဲ့ အမှားတွေကို ပြင်ဆင်ဖို့ အခွင့်ပေးတာပါ။ ခဲဖျက် ဖျက်ဖို့ဟာ ကျနော်တို့ တာဝန်ပါ။ သူ့အလိုလိုတော့ ခဲဖျက်က ဖျက်ပေးမှာ မဟုတ်သလို၊ ခဲဖျက် ဖျက်ဖို့ကို ရှက်ရွှံ့နေဖို့ မလိုဘူး လို့ ကျနော်ကတော့ ယူဆမိတယ်။ ကျနော်တို့ အသက်ရှင်ရတဲ့ သက်တမ်းက တိုတိုလေးပါ။ မှားခဲ့သည်ရှိသော် တောင်းပန်စကား တခွန်း ပြောလိုက်ဖို့ ကို ၀န်လေး နေဖို့ မသင့်ဖူးလို့ ကျနော်ကတော့ ယူဆမိတယ်။

ပြီးတော့ လူရယ်လို့ ဖြစ်လာရင် လူမှုပတ်ဝန်းကျင်ဆိုတာ ရှိစမြဲပါ။ တယောက်တည်း နေဖို့ဆိုရင်တော့ သေချာတယ် ကျနော်တို့ လူဝတ်ကြောင်ကို စွန့်မှပဲဖြစ်ပါမယ်။ အဲ့ဒီ လူမှုပတ်ဝန်းကျင်ထဲမှာ ကျနော်တို့ လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိပါတယ်။ မေ့နေတာပဲဖြစ်ဖြစ်၊ ကျကျန်ရစ်ခဲ့တာပဲ ဖြစ်ဖြစ် အချိန်မှီသေးတာမို့ ပြန်ကောက်သင့် ကောက်ရအောင် သတိပေးချင်တာပါပဲ…

04 May 2013

ကိုကို၊ နွယ်နဲ့ ဘတ်စ်ကားတစင်း




နွယ်


“အားလုံးက နွယ့်ကို ကလေးမလို့ ခေါ်ကြတယ်။ တကယ်က နွယ်မှ ကလေးမဟုတ်တော့ပဲ…”

အမေကတော့ မိနွယ် နင် သတိထားနေလို့ ပြောနေကြ။ စိတ်တွေလေ စိတ်တွေကိုမှ မိနွယ်က ဖမ်းထားလို့မရတာ။ လွင့်ပါစေ..လွင့်တိုင်းလည်း ကိုကို့ဆီပဲ သွားနေတာခက်တယ်။

ကိုကိုကလေ မနက်တိုင်းပြုံးပြတယ် သိလား။ ကိုကို့အပြုံးကို မြင်လိုက်ရမှ နွယ့် မနက်ခင်းတိုင်းဟာ ပြည့်စုံသွားတယ်။ လက်ရှည်အစိမ်းရောင် ယူနီဖောင်းနဲ့ ကိုကိုဟာ မိနွယ်မျက်ဝန်းထဲမတော့ အမြဲသေသပ်နေတယ်။ နှုတ်ခမ်းဒေါင့်နှစ်ဖက်က စပြုံးလိုက်တိုင်း သတိထားမိမြဲ။ ကိုကို့ကို မြင်ရတဲ့ထိုင်ခုံမှာ နေရာရဖို့ အမြဲကြိုးစားရတာလည်း မလွယ်။ ဒါမှ မဟုတ် မှန်ထဲကနေ ချောင်းကြည့်မိတဲ့အခါတိုင်း ကိုကို ပြန်ကြည့်စေချင်လိုက်တာလို့ စိတ်ထဲက အမြဲဖြစ်တယ်။ ဆုတွေတောင်းတိုင်းလည်း ကိုကိုက မိနွယ်ကို သတိထားမိပါစေလို့ အမြဲပါတယ်။ ကိုကိုဒီ့ထက်သိသာအောင် ကျောင်းဝတ်စုံလေးနဲ့ မိနွယ်က ဘာမှ မတတ်နိုင်။ ဒါနဲ့ ကိုကိုက မနက်ပိုင်းပဲ ကားမောင်းတာနော်။

