31 October 2008

အလင်းရောင်


အမှောင်ထဲကလူအတွက် အလင်းရောင်ဆိုတာ တစ်ကယ့်မျှော်လင့်ချက်။ အလင်းဆီကို ရောက်ဖို့ ဘယ်လောက်နှစ်တွေကြာကြာ ဘယ်လောက်ပင်ပန်းပင်ပန်း မလှမ်းဖူးဆိုတဲ့လူ ရှိနိုင်မယ်မထင်။

မြန်မာပြည်မှာ ကျောင်းပြီးလို့ ဘွဲ့ရကာစ လူငယ်တစ်ယောက်ရဲ့ အိပ်မက်က ဘာများဖြစ်နိုင်မှာတဲ့လဲ။ လူငယ်ပီပီ တက်ကြွမှုအပြည့်နဲ့ အောင်မြင်မှုဆိုတာတော့ လိုချင်တာပေါ့။ စီးပွားရေးပဲလုပ်မလား အလုပ်တစ်ခုခု ၀င်လုပ်မလား။ စတဲ့ တွန်းအားတွေနဲ့ပါ။

ကျနော်ကျောင်းပြီးတော့ ကျနော့မှာလဲ မျှော်လင့်ချက်နဲ့ပေါ့။ ကျနော့ကို ကျနော်လက်နက်အပြည့်တပ်ဆင်ထားတဲ့ တိုက်ပွဲဝင်တစ်ယောက်လို နှစ်ထောင်းအားရရှိနေခဲ့တာ။ အိမ်ကိုခဏပြန် ရန်ကုန်ကို ပြန်တက် အလုပ်လုပ် တစ်ခုတော့ ငါသေချာပေါက်ရမှာဆိုတဲ့ ယုံကြည်ချက်နဲ့။

အလုပ်ဆိုလို့ ကျနော်လုပ်ချင်တဲ့အလုပ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ခေါ်တာနဲ့ကြုံခဲ့တယ်။ လုပ်ငန်းကြီးတဲ့ အသိုင်းအ၀ိုင်းဆိုတော့ အိပ်မက်တွေဖြစ်ရပြန်တာပါ။ တကယ်တမ်းကျတော့ အင်တာဗျုးတောင်မပါခဲ့။ ဒီတစ်ခေါက်ရွေးချယ်မှုက အတွေ့အကြုံရှိပြီးသား သူများသာတဲ့။

နောက်တစ်ခုကျတော့ အင်တာဗျုးလည်း ပါခဲ့ပါတယ်။ မေးခွန်းတွေကိုလည်း ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ခဲ့တယ်။ သူတို့ရဲ့ ငြင်းပယ်ချက်က အသက်ငယ်လွန်းပြန်သတဲ့။ အသက်သုံးဆယ်လောက် တည်တည်ငြိမ်ငြိမ် လိုချင်တာပါဆိုတော့ ဘယ်လို ဖြေသိမ့်ရမလဲမသိတော့။

ကျောင်းပြီးခါစ လူငယ်တစ်ယောက်က အတွေ့အကြုံ ဘယ်ရှိနိုင်ပါ့မလဲ။ ဒီအတိုင်းဆိုရင် အတွေ့အကြုံမရှိလို့ အလုပ်မခန့် အလုပ်မခန့်လို့အတွေ့အကြုံမရှိနဲ့ပဲ လုံးချာလည်နေတော့မှာ။ အသက်…ကျောင်းပြီးကာစ လူငယ်တစ်ယောက်က အသက်သုံးဆယ်ဘယ်ဖြစ်နိုင်မှာလဲနော်။ ငယ်ပေမယ့် တည်တည်ငြိမ်ငြိမ် မဖြစ်နိုင်တော့ဘူးတဲ့လား။

အင်တာဗျူးပေါင်းများစွာကို ဖြေဆိုနေခဲ့တာ။ သိပ်ကိုဆိုးဝါးတဲ့ အင်တာဗျူးတစ်ခုလည်း ကြုံခဲ့ပါသေးတယ်။ မသိပါဘူးလို့ကြိုတင်ဝန်ခံထားတဲ့ အကြောင်းအရာတစ်ခုကို ပညာရှင်ဆန်ဆန်မေးခွန်းတွေနဲ့ မေးရင်း စာသင်ပေးမယ့်ဆရာတစ်ယောက်လို ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားလို့ အပြောခံရတဲ့ အင်တာဗျူးပေါ့။ အင်တာဗျူး ပြီးရင် သူ့ဆီမှာ ဘ၀ကိုဘယ်လို စရမလဲဆိုတာ ကျောင်းသွားတက်ရမယ့်ပုံစံပါ။ ပုဂံဆိုက်ဘာတက်ထင်ပါတယ်။

အလုပ်ရှာရင်း စိတ်ဓါတ်တွေလည်း အကြိမ်ကြိမ်ကျခဲ့ပါတယ်။ အလဲလဲအပြိုပြို ဖြစ်ရတဲ့ စိတ်ဓာတ်နဲ့ ထပ်ပြီး ရှာနေရတဲ့ ဒုက္ခကို အရမ်းစိတ်ပျက်မိတယ်။ ယုံကြည်ချက်တွေ မရှိတော့လောက်အောင် အားငယ်ရတယ်။

အပြင်ကိုထွက်လာတော့လည်း ပြည်တွင်းမှာအလုပ်လုပ်ခဲ့ဖူးတယ်ဆိုတဲ့ အတွေ့အကြုံနဲ့ တကယ်ကို ယုံကြည်ချက်ကြီးခဲ့ပြန်ရော။ တကယ်တမ်းကျတော့ ထင်တာတွေက လွှဲချော်မြဲ။ ကားမမောင်းတတ်ပါဘူးရေးထားပါလျက် အင်တာဗျူးခေါ် ပြီးတော့မှ ကားမမောင်းတတ်တဲ့ အကြောင်းပြချက်နဲ့ ပယ်တယ်ဆိုတော့ စိတ်တိုမိပြန်ရော။ တောင်းမိတဲ့ သတ်မှတ်လစာကို မင်းရသင့်တယ်ထင်လို့လား ဆိုတဲ့မေးခွန်းအမေးခံရဖူးတယ်။ အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်ခဲ့ပင်မယ့် သူများတွေရရင် ငါဘာကြောင့်မရနိုင်ရမှာလဲဆိုတဲ့ အဖြေကို အေးအေးဆေးဆးဖြေနိုင်ခဲ့တယ်။ တကယ်တော့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ တန်ဖိုးမထားတဲ့ လူတွေ့စာမေးပွဲတွေကို အချိန်ကုန်ခံပြီး ဖြေနေခဲ့မိသလိုပဲ။

အခုလည်း ကမ္ဘာတစ်ခုလုံးစီးပွားရေး ကျဆင်းမှုနဲ့ ကြုံနေရပြန်ပြီ။ အားလုံး ခံနေရတာဆိုတော့ တောင်မင်းမြောက်မင်းမကယ်နိုင်တော့ဘူးထင်ပါတယ်။ လူလျော့တယ် လစာလျော့တယ်ဆိုတဲ့ အသံတွေကို ကြားနေရပြန်ပြီ။ အများအားဖြင့်လျော့တာက နိုင်ငံခြားသားအလုပ်သမားတွေကိုပါ။ အဲဒီတော့ ဟိုက စီစီ ဒီက စီစီ ကြားလိုက်ပြန်ရင် ပြန်ကြရပြန်ပြီ။

နောက်ပိုင်းအလုပ်လာရှာကြတဲ့ လူတွေတော်တော်များများ အလုပ်ရှားတယ်ဆိုတဲ့ ညီးညူသံပဲကြားနေရတယ်။ စနေနေ့သတင်းစာမှာတောင် ကိုယ်နဲ့ သင့်လျော်တာ လေးငါးခြောက်ခုတောင်မနည်းတဲ့။ အခုရာသီက ကွင်းပြောင်းလို့မကောင်းပဲ ဘောနပ်စောင့်နေကြတဲ့ အချိန်ဆိုတဲ့ ဈေးကောင်းတော်တော်ရမှ ကွင်းပြောင်းကြတာလေ။ နဂိုကမှ ရှားပါးချိန် စီးပွားရေးက လာကျနေတယ်ဆိုမှတော့ ဘယ်လိုလုပ်ရပ။


