26 July 2009

အဖူးကြွေ

ကျောင်းတွေ စတက်ရတဲ့ မိုးစိုစိုရာသီတစ်ခုမှာပေါ့။ ကျနော့အထင် ကျနော် ခုနှစ်တန်းနှစ်ဖြစ်မယ်။ မိုးတွေကလည်း ရွာ... ဇွန်ဇူလိုင်မှာ ရွာတဲ့မိုးစက်တွေနဲ့ အဖူးလေးတစ်ခု ကြွေခဲ့ရတယ်။ အခုဆို ဆယ်စုနှစ် နှစ်ခါကျော်ပေမယ့် အဖူးလေးတွေ ကြွေနေတုန်းတဲ့လေ…………………

အဲ့ဒီနေ့ကို ဘယ်တော့မှ မေ့မရတော့လောက်အောင် အသည်းထဲမှာ အမာရွတ် စွဲထင်နေခဲ့တာ။ နေ့လည် သုံးနာရီတိတိမှာ တစ်ကျောင်းလုံး အလံတိုင်ရှေ့ ကွင်းပြင်မှာ မနက်ခင်းအလေးပြုသလို တန်းစီခဲ့ကြရတယ်။ အားလုံး တိုးတိတ်ငြိမ်သက်လို့။ အတန်းအလိုက် နှစ်ယောက်တွဲ တန်းစီလို့ ကျောင်းဝင်း ပြင်ပ မြေနီနီလမ်းဆီကို ဖြတ်လျှောက်ကြရတယ်။ အားလုံးထက် စိတ်စောနေတဲ့ ကျနော်က ခြေလှမ်းတွေ သွက်သွက်နေမိလို့ မနည်းပြန်ဆွဲထားရတာပေါ့။ မေနဲ့ အန်တီစုစုခင်တို့ ဘယ်လိုနေမလဲ သိချင်နေတာပါ။

၄၀၀စကေး ကနေ ၄၅၀စကေး ကုန်းကိုကျော်ပြီးရင် ဆင်တူအိမ်ရာလေးတွေရှိတဲ့ ဆေးရောင်ပြာပြာ အိမ်လေးတွေကို မြင်ရပြီ။ သုံးလေးအိမ်ကျော်ရင် အန်တီစုတို့ အိမ်ရောက်ပြီ။ အိမ်ပြင်မှာ ကုလားဖျင်းတစ်ခုနဲ့ လူတွေအားလုံး ရုံးစုရုံးစုပေါ့။ ဌာနပေါင်းစုံကလူတွေနဲ့ ကျောင်းကလူတွေ အိမ်အပြင်ဘက်မှာ အားလုံးစုကြတယ်။ ကြေကွဲမှုတွေကို ဖုံးဖိလို့မနိုင်ဘူး အံကြိတ်သူကြိတ်တယ်၊ တောက်ခေါက်သူ ခေါက်တယ်။ ဝေနေတဲ့ ယပ်တောင်ပေါ်ကိုကြည့်တော့

လဲ့နှင်းဆွေ
အသက် ၈နှစ်တဲ့။

သုဿန်ကို ခြေကျင် အသော့နှင်ကြတယ်။ အခေါင်းဖွင့်မယ်တဲ့။ မကြောက်တဲ့သူတွေ အရှေ့တိုး တိုးပြီးကြည့်ကြတာပေါ့။

“ကြည့်ပါဦး အိပ်နေတဲ့အတိုင်းလေး... ဘိုမရုပ်ကလေး ကြနေတာပဲ”

“သမီးအငယ်ဆုံးလေ... တစ်ဦးတည်းသော သမီးတဲ့”

“မအေက ဆရာဝန်..... သမီးက အခုတော့ ရေတိမ်နစ်ရသတဲ့လေ”

မေ့ကိုရှာပေမယ့် လုံးဝမတွေ့ရဘူး။ မေက အန်တီစုအနားမှာ ရှိနေမှာ။ အန်တီစုကို မြင်ချင်လိုက်တာ။ အန်တီစုကို သနားနေမိတယ်။

