14 August 2010

ကြယ်ရူးသူ


ဟိုး…ငယ်စဉ်တုန်းက ပေါ့

ကြယ်တွေ ကို ရေတွက်လို့ မရဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆတဲ့ ခလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ ညတိုင်းကောင်းကင်ကို မော့ကြည့်ပြီး မငုံ့စတမ်းရေတွက်ဖူးတယ်။ ဒီညမဟုတ်တောင် နောက်တညပေါ့လို့ မလျှော့တဲ့ ဇွဲနဲ့။ မိုးရွာတဲ့ညတွေနဲ့ ကြယ်ပျောက်တဲ့ညတွေမှာ စောစောအိပ်ရုံပဲပေါ့။ ကြည့်နေရင်း ကြည့်နေရင်းက ကြယ်တွေနဲ့ယဉ်ပါးလာခဲ့တယ်။ ဒါ့ထက်မက ကြယ်တွေကို မူးယစ် စွာ စွဲလမ်း လာခဲ့တယ်။ ကြယ်တွေက ညို့ယူနိုင်စွမ်းသတဲ့။

ကြယ်တွေကို ရေတွက်ရင်း တချို့ကြယ်တွေ ပျောက်ဆုံးသွားကြတာကို သူတွေ့ရှိလာရတယ်။ အဲဒီအခိုက်အတန့်မှာ သူအတော်လေး ထိတ်ထိတ်လန့်လန့်ဖြစ်သွားခဲ့တယ်။ ကြယ်တွေက ဘယ်ကိုရောက်သွားခဲ့တာလဲ။

တစ်ည သူစောင့်ကြည့်နေတုန်းမှာ ကြယ်တစ်ပွင့်ကြွေတာကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ်။ အဲ့ဒီကြယ်ကြွေတဲ့ အလင်းတန်းနောက်ကို ကမှူးရှူးထိုး သူပြေးလိုက်သွားခဲ့တယ်။

သူ့မျက်ဝန်းထဲမှာ အလင်းတန်းဆုံးသွားခဲ့ပြီ။ ကြယ်ကြွေတဲ့နေရာကို စိတ်ထဲမှာ ရအောင်မှတ်တယ်။ ညကုန်ဆုံးသွားသည်အထိ သူ အဲ့ဒီနေရာကို မရောက်နိုင်သေးဘူး။ ဘယ်ရောက်နိုင်ပါ့မလဲ ကြယ်ကြွေသွားတဲ့ နေရာက သူနဲ့ဘယ်လောက် ဝေးလံတယ်ဆိုတာတောင် သူမှ မသိနိုင်ပဲ။

မိုးလင်းလို့ နေမင်းကြီးပြူထွက်လာတော့ သူဟာ အတော်လေးခြေကုန်လက်ပမ်းကျနေခဲ့ပြီ။ နေထိုင်ရာအရပ်နဲ့လည်း ဝေးကွာလွန်းမက ဝေးကွာသွားပြီ။ ပြန်လှည့်ဖို့ နောက်ဆံမတင်းပဲ အရှေ့ကိုပဲ မည်းပြီး ဆက်လက်ချီတက်နေခဲ့တယ်။

ညတိုင်းမဟုတ်တောင် ညတွေအတော်များများမှာ ကြယ်တွေ ကြွေခဲ့တယ်။ အဲ့ဒီလိုကြွေလိုက်တိုင်း သူရဲ့ မူလလားရာကနေ ကြယ်ကြွေတဲ့ဆီကို ရွှေ့ရွှေ့သွားစေခဲ့တယ်။ ဒါကို သူမသိလိုက်တော့ဘူး။ သူသိတာ ကြွေသွားတဲ့ ကြယ်တွေတိုင်းအတွက် ရင်နှင့်အမျှ နှမြောတဿခြင်းသက်သက်။

နေခင်းတခုမှာ လူတယောက်ရဲ့ လက်က ဖျတ်ခနဲလက်သွားတဲ့ အလင်းရောင်တစ်ခုကို သူ့ကြယ်တစ်စင်းပါဆိုပြီး သူဟာ အတင်းပြန်လည်တောင်းဆိုခဲ့တယ်။ အဲ့ဒီလူကလည်း သူ့အဖိုးတန်လက်စွပ်ကို လုယူတယ်လို့စွပ်စွဲသလို၊ သူကလည်း ကောင်းကင်ကနေ ကြွေကျသွားတဲ့ ကြယ်ကလေးကို ခိုးယူထားတဲ့လူလို့ အပြင်းအထန် ငြင်းခုံကြပါလေရော။ တကယ်တမ်းက သူ့က ဖြတ်သွားဖြတ်လာတစ်ယောက်မို့ ဘယ်သူမှ သူ့ကို အယုံအကြည်မရှိကြပါဘူး။ အဲ့ဒီအချိန် သူ့ကို တခြားနေရာဒေသတွေမှာ မြင်ဖူးသူတစ်ယောက်က သူ့နာမည် တစ်ခုကို တီးတိုးရေရွတ်ခဲ့တယ်..

ဟာ… ဒီလူက ကြယ်ရူးပဲတဲ့…

ကြယ်ရူး ကြယ်ရူး အင်း..အဲ့ဒီနာမည်နဲ့ အခုအဖြစ်အပျက်ကို ဆက်စပ်ကြည့်ကြတယ်။ နောက်ဆုံးတော့ သူ့ကို လှောင်ပြောင်တဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်။

မဟုတ်ဘူး မဟုတ်ဘူး မင်းတို့ထင်သလို မဟုတ်ဘူး။ သွေးရူးသွေးတန်း ငြင်းချက်ထုတ်ပေမယ့် ဘယ်သူမှ လက်ခံပေးနိုင်မှာမှ မဟုတ်ပဲ။ ဒီနယ်မြေတ၀ိုက်မှာ သူ့ကို သိတဲ့သူ တယောက်မှ မရှိ။ သူ့ကို ထောက်ခံပေးမယ့် သူမရှိ။ သူ့ရဲ့ အမှန်တရားတွေ ဒီနေရာ ဒီလူတွေကြားမှာ ပျောက်ရှကုန်တယ်။ သူသိပ်မြတ်နိုးတဲ့ ကြယ်တွေကို အားကိုးတကြီး ကြည့်တော့ အလင်းရောင်မှ မပျောက်ခဲ့သေးပဲ။ အဲ့ဒီတော့ သူပဲ ထပ်ပြီး ထပ်ပြီး ဝေးရာဆီကို ဆက်ပြေးတော့တာ။

အမှောင်သိပ်သည်းတဲ့ ညဖက်ရောက်ပြန်တော့ သူ ရောက်သွားတာ နောက်ထပ်နေရာသစ်တခု ဆီမှာ။ သူလိုလူတယောက်အတွက် ဒီလိုအဖြစ်အပျက်တွေ နောက်ထပ် ဖြစ်ပျက်နေဦးမှာပါပဲ။ သူနဲ့ သဟဇာတဖြစ်ဖို့ နေရာတစ်ခု ဘယ်မှာရှိနိုင်မလဲ။

သူ့ကို ကူညီဖို့ လူတစ်ယောက် မထင်မှတ်ပဲ ကောင်းကင်ပေါ်က ကျလာခဲ့တယ်။ သူ့အတွက် ချစ်မြတ်နိုးဖွယ် ကြယ်တွေ ဆောင်ယူပေးလာတဲ့သူမို့ သူက ကောင်းကင်ပေါ်က လာတယ်ချည်း တဖွဖွ ရွတ်ဆိုနေခဲ့တာ။ ကျေးဇူးတွေ အထပ်ထပ်တင်လို့ နေ နေတုန်းမှာ အဲ့ဒီလူလည်း သူ့ဆီကနေ ကြယ်တွေကြွေသွားသလို ပျောက်ဆုံးသွားပြန်တယ်။ သူ မပျောက်ဆုံးခင်မှာ သူ့လက်ထဲကို ပုလင်းလေး သေးသေးလေးထည့်သွားခဲ့တာ။ အဲ့ဒီပုလင်းလေးထဲမှာ သူချစ်တဲ့ ကြယ်တွေလေ။ ပြီးတော့ သူ့ကို တိုးတိုးလေး ပြောသွားသေးတယ်။ ကောင်းကင်ပေါ်က ကြွေကျတဲ့ ကြယ်တွေ အကုန်လုံး ဒီပုလင်းလေးထဲကို အလိုလို ရောက်လာပါလိမ့်မယ်တဲ့လေ။

ဝမ်းသာအားရ ပုလင်းလေးကို ယူပြီး လူတွေကို ခေါင်းမော့ပြီး ပြောလိုက်တယ်။ တွေ့လား ငါက ကြယ်ရူးမဟုတ်ဘူးကွ။ ကြွေကျတဲ့ ကြယ်တွေကို စုဆောင်းတဲ့ သူ။ မဟုတ်ဘူး မဟုတ်ဘူး ကြွေကျတဲ့ ကြယ်တွေကို ဒီပုလင်းထဲရောက်လာအောင် ဖန်ဆင်းနိုင်တဲ့ သူ။

ီအဲ့ဒီမှာ သူ့တာဝန်ပြီးဆုံးပြီလို့ သူယူဆပြီးနောက် သူ့နေရပ်ကို ပြန်ဖို့ သူ ပြင်ဆင်ခဲ့တယ်။ သူနေရပ်ကို ပြန်မရောက်သွားခဲ့ဘူး။

ဒီနေ့ အဲ့ဒီလူ သေဆုံးသွားခဲ့တယ်။

သူ့လက်ထဲမှာ ကြယ်လေးတွေ။ မဟုတ်ဘူး သူ့ပတ်ဝန်းကျင် တစ်ခုလုံးမှာ ကြယ်တွေပါ။ မဟုတ်သေးဘူး သူကိုယ်တိုင်ကလည်း ကြယ်လေး တစ်လုံးဖြစ်သွားတယ် ဟုတ်တယ် မဟုတ်လား..........