နောက်ထပ်နောက်ထပ် လူငယ်ခြေတက်တွေကလည်း အိမ်ကွင်းကို စွန့်ပြီး အဝေးကွင်းကန်ဖို့တကဲကဲ။ တော်ကြာမေးကြပြန်ပြီ။ အဲဒီလာရင် ဘာလိုလည်း ဘာလုပ်လာရမလဲ ဘာတွေပြင်ဆင်ရမလဲ စသည် စသည်။

အလင်းရောင်ဆိုတာ အမှောင်ထဲက လူအတွက် တကယ့် ရတနာပါ။ အင်း အဲဒီအလင်းတိုင် မငြိမ်းပါစေနဲ့လို့ ဆုတောင်းနေမိတာ အမှောင်ထဲက ကိုယ်လိုလူတွေအတွက်ပါ…………

30 October 2008

ဝှက်ဖဲ


လူတိုင်း လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိနေကြမယ်ထင်ပါတယ်။ လျှို့ဝှက်ချက်ဆိုတဲ့အတိုင်း ဖုံးကွယ်ထားတတ်ကြတာမို့ မမြင်လွယ်မသိလွယ်ဘူးပေါ့။ မှောက်ထားတဲ့ ဖဲချပ်လေးနဲ့တူပါလိမ့်မယ်။ ၀ှက်ဖဲလေးပေါ့ဗျာ…

ကိုယ်ရေးကိုယ်တာ တစ်ဦးတစ်ယောက်တည်းအတွက်ဆိုတဲ့ ၀ှက်ဖဲလေးတွေဆိုရင်တော့ လွတ်လပ်စွာကိုင်ဆောင်ခွင့်ရှိမယ်ထင်ပါတယ်။ သို့ပေမယ့် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ပါ ထိခိုက်စေမယ့် ၀ှက်ဖဲဆိုရင်ကော။ ဘယ်လောက် ထိခိုက်နစ်နာစေမလဲဆိုတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ရမယ်ထင်ပါတယ်။

ပြီးခဲ့တဲ့လက ၀ှက်ဖဲတစ်ချပ်အတွက် ကျနော်စိတ်ဓါတ်တော်တော်လေး ကျခဲ့ရပါတယ်။ အိပ်မပျော်တဲ့ညတွေလည်း များခဲ့တာပေါ့။ အလုပ်ထဲက ကျနော်ယုံကြည်ရတဲ့ အလုပ်အကိုင်သိပ်တော်တဲ့ လူတစ်ယောက်ရဲ့ ၀ှက်ဖဲလေးကြောင့်ပါ။ ဘယ်လိုမှထင်မထားမိတဲ့ အဖြစ်အပျက်မို့ ဒီနေ့အထိတော့ အိပ်မက်တစ်ခုလိုပါပဲ။ တော်တော်လေးကြာတဲ့အထိ ကျနော်ဟာ သူ့ဘက်ကနေ ရပ်တည်ပေးနေတုန်း။ သက်သေ သာဓကတွေ ခိုင်လုံလာတဲ့အခါမှာတော့ မငြင်းနိုင်တော့ပေမယ့် မယုံရဲသေးဘူးလေ။ နောက်ကနေ တစ်ယောက်ယောက်ကများ ချောက်ချလေသလားဆိုပြီး မျှော်လင့်နေမိသေးတယ်။ နောက်ဆုံးသူဝန်မခံသေးဘူးဆိုတော့ အကြောင်းထူးရှိနိုင်ကောင်းရဲ့ ထင်နေမိတယ်။ သူနဲ့မျက်နှာချင်းဆိုင်မိရင်တောင် ကျနော်က မျက်လွှာအရင်ချမိတယ်။ သူ့ကို ရဲရဲကြည့်ရမှာလို့အားနာမိလို့ပါ။ မသင်္ကာတဲ့အကြည့်တွေနဲ့ ကြည့်နေတယ်လို့ သူယူဆမှာစိုးရိမ်လို့ပါ။ အဆုံးသတ်မှာတော့ သူ့ဆီက ၀န်ခံချက် SMS တစ်ခုရလိုက်ပါတယ်။ တကယ့်ကို ထိခိုက်နာကျင်ရပါတယ်။ တစ်လလုံးလုံး အစစ်ဆေးခံ အမေးမြန်းခံရမယ့် ဘ၀ကနေ လွတ်မြောက်သွားပေမယ့် ကျနော်မပျော်ရွှင်ခဲ့ပါဘူး။ ဘာကြောင့်လုပ်ရက်ပါလိမ့်ဆိုတဲ့ အတွေးနဲ့ပါ။ ရုံးတစ်ခုလုံးလည်း အုံးအုံးကြွက်ကြွက်ဖြစ်သွားကြတယ်။ တစ်ချို့လူတွေက နောက်ဆုံးအချိန်ကျမှာ သူ့ရဲ့ဝှက်ဖဲကို သိလိုက်ရတာ။ ကျနော်ကတော့ ကျနော်သိနေပါတယ်ဆိုကို သူမသိအောင် သူ့မျက်စိရှေ့မှာတစ်လလောက် နေခဲ့ရတာပါ။ အဲဒီဝှက်ဖဲရဲ့ ရိုက်ခတ်မှုက ကျနော်တို့ကို အထက်လူကြီးတွေ ယုံကြည်မှု ကျဆင်းသွားစေခဲ့မယ်ထင်ပါတယ်။

ကံဆိုးတာလား ကံကောင်းတာလား မသိနိုင်လောက်အောင် တစ်ချို့ဝှက်ဖဲတွေကို ကျနော်သိနေတတ်ပါတယ်။ အကြောင်းတိုက်ဆိုင်တာပဲလား ကံတရားကြောင့်ပဲလား အနားက၀ှက်ဖဲတွေကို အမှတ်တမဲ့ တွေ့ရတတ်တယ်။ အဲဒီဝှက်ဖဲတွေတိုင်းအတွက် အခါများစွာ စိတ်ဓါတ်ပျက်ပြားဖူးပါတယ်။ များသောအားဖြင့် ကျနော်ထင်မှတ်မထားတာတွေ ဖြစ်နေတတ်လို့ပါ။ အရိုးခံစိတ်နဲ့ ပြောမိဆိုမိသမျှအတွက် အရမ်းကို တုန်လှုပ်မိတယ်။ တစ်ချို့ဝှက်ဖဲတွေကို သိရတဲ့အခါမှာ ကျနော့အတွက် လောကမှာ ဆက်လက်ရပ်တည်စေဖို့ ခဲယဉ်းစေတဲ့အထိပါ။ အနီးဆုံး အခင်ဆုံး အချစ်ဆုံးဆိုတဲ့ အစွဲတွေကြားမှာ သူတို့ရဲ့ဝှက်ဖဲတွေက သွေးပျက်စေတဲ့ ဆောင်းအိပ်မက်တွေ ပေးစွမ်းနိုင်တဲ့အထိလေ။ တစ်ခါတစ်ခါ သိပ်ကြောက်ဖို့ကောင်းသလို တစ်ခါတစ်ခါ ရွံ့မုန်းဖို့ကောင်းပါတယ်။

အကယ်၍သာ ဖြစ်နိုင်မယ်ဆိုရင် အဲဒီဝှက်ဖဲတွေကို ဘယ်လိုအကြောင်းနဲ့မှ ကျနော် မသိချင်ခဲ့ပါဘူး။ သိရတာနဲ့ ထိခိုက်နာကျင်ရတာမို့ပါ။ များများသိလေ ပိုစိတ်ပင်ပန်းလေမို့ ဖြစ်နိုင်ရင် မျက်စိမှိတ် နားပိတ်ခွင့်ကို တောင်းချင်မိတယ်။ အသံတွေ အရုပ်တွေကလည်း ပဲ့တင်သံတွေ နံရံတွေကနေတစ်ဆင့် ပိတ်ထားတဲ့နားတွေထဲအတင်းဝင် မှိတ်ထားတဲ့ မျက်စိကို ဇွတ်တွန်းဝင်လာတော့ ခက်ပါတယ်။

ဒါဆိုရင် ကျနော့မှာရော ကျနော့မှာ ၀ှက်ဖဲတွေ ရှိသလား? ကျနော့ ၀ှက်ဖဲတွေအတွက် ဘယ်သူတွေ ထိခိုက်နာကျင်စေခဲ့မိပြီလဲ။ ဘယ်သူတွေက အဲဒီဝှက်ဖဲကို မြင်သွားပြီလဲ။ ကျနော့ဝှက်ဖဲတွေကကော သိပ်ကြောက်စရာကောင်းနေသလား တွေးနေမိရင်း မှောက်ထားတဲ့ ဖဲလေးတစ်ချပ်ကို လက်နဲ့တစ်အားအုပ်ဖို့ကြိုးစာနေမိတော့တာ……..

