22 August 2010

သုံးလွန်းမတင်ပင်မယ့် ရင်ထဲကကြိုး

သံယောဇဉ်
ငါလေ အပျက်ပျက်နဲ့သွေးထွက်ခဲ့တယ်
သံယောဇဉ် သံယောဇဉ်
လူကိုအရူးတစ်ပိုင်းဖြစ်စေတယ်…


ဒီကြိုးကတော့ မမြင်ရပေမယ့် ခိုင်ကျည်လွန်းတယ်။ အခုသီချင်းကိုမှ ခဏခဏနားထောင်ချင်လှပါချည်ရဲ့ ဆိုသူလည်းရှိရဲ့။

သူမက ကျနော့ဘဝကို အမှတ်မထင်ရောက်ရှိလာခဲ့သူ။ ပြီးတော့ သူ့ဖာသာနှုတ်ဆိတ် တိတ်တိတ် ထွက်ခွာသွားသူ။ မခေါ်ပဲလာပြီး မနှင်ပဲထွက်ပြေးသွားခဲ့သူပေါ့။ ကြွင်းကျန်ရစ်တဲ့ သံယောဇဉ်ဆိုတာကို ထည့်မတွက်တတ်တဲ့ မေတ္တာမဲ့သလိုမျိုးလား သူမစဉ်းစားတတ် လောက်ပါဘူး။ ကျနော့ကို အဲ့ဒီ ရုန်းထွက်ရ ခက်တဲ့ ကြိုးတွေထဲမှာ တစ်ဘဝလုံးစာ ပိတ်လှောင်ထားရက်သူ။ တကယ်တမ်း မေ့ဖို့ကြိုးစားရင်း မေ့ဖို့ခက်နေသူက ကျနော်ကိုယ်တိုင်။ အဆုံးသတ်တော့ ဒီကြိုးကို ပါးပါးမျှင်မျှင် အရာမထင်အောင် နေခဲ့ပါတယ်။ ဒါပေမယ့်လေ………သံယောဇဉ်

ပြည်လမ်းမ တစ်လျှောက်လုံးမှာ မိုးတွေ ခဏတဖြုတ်ရွာသွားခဲ့တယ်။ မဟာမြိုင်မှတ်တိုင်နားမှာ ဘာတွေဖြစ်သွားလဲ မသိနိုင်လောက်အောင် အလုပ်ထဲမှာ နှစ်မြုပ်နေလျက်။ နေ့လည်စာ အဆာပြေဖြစ်ဖြစ် လက်ဖက်ရည်ဆိုင် ထိုင်ဖို့ မှန်တံခါးကို လှပ်တော့မှ။ အရှေ့မှာ သူ မိုးတွေစိုစိုရွှဲလို့ ကြွက်စုတ်ကလေး ရေနှစ်ထားသလို။ ကိုယ်ပေါ်က အမွှေးအမျှင်တွေ ဆီက ကျတဲ့ရေတွေလည်း ကြမ်းခင်းအဝတ်မှာ ရွှဲနစ်လို့။ တုန်နေအောင် ချမ်းနေပြီဆိုတော့

“ကိုမင်း ကိုမင်း ဒီခွေးလေးက ဘယ်ဆိုင်ကလဲ”

ဟိုဖက်ဆိုင်ကဆိုရအောင်လည်း ကိုက်တတ်တဲ့ခွေးပဲရှိတယ် ကြည့်ရတာ သခင်ပျောက်လာပြီထင်တယ်။

ကိုယ်ချင်းစာစိတ်နဲ့ ပြီးတော့ တုန်နေတဲ့သူမကို ကြည့်ရင်း သနားစိတ်တွေက ထိန်းမရတော့။ ရုံးက သန့်ရှင်းရေးလုပ်ဖို့ အဝတ်စုတ်တွေအကူနဲ့ စိုနေတဲ့ ရေတွေ ခြောက်သွားအောင်သုတ်ပေးမိတယ်။ နှာသီးခေါင်းနီနီလေးနဲ့ တစ်ကိုယ်လုံး ဖွေးဖွေးဆွတ်နေခဲ့တာကို အဲ့ဒီတော့မှ သတိထားမိတော့တာ။ သူ့သခင်လည်း ပျောက်လို့ စိတ်ပူနေရောပေါ့။ သူ အိမ်ပြန်တတ်ရင် ပြန်ပါစေလေ ဆိုပြီး ဆိုင်ရှေ့မှာ ထားရစ်ခဲ့တယ်။ တကယ်က ပြန်လာရင် တွေ့မှ တွေ့ပါတော့မလား လို့လဲ ဒွိဟစိတ်နဲ့ စိုးထိတ်မိပြန်ရော။