စက်ရုံမိသားစု ကလေးတော်တော်များများမှာ အဲ့ဒီရောဂါ စဖြစ်တာပါ။ ဆရာတို့သမီးအငယ် သုံးနှစ်သမီး နွေးနွေးလေးလည်း အဲ့ရောဂါဖြစ်တယ်။ မေ့ဆီကို အပြေးတစ်ပိုင်း ရောက်လာတော့ အန်တီစုဆီပဲ ပို့ပေးလိုက်ရတာလေ။ နွေးနွေးလေးခမျာလည်း သွေးတွေဆုတ်ကုန်တာမို့ ခြေထောက်က သွေးကြောတွေ ဖောက်ပြီး ဆေးကုခဲ့ရတာ။ သူ့ခမျာ အဲ့ဒီဒဏ်တွေကြောင့် အခုထိ ခြေနှစ်ဖက် ခွင်နေရှာတုန်းပေါ့။

ကလေး တော်တော်များများ အဖြစ်များတာမို့ အန်တီစုခမျာ ဆေးရုံမှာပဲ အနေများနေခဲ့တယ်။ အိမ်မှာတော့ မိန်းမဖော်တစ်ယောက်နဲ့ ကလေး လေးယောက်ကို စိတ်ချလက်ချ ထားခဲ့မိတာပါ။ ယောင်္ကျားလေးသုံးယောက်နဲ့ မိန်းကလေးက တစ်ယောက်တည်း ပြီးတော့ အငယ်ဆုံး။ အထွေးဆုံး သမီးလေးမို့ သူ့အဖေက အချစ်ဆုံးလေ။ အဖေလုပ်သူက နိုင်ငံခြားကိုသွားနေတာမို့ မိသားစုမှာ အန်တီစု တာဝန်တွေချည်းဖြစ်နေခဲ့တယ်။

သွေးလွန်တုပ်ကွေးရာသီချိန်မို့ ကလေးတွေ မဖိတ်မစင်ရအောင် စက်ရုံတစ်ခုလုံးမှာ အန်တီစု တာဝန်ယူခဲ့တယ်။ ဘယ်ကလေးမှ အသေအပျောက်မရှိခဲ့ဘူး။ အချိန်မှီသာ ဆေးရုံရောက်ခဲ့ ကျန်တာ အားလုံးအိုကေပြီလေ။

ဒါပေမယ့် အိမ်မှာ ကျန်နေတဲ့ သမီးငယ်ကို မေ့သွားခဲ့တယ်။ အားလုံးကို ကာကွယ်ရင်း ရွှေသမင် မင်းကြီးတာက ထွက်သတဲ့လေ။ အန်နေတာလည်း မသိဘူး ဖျားနေတာလည်း မသိခဲ့ဘူး။ တကယ့်အချိန်ကျမှ အန်တီစုလက်ထဲကို သမီးရောက်လာတာ။ အများကို ကာကွယ်ရင်း ကိုယ့်ရင်သွေးအဖြစ်က မချိတင်ကဲစရာ။ မဖြစ်ထိုက်ဘူး မဖြစ်သင့်ဘူးဆိုတာ သူရူးတစ်ယောက်လို ရေရွတ်ရင်းပါ။

ဘယ်လိုပဲ ကြိုးစားပေမယ့် သမီးကို စွန့်လွှတ်ခဲ့ရတယ်။

မိသားစုထဲက တစ်ဦးတည်းသောသမီးလေး ဆုံးရှုံးခဲ့ရတယ်။ ဘယ်တော့မှ အစားမထိုးနိုင်တော့ပြီလေ။

တိုင်းပြည်အတွက်ကော အနာဂါတ်ရဲ့ သားကောင်းသမီးကောင်းပေါ့။ ယနေ့လူငယ် နောင်ဝယ်လူကြီး။ မျိုးဆက်တွေဆိုတဲ့ စကားရဲ့ နောက်မှာ ဟောဒီရင်သွေးငယ်တွေ ပါပြီလေ။

အချိန်တန်မှ ပွင့်ကြမှာပါ။ ပွင့်သောပန်းတိုင်းလည်း လှမှာပါ။ အခုတော့ အဖူးဘ၀နဲ့ ကြွေရတယ်။ ပန်းပွင့်ဖို့တောင် အခွင့်မသာခဲ့။ လေတွေတိုက်လို့ မိုးတွေက ခြွေသတဲ့လား။ သဘာဝဆိုလည်း ကာကွယ်တားဆီးသင့်တယ် မဟုတ်လား။ တားဆီးလို့ရတယ်ဆို လုပ်သင့်လုပ်ထိုက်တာကို ဘာလို့ လက်နှေးနေကြမလဲ။ အဖူးဘ၀နဲ့ မကြွေခင် အပင်ပေါ်မှာ ဝေအောင်ပွင့်ဖို့ ကျနော်တို့ မကြိုးစားကြတော့ဘူးလား…..