28 October 2008

ဆန္ဒ


အပြောကျယ်တဲ့
ပင်လယ်ကြီးတောင်
ဒီအရှေ့ဘက်ဆီမှာ
မြေပြင်နဲ့
ထိစပ်နေသတဲ့
ဒါပေမယ့်မမြင်နိုင်တဲ့
ပင်လယ်ရဲ့
ဟိုးတစ်ဖက်ခြမ်းမှာ
ဘယ်မြေပြင်နဲ့ထိစပ်နေသလဲ
တခြားတခြားဘက်အခြမ်းတွေမှာကော
ဘယ်နေရာမှာအဆုံးသတ်နေမလဲ

ငါလေတခဏလောက်
ပင်လယ်ဖြစ်ကြည့်ချင်တယ်
အဖြေသိခွင့် ရှိခဲ့ရင်ပေါ့....

26 October 2008

နွမ်းကြွေမလွယ်တဲ့ ပန်းခရေငယ်ရဲ့ရာဇ၀င် (၁)


ခရေပန်းဆိုတာ မွှေးတယ်။ ဒါပေမယ့် အကြွေလွယ်သတဲ့။ တဖွဲဖွဲကျနေတတ်တဲ့ ဒီခရေတွေကြားထဲမှာ မဟုတ်ဘူးလို့ဘယ်လိုငြင်းမလဲ ဘယ်သူငြင်းမလဲ။ ဒါပေမယ့် အကြွေလွယ် အနွမ်းလွယ်တဲ့ အခြေအနေရောက်ခဲ့ပေမယ့် မကြွေခဲ့တဲ့ ပန်းခရေငယ်တစ်ပွင့်ရဲ့ ရာဇ၀င်ကို ဘယ်သူမှ မသိနိုင်ဘူးလေ………

ဟိုးဝေးလံခေါင်သီတဲ့ ယူနန်ဆိုတဲ့ အရပ်မှာ ဒီခရေပန်းငယ်လေးစတင်ဖူးငုံခဲ့တာပါ။ ရွာငယ်တစ်ခုက မြေပိုင်ရှင်တစ်ဦးရဲ့ သမီးငယ်အဖြစ်အေးငြိမ်းတဲ့ဘ၀ကနေ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ ဆိုတဲ့အတိုင်း ဘ၀အလှည့်အပြောင်းမှာ ကိုယ့်နိုင်ငံနဲ့ထိစပ်တဲ့ နယ်စပ်တောင်တန်းတစ်ခု ပေါ်မှာ ပင်ပန်းဆင်းရဲတဲ့ ဘ၀ကိုနေ့ခြင်းညခြင်း ရောက်သွားတာကတော့ တကယ့် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။

အိမ်လေး ဆယ်အိမ်တောင်မပြည့်တဲ့ ဒီတောင်ပေါ်မှာ ဘာစိုက်ပျိုးရေးတွေလုပ်ဖြစ်တယ်ထင်လဲဟင်။ ဘိန်းတွေ သိပ်ကိုအောင်မြင်အောင် စိုက်တာပါ။ တစ်ခြားသီးပင်စားပင်တွေ စိုက်လို့မဖြစ်ပါ။ ဆန်တွေ ဆီတွေ စားစရာတွေ အသုံးအဆောင်တွေအားလုံးကို ဒီဘိန်းနဲ့ပဲလဲလှယ်နေရတာ။ တစ်ခြားသီးပင်စိုက်လို့ကတော့ ငုတ်တုတ်မေ့သွားမှာ။ ကြမ်းတမ်းတဲ့ ဒီအရပ်မှာ စာသင်ကျောင်းဆိုတာ ဝေလာဝေး။ စားနေရတဲ့ ပြောင်းဆန်လေး ဘယ်အချိန်ရပ်မလဲ တွေးပူနေရတာ။ လည်ချောင်းမှာနင်ပြီး တစ်နေတဲ့ ဒီပြောင်းဆန်ကလွဲရင် ရွေးချယ်စရာလည်း မရှိ။တစ်နေကုန်တစ်နေခန်း အလုပ်နဲ့လက်နဲ့ မပြတ်စေခဲ့။ ခြေဖ၀ါးတွေ ကြိမ်းစပ်အောင်လမ်းလျှောက်ရတိုင်း ဒီမြေပြင်က ဆိုးဝါးလိုက်တာဆိုတဲ့ အသိကိုမြဲစေခဲ့တာ။ ဒီမြေပြင်က ခွာချင်ခဲ့တာ ဒီစိတ်လည်းပါမယ်ထင်ပါတယ်။ တစ်ခြားမောင်နှမတွေနဲ့ မတူတဲ့ နူးညံ့တဲ့ ခြေဖ၀ါးတွေကို တစ်ခါတစ်ခါ စိတ်နာမိတယ်။ အစ်ကိုအကြီးဆုံး ပြီးရင် ညီအမသုံးယောက်ရှိတဲ့ အထဲ ဒိုးတူဘောင်ဘက်မလုပ်နိုင်ကောင်းလားဆိုပြီးပါ။

တစ်နေ့ အဲဒီနေ့က နေသာပါတယ်။ စစ်ဆင်ရေးတပ်ရင်းတစ်ခုနဲ့ အတူ ဗိုလ်မှူးဆိုတဲ့ လူတစ်ယောက်ပါ ရွာကိုရောက်လာခဲ့တယ်။ သားသုံးယောက်ပဲရှိလို့ သမီးမွေးစားချင်တယ်ဆိုတဲ့ ဗိုလ်မှူးပေါ့။ တစ်ရွာလုံးက မိန်းမငယ်တွေ ဆုံးဖြတ်ကြရမယ်လေ။ အပါးက သမီးတွေကိုတန်းစီမေးတော့တာပဲ။ ပထမ ဒုတိယ မေးပြီးတော့ အပါးဆီက စိတ်ဓါတ်ကျစကားထွက်လာတယ်။ အနေဆင်းရဲ အစားဆင်းရဲ ဒီဘ၀ထဲမှာ တစ်ယောက်စာလောက် ၀န်ပေါ့သွားရင် ဘယ်လောက်ကောင်းလိုက်မလဲတဲ့။ တတိယမေးမယ်ဆိုတော့ နောက်လူတစ်ယောက်ထည့်ရင် ငေါ (တရုတ်လို ကျနော်ကျမလို့ဆိုလိုပါတယ်) လိုက်မယ်ဆိုတဲ့စကားကို ပြောဖြစ်တဲ့ အထိတွန်းအားပေးစေခဲ့တယ်။ ခရေပန်းလေးငယ်ပေမယ့် သိတတ်လွန်းတယ်။ ကိုယ့်အမျိုးအဆွေမဟုတ်တဲ့ တစ်ခြားလူတစ်ယောက်ရဲ့ နောက်ကို လိုက်သွားဖို့အထိလေ။ သူနဲ့အတူလိုက်ဖို့ ရဲဝံ့စွာ ဆုံးဖြတ်ခဲ့တာက အစ်မတစ်ဝမ်းကွဲပါ။ ငယ်ငယ်ကတည်းက သွားအတူလာအတူမို့ အေးအတူပူအမျှ လက်ကိုဆွဲလို့ သူလိုက်လာခဲ့တယ်။

ဗိုလ်မှူးက စာချုပ်စာတန်းနဲ့ တရားဝင်သမီး အဖြစ်မွေးမယ်တဲ့။ ကျောင်းထားပေးမယ်တဲ့။ ဒါပေမယ့် တံလျှပ်ကို ရေထင် ရွှေသမင်အလိုက်မှားတယ်ဆိုတာ ခရေပန်းလေးနောက်မှသိခဲ့တာပါ။ မရောက်ဘူးတဲ့ အရပ် မမြင်ဘူးတဲ့ သူတစိမ်းတွေကြားမှာ မပြုံးရီနဲ့ မပြုံးကြည်ဆိုတဲ့ ပန်းလေးနှစ်ပွင့်လွင့်လာခဲ့တာပေါ့။