ဒီအချိန်လာမယ့် ကားကိုပဲ စောင့်စီးတယ်။ ကားနံပါတ်ထက် ကားမောင်းတဲ့သူကို အမောတကော ကြည့်ရတာ မနက်တိုင်းအကျင့်ပါနေပါပြီ။ စာအုပ်တွေရဲ့ နောက်ကျောမှာလည်း ကိုကို လို့ ရေးထားတာ ပြည့်နေပြီ။ ကိုကို့နာမည်ကို မိနွယ် မဖတ်တတ်တာ ခက်တယ်။ စာလုံးအတွန့်အတက်တွေနဲ့ မိနွယ် ကျောင်းမှာ သင်ရတဲ့ စာလုံးတွေထက် ပိုခက်သလိုလို။ လွယ်ပါတယ် ကိုကိုရာ စိတ်ထဲကအတိုင်း ကိုကိုလို့ပဲ ခေါ်မယ်။

ကိုကိုနှစ်ရက် မလာဘူးနော်။ မိနွယ် စိတ်ပူလိုက်တာ ကိုကိုရယ်။ မတော်တဆများဖြစ်သလား၊ နေများမကောင်းသလားပေါ့။ ကိုကို့ကို ပြန်မြင်ရတော့ သက်ပြင်းကို အသာချရတယ်။ ရင်မောတယ်ကိုကိုရယ်။ တခါတခါ ကိုယ့်ကိုကိုယ် အားမရသလိုပဲ။ တခုခုလုပ်သင့်တယ်လို့ ကားပေါ်တက်ကာစမှာ တွေးမိလည်း ဘာလုပ်ရမှန်းမသိဘူး။ လက်ထဲက စာအုပ်တွေကိုပဲ လွှတ်ချရမလား။ တခါတော့ စကားပြောဖူးတယ်နော်ကိုကို။ ကဒ်မပါသလိုလိုနဲ့ ကျောင်းအထိ ဘယ်လောက်ပေးရမလဲလို့လေ။ ကိုကို့လေသံတွေက ပုံမှန်ပေမယ့် ဒီဖက်က အသံထွက်အောင် မနည်းကြိုးစားရတာ။ ရင်ခုန်သံက စကားသံထက်ပိုကျယ်နေလို့ စာအုပ်တွေနဲ့ အတင်းဖိထားရတယ်။

ဟိုတနေ့က အိမ်ကကိုထွေး ပါလာလို့ မရိပ်မိအောင် ငြိမ်နေရတယ်။ စိတ်ထဲမှာ ကိုကို့ကို ကြည့်ချင်လိုက်တာလေ။ ဟိုတပတ်ကျောင်းပိတ်ရက်တုန်းကလည်း အပြင်မှာ ကိုကိုနဲ့တူတဲ့လူတွေ့လို့ လိုက်ငေးမိသေးတယ်။ အပြင်မှာတခါလောက် ဆုံဖူးချင်လိုက်တာ။ အပြင်ဝတ်စုံတွေနဲ့ဆို ဘယ်လိုများနေမလဲနော်။

မားသားကြီး သိသွားပြီ ကိုကို။ စာအုပ်တွေကို စစ်ရင်းတွေ့သွားတာ။ ကိုကိုဆိုတာ ဘယ်သူလဲလို့ မေးနေတယ်။ မိနွယ် မဖြေရဲဘူး။ ကိုကိုက မိနွယ်ရှေ့ကနေ ရပ်ပြီး ကျနော် ကိုကိုပါလို့ ဖြေပေးစေချင်မိတယ်။ အခုတော့ မိနွယ် အရိုက်ခံရသလို၊ အပြင်ကို အရင်လို တယောက်တည်း ထွက်ခွင့်မရတော့ဘူး…

ကိုကို

“ခရီးသည်တိုင်းကို ပြုံးပြနှုတ်ဆက်ဖို့က ကားသမားတယောက်ရဲ့ တာဝန်ထဲမှာပါတယ်”