တညနေလုံး စောင့်ပေမယ့် အရှင်လည်း လာမရှာ သူကလည်း ဆိုင်ရှေ့ကနေတုပ်တုပ်မလှုပ်။ ရုံးဆင်းတော့ ဒီ အပူဘယ်သူ ဝေယူမလဲဖြစ်ကုန်ပြီ။ အငယ်လေးတွေလည်း ခေါ်တော့ခေါ်ချင်တယ် အိမ်မှာ နေရာမရှိဘူးတို့ အမေက မကြိုက်ဖူးတို့ ဆူညံပူညံသံလေးတွေ ထွက်လာတော့ အဆောင်မှာ နေတဲ့ ကျနော်က ခေါင်းခံတယ်ပဲ ပြောရမလား၊ ခဏနဲ့ပဲ ငြိတွယ်ခဲ့တယ် ပြောရမလား၊ ကားငှားပြီး အဆောင်ကို ခေါ်လာခဲ့တယ်။

အဆောင်က အခန်းလွတ်တစ်ခုမှာ ထားဖို့ စီစဉ်ပေမယ့် သူက ကျနော့ကို မျက်စိအောက်က အပျောက်မခံတော့။ အင်းလေ…ပထမ သခင်ကို ပျောက်သွားပြီးတဲ့နောက် သူလည်း ခိုးကိုးရာမဲ့ဖြစ်တဲ့ ဘဝကို လန့်ရှာပေမပေါ့။ ဒါနဲ့ ကျနော့အခန်းထဲမှာပဲ အခင်းလေး သေသေသပ်သပ်ခင်းပြီး သူ့ကို နေရာပေးလိုက်တယ်။ တညလုံး အသံထွက်နေတော့တာမို့ အဆောင်မှူးက မနက်မှာ အမိန့်စာထွက်ပါတယ်။ မင်းသူ့ကို သွားပစ်ပါတဲ့။ ဒါနဲ့ လှိုင်စျေးထဲမှာ သူ့ကိုသွားထားတယ်။ သူ့ကိုစွန့်ပစ်မယ်ဆိုတာ သိသလိုပါပဲ။ ဘယ်လိုမှ ချန်ထားရစ်ခဲ့လိုမရဘူး။ စျေးအရှေ့မှာ ကျနော်နဲ့ သူနဲ့ လုံးခြာပတ်ခြာကိုလည်လို့။ ဒါနဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာ သူ့ကို ငုတ်တုတ်ထိုင်ခိုင်းပြီး ကျနော်က မသိမသာလေး စက်ဘီးနဲ့ လစ်လာတယ်။ ဒါပေမယ့် သူက အဆောင်ကို ပြန်ရောက်နှင့်နေပြီ။ နောက်ဆုံးတော့ အဆောင်မှူးလည်း လက်မြှောက်သွားခဲ့ပါတော့တယ်။ ညဖက် အသံသိပ်မထွက်စေနဲ့ကွာဆိုတဲ့ မှတ်ချက်လေးနဲ့ပေါ့။

စွန့်ပစ်ဖို့ ကြိုးစားခဲ့ဖူးသူ ကျနော့ကို သူဘယ်တော့မှ အလွတ်မပေးတော့ပါဘူး။ အဲ့ဒီအခက်အခဲကို မနက်မှာ လှလှကြီးရင်ဆိုင်ရတော့တာ။ ရုံးသွားဖို့ အခန်းထဲကထွက်တော့ သူက သူ့ကိုထားခဲ့မယ်ဆိုတာ သိနေတယ်နဲ့ တူရဲ့။ တအီအီကို အော်မြည်နေတော့တာ။ နောက်တော့ လမ်းတစ်လျှောက် သူလည်း ရုံးတက်မယ့်ပုံနဲ့ အခန့်သားလိုက်ပါ။ ဒါပေမယ့် ဘတ်စကားပေါ်ကို အပြေးအလွှားတက်ရင်း ကျနော်က ကားပေါ်ကနေ ပြန်တော့လို့ အော် သူက ကားနောက်ကနေ တကောက်ကောက်လိုက်။ စပယ်ယာက ကျနော်တို့နှစ်ယောက်လုံးကို မျက်စိနောက်နေပြီ။