ရှေ့တန်းထွက်လေတဲ့ ဗိုလ်မှူးကတော့ ဒီအဖြစ်တွေကို သိခဲ့လေသလား မသိချင်ယောင်ပဲဆောင်ခဲ့လေသလား မသိနိုင်ခဲ့။ သူတို့ညီအစ်မနှစ်ယောက်ကတော့ သမီးမဖြစ်ခဲ့ပဲ ငွေဝယ်ကျွန်တွေလို။ မေမေလို့ခေါ်တဲ့ ဗိုလ်မှူးကတော်ရဲ့ အပြောအဆို အခိုင်းတွေကြားမှာ မိုးလင်းကနေမိုးချုပ်ခဲ့တာပါ။

မနက်ငါးနာရီမထရင် အပြောအဆိုတွေ မညှာတာခဲ့ပါဘူး။ အလုပ်အကိုင်မှားရင် တစ်သက်စာ မှတ်စရာတွေ ဖြစ်အောင်ပြောထွက်ရက်ခဲ့သူပေါ့။ ခရေပန်းလေးကတော့ တစ်ခါမှားပြီး နောက်ထပ်မမှားရအောင် နောက်တစ်ခေါက်ထပ်ပြောရတယ်ဆိုတာ မရှိအောင် ကျင့်ကြံနေထိုင်ခဲ့တာပါ။ ကျောင်းစာဖတ်ဖို့ဆိုတာ ဝေလာဝေး ဒါပေမယ့် ဘ၀အသိတွေ ပြည့်ညှပ်နေအောင် အောက်ခြေကနေ စခဲ့ရတာဆိုတော့ ကျေနပ်ပါတယ်လေ။ မြန်မာလိုမတတ်တဲ့ ညီအစ်မနှစ်ယောက် နောက်တော့ တရုတ်စကားကိုမေ့သွားပြီး မြန်မာလိုသာပြောတတ်ခဲ့ပြီဆိုမှတော့ သန်းခေါင်ထက်ညဥ့်မနက်တော့ပြီပေါ့။

တနေ့ထက်တနေ့ ဆိုးဝါးတဲ့ရက်တွေကို ခါးစည်းဖြတ်ကျော်ရင်း အစ်မငယ်ရဲ့ လွတ်မြောက်လမ်းကိုရှာကြရအောင်ဆိုတဲ့ စကားကို ကြားလာရတယ်။ ဒီလိုဘ၀မျိုးနဲ့ ငါတို့ဆက်နေဖို့မဖြစ်နိုင်ဘူးတဲ့။ အင်းဟုတ်တယ် ဒီလိုဘ၀မျိုးတော့ ဆက်နေလို့မဖြစ်ဘူး။ ဒါပေမယ့် အချိန်မကျသေးဘူးဆိုတဲ့ စိတ်ကလည်းလွန်ဆွဲနေသေးတယ်။ ထွက်ပေါက်တစ်ခုကို လွယ်လွယ်ကူကူရှာသွားလေတဲ့ အစ်မငယ်ကတော့ ဗိုလ်မှူးအိမ်က ဒရိုင်ဘာတစ်ယောက်ရဲ့နောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း ဘ၀အသစ်ကို စတင်သွားခဲ့တယ်။ အပြစ်မတင်ရက်ပါဘူးလေ….

ဆက်ပါဦးမယ်…

25 October 2008

လေနှင့်အတူ ကြွေလွင့်ရွက်ဝါ


အချိန်ကျပြီမို့
ပင်ပေါ်မှာမနေအား
ရွက်ဝါကြွေ
ညှာချွေမခိုင်တော့သည်ကြောင့်
တစ်ကြောင်း...

လေအပင့်မှာ
လေသင့်ရာကြွေခဲ့ရ
လေအတိုက်မှာ
အလေလိုက်မိသည်က
တစ်ကြောင်း....

လေငြိမ်ရင်
ဝေဟင်မှာမဆော့အား
ကျခဲ့ရာ
ကြွေသက်လို့
မြေထက်မှာ ငြိမ်နေရတယ်
လေပြင်းရယ်မွှေပါအုန်းလား

လေအနော့မှာ
လေနှင်ရာရွက်တိုက်လို့
သွားချင်ရာဦးစိုက်လိုက်မိတယ်
မိုက်မဲဖို့အရေး................

21 October 2008

အိုဘယ့် တီးလှည့် စောင်းသခင်


စောင်းကြိုးကိုညှိပြီး မတီးခဲ့ရင်တော့ သာယာချိုမြိန်တဲ့ စောင်းသံကိုကြားရလိမ့်မည်မဟုတ်။ မထိတထိ ထိရန်ကြိုးစားခဲ့ပါတယ်ဆိုပေမယ့် စောင်းသံမှ ပီပီပြင်ပြင်မကြားရတာနော်။ တစ်ပုဒ်လောက်တော့ ပြီးဆုံးအောင်တီးကြည့်ပါလား………..

စောင်းဆိုတာ ရင်ခွင်မှာတစ်ချက်ပိုက်တာနဲ့စောင်းတီးတာမှမဟုတ်တာ။ ထိစပ်မှုတွေရှိနေတတ်ပေမယ့် စောင်းတီးနေတာလို့ မဆိုနိုင်ပြန်ဘူး။ လေတိုက်ရုံလောက်နဲ့ စောင်းသံကိုကြားရလိမ့်မယ် ထင်နေတယ်ဟုတ်လား။

စောင်းကြိုးဘယ်နှစ်ကြိုးရှိသလဲ။ ဘယ်ကြိုးက အသံအချိုဆုံးလဲ။ စောင်းကြိုးတွေကိုညှိခဲ့တယ်ဆိုရင်လည်း ကြိုးတွေကုန်စင်အောင် ညှိသင့်ပါတယ်။ နောက်ဆုံးတစ်ကြိုးကျမှ အားမထည့်ပဲထားခဲ့ရက်တယ်။ အင်း အဆုံးထိ မညှိခဲ့ဘူးဆိုရင်လည်း အစတည်းက ဒီစောင်းကိုမထိပါနဲ့လား။

ပြန်ချလိုက် ကောက်ကိုင်လိုက်နဲ့ ဘာတွေ ချီတုံချတုံဖြစ်နေတာပါလိမ့်။ စောင်းသံကိုကြားချင်တာ မဟုတ်လားဟင်။ ဒီ့အတွက် ဘာတွေများပူပန်ကြောင့်ကျနေပါလိမ့်။ ရဲရဲရင့်ရင့် တင်ပုလ္လင်ထိုင်ပြီး ရင်ခွင်က ဒီစောင်းကို အချိုဆုံးဆိုတဲ့ တေးတွေနဲ့ ထွေးသိပ်သင့်ပါတယ်လေ။ တစ်လောကလုံးလည်း ကြားရတာပေါ့။

စောင်းက အိုနေလို့။ စောင်းက…… စောင်းက…..အို ဆင်ခြေတွေပေးမနေပါနဲ့လေ။ မတီးချင် တီးချင်ဖြစ်နေတာတဲ့လား။ အင်း တကယ်တမ်းက အာရုံက စောင်းဆီမှာမှ မဟုတ်ခဲ့တာ။ အထီးကျန်ဖြစ်နေတဲ့ အခိုက်အတန့်အတွက် အဖျော်ဖြေခံ ပစ္စည်းတစ်ခုအဖြစ်သဘောထားခဲ့တာမဟုတ်လား။

စောင်းဆိုတာ စားပွဲပေါ်မှာချထားလဲ စောင်းပါပဲ။ ကြမ်းပြင်ပေါ်ချထားလဲစောင်းပါပဲ။ ဘယ်လိုပဲပြောင်းပြောင်း စောင်းရဲ့အနှစ်သာရက စောင်းသံချိုတွေပေးဖို့ပါ။ တီးမယ့်သူက ခံစားချက်အပြည့်နဲ့ စောင်းကြိုးတွေကို တို့ထိခဲ့ရင် ရင်ဘတ်ထဲက အသံတွေကို မိုးတွေရွာသလို ပြန်လည်ရွာချပေးမယ့် စောင်းပါ။