ကျနော် အလုပ်ဝင်ကတည်းက ဒီတာဝန်ကို ထုံးစံမပျက်ခဲ့ဘူး။ မပျော်သည့်တိုင်အောင် ခရီးသည်ကို ပြုံးပြီး နှုတ်ဆက်ဖို့ ၀န်မလေးခဲ့ပါ။ ကျနော်က မနက်ပိုင်း တာဝန်ကို အမြဲယူထားတယ်။ ညနေပိုင်းမှာ ကျနော် ကျောင်းတခုတက်ရင်း ကျနော့ပညာရေးကို ဆက်နေတယ်။ ဘွဲ့တခုတော့ ကျနော် ရထားသင့်တယ်လို့ အသိမိတ်ဆွေတွေက ပြောကြတယ်။ မနက်ပိုင်း ကားမောင်းတယ်၊ ညနေပိုင်း ကျောင်းတက် ဒါဟာ ကျနော့ဘ၀ပဲ။

တနေ့က ကားမှတ်တိုင်မှာ အဒေါ်ကြီးတယောက်နဲ့ ကောင်လေးနှစ်ယောက်က ကျောင်းသူလေး တယောက်ကို ၀ိုင်းပြီး ဆူနေကြတာ တွေ့လိုက်တယ်။ ကောင်လေးနှစ်ယောက်က အစ်ကိုတွေထင်ပါရဲ့။ ကျောင်းသူလေးကို အိမ်ကို ပြန်ဆွဲခေါ်သွားကြတယ်။ ကောင်မလေးက ငယ်ငယ်လေး။ ငိုယိုပြီး ရုန်းကန်နေတာ တွေ့တယ်။ ကားမှတ်တိုင်က လူတွေအကုန်ဝိုင်းကြည့်နေတာမို့ ကားကို အတော်လေးကြာမှ ပြန်မောင်းထွက်ခဲ့ရတယ်။

အဲ့ဒီနေ့က ကားဂိတ်ကို အ၀င်နောက်ကျသွားတာမို့ ကျနော့ကို ဂိတ်က ပထမအကြိမ် သတိပေးခံရရော။ တခါမှ အဲ့လိုမဖြစ်ဖူးတာမို့ စိတ်ထဲမှာ ကသိကအောက်တော့ ဖြစ်စေတယ်။

ဘတ်စ်ကား

“မောင်းသူရှိမယ်၊ စီးသူရှိမယ် ဒါဆို လိုရာခရီးကို သတ်မှတ်ချိန်အတွင်း ရောက်အောင် ပို့ဆောင်မယ်”

ဘတ်စ်ကားမောင်းသူတယောက်နဲ့ အတက်အဆင်းတွေ အမြဲရှိတတ်တဲ့ ခရီးသည်တွေ မပြတ်။ ဘတ်စ်ကားမောင်းသူ ပြောင်းလည်း သူကတော့ ဒီအတိုင်းပဲ။ ခရီးသည်တွေ ပြောင်းလည်း ဒီအတိုင်းပဲ။ သူ့တာဝန်က လိုရာခရီးကို ပို့ဆောင်ဖို့ပဲ။ ကျန်တာ ဘာဆိုဘာမှ မသိ။ သိစရာလည်း မလိုဘူးလေ။ မောင်းသူက ထိန်းကျောင်းတဲ့ အတိုင်း သူကတော့ ယနေ့ထက်ထိ မောင်းနှင်လျက်ပဲ...




02 May 2013

ဘဝအိပ်မက်


စိတ်ထဲမှာ ရှိနေတာ အဲ့ဒီသစ်ပင်လေး တပင်တည်း။ စိမ်းမှောင်လို့။ ပြီးတော့ သစ်ပင်ကို ကျနော် စိုက်ကြည့်နေတုန်းက နောက်ကနေ လူတယောက် ပြောတဲ့စကားသံ။
“ကြည့်ပါဦး သစ်ပင်သာဆိုတယ် ရှုပ်ထွေးပွေလီလို့ လူ့ဘဝကြီးနဲ့ကို တူရော”  တဲ့လေ။

အဲ့ဒါက စိတ်ထဲရှိနေတာ သက်သက်ပဲ။ တကယ်တမ်း ရောက်ဖြစ်နေတာ တံခါးတစ်ချပ်ရဲ့ နောက်ကိုပါ။ အဲ့ဒီတံခါးလေး ခြားတာနဲ့ကို ကျနော့ကို ကျနော် မမှတ်မိတော့ဘူး။ တံခါးရဲ့ အနောက်ဘက်ထဲမှာ ကျနော့ရဲ့ တပ်မက်ခြင်းတွေရှိတယ်၊ ကျနော့ရဲ့ အတ္တတွေရှိတယ်၊ ကျနော့ရဲ့ အာရုံတွေအားလုံးရှိနေခဲ့တယ်။

တံခါးကိုဖွင့်ပေးတဲ့ သူကိုယ်တိုင်က လိုလိုချင်ချင်ရှိပါတယ်။ သူနဲ့ကျနော့အကြားမှာ အပေးအယူဆိုတဲ့ စကားလုံးထက် ဘယ်အရာမှ မပိုခဲ့ဘူး။ သူများတကာတွေ ပြောနေသလို ခက်ခဲလေးနက်မှုတွေလည်း ရှိမနေခဲ့။ ပစ္စည်းဥစ္စာဆိုတဲ့ အရာတွေလည်း တကြောင်းမျှမပါခဲ့ဘူး။

အခန်းထဲမှာ အရောင်တွေ သိပ်အသုံးမတည့်လှ။ မီးဆိုင်းပုံ အရာလေးတခုကိုသာ မပီပြင်ဝိုးတဝါး။ သိပ်မကြာခင်မှာပဲ မီးဆိုင်းကိုတောင် မြင်ရတော့မှာ မဟုတ်။ အမှောင်တွေဖုံးသွားခဲ့ရင် ကျနော်အသစ်ဖြစ်သွားပြီ။ တံခါးအပြင်ဖက်က အရာအားလုံးနဲ့ လုံးဝမသက်ဆိုင်တဲ့ အသစ်တယောက်ဖြစ်သွားပြီ။

အခန်းရှင်ရဲ့ နွေးထွေးမှုကို လက်နှစ်ဖက်ကတင် သိနိုင်တယ်။ ချိုမြခြင်းကိုတော့ နှုတ်ခမ်းတစုံကနေ အဖြေပေးမယ်။ အနံ့အသက်တွေကို နည်းနည်း အာရုံပါးရှလွယ်တဲ့ ကျနော့အတွက် သူအမြဲထွန်းပေးထားတဲ့ Lavender အနံ့က ကျနော့ကို အလွယ်တကူး ညွှတ်နူးစေလိမ့်မယ်။ စိတ်ထဲမှာ နောင်တဆိုတဲ့ အရာတွေ မလာခင် ကျနော့ကို အမှောင်က ဖုံးသွားပြီ။

စကားဖွဖွ ပြောဖို့ အင်း သိပ်မသေချာဘူး။ ကျနော်က မေးခွန်းတွေဖြေရမှာ မကြိုက်သလို သူကလည်း အဖြေတွေကို မလိုလှဘူး။ ကောင်းကင်ပေါ်ကို ခဏရောက်သွားတယ်။ တိမ်တိုက်တွေကို စီးရတာ ပျော်စရာကောင်းလိုက်တာ။ လက်နှစ်ဖက်နဲ့ တိမ်တွေကို ခူးရင်း တိမ်တွေပေါ်က မဆင်းချင်တော့။ ဘယ်အရာမှ မတည်မြဲဘူးတဲ့။ အမှောင်ထဲမှာ ကြာကြာနေရင် ရူးလိမ့်မယ်။ သူက ကျနော့ကို ပြန်ဆွဲခေါ်တယ်။ တရွတ်တိုက်ပါအောင် လိုက်လာရင်း ရိုလာကိုစတာ စီးရတယ်လို့ အိပ်မက်မက်နေပြန်တယ်။ ကမ္ဘာကြီးက အရောင်အဆင်းမဲ့စွာ လှပနေလိုက်တာ။

ကျနော့ရဲ့ အထိန်းအကွပ်က သူပဲ။ သူ့ဆီက အသံသဲ့သဲ့ကြားရင် ကျနော် တရေးနိုးနေပြီ။ မက်ခဲ့တဲ့ အိပ်မက်ကို နှမြောတယ်။ အိပ်မက်ရဲ့အဆုံးမှာ ကြောက်ရွံ့ခြင်းတွေရှိတယ်။ ကြောက်စရာတွေဟာ တကယ့်ကို စိုးထိတ်ဖွယ်။ အသံမပါပေမယ့် အနက်ကိုနားလည်လို့ကို ကြောက်မိတာ။

သွေးအေးသွားတဲ့အခါ ဒဏ်ရာက နာလာသလိုမျိုး။ ဆစ်ကနဲ ဖြစ်သွားရင်း အသက်မရှင်ချင်တော့။ ရှိုက်ငိုနေမိတဲ့အခါမျိုးဆို သူက ဖွဖွနှစ်သိမ့်တယ်။ နဖူးပြင်မှာဝဲကျနေတဲ့ ဆံစကို လက်နဲ့ ဖြည်းဖြည်းသပ်တင်ပေးရင်း သီချင်းလေးညည်းသလို တီးတိုးဆိုတယ်။ မငိုနဲ့ဆိုတဲ့ စကားလုံး တခုမှ ပါမသွားဘူး။ ဒါပေမယ့် ကျနော် အငိုရပ်ခဲ့တယ်။

တံခါးကို ပြန်ဖွင့်တဲ့ လက်တစ်စုံကို မုန်းလိုက်တာလေ။ တကယ်က ကျနော့လက်တဖက်ပါ ပါတယ်။ အပြင်ဖက်ကို ရောက်တဲ့အခါ မျက်လုံးတွေကို ခဏပိတ်ထားရတယ်။ အလင်းတွေစူးလွန်းလို့။ ချွတ်ထားတဲ့ ဖိနပ်ကို ပြန်စည်းနှောင်ရင်း ဖိနပ်ကြိုးတွေကို ချည်ရတာလည်း စိတ်မရှည်စွာ ချည်ပြန်တော့ နောင်တကြိမ်ပြန်ကျွတ်ပြီး လမ်းမမှာ အိနြေ္ဒပျက်မှာကိုလည်း စိုးလာတယ်။ ဘေးနှစ်ဖက်ကို ရှည်ကျနေတဲ့ ကြိုးတွေကို ဖိနပ်ထဲသေသေချာချာ ပြန်ထည့်ရင်း လျှောက်ရမယ့် လမ်းမကြီးက မျက်စိတဆုံးထက်တောင် ရှည်သေး။

ခါးကို မတ်လိုက်တဲ့အခါ အရပ်များတောင် ပိုရှည်လာသလားပဲ။ မဟုတ်သေးပါဘူး။ နောက်ကို လှည့်ကြည့်ရင်း ပြုံးပြလိုက်မယ်ဆိုတော့ ချက်ကနဲ ပိတ်သွားတဲ့ အသံပဲရှိတော့တယ်။ အိပ်မက်ဆိုတာ ကောင်းရင်တောင် အကြာကြီး မက်ခွင့်မရှိသလို၊ အိပ်မက်နဲ့ ရင်းနှီးခွင့်လေးတောင် မပိုင်ဆိုင်ဘူးနော်။

နောက်တခေါက် တံခါးကို ခေါက်တဲ့အခါ တံခါးက ပြန်ဖွင့်မှာပါနော်လို့  ကိုယ့်ကိုကိုယ် နှစ်သိမ့်တယ်။ ဗိုက်က ဆာလာသလိုလိုရှိတာမို့ အနားက မုန့်ဆိုင်တခုခုကို ဝေ့ဝိုက်ရှာဖွေ နေမိပြန်တယ်။ အခန်းထဲမှာ သောက်ခဲ့တဲ့ ရေတခွက်က ပူပူနွေးနွေးလေး ဆိုပြီး ပြန်တမ်းတမိသေးတယ်။


ဟုတ်တယ် ဘဝဆိုတာ အခုမြင်ရတဲ့ သစ်ပင်လေးလိုပဲ အခက်တွေ အများကြီးနဲ့ ရှုပ်လိုက်တာလေ။ အပေါ်ကနေကြည့်တဲ့အခါ အောက်ခြေကို မမြင်ရ၊ အောက်ခြေက မော့ကြည့်ပြန်တော့ အပေါ်က အုံ့မှိုင်းလို့။ အချင်းချင်းတွန်းတိုက်နေတဲ့ အခက်အလက်တွေ ကြားမှာ အသက်ရှူတွေကကြပ်။ အကိုင်းကို ဖယ်ပြန်တော့ အရွက်တွေက ဖုံး၊ အရွက်ကို ဖယ်ပြန်တော့ နွယ်တွေက ကွယ်၊ နွယ်တွေကို ဖြတ်ပြန်တော့….

01 May 2013

တောင်တွေရယ်ရစ်ဝိုင်းပါလို့ မြူတွေကသိုင်းဖွဲ့နှောင် (၁)


သမိုင်းတွင်တဲ့မြို့။ ရာဇဝင်ထဲကမြို့။ မြန်မာမှန်ရင် မသိသူမရှိတဲ့ မြို့ပေါ့။ စီးပွားရေးသမားတွေ ခြေချင်းလိမ်တဲ့မြို့။ မြို့လေးကငယ်ငယ် တွင်းတွေကများများ တောင်တွေက ရစ်ဝိုင်းလို့ မြူတွေက သိုင်းဖွဲ့နှောင်ထားတယ်။

ဒီတခေါက် အိမ်ကိုပြန်တဲ့အခါ ချင်းတောင်ဆိုတဲ့ ခရီးတခုက မထင်မှတ်ပဲ ဝင်လာတယ်။ လိုက်မယ်ဆို လေယာဉ်လက်မှတ် အဆင်ပြေတာနဲ့ ဟိုဖက်မှာ စီစဉ်ပြီးသားတဲ့။ ဘဝဆိုတာက စီစဉ်ထားသလို၊ ဖြစ်ချင်သလို အံဝင်ခွင်ကျတာမှ မဟုတ်ပဲ။ ချင်းပြည်ကို မသွားရတဲ့အခါ ကျနော့အကြောင်းကောင်းကောင်းသိတဲ့ အိမ်က ပုဂံလို့ တခါပြောပြန်တယ်။ ကျနော်မရောက်ဖူးတဲ့ ဒေသတွေ အများကြီးကျန်သေးတယ်လို့ အိမ်နားနီးတာနဲ့ ခဏခဏ သွားဖြစ်နေတဲ့ ပုဂံကို ဒီတခါ ချန်လှပ်မှ ဖြစ်တော့မယ်။ မန္တလေးက အစ်မနဲ့ညီက ဖုံးဆက်တယ်။ မောင်နှမတွေ မတွေ့တာကြာပြီ တွေ့ကြမယ် ဆင်းလာမလားတဲ့။ ဒါနဲ့ အစ်မကိုပဲ ကျနော် မိုးကုတ်ကိုသွားချင်တယ် စီစဉ်ပေးမလား ဆိုတော့ အင်း ဘကြီးဝါတို့ကို မေးပေးမယ်လို့ ပြောလာတယ်။ အဲ့ဒါနဲ့ပဲ ကျနော်ဟာ မိုးကုတ်ကို သွားဖို့ ဖြစ်လာပါရော။

သွားမယ်သာ ပြောတာ ကျနော်ရတဲ့ ရက်က နည်းနည်းလေး။ မန္တလေးကို ညကားနဲ့ မကွေးကနေ ဆင်းလာခဲ့တယ်။ မန္တလေးကို ရောက်တဲ့အခါ မနက်သုံးနာရီပဲရှိသေးတယ်။ ဘူတာကြီးမှာ ဆိုင်ကယ်နဲ့ ညီကလာကြိုတယ်။ မနက်စာကို လမ်းထိပ်မှာ ထွက်စားပြီး ညီဝမ်းကွဲတယောက်ကို အင်းဝကို လိုက်အပို့ခိုင်းလိုက်တယ်။ 

မိုးကုတ်ကို သွားရင် လိုင်းကားရှိသလို၊ တက္ကစီလေးတွေလည်း ရှိပါတယ်။ တယောက်ကို တသောင်းခွဲလို့ထင်တယ်။ မုံရွာက အဒေါ်ပါလိုက်မယ်ဆိုလာတော့ တကားစာ အပြည့်ဖြစ်သွားရော။ ကားကို ကိုယ်သွားချင်တဲ့အချိန် လာကြိုခိုင်းလိုက်ရင် ရပါပြီ။ ကံကောင်းစွာပဲ ကားသမားကောင်းနဲ့ ကျပါတယ်။ မသွားခင်အထိ ကျနော်က မိုးကုတ်လမ်းကို အကောင်းလို့ပဲ မှတ်ထင်ထားဆဲပေါ့။ မန္တလေးက ဖွားစိန်ဆုံးတော့ ဘကြီးဝါတို့သားအဖ ညတွင်းချင်း ဆိုင်ကယ်နဲ့ ဆင်းလာတယ်ဆိုတာ လမ်းကောင်းလို့ပဲလို့ ယူဆထားတာကိုး။




မန္တလေး မတ္တရာလမ်းက အတော်လေးသာပါတယ်။ ရှုပ်တာတော့ ဆိုင်ကယ်တွေဆိုတာ ဝေါခနဲ ဝေါခနဲ။ ဗီယက်နမ်လောက်တော့ မဆိုးသေးဘူးနော့။ လမ်းမှာ ဖရဲသီးတွေ၊ သီးမွှေးတွေ တွေ့တဲ့အခါ ဝယ်မယ်ဆို လုပ်ကြပြန်တယ်။ နောက်က အမေ၊ အမနဲ့ အဒေါ်သုံးယောက်က တဖြောက်ဖြောက်နဲ့ နေကြာစေ့တွေ စားရင်း။ 





လက်ပံလှကိုရောက်တော့ ထမင်းစားနားပြီပေါ့။ ပေါင်းတင်းတွေက လှပညီညာစွာ။ ကြက်ကြော်တွေလည်း အပြိုင်အဆိုင်ရောင်းလို့။ ကားဆရာက ကျနော့ကို သူနဲ့ထမင်းအတူစားစေပါတယ်။ ဟင်းတွေကလည်းမြိုင်ဆိုင်လို့။ ကားသမားတွေအတွက် ထမင်းဆိုင်က ဧည့်ခံတာတဲ့။ တခြားကားသမားတွေ တခွက်တဖလား မော့ကြပေမယ့် ကျနော့ ကားဆရာကတော့ မမော့ရှာဘူး။ လက်ပံလှဟာ ရွာသာဆိုတယ် မြို့တမြို့နီးနီးလောက် ကြီးမားကျယ်ပြန့်တယ်။ 

လက်ပံလှကိုကျော်တော့ ရွှေထွက်တဲ့နေရာကိုလည်း ဖြတ်တယ်။ သူ့ခေတ်သူ့ခါတုန်းက စည်ကားခဲ့တဲ့ အရိပ်တွေဟာ လမ်းမပေါ်မှာပြန့်ကျဲလို့ ကျန်နေခဲ့တယ်။



မိုးကုတ်ကို နိုင်ငံခြားသားတွေ လွတ်လပ်စွာ သွားခွင့်မရှိပါဘူး။ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် ရယူပြီးမှ သွားလို့ရတယ်လို့ အထက်ပါ ဆိုင်းဘုတ်မှာဖြင့် ရေးထားပါတယ်။ ဒီလမ်းခွဲကနေ ဗန်းမော်ကို သွားလို့ရတယ်တဲ့။



တောင်တက်လမ်းတွေမှာ ကားတွေကို ရှောင်ရင်း ကွေ့ရင်း တဖြည်းဖြည်းနဲ့ မြင့်တက်လာနေတယ်။ သိပ်လှတဲ့ နေရာတွေရောက်ရင် ကားရပ်ပေးပါလို့ ကားဆရာကို ပြောထားနှင့်ပြီး။ ကားဆရာကလည်း ကင်မရာတလုံးနဲ့ တဖျတ်ဖျတ်လုပ်နေတဲ့ ကျနော့အထာကို နပ်လောက်ပါပြီ။ 

လမ်းတလျှောက် မျှစ်တောင်းကြီးတွေပိုးလို့ တောင်တက်လမ်းတွေကို မမောတမ်း တက်နေတဲ့ ဒေသခံကိုတွေ့တယ်။ ပြီးတော့ မျှစ်ချဉ်တဲတွေနားကို မရောက်ခင်ကပင် နာမည်ကျော်တဲ့ မိုးကုတ်မျှစ်ချဉ်နံ့ဟာ နာမည်နဲ့အတူ တထောင်းထောင်းထစေတယ်။ မျှစ်ချဉ်ကို သယ်ချင်ရင် လေလုံအောင် အဖုံးကိုပိတ်ပြီး အနံ့စင်မှ ကားထဲကိုထည့်လို့ရတယ်ဆိုတယ်။ မဟုတ်ရင် တကားလုံး ဥသြတွေဆွဲစေတဲ့အထိ အနံ့အသက်ပြင်းတဲ့ မျှစ်ချဉ်ပါပေ။

နောက်ထပ် ခရီးတထောက်နားမယ့်နေရာကို ကျနော်တို့ မရပ်တော့ဘူး။ ရောက်ချင်လှပြီ။ အကွေ့တွေလည်း များပြီမဟုတ်လား။ မိုးတွေကျတာမို့ လမ်းတွေလည်း နွံတွေလိုဖြစ်နေခဲ့တယ်။ မြန်မာပြည်ရဲ့ လမ်းပန်းဆက်သွယ်ရေးဟာ အခုထိ မဖြောင့်ဖြူးသေးဘူး။


ကင်းရွာကိုရောက်တဲ့အခါ ရေနီချောင်းက ဆီးကြိုတယ်။ ပင်မှည့်သီးတွေကို ရွေးနေတာတွေ့တော့ အားရဝမ်းသာဖြစ်သွားတယ်။ ပင်မှည့်သီးဖျော်ရည် ကြိုက်တဲ့ ကျနော့အတွက် သဘာဝအရသာစစ်စစ် သောက်ရတော့မယ်ပေါ့။ ဒီအသီးတွေကို အာရှကိုသွင်းဖို့အတွက်လို့ ပြောပါတယ်။ ရှုခင်းလှတဲ့ ကင်းရွာအထွက်မှာ မိုးကရွာလာတာမို့ ဓါတ်ပုံရိုက်ဖို့ အခွင့်မသာခဲ့ပါဘူး။





မိုးကုတ်အနောက်ပိုင်းလို့ ခေါ်တဲ့ ကသည်းကိုရောက်တဲ့အခါ အေးမြတဲ့ လေထုနဲ့ ထိတွေ့ရတယ်။ မြို့အဝင်ကတည်းက ကျနော်ရိုက်လာတဲ့ ပုံတွေဟာ နေရာတိုင်းမှာ လှလို့ချည်းနေတယ်။ တိမ်တွေကလည်း ထိစပ်လို့ တောင်တွေကလည်း ဝန်းရံလို့။ အဲ့ဒီနေ့မှာ မိုးကုတ်နဲ့ စသိပါတယ်။

ဆက်ပါဦးမယ်….