တနေ့လုံးအလုပ်သာလုပ်နေခဲ့တယ် အဆောင်မှ ပြန်ရောက်ပါ့မလားလို့စိတ်တွေပူနေခဲ့တာ။ ညနေပြန်ရောက်တော့ ဝမ်းသာအားရ ပြေးလာတဲ့ သူ့ကို မြင်တော့မှ ဟင်းခနဲ သက်ပြင်းချနိုင်တယ်။ ညဖက်အဆောင်မှာ တီဗွီကြည့်တော့ သူက ခုံအောက်မှာ မကြည့်နိုင်ပြန်ဘူးလေ။ ပေါင်ပေါ်မှာ မေးတင်ပြီးကြည့်ရမှ။ လူတွေနဲ့ပွတ်သီးပွတ်သပ်လေး နေတတ်တဲ့ ဂရုစိုက် အရမ်းခံချင်တဲ့ကောင်ပေါ့။ ကိုယ်တင်မဟုတ်ပဲ အဆောင်ကလူတွေကလည်း ချစ်လာကြတယ်။ နာမည်ဘယ်လိုခေါ်လဲတဲ့။ ဟုတ်ပါရဲ့ နာမည်မှ မမှည့်ရသေးပဲ။ ဒါနဲ့ ဖွေးဖွေးဆွတ်အောင်ဖြူနေတဲ့ သူ့ကို စနိုးလို့ ကျနော်က နာမည်ပေးခဲ့တယ်။

နေသား အတော်ကျလောက်ပြီဆိုတော့မှ အလုပ်က ပြန်ရောက်တဲ့နေ့မှာ သူ့ကို ရှာမတွေ့တော့ဘူး။ မနက်က စျေးသွားတဲ့ လူတွေနောက်လိုက်သွားတယ်ပြောတယ်။ အဲ့ဒီနေ့ တနေ့လုံး သူပြန်မလာဘူးတဲ့။ အိပ်ရာလေးကို ကြည့်မိတယ်။ အင်း အဆောင်ကို မမှတ်မိစရာတော့ ဘာမှ မရှိဘူး။ မတော်တဆ ဘုရားဘုရား မတော်တဆတွေများ မကြားကောင်း မဆိုကောင်း။ ပျောက်သောသူရှာရင်တွေ့သတဲ့ တစ်နေ့တော့ သူပြန်လာမှာပါ လေလို့ ရသေ့စိတ်ဖြေလေးတွေး။

နှစ်ရက်လောက်နေတော့ အဆောင်က သူငယ်ချင်းတစ်ယောက်က သူ့ကို စျေးထဲက အသားဆိုင်တစ်ဆိုင်မှာ ကြိုးနဲ့ချည်ထားတာ တွေ့ခဲ့တယ်တဲ့။ ဒါနဲ့ ကိုထွန်းကို ကျနော့ကို အဲ့ဒီစျေးလိုက်ပို့ပေးပါလို့ပြောလိုက်တယ်။ ဟုတ်ပါရဲ့ သူ့ကို သံကြိုးနဲ့ ချည်နှောင်ထားခဲ့တာ။ သူဒါကြောင့် အဆောင်ကို ပြန်မလာနိုင်တာ။ စျေးထဲက လူဆိုးကောင်တွေနဲ့ ပြိုင်ကိုက်နေလို့ သူတို့က မွေးထားလိုက်တာတဲ့။ ကျနော် ပြန်ခေါ်သွားပါရစေဆိုတော့ သံကြိုးလေးရယ် ကျွေးထားတာလေးရယ် မစပါမောင်ရင်တဲ့။ ဒါနဲ့ အိတ်ထဲက ငွေငါးရာနဲ့ ပြန်ရွေးခဲ့ရတယ်။ ပျော်လိုက်တာလေ…

ဒီတစ်ခါ ရုံးသွားခါနီးတော့ ဒီအတိုင်းတော့ မထားခဲ့နိုင်တော့ဘူး။ ရေချိုးကန်ရဲ့ နောက်ဖက်မှာ ထမင်းစားဆောင် အဟောင်းရှိလေရဲ့။ ထမင်းစားဆောင် အဟောင်းမှာ ဘာဆိုဘာမှ မရှိတာမို့ သူ့ရဲ့ သံကြိုးလေးနဲ့ သံပန်းတွေမှာချည်ထားခဲ့တယ်။ ဆူညံအော်ဟစ်နေတော့တာပေါ့။ ဒီအတိုင်းက တော်သေးတယ် မဟုတ်လို့ မတော်တရော်တွေဖြစ်ရင် ငါပိုရင်ကျိုးမှာလို့ပဲ တွေးပြီး မျက်စိကို မှိတ်ပစ်လိုက်တယ်။ ဒါပထမရက်ပဲလေ။