တီးသူမရှိလို့ မမြည်တဲ့အခါ စားပွဲပေါ်မှာတင်ထားတဲ့ တစ်ခြားအရုပ်တွေလို အလှပြရုံသက်သက် တန်ဖိုးဖျက်တော့ မခံချင်ဘူး။ တန်ရာတန်ဖိုးပေးစွမ်းမယ့် စောင်းသခင် ဆီမှာ အိုဘယ့် တီးလှည့်စောင်းသခင်လို့ ပြောဖို့ကိုလည်း ၀န်မလေးတော့ပါဘူး။ ကဲ…တီးမယ်မဟုတ်လားဟင်……………


ဒီအတွေးကို ပြီးခဲ့တဲ့ သောကြာနေ့ ညစာစားပွဲက ရပါတယ်။ စောင်းကို ညှိသွားပြီး မတီးသွားခဲ့ဘူးဆိုတဲ့ စကားလေးကို ပြောပေးသွားတဲ့ အစ်မကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

19 October 2008

ပန်းသုံးပွင့်နဲ့အတူ


သိပ်အံ့သြသွားသလား မမြ၀င်း….ပန်းသုံးပွင့်ဆိုတာ ထင်ချင်တိုင်းထင် မြင်ချင်တိုင်း စရာ မိန်းကလေး သုံးယောက်မဟုတ်ပါဘူးဗျာ။ ဘုရားတင်ဖို့ဝယ်လိုက်တဲ့ ပန်းသုံးပွင့်ကစတဲ့ ဇာတ်လမ်းပါ။ ပြီးခဲ့တဲ့ လပြည့်နေ့က ဖားအောက်ကျောင်းမှာ ဥပုသ်ယူရင်း ဘုရားပန်းတွေကို ကြည့်ပြီး အိမ်က ဘုရားစင်မှာ လှူချင်စိတ်တွေ တဖွားဖွား။ ပန်းတွေကို မြင်တော့ အဟောင်းတွေ အသစ်ဖြစ်ပြန်ရောလေ…….

ကြာပါပြီ ကြာခဲ့ပါပြီ။ ဖိုးသား ဟိုဘက်တစ်ခင်းလောင်းချေအုံး ဆိုတဲ့ ဆရာအံ့အသံကို ကြားယောင်မိနေတယ်။ ဝေယံရှိုင်းက ငိုနေလို့ ဖိုးသားရေ ပြီးရင် ပန်းတွေ ခူးပေးလိုက်ပါဦးဆိုတဲ့ အန်တီနုအသံကလည်း ထပ်ကြပ်မကွာ။ ကျနော်ဆောင်းတွင်းဆို အလုပ်လာလုပ်ရတဲ့ ဆရာအံ့စိုက်ခင်းပါ။ လူငှားတွေလည်း ရှိပေမယ့်။ ကျနော်က နှစ်တိုင်းအလုပ်လာလုပ်ဖြစ်တယ်။ ပြန်ရတဲ့ အဖိုးအခက ဆရာအံ့သင်ပေးတဲ့ အင်္ဂလိပ်စာပေါ့။ ကျောင်းလခမတက်နိုင်တဲ့ ကျနော့အတွက် ပြန်လည်ပေးဆပ်နိုင်တာဒါပဲရှိတယ်လေ။

ဆရာအံ့စိုက်ခင်းမှာက နှင်းဆီရယ်၊ ဂန္ဓာမာရယ် အတန်းတွေ အတန်းတွေမှ အများကြီး။ ဂန္ဓာမာတွေကတော့ အခုပန်းသုံးပွင့်လို yellow ball, snow ball တွေလေ။ သိပ်လှတဲ့ပန်းလုံးကြီးတွေပေါ့။ ပန်းတစ်ပွင့်ဖြစ်ဖို့ဆိုတာ လွယ်တာမှတ်လို့။ ပန်းသည်ဆီကလွယ်လွယ်ဝယ်လို့ရတိုင်း ပန်းတွေကို ပစ်စလက်ခတ်လုပ်တဲ့လူတွေဆို ကြည့်လို့မရတော့။ ဘာဖြစ်လို့လည်းဆိုတာ ပန်းစိုက်ဖူးမှ သိကြမှာလေနော့။

ပထမ မြေတွေကို စနစ်တကျ ကျင်းတူးပြီး နပ်ထားရတာ။ မြေဆွေး သစ်ရွက်ဆွေး နွားချေးခြောက်တွေနဲ့လေ။ ပြီးမှ ပန်းတွေကို စနစ်တကျ တိုင်းထွာပြီး ပျိုး။ ပိုးမကိုက် အကောင်မကိုက်အောင် ဂရုစိုက်။ ပြာတွေဖြန်းသင့်တာဖြင့်ဖြန်း။ ရေလောင်းတာကို လည်း စနစ်တကျလောင်းပေါ့။ အပင်လေးတွေထွက်လာချိန်ကျတော့လည်း ကိုယ့်ရင်သွေးလေးတွေလို အရိပ်တကြည့်ကြည့်နေမိပြန်ရော။

ပန်းလေးတွေဖူးလာပြီဆိုရင်တော့ အပျော်ဆုံးက ကျနော်ပဲထင်ပါရဲ့။ ပန်းစိုက်တဲ့ ဘ၀ကကြည်နူးစရာကောင်းလိုက်တာနော်။ လိပ်ပြာတွေဝဲသလို လမ်းသွားလမ်းလာတွေကလည်း အိုး….ဒီအခင်းက သိပ်လှပါလားဆိုရင် ခြေထောက်နဲ့မြေကြီးမထိတော့။ တကယ်တော့ အဲဒီပန်းခင်းက ကိုယ်နဲ့လည်းမဆိုင် ကိုယ်လည်း မပိုင်။

ပန်းတွေခူးချိန်ရောက်ရင်တော့ လက်တွေတုန်နေပြန်ရော။ နှမြော တာလည်းမဟုတ် ဘာလည်းမဟုတ်။ ပန်းတွေကို ရွရွလေးကိုင် တစ်ပွင့်ချင်းကို ရင်နာနာနဲ့ ဖြတ်နေတတ်တာ။ ဖိုးသားရယ် နင်ခူးနေတာ ဒီနေ့ပြီးရောပြီးမှာလားဆိုရင် ကျနော့ဆီက ပြီးမှာပေါ့ဗျာ ခင်ဗျားတို့က စိတ်ကိုမရှည်ဘူးနဲ့ပြန်အော်မိတတ်တယ်။ ဟုတ်တယ်လေ ပန်းလေးတွေ နာသွားရင် သူတို့သိမှာလားဗျာ။ ပန်းလေးတွေမှ စကားမပြောတတ်တာ။

နောက်တစ်ယောက်ကတော့ ပန်းလာကောက်နေကြဖောက်သည်။ တောင်းကြီးထဲမှာ စနစ်တကျစီရီထည့်ပါဆိုမရ။ အရွက်တွေခံပါဆိုနားမထောင်။ ကျနော့အခင်းသာဆို သူ့ကိုမရောင်းဘူး တကယ်။ ပန်းတွေခမျာ ပြွတ်သိပ်ကြပ်နေတဲ့ တောင်းထဲမှာ။ အပေါ်ကနေ ပုဆိုးလေးရေဆွတ်အုပ်လိုက်ပြီးရင် နေပူထဲမှာအကြာကြီးမသွားနဲ့ဆိုလည်း လိုက်နာမှာမဟုတ်။

တစ်ခါတစ်ခါ ကျနော်က သူတို့ကိုပြောရင် သူတို့တွေက ရီကြတယ်။ ဖိုးသားရယ်နင်အဖြစ်သည်းလွန်းတယ်တဲ့။ ပန်းတွေကားပေါ်တင်ရင် နင်ကားစပယ်ယာနဲ့ စကားများဦးမှာတဲ့။ ငါတို့မှာ စပယ်ယာမျက်နှာ ကြည့်လိုက်နေရတာတဲ့။ မတော်လို့ ခရီးသည်တွေကတက်နင်းသွားရင် နင်တော့ ဒုက္ခတဲ့။

အင်းလေ အခုနေပြန်တွေးကြည့်တော့ ခဏနေ အချိန်ကျရင် ညှိုးမှာပဲကိုးနော်။ လိုက်ပူနေတော့ စိတ်ပင်ပန်းတာပေါ့။ ညှိုးသွားတဲ့ပန်းတွေကို ဘယ်သူက တယုတယ အမြဲသိမ်းထားနိုင်မှာလဲ။

အခုလည်း ဘုရားပန်းကပ်မယ်ဆိုပြီး ၀ယ်မိတဲ့ ပန်းသုံးပွင့်နောက်မှာ တွယ်ငြိနေတဲ့ စိတ်က အတောမသတ်။ အတိတ်ထိတောင် ပါတယ်ဆိုမှတော့။ သြော်…….ဘုရားပန်းနွမ်းလို့ စွန့်ပစ်တဲ့အချိန်ကိုရောက်လာတောင် နောက်ထပ်အသစ်တင်ရင်း နောက်ထပ် ခံစားချက်အသစ်တွေနဲ့ ဝေနေဦးမယ်ထင်ပါရဲ့….

15 October 2008

မနေ့က


မနေ့က
တောင်ရောက်လိုက်မြောက်ရောက်လိုက်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ
မီးပဲထွန်းရမလား
ဖယောင်းတိုင်ကမရှိ
မီးပုံးပျံလွှတ်ရမလား
မီးပုံးပျံကမရှိ
မီးကားဆွဲမယ့် လူတွေထိန်းမယ်ဆိုတော့
တူနှစ်ကောင်ကမရှိ
မီးပန်းလွှတ်မယ်ဆိုတော့လည်း
ဘယ်သူမှမရှိ
ပွဲဈေးသွားမလား
ပွဲဈေးတန်းကမရှိ
မိဘတွေကန်တော့မယ်ဆိုတော့လည်း
သူတို့တွေက အနားမှာမရှိ
ဆီမီးတစ်ထောင်ထွန်းမယ်ဆိုတော့လည်း
ဘုရားကမရှိ
ဘာမှမရှိမယ့် အတူတူ
သူများအလှူသွားပြီး
သီလယူပြီး
ဥပုသ်စောင့်လိုက်တယ်
ကဲအေးစေသတည်း.......

13 October 2008

နမ္ပဒါချောင်းနဲ့အတူ


ရစ်၍ခွေ၍စီးလေသည်။ အေးမြသည်။ ကြည်လင်သည်။ ဒီချောင်းရေသည် ဘေးကင်းသည်တဲ့။ တောင်ကျချောင်းမို့ ဒေါသမာန်ဟုန်ကြီးတတ်သည်လည်း ရှိသည်။ သို့သော် ဒေသခံတို့အာလုံးချစ်ကြသည် နမ္ပဒါချောင်းရေကြည်။

တပေါင်းလပြည့်နေ့တွင် ဘုရားပွဲစတင်ပါပြီ။ နှစ်ဆန်းတစ်ရက်နေ့အထိရှည်ကြာသော ပွဲတော်စပြီ။ သဘာဝဘေးအန္တရာယ် အမျိုးမျိုးသော ရန်စွယ်များမှ ကာကွယ်ထားသော သံကွန်ခြာတို့ပွင့်လေပြီ။ အထဲတွင်မတော့ ဘုရားခြေတော်ရာ အဆူရှိသည်။ ခြေတော်ရာခွက်တွင်ကျန်ခဲ့လေသော ရွှံ့ရေ များကို အားပါးတရ ယူငင်ပူဇော်ကြသည်။ အောက်စက်တော်ရာ ဖွင့်ပြီးလျှင် အထက်စက်တော်ရာ ဖြစ်မည်။ အောက်စက်တော်ရာ အောက်ခြေတွင်လည်း ချောင်းရေက ကွေ့ဝိုက်၍ ပူဇော်သည်။

အောက်စက်တော်ရာမှသည် ထိုးထားသော ၀ါးတံတားကိုကူးရမည်။ ထိုမှတစ်ဖန်မတ်လေသော စောင်းတန်းကို အားခဲ၍တက်ဖို့ပြင်။ သံတန်းတွေ ထိုးထားတာမို့ အားယူရန် အရှိန်ရပါသည်။ စောင်းတန်းတစ်လျှောက် လက်ဆောင်ဝယ်လိုက ၀ယ်နိုင်သည်။ စိတ်ပုတီးမှသည် ခေတ်ပေါ် လက်ကောက်မျိုးစုံရှိသည်။ အမှတ်တရဖြစ်ချင်စရာသည် ဗောစကိုင်းစိများကို အလှထိုးထားသော ပိုက်ဆံအိပ်ငယ်များဖြစ်သည်။ စောင်းတန်းတ၀က်ဆုံးပြန်တော့ ကျယ်လွင့်တဲ့ ဇရပ်နဲ့ ဘုရားတစ်ဆူကိုဖူးရမည်။ တကယ်တမ်းတော့ ကားနဲ့ဒီခရီးကို တက်၍ရသည်။ နောက်ထပ်အမော့မှာ အအေးဆိုင်လည်းရှိသည်။ အညာကလာဖွင့်သော ကရမက်ဆိုင်တွေရှိသည်။ မွှေးသည် အီသည်။ ၀ယ်မှဖြစ်မည်ဆိုသောသူများ ၀ယ်ကြသည်။

အားမာန်ဖြင့်ပြန်တက်သည်။ တစ်ထစ် နှစ်ထစ်ပြီးတော့ တစ်ချိုးနှစ်ချိုးရောက်ပါပြီ အထက်စက်တော်ရာဆီ။ ခြေတော်ရာပုံစံတူကို ဖူးအပြီး ခြေတော်ရာကို ငုံ၍တည်ထားသော ကိုးတောင်ပြည့်စေတီကို ဦးချသည်။ လေကလည်းတဖွဲဖွဲ နဲ့ ပင့်၍ပင့်၍တိုက်ပါသည်။ ရွှေစက္ကူတွေ လွှင့်နေသည်လေ။ အောက်ကိုငုံ့ကြည့်မိသည်။ လှပသော ချောင်းအဝှေ့အ၀ိုက်အတိုင်း တဲကျောင်းတွေက အစီအရီ ဆိုင်ခန်းတွေက တသီတတန်း။ ဟိုရွှေ့ဒီရွှေ့ ဆော့လေတဲ့ မျောက်တွေလည်း တွေ့ရတတ်သည်။ ပုပ္ပားနဲ့ဖိုးဝင်းတောင်က မျောက်တွေလိုမဆိုး။

အားပြည့်လာတော့ အရှေ့ဘက်ကိုလျှောက်မိပြန်ရော။ ညောင်ထောက်သူတွေ ၀ါးလုံးကိုစီကိုင်ထားပြန်ပြီ။ ဆိုင်ရှင်က ခဏနေတော့ ၀ါးလုံးတွေသိမ်းသွားရော။ အင်းတစ်ပတ်လည်နေတာပေါ့။ ဇီးကွက်ရုပ်ကလေး ခြေထောက်ကြားမှာလည်း ဘုရားတစ်ဆူရှိပြန်သည်။

လှေကားမြင်ပြန်တော့ တမော့ ထပ်တက်မိပြန်ရော။ ကျပ်တန်အုပ်လဲထားသမျှ ဒီလှေကားမဆုံးမချင်းထည့်မည်။ လှေကားဘေးတစ်ဖက်ကတော့ ဗေဒင်ခန်းတွေကြီး။ မေးချင်သူများ မေးချင်ရာမေးနိုင်သည်။ ပိုက်ဆံမတတ်နိုင်ပါက ကြွေဗေဒင်ပစ်နိုင်ပြန်သေးသည်။ သောက်ရေအိုးတွေကတော့ အတော်အေးပါသည်။ မုဆိုးဒူးထောက်ကြီးသည် လူအမျိုးမျိုးလဲသော်လည်း သူ့မော်ဒယ်အခန်းက မပြီးသေး။ အောက်ထပ်ကားရပ်နားစခန်းမှာလည်း ကျနော့ညီရှိပါသေးတယ်ဆိုလည်း မရ။

ဟိုးဘက်ကတောင်တွေကိုလည်း ငေးကြည့်နိုင်သေးသည်။ သို့သော်ခရီးတာရှည်နေပြီ။ ဒူးကိုမညှာပါက ညကျ ဒုက္ခလှလှတွေ့မည်။ တဖြည်းဖြည်းခြင်းပြန်ဆင်းရင်း ဈေးတန်းဖက် ဦးလှည့်ရပြန်သေးသည်။

မျှစ်ခြောက်တွေဈေးပေါသည်။ မြေဇာဥတစ်ပြည်လောက်တော့ ၀ယ်ရမည်။ မုံရွာစောင်တွေနဲ့ စတီးပစ္စည်းဆိုင်တွေ ရှိသေး။ ပခုက္ကူသနပ်ခါးသည်တွေလည်း တွေ့ရတတ်ပြန်သည်။ မကွေးက ကြေးထည်တွေလည်း လာရောင်းသည်။ ချင်းပစ္စည်းတွေလည်း ရနိုင်သလောက် သယ်ရမည်။ မေ့တော့မလို့ တစ်ခါ တစ်ခါ ရွှေသမင်တွေလည်း အလှပြထားတတ်သည်ကော။ သွားကြည့်ရဦးမည်။ ရန်ကုန်က လာဖွင့်သော ဆိုင်မှ ကြေးအိုးဆိုသော ထူးဆန်းသော အရာကိုလည်း မြည်းစမ်းရဦးမည်။

ချွေးစို့လာတော့ ချောင်းရေကို ပြန်စိမ်မိပြန်ရော။ အေးမြတဲ့ ရေအလျဉ်မှာ ငါးလေးတွေကို လိုက်ဖမ်းမိတတ်ပြန်သေးသည်။ ကျောက်စရစ်တွေမြင်ရတဲ့ အထိ ကြည်လင်နေတဲ့ရေဖြစ်သည်။ ဒီချောင်းရေသည် အထက်စက်တော်ရာအထိ တက်ခဲ့သည်ဆိုတာ ယုံနိုင်ဖွယ်ပင်မရှိ။ သို့သော် တကယ်ဖြစ်ခဲ့သည်က အမှန်။

ဝုန်းဝုန်းဆိုတဲ့ အသံတွေကြားသည်။ နောက်ထပ်ဧည့်သည်တွေ လာပြန်ပြီပေါ့။ မျောက်ကလေးတွေလိုဖြစ်နေတဲ့ သူတို့မျက်နှာသူတို့ကြည့်ရင်း ပြက်ရယ်ပြုနေကြသည်ပဲ။ ဖုန်တွေကလည်း ပေါ , ပေါနိုင်လွန်း။ ဒါပေမယ့် ချောင်းထဲဆင်းလိုက်တာနဲ့ အဲဒီပင်ပန်းမှုတွေ မေ့သွားရောလေ။

ညဖက်ဆိုရင်တော့ တိတ်ဆိတ်တဲ့ လှပတဲ့ညဖြစ်မည်။ လေတအေးအေးနဲ့ ၀ါးကပ်တဲတွေမှာတည်းရသည်လေ။ မနက်ဆွမ်းတော်ကပ်ဖို့ ဆွမ်းချက် အပ်ရမည်။ တဲကျောင်တွေနားမှာ တန်းစီဆွမ်းခံကြွမယ့် ကိုယ်တော်တွေကို မနက်ဆွမ်းလောင်းလှူမည်။ အောက်စက်တော်ရာမှာ ဆွမ်းတော်ကပ်မည်။

တစ်ရေးဆိုပြီးအိပ်လိုက်သည်။ စိတ်ကတော့ စီးနေတဲ့ နမ္ပဒါချောင်းနဲ့အတူ……………….

သေဆုံးခွင့်ပြုပါ


ပြစ်မှုတစ်ခု
ကျူးလွန်ဖူးလို့တော့
မဟုတ်ပါ

အမှောင်ငယ်က
ချောင်ကွယ်မှာ
နေတတ်တာက
ငါ့အကျင့်ပါ

အလင်းရှေ့ကို
တိုးဖို့အားယူရင်း
မ၀ံ့မရဲ
နောက်ဆုတ်ရတာက
အမြဲ

မချင့်ရဲချင့်ရဲ
စိတ်တွေနဲ့မို့
စိတ်မရှည်ခဲ့လို့ရှိရင်
နင်ဆဲနေကျစကားလိုပဲ

ငါ့ကိုအကြိမ်ကြိမ် သေဆုံးခွင့်ပြုပါ.....

တတိယအချီတောင်ကြီးဆီသို့

စောစောကပြောခဲ့ပါပကော နောက်တစ်ခေါက်သွားလည်း အိုကေပါဆို။ ပြန်လာတာမှ မကြာသေး။ ကျောင်းက ဒီနှစ်ခရီးစဉ်က တောင်ကြီးပါ။ အားလုံးက မလိုက်မနေရဆိုပြန်တော့ ကြက်တူရွေးကတော်တော် မယ်ဘော်ကခပ်ကဲကဲ၊ မပင့်ခင်က အရင်ကြွချင်တဲ့ ကိုယ့်အတွက် ဖိုးကျိုင်းတုတ်ပေါ့။

ဒီတစ်ခေါက်တော့ ကျနော်အရင်က သိပ်စီးချင်နေတဲ့ တိုးကား အပြာရောင်တွေနဲ့ပါ။ ကားနှစ်စီးထဲဖြစ်ပြီး သူငယ်ချင်းတွေ မဆုံခဲ့တာအမှတ်တရ။ ဆရာမတွေကားခွဲလိုက်ရတာမို့ ကျနော့ဆရာမက အသက်ကလည်းကြီးပြီ ကျနော့ကိုလည်း သူနဲ့လိုက်စေချင်၊ သူငယ်ချင်းတွေနဲ့ခွဲစီးရမှာမို့ သူ့မလဲအားနာ။ နောက်တော့ ဆရာမတို့ကားနဲ့ပဲလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ မမယု၊ မမဆုတို့နဲ့တော့ တစ်ကားတည်းပေါ့။

ကားစထွက်တော့ ကျနော်ပေးဖွင့်ခိုင်းလိုက်တာ Banquet။ မင်းသမီးသိပ်ကြိုက်လို့ပါ။ ကားက တစ်စင်းကိုတစ်စင်းစောင့်ရင်း တော်တော်နောက်ကျမှထွက်ဖြစ်တယ်။ နေ့လည်စာကို မင်္ဂလာဒုံက Million coin မှာ။ တိုးကားကြီးနှစ်စီးဆိုတော့ ဆိုင်တစ်ခုလုံးကို ပြည့်နှက်သွားတော့တာ။ မှာရင်းအော်ရင်း ရှုပ်ယှပ်ခက်နေတဲ့ နေ့လည်ခင်းတစ်ခုပေါ့။ စားပြီးသောက်ပြီး ကားပေါ်ပြန်တက်တော့ ကားပေါ်မှာ တောင်းဆိုမှုတွေက နှစ်ခုဖြစ်နေခဲ့ပြီ။ ဇာတ်ကားပြန်ကြည့်ချင်တဲ့လူနဲ့ သီချင်းနားထောင်ချင်တဲ့လူဆိုပြီး။ နောက်ဆုံးတော့ ဆရာနီကိုလာ စကားနဲ့ ဇာတ်ကားကိုပဲဆက်ကြည့်ဖြစ်တယ်။ ကျနော်က မင်းသားနဲ့မင်းသမီး ဓားသိုင်းဆော့တဲ့အခန်းကို အရမ်းကြိုက်တယ်လေ။