ကျေးဇူးတင်ခြင်း - မနှစ်တုန်းက ကြယ်တွေထည့်ထားတဲ့ ပုလင်းလေးတစ်လုံးကို စိတ်ရှည်လက်ရှည် လုပ်ပြီး လက်ဆောင်ပေးခဲ့တဲ့ ညီမငယ်တစ်ယောက်ကို ကျေးဇူးတင်ပါတယ်။

6 comments:

PAUK said...

ကြယ်တွေကို မော့ကြည့်ရတာ ကြိုက်တယ်။
အထူးသဖြင့် ဇာတိမြို့ကိုပြန်ရင် ညတိုင်း မော့ကြည့်ဖြစ်တယ်။
ခခကအစ ပြန်တိုင်း ကြယ်တွေ မော့ကြည့်ပြီး
ကြယ်တွေ ကြယ်တွေ သိပ်များတာပဲလို့
အော်ဟစ်နေကျ..။
သူထင်နေတာ..မြန်မာမှာပဲ ကြယ်ပိုများတယ်ထင်နေတာ။
ဒီမှာက နီယွန်မီးရောင်တွေကြောင့် ကြယ်တွေပျောက်ကုန်တယ်။

စကားစပ်အောင်ပြောချင်ပါတယ်..။
စက္ကူနဲ့ ခေါက်ထားတဲ့ ကြယ်တွေ မကြိုက်ပါဘူး။

Maung Myo said...

သူငယ်ချင်းတွေဆီမှာတွေ့ဖူးတယ် ကြယ်ဗူးလေးတွေ ချစ်စရာကောင်းမှကောင်း ။ ကိုယ်ကတော့ဖြင့် တစ်ခါမှမရဖူးပါ ။ ကြယ်ကြွေတာတွေ့ရင် ဆုတောင်းရတယ် ပြည့်တယ်ဆိုလို့ ဆုတောင်းသွားတယ် မိန်းမ မြန်၂ရပါစေလို့ ကျနော့်အတွက်တော့မဟုတ် ကျနော့်အစ်ကို အတွက်း)

Maung Myo said...

၁ လို့ အော်မလို့ရှိသေး အချိန်ချင်းတူနေတာတောင် ကိုယ်က နောက်ကျသွားပြီး ဟိဟိ

Unknown said...

ထူးအိမ်သင်ရဲ့  ကြယ်တွေစုံတဲ့ ည

နာကျင်စွာတယောက်ထဲ တရေးနိုးတဲ့ ည မှာ ကောင်းကင်မှာ ကြယ်တစင်းတောင် မရှိခဲ့ရင် ပြန်အိပ်လို့ မရတတ်ဘူး

စက္ကူကြယ်တွေကို တခါမှ တကယ့်ကြယ်နဲ့  တူတယ်လို့ 
မထင်မိဘူး။ အစစ်တခုမရှိခဲ့ ရင် တစုံတရာ နဲ့ အစားထိုးဖို့  လုံးဝ စိတ်မကူးမိပါဘူး ။

Anonymous said...

မရနိုင်လို့လားတော့ မသိဘူး၊ ကြယ်တွေကို နှစ်သက်နေမိတယ်၊
မဟူရာကောင်းကင်ကြီးထဲက အလင်းဖြူဖြူတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေရင် ဘယ်ဆီကို လွမ်းမှန်းမသိ၊ ဘယ်သူ့ကို လက်ဆွဲလိုက်ရမယ်မှန်းမသိ၊


စက္ကူကြယ်တွေကို နှစ်ခုသုံးခုတော့ ဖြစ်မြောက်အောင် ခေါက်ဖူးလိုက်ပါတယ်၊ အရင်ကပေါ့၊

လင်းဒီပ said...

ဘိုဘိုရဲ့ ကြယ်ကြွေကောက်သူ (ရွှေဂျော်ဂျော် ရေးတာ ထင်တယ်) သီချင်းလေးတောင် အမှတ်ရမိတယ် ။

တကယ်တော့ ကြယ်ကြွေတွေနောက် မလိုက်ချင်.. ကြယ်ကြွေလည်း မကောင်ချင်။။

အမှောင်ထဲ မာန်မာနလေးနဲ့ ဝင့်ထည်နေတဲ့ ကြယ်ကလေးတွေသာ ငေးလိုတယ် ။