ဇွဲကြီးတဲ့သူက မလျှော့ခဲ့ပြန်ဘူး။ တတိယရက်မှာတော့ ကြိုးကို သံပန်းမှာ ချိတ်အပြီးလှည့်အထွက် သူရဲ့ နေ့စဉ်ရုန်းအားကို မခံနိုင်တဲ့ သံကြိုးက ထောင်းခနဲ ပြတ်ပါလေရော။ ကြိုးပြတ််လျှင်ပြတ်ချင်း ကျနော့ဆီကို ပြေးလာတာ။ စကားသာပြောတတ်မယ်ဆို သူ့ကို မထားခဲ့ပါနဲ့လို့ တတွတ်တွတ်ပြောနေမယ် အောက်မေ့မိတယ်။ သံကြိုးကိုဆောင့်ရုန်းနေခဲ့တာမို့ လည်ပင်းမှာလည်း ရှရာတွေနဲ့။ သမီးရယ် ငါ့ရင်တွေ နာလှပါပြီလို့ပဲ ပြောမိတယ်။ ဆေးတွေ ထည့်ပေးရင်း အဲ့ဒီချည်ထားတဲ့ ကြိုးဆိုတဲ့ အရာတွေကို နာနာကျည်းကျည်း မုန်းလိုက်တာ မပြောပါနဲ့တော့။ နောင်တတွေ အကြိမ်ကြိမ်ရလို့ နောက်ကို ဘယ်တော့မှ မချည်နှောင်တော့ပါဘူးလို့ ကိုယ့်ဖာသာ ကတိတွေ အထပ်ထပ်ပေးတယ်။ နောက်နေ့က စပြီး သူ့ကိုလွတ်လွတ်လပ်လပ်ပဲ ထားခဲ့တယ်။ တခါတလေမှာ စေတနာနဲ့ ကောင်းအောင် လုပ်ပေမယ့် သူ့အတွက် လက်မခံနိုင်စရာတွေလည်း ရှိတတ်တာပဲကိုး။ အဲ့ဒီအတွက် သူက လက်ဖမိုးကိုမြင် ကိုယ်က လက်ဖဝါးကိုမြင်ပေါ့လေ။

အဆောင်ကလူတွေနဲ့ ရင်းနှီးနေတဲ့နောက် ကျနော်မရှိတုန်းမှာ အဆောင်ကလူတွေ သွားတဲ့နောက်ကို လိုက်နေတတ်တယ်။ လိုက်နေရင်း လိုက်နေရင်း တနေ့မှာတော့ သူ ကျနော့ကို နှုတ်မဆက်ပဲထွက်ခွာသွားပြန်တယ်။

စျေးဆိုင်တန်းကိုများ ပြန်ရောက်သွားမလား သွားရှာမိတယ် မတွေ့ပါဘူး။ လမ်းတလျှောက်မှာ ရှာမိတယ် မတွေ့ပြန်ဘူး။

အင်း သခင်အသစ်တွေ့သွားတာ ဖြစ်ပါစေ။ ဟုတ်တယ် ငါတို့ပထမဆုံးတွေ့တုန်းကလိုမျိုး ပုံစံပေါ့။ ဒါမှ ဝေဒနာက ဖြေသာမယ်လေ…….

တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ် နှစ်တွေလတွေက အတော်ကြာပြီပဲ

ဘယ်ဆီကိုမင်းရောက်နေလဲ ဘယ်သူနဲ့မင်းရှိနေမယ် တွေးမိပါတယ် လွမ်းမောရင်း စဉ်းစားရင်းနဲ့ ငါ သတိရပါတယ်…………………


ပြီးခဲ့တဲ့တလောက အမ မသက်ဝေရဲ့ပို့စ်ကို ဖတ်ရတယ်။ သတိရပြန်တယ်။ မေ့ထားတာကြာခဲ့ပြီလေ။ တနေ့ညကတော့ ကျနော့နားကို ခွေးလေးတစ်ကောင် ရောက်လာတယ်။ ဓါတ်ပုံရိုက်မယ်ဆိုပြီး ဖုံးနဲ့ ချိန်လိုက်တော့ သူက အလိုက်သင့် ပို့စ်ပေးနေခဲ့တာ။ စနိုးကို ပိုပြီး လွမ်းလာတယ်။ သုံးလွန်းတင်ပြီး ကျစ်ထားတာမျိုး မဟုတ်ပေမယ့်၊ မြင်ရတာမျိုး မဟုတ်ပေမယ့် ရင်ထဲက ကြိုးက တစ်ချောင်းဆို တစ်ချောင်း ချည်နှောင်လွန်းလှချည်ရဲ့ကွယ်…

No comments: