တကယ်ဆို ဘယ်ပြဇာတ်ကိုမှ မကြည့်ဖူးခဲ့ဖူးဘူး။ နာမည်ကျော်ပြဇာတ်တွေဆိုတာက ဝေလာဝေး။ တခန်းရပ်ပြဇာတ်တွေနဲ့လည်း မရင်းနှီး။ ပြဇာတ် သရုပ်ဆောင်တွေနဲ့ ရင်းနှီးဖို့ဆိုတာ ဗြဟ္မာ့ ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းတို့ ဆုံခဲသလိုမျိုး။
ဒါပေမယ့်
ဒါပေမယ့် အမှတ်မထင် မနေ့ညက ပြဇာတ် အခင်းအကျင်းတခုနဲ့ ဆုံဖြစ်ခဲ့တယ်။ ထူးထူးထွေထွေ မဟုတ်ပါဘူး သာမန်ပါပဲ။ မမြင်ဖူးရင် မူး မြစ်ထင်တတ်တယ်မဟုတ်လား။ နောက်ခံ ပိတ်ကားတွေကို စတင်ပြုလုပ်ရတာကိုက စိတ်ဝင်စားဖို့ ကောင်းနေပြီ။ တိုက်တွေ တာတွေ နဲ့ပိတ်ကားတစ်ခုရှေ့မှာ နွားလှည်းတွေကိုယ်စီမောင်း နေတဲ့ ပြကွက်မျိုး မတော်တဆ ဖြစ်ခဲ့ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်လာမယ်ထင်တယ်။ ဒူးနေရာဒူး တော်နေရာတော် ဆိုသလို အရှေ့က ကွန်ကရစ်ယဉ်ကျေးမှုနဲ့ လိုက်တဲ့ နောက်ခံပိတ်ကားတစ်ခု ဖြစ်ဖို့ ပြီးတော့ အစီအစဉ်အတိုင်း ကျလာဖို့ဆိုတာက ပြဇာတ်တစ်ခုမှာ အရေးပါနေသတဲ့လေ။ ပိတ်ကားတွေ နောက်ကို လိုက်ရင်း……
ပိတ်ကားတွေကို အတင်အချလုပ်ပေးတဲ့သူ…….
သူကသာ မှားပြီးများ ချပေးခဲ့ရင်…လိုက်ကာမဖွင့်ခင်လေးတော့ ပြင်ဆင်ချိန်တခုရမှာပေါ့။ အကယ်၍ သတိမထားမိပဲ လိုက်ကာအဖွင့်နဲ့ ကြုံ။ အင်း…ပရိတ်သတ်က နားလည်ခွင့်လွတ် ပေးနိုင်ကောင်းပါရဲ့။
ပြဇာတ်သရုပ်ဆောင်တွေရဲ့ ပြင်ဆင်မှုတွေကိုလည်း မြင်ခဲ့ရတယ်။ အံမယ်….သူတို့က ရီလို့မောလို့။ တကယ်က ဒီနေ့ကရမှာ အငိုပြဇာတ်မဟုတ်လား။ သားတစ်ယောက်ကသေ နောက်တစ်ယောက်ကို စွန်ချီ၊ လင်ကို မြွေကိုက်၊ မိဘတွေအိမ်က မီးလောင် အဲ့ဒီဇာတ်ဘာတဲ့။ ပါးစပ်ဖျားလေးတင် မေ့နေတာပါ။ လုံးလုံးကြီးအငိုဖြစ်ရမှာ အခုတော့ သူက လှောင်လို့ ပြောင်လို့။ သူစ, ကတဲ့အချိန်က ကြောက်ဒူးတုန်နေတတ်ခဲ့သမျှ အခုတော့ အငြိမ့်သား လက်ဖျားလေးနဲ့ပဲ ကရမလား၊ ခြေဖ၀ါးလေးနဲ့ ထိုင်မသိမ်းကို ဆင်မယဉ်သာ ယမ်းလိုက်ရမလား။ ပြီးတဲ့ ဇာတ်ထုပ်တုန်းက မျက်နှာချေတွေ အတင်းဖို့ပြီး ငိုလိုက်တော့မှ အကြောင်းလိုက်ဖြစ်သွားတဲ့ မျက်နှာတွေ အကြောင်းကို ကသောကမျော ပြန်လည်ဖောက်သည်ချနေလေရဲ့။ ဇာတ်စင်ပေါ်နဲ့ ဇာတ်စင်နောက်ရဲ့ ကွာခြားချက်က အနုပညာလုံးလုံးပဲ။ သူတို့ရဲ့ဖန်ဆင်းမှု မှာ တကယ့်ကို ထင်မထားတဲ့အချက်တွေ အများကြီး။ လှိမ့်နေအောင် ငိုသွားတဲ့ မင်းသမီးက ဇာတ်စင်နောက်မှာ ပြုံးဖြီးဖြီးကြီးဖြစ် သွားတတ်တယ်လေ။ မီးရောင်ရဲ့ အလင်းအမှောင်ကြားမှာတကယ်ပဲ ပြောင်းလဲမှုကြီးတွေ ဖန်ဆင်းပေးနိုင်စွမ်းသလား။
ဇာတ်ရုပ်တွေနဲ့ သရုပ်တူအောင် ဆောင်ရင်း သရုပ်ဆောင်တွေ ဖြစ်သွားကြတာပါပဲ။ အထင်မသေးနဲ့ဆရာ ပြဇာတ်မှာ အကယ်ဒမီရှိရင် အကယ်ဒမီရလောက်အောင် သရုပ်ဆောင်ကောင်းသူတွေ ရှိပါရဲ့။ ဇာတ်စင်ပေါ်မှာ အချစ်ကြီးသူ တစ်ယောက်ဆိုပါစို့ ၊ အချစ်ကိုကိုးကွယ်တတ်သူလိုလို ဘာလိုလို၊ အပြင်မှာတော့ ရွက်ကျပင်ပေါက်လို တရွာတကျီဆောက်လို့။ စင်ပေါ်မှာ ကြမ်းပိုးကနေ သန်းကြီးမ၊ သန်းကြီးမကနေ လိပ်၊ လိပ်ကနေ ပုရွက်ဆိတ်၊ ပုရွက်ဆိတ်နေ ဖြုတ် ဖြစ်ချင်တိုင်း ဖြစ်လို့ရတာကိုး။ ပရိတ်သတ်က ကတော့ ပြဇာတ်တလျှောက်လုံး သူပြောသမျှ ယုံမိမှာပါပဲ။ ဇာတ်စင်ပေါ်မှာနဲ့ ဇာတ်စင်နောက်မှာ ဘာများ ခြားနားသလဲဆို ပြောပြီးပါပကော ပြောင်မြောက်တဲ့ အနုပညာပါ။
သရုပ်ဆောင်တွေနဲ့ အချီအချ လုပ်ရင်း ပရိတ်သတ်ရဲ့ နှလုံးဘဝင်ကို သိမ်းသွင်း တဲ့သူတွေက တီးမှုတ်သူတွေပေါ့။ အသုဘ အခမ်းအနားကို နားပန်းဆံ တီးလုံးနဲ့ လုပ်ပေးလိုက်ရင်တော့ ငိုချင်းချမယ့်သူ ဘယ်အပေါက်က မျက်ရည်ယိုရမလဲ ဖြစ်သွားမယ်။ နရီ စည်း ချက်တွေနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ကလည်း လိုသေး။ မဟုတ်ရင် လူရွှင်တော်တွေ သေနတ်ပစ်ခန်းလို ပစ်ဆိုတဲ့အချိန် မဒိုင်းပဲ တခြားအချိန်ဒိုင်းခနဲ မြည်မှ ဟုတ်ပေ့လေ။ သရဲကားကို အသံဖျောက်ပြီး စမ်းကြည့်ပါ ကြောက်စရာကောင်းရင် ပြောချင်တိုင်းပြော။
အချိန်းအချက် အဲ့ဒီခလုတ်တွေကို စီစဉ်ညွှန်ကြားသူ။ သူကတော့ ဒီပြဇာတ်သာမက စင်ပေါ်ကအရာ အားလုံးနဲ့ အသက်ဆိုင်ဆုံး။ သူ့လက်ညိုးတချက်နဲ့ စည်းချက်တွေလည်း ပါသွားတယ်။ အငိုတွေ အရှိုက်တွေ အငင်တွေ အရီတွေ အရွှမ်းတွေ အသောတွေ မျောချင်တိုင်းမျောနေကြတယ်။
ဟင် ရောင်နီတောင်လာတော့မယ် အခင်းအကျင်းတွေ ကြည့်ရင်း မိုးစင်စင်လင်းတော့မှာပါကလား။
နေဦးလေ ကားလိပ်ကြီး အတင်းချနေကြပြီ။
ဟင့်အင်း တခါမှ မကြည့်ဖူးလို့ ကြည့်ပါရစေဦး…………
အိုနာသခေရီးအစသို့ ကိုးရကျတာ..
-
ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ..
သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလ...
2 months ago
4 comments:
မကြည့်တော့နဲ့..လူရွှင်တော်တွေက သံဗုဓ္ဒေနဲ့ နှင်နေပြီ။း))
(ပြဇာတ်တွေ ပြီးရင်အဲ့ဒါရွတ်ပြီး ပရိတ်သတ်နှုတ်ဆက်တာပဲ။ငယ်တုန်းကကြည့်ဖူးတာလေ)
All the world's a stage,
We are merely players:
They have their exits and their entrances;
"Shakespeare " ရဲ့  extract တခုကို သွားသတိရလိုက်တယ်
ကိုကြည့်နေတုန်း ကုန်ဆုံး သွားတဲ့အချိန်တွေ .........
သတိရမိချိန်မှာ အတိတ်တခု ဖြစ်သွားလေရဲ့ 
ကဲ....ရွာစားရေ့ ဟိုးရှေ့က မှုန်ပြပြက ဘာတုန်းဗျ “မြင်မှမမြင်ရတာ ဘယ်သိမလဲ ”
ငယ်ငယ်ကတော့ မိုးလင်းခါနီ ရုံဖွင့်ချိန် ပြဇတ်တွေကြည့်ဖူးတယ် ခုတော့ မကြည့်ဖြစ်တာကြာပါပြီး ဇတ်ထဲမှာမဟုတ်တဲ့ အပြင်က ပြဇတ်တွေတော့မကြာမကြာကြည့်ဖူးသား “ တွေ့ရင်တော့ဖြင့် လွမ်းချောင်ချွဲ နောက်ကွယ်ကျရင်မေ့တာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို ၀ယ်ပေးရတော့မယ် ” စလင်းဘတ်အိတ်း)
ဘာတွေလည်းမသိ ရေးချင်တာတွေ ရေးသွားတယ် ဟဲဟဲ ။ ဒိကော့မန့်ကော ဆင်ဆာလွတ်ရဲ့လား ???
ကိုယ်တိုင် ဘဝ ပြဇာတ်တွေကတော့ စီစဉ်ညွှန်ကြားသူ သပ်သပ်မရှိ... ကိုယ့်ပြဇာတ်ကို ကိုယ်တိုင် ကိုယ်ကျသာ ကပြကြရတယ် မဟုတ်လား...
အခင်း အကျင်းကစလို့ အချိုး အကွေ့ အတက် အကျ အနိမ့် အမြင့် အလှည့် အပြောင်းမျိုးစုံနဲ့အတူ ကျရာဇာတ်ရုပ်မှာ ကပြပြီး ကားလိပ်ချချိန် ကားလိပ်တင်ချိန်တွေကို အကွက်ကျကျ ကိုယ်တိုင် စီစဉ်နိုင်အောင် တတ်နိုင်သလောက် ကြိုးစားသွားကြဖို့ပါပဲ...
((နားလည်အောင် တော်တော်ကြိုးစားဖတ်လိုက်ရတဲ့ အက်ဆေးတပုဒ်ပါ...))
Post a Comment