ငယ်တုန်းက အသည်းမှာထင်ဟပ်ခဲ့တဲ့ မှတ်တမ်းလေးတစ်ပုဒ်ပါ။ နာမည်အရင်းအတိုင်းဖော်ပြထားပါတယ်ခင်ဗျာ။ ဒီရင်နင့်ဖွယ် အဖြစ်ကိုမြင်ပြီးတဲ့ နောက် အခုတလော သွေးလွန်တုပ်ကွေးကြောင့် ကလေးတွေ ဆေးရုံတက်နေရပြီ ဆိုတဲ့ သတင်းက ကျနော့ကို တပ်လှန့်နေပြန်တယ်။ ကျနော်တို့ တစ်ခုခုတော့ လုပ်သင့်တယ်။

ဒါကြောင့် ကျနော်တို့တွေ ကြိုးစားပြီး လက်လှမ်းမှီသရွေ့ အဖူးတွေ မကြွေရအောင် ကာကွယ်ရေး လုပ်ငန်းလေး စတင်ထားပါတယ်။ ကလေးတွေ သွေးလွန်တုပ်ကွေး မဖြစ်ရအောင် သူတို့ရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းစင်ကြယ်ဖို့ ခြင်အန္တရာယ်ကင်းရှင်းစေဖို့ ဦးတည်ထားပါတယ်။ အဓိက လုပ်ငန်းများအားလုံးကို Raven BDC က သွေးလှူရှင်လူငယ်တွေ လှုပ်ရှား ဆောင်ရွက်ပေးမှာပါ။





လောလောဆယ် မူလတန်းကျောင်းတွေမှာ စတင် အကောင်ထည်ဖော်နေပါပြီ။ စေတနာရှင် လူတစ်စုကောင်းမှုနဲ့ ကျနော်တို့ ဇူလိုင် ၁၈ ရက်နေ့ ၂၀၀၉ မှာ အ.မ.က (၄) အလုံမှာ စလုပ်ခဲ့ပါတယ်။ ကျောင်းက ဆင်မင်းလမ်း ဆင်မင်းရပ်ကွက် အလုံမြို့နယ်မှာ ရှိတာပါ။ ကျောင်းတွင်းနဲ့ ကျောင်းပတ်ဝန်းကျင်က ခြုံနွယ်တွေကို ခုတ်ထွင်ရှင်းလင်းခဲ့ပါတယ်။ ပြီးတော့ မြို့နယ်ကျန်မာရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကျောင်းဧရိယာတစ်ဝိုက်မှာ ခြင်ဆေးမှုတ်ခဲ့ပါတယ်။ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ဦးရေမှာ စုစုပေါင်း ၈၄ဦး ရှိပါတယ်။ ကျောင်းသား ၃၄ဦး ကျောင်းသူ ၅၀ဦးပေါ့။ ကျောင်းအုပ်ဆရာကြီးက ဦးထွန်းမြင့်အောင် ပါ။ ကျောင်းတစ်ကျောင်း မှသည် နောက်တစ်ကျောင်း၊ ကျောင်းငယ်မှသည် ကျောင်းကြီး၊ ရပ်ကွက်မှ မြို့ရွာ၊ မြို့ရွာမှသည် ကျနော်တို့ နိုင်သရွှေ့ လက်လှမ်းမှီသလောက် လုပ်ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။

အချုပ်အားဖြင့် ဆိုရသော် ယခုလို တစ်နိုင်ကာကွယ်ရေးမှသည် ကျနော်တို့ ချစ်သောမြေမှ အနာဂါတ်အသီးအပွင့်များ အချိန်မတိုင်မှီ မကြွေလွင့်ကြစေရန် အားလုံးသောနိုင်ငံသားတိုင်းမှ အသိပညာအတတ်ပညာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ၀ိုင်းဝန်းကူညီကြစေလိုကြောင်း အသိပေးတိုက်တွန်းနိုးဆော် အပ်ပါသည်ခင်ဗျား....

အခြားသက်ဆိုင်သောပို့စ်လေးများ

ကွက်လပ်ဖြည့်ကြစို့(ကိုဖိုးသင်္ကြန်)
တထောင့်တနေရာရှိပါတယ် (မရွှေပြည်သူ)

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နည်း (ဒေါ်လေးအယ်ဇီ)

Stop Dengue. Act Now! (ကို July Dream)

20 comments:

Dr. Yi Yi Win said...

ကောင်းတယ် ရွာသားလေး။
ဒီခြင်က ရေကြည်ရေသန့် လေးတွေမှာနေတယ်။ ပန်းအိုးလိုမျိုးတွေကိုလည်း မမေ့သင့်ဘူး။ အဟာရပြည့်ဝတဲ့ကလေးမှာရောဂါပိုပြင်းထန်တယ်။ သွေးယိုထွက်မှုတွေပေါ့။ ခုလိုသတိပေးနှိုးဆော်ကူညီနိုင်ကြတာ ကောင်း၏။

မမသီရိ said...

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က သူငယ်ချင်းဆရာမ တယောက်သမီလေး မျက်စိရှေ့မှာတင် သွေးလွန်းတုပ်ကွေးနဲ့ ဆုံးသွားတာ မြင်ခဲ့ရဖူးတယ်

ဒီရောဂါက အားလုံး အသိစိတ်နဲ့ ၀ိုင်းဝန်းကာကွယ်
ကြရင် ၀မ်းနည်းစရာတွေ နည်းသွားနိုင်ပါတယ်

WWKM said...

ကဲ..အဲဒီတော့ အစ်မတို့ဘာလုပ်ကြမလဲ..ပြောပါဦး။
မနက်က ဖိုးသင်္ကြန်ဆီမှာ သွေးလွန်တုတ်ကွေးလေးအကြောင်းစဖတ်ဖြစ်ပြီး ရွာသားတို့ စတင်အကောင်အထည်ဖော်ကြတော့မယ်ထင်တယ်လို့ တွေးလိုက်မိသေးတယ်.... စောစောက ညီမလေးရွှေပြည်သူဆီမှာလည်း ပို့စ်လေးတွေ့လိုက်
တယ်..သွားတော့မဖတ်ရသေးဘူး။
မောင်နှမတွေ စည်းစည်းလုံးလုံး ပို့စ်တင်နေကြတယ်.
အစ်မတစ်ယောက် ခေါင်းတွေရှုတ်နေတယ်ဆိုလို့ မပြော
တော့တာလား... အစ်မပြောထားပြီးသားပဲလေ.. အစ်မလည်း ပါဝင်မှာပါဝင်လုပ်ဆောင်မှာပါလို့...
ပြော..ဘာလုပ်ပေးရမလဲ... ဘာလုပ်ပေးစေချင်သလဲ.

မောင်နှမတွေ စည်းစည်းလုံးလုံးဆက်လက်ချီတက်ကြ
တာပေါ့..း)) ခေါင်းရှုတ်နေတာ..နောက်တော့ ခေါင်းတုံး
လေးနဲ့ စလုံးရောက်လာဦးမယ်နော်. ဟတ်ဟတ်.
အမလည်း တစ်ခုခုရေးဘို့ စဉ်းစားမိသွားတယ်.း)


မကြီးဝါ

ရွှေပြည်သူ (ShwePyiThu) said...
This comment has been removed by the author.
ရွှေပြည်သူ (ShwePyiThu) said...

Link ချိတ်လိုက်ပါပြီရှင်။

kay said...

ထောက်ခံ..အားပေးပါတယ်။

ကိုလူထွေး said...

လဲ့နှင်ဆွေအကြောင်း ဖတ်ရတော့ စိတ်မကောင်းဘူး

အခုလို တတ်နိုင်သလောက် စေတနာနဲ့ လုပ်နေကြတာကို ကြားရတော့ ရွာသားတို့ ဂျူလိုင်တို့ကို ကျေးဇူးတင်ပါတယ်...

yaewoori said...

သွေးလွန် တုပ်ကွေး ပညာပေး လေးတွေ ရေးထားတာကျေးဇူးပါအစ်ကိုရေ
ကိုယ်ထူကိုထ ဝိုင်းလုပ်ဖို့နှိုးစော်ပါမည်

Rita said...

ဘာလုပ်ပေးရမှာလဲ ဆိုတာ ထည့်ရေးပါဦး

JulyDream said...

ဝေးလွန်းရင်လည်း မမြင်ရဘူး။
နီးလွန်းရင်လည်း မမြင်ရဘူး။

အခုတော့ နီးလွန်းလို့ မမြင်ခဲ့မိပဲ ရေတိမ်နစ်ခဲ့ရတာပေါ့။

အဝေးကြီးမှာ ရောက်နေတဲ့ ကျွန်တော်တို့တွေ ဝေးလွန်းလို့ မမြင်ရတဲ့ဟာတွေကို မြင်အောင် ကြည့်ကြပါစို့။

ဂျူနို said...

အဖူးကြွေတဲ့လား။
ဒါ့ကြောင့်ရေးခိုင်းခဲ့တာလား။
ခုပြန်တင်ထားတယ်။ အရင်က သိမ်းထားတာ။


အဖူးတွေ တွေ ကြွေပေါင်း များပြီ။
တတ်နိုင်တာကို ထလုပ်တာ အကျိုးရှိပါတယ်။

ကိုဂျူလှိုင်ပြောသလို
အနီးမှုန် အဝေးကန်း မဖြစ်အောင် မျက်မှန်တတ်သင့် တတ်ရမယ်ထင်တယ်။

ဒေါ်လေး

khin oo may said...

သက်ဆိုင်သောပိုစ်များမှာကိုဂျုလိုင်ကို ကျန်ဲခဲ့သလားလို့။

khin oo may said...

တို့လဲတင်္နလာဘဲ။

သက်ပိုင်သူ said...

ပို့စ်ကောင်းလေးတွေ
ကလေးတွေဘသ၀ သနားစရာကောင်းလိုက်တာ

တန်ခူး said...

ရည်ရွယ်ချက်မြင့်မြတ်ကောင်းမွန်တဲ့ပို့ စ်လေးအတွက် ကျေးဇူးပါရွာသားလေးရေ...အဖူးတွေပွင့်လန်းစေဖို့  ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့ နော်

ကောင်းကင်ပြာ said...

တို့လဲ စိုးရိမ်နေမိတယ်၊ အဖူးလေးတွေ မကြွေစေချင်ဘူး

mmtn (kalay) said...

ကိုရွာသားရေ... ကိုယ့်တိုင်းပြည်အတွက် လုပ်သင့်တယ် အရာလေးတွေကို လုပ်ကြဖို့ တိုက်တွန်းနေတာ ကောင်းမွန်တဲ့ လုပ်ဆောင်မှူလေးတစ်ခု အဖြစ် အားပေးပါတယ်။

Talkii said...

မနှစ်က ဒီလိုချိန်မှာပါပဲ ကျွန်တော် ညီမတစ်ဝမ်းကွဲလေး။ တီတီတာတာပြောတတ်စ တစ်ဦးတည်းသော သမီးလေးပေါ့။ :( ကျွန်တော် ၈တန်းတုန်းကတောင် ဆေးခန်းအရောက်မြန်လို့ အခုလိုမျိုး စာရေးနိုင်တာ။ ပညာပေးရော ၊ သန့်ရှင်းရေးရော ၊ ... ရော အရှိန်တိုးပြီး လုပ်ဆောင်ပေးနိုင်ရင်ကောင်းမယ်။

မိုးခါး said...

ဟုတ်ပါတယ်
ကိုယ့်အားကိုယ်ကိုးမှပဲ ဖြစ်မှာပဲ

မိုးခါး said...

ဘယ်လိုကူလို့ရမလဲ
ပြောပြပေးပါဦး