လမ်းမှာတော့ ကျနော်တို့အားလုံး သိပ်မသိကြသေးတာမို့ အားလုံး ငြိမ်သက်နေတာပေါ့။ ပဲခူးရောက်သည်အထိ မလှုပ်ကြသေး။ နောက်ခုံက အစ်မတစ်ယောက်ဆို တိုးဂိုက်မို့ ခရီးအပြန်နောက်တစ်ခေါက်လိုက်ပါလာတာ။ အိပ်ရေးပျက်လာပုံပါပဲ အိပ်လိုက်တာ တော်တော်နဲ့မနိုး။ လမ်းတစ်ဝက်ရောက်တော့ ကျနောတို့ စလှုပ်လာပါပြီ။ သီချင်းတွေလည်း ဆို။ နောက်တော့ မေးကြည့်ဖြေကြည့်ဆော့ဖြစ်ကြပါတယ်။ တော်တော်ကို ရီရတဲ့ ကစားနည်းတစ်ခုပါပဲ။ အစ်မလတ်တို့နဲ့ ရင်းနှီးခဲ့တာပေါ့။ သီချင်းအဆိုကောင်းလေတဲ့ မမေ၊ အပြောင်အနောက်မှာဘုရင် မစု၊ တစ်ချိန်လုံးအိပ်နေပြီး ဟာသတွေပြောတဲ့ မသန္တာ၊ ပုံပြင်တွေပြောပြတဲ့ ဆရာအောင်စံဖြိုး။ တစ်ကားလုံးကို ဆူညံနေတော့တာ။

ကားရဲ့ဟိုဘက်ခြမ်း ဒီဘက်ခြမ်းနှစ်ခြမ်းခွဲ မြို့နာမည်တွေ ရုပ်ရှင်နာမည်တွေ ဖွက်ကြတော့တာ။ နိုင်ချင်ဇောနဲ့ ပြလေတဲ့ ဟန်ပန်တွေ ဖော်မရလို့စိတ်ညစ်ညူးတဲ့ပုံတွေ တလွဲတွေ ဖော်လို့ တစ်ကားလုံး ၀ါးလုံးကွဲတဲ့အဖြစ်တွေပေါ့။ ကစားနည်းလည်း ပြီးရော နာမည်အသစ်တွေကို ရလို့ ဂွေးချို တို့ ဖာပွန်တို့ကိုဖြစ်ကရော။

ညစာကိုဘယ်မှာစားပါလိမ့်။ ကျနော်တို့ကားက နောက်ကျနေတာမို့ အတော်လေးဆာနေပြီ။ စားပြီးထွက်လာတော့ ကျနော့အစ်ကိုတွေက ထုံးစံအတိုင်းအသောက်ဇယားဆွဲနေလေရဲ့။ ဒီခရီးက ရန်ကုန်ကမို့ထင်ပါရဲ့ တော်တော်လေးကြာကြာမောင်းရတယ်။ ခရီးပန်းပြီးလမ်းမှာ မမူးစဖူးခေါင်းတွေမူးနေခဲ့တယ်။ သောက်ရတဲ့ဆေးတွေကြောင့်လည်းထင်ပါတယ်။ ခန္ဓာရှိတော့ ဝေဒနာကရှိမှာပါပဲ။ ဆရာဝန်ဖြစ်တဲ့ ဆရာအောင်စံဖြိုးကလည်း ဂရုစိုက်ရှာပါတယ်။ တစ်လမ်းလုံးအမ်းနေတဲ့ မျက်နှာနဲ့မို့ပါ။

အင်းထဲကို တိုက်ရိုက်ချီတက်ခဲ့တယ်။ ဒီတစ်ခါတော့ အင်းထဲက ချည်ဦးထုပ်လေးဆောင်းရင်းပေါ့။ မြူတွေသိပ်မကျတော့တာမို့ အင်းလေးက သိပ်လှနေပြန်ရော။ မရောက်ဖူးတဲ့သူငယ်ချင်းတွေက တစ်အားကိုသဘောကျပြီး တစ်ဖျတ်ဖျတ်ရိုက်နေတာ ဓါတ်ပုံက memory ဘယ်တော့ကုန်မယ်မသိ။ နေ့လည်စာကို အင်းထဲမှာစား ဆိုင်မှာလူကျတာမို့ စားပွဲလည်းကူထိုးပေးလိုက်သေးတယ်။ အမြတ်အဖြစ်က အရင်ရတဲ့စားပွဲတွေမှာ အရမ်းခင်တယ်ဆိုပြီး နည်းနည်းချင်းကပ်စားခဲ့တာ။ သတိတော့ထားသင့်တယ်နော်။

ဘုရားကနှစ်ဆူကိုဖူးအပြီး ဒီတစ်ခေါက်တိုးတာ ချည်ထည်ရက်လုပ်နေတဲ့ နေရာတွေ၊ ငွေထည်ဆိုင်တွေ တိုးလာတာပါပဲ။ လိုက်သာလျှောက်ကြည့်နေမိတာ ဘာတစ်ခုမှ မယ်မယ်ရရမ၀ယ်ဖြစ်ခဲ့ဖူး။

ဝယ်ဖြစ်ခဲ့တာက လိမ္မော်သီးသည်။ အရွယ်ကငယ်ငယ်။ ကျောင်းတက်လားဆိုတော့ လေးတန်းခင်ဗျတဲ့။ ငါးလုံးကို ဘယ်လောက်လဲဆိုတော့ ပေးချင်သလောက်သာပေးသွားပါခင်ဗျတဲ့။ ရော် ခက်ပြီကော။ နှစ်ရာတန်တစ်ရွက်ပေးပြီး ဆက်မေးနေမိတယ်။ ကျောင်းကောမှန်မှန်တက်ရဲ့လားလို့။






ဒီတစ်ခါတည်းဖြစ်တာက အေးသာယာမှာပါ။ အရင်အခေါက်တွေတုန်းက အခွင့်မကြုံလိုက်ရတဲ့ အေးသာယာပေါ့။ သိပ်လှတယ်လေ။ ကျနော်တို့သူငယ်ချင်းသုံးယောက်ကို တစ်ခန်းပေးပါတယ်။ သော့ရရခြင်းအပြေးအလွှား အခန်းရှာရပါသေးတယ်။ အခန်းရောက်ဖို့တော်တော်လျှောက်ရသေးတယ်။ မမယုတို့ မမဆုတို့ကတော့ တော်တော်လေးအဝေးမှာ တည်းရပါတယ်။ အဝေးကလူတွေကို ကားတွေနဲ့လိုက်ပို့ပေးတာတွေ့ရတယ်။



ရေချိုးပြီး ယောက်ဖုကိုဖုန်းခေါ်ဖြစ်တယ်။ သူနဲ့က မင်္ဂလာဆောင်မှာပဲတွေ့ဖြစ်ခဲ့တာလေ။ ရိုးသားတဲ့ကျနော့ယောက်ဖုက သူ့ရုံးက ဗန်ကားလေးနဲ့ ဧည့်ကြိုရှေ့မှာလာစောင့်နေရှာတယ်။ ညစာစားဖို့ သူ့ကို အပြေးအလွှားနှုတ်ဆက်ပြီး Dinning Room ထဲမှာနေရာယူမိတယ်။ တန်းစီနေတဲ့ လူတွေကို ဓါတ်ပုံလိုက်ရိုက်ဖြစ်တာမို့ အားလုံးက အော်ဟစ်နေတော့တာ။ ကိုယ်တိုင်လည်းတန်းစီရတော့ လူတန်းကြီးကရှည်လိုက်တာ။ အကြိုက်ဆုံးက စတော်ဗယ်ရီနဲ့ နွားနို့နဲ့ ချထားတာကိုပါ။ သုံးခွက်လောက်သောက်ဖြစ်ခဲ့တယ်။ အရက်ပုလင်းဖွင့်ပြန်တဲ့ တို့အစ်ကိုကြီးတော့ ဒီတစ်ခါ ရေခဲတုံးကို ဒေါ်လာနှစ်ဆယ်လား တစ်ဆယ်လားပေးပြီးသောက်ခဲ့ရတယ်။ ပြန်လာတဲ့အထိ တစ်ဖျစ်တောက်တောက်နဲ့။ စောင့်နေတဲ့ ယောက်ဖုကို အားနာနာနဲ့ပြန်လွှတ်လိုက်ရတယ် တောင်ပေါ်မတက်ဖြစ်တော့ဘူးပေါ့။

တစ်ချို့က Crispy ဆော့မယ်ဆိုပြီးလူစုနေပေမယ့် ခရီးပန်းနေတဲ့ ကျနော်တော့ အေးသာယာရဲ့ ညကို ၀ယ်လာတဲ့ အာလူးကြော်တစ်ထုပ်နဲ့ ၀ိုင်နဲ့ တစ်ကိုယ်တော်ဖြတ်ကျော်မိတော့တယ်။ သူငယ်ချင်းတွေ ပြန်လာတော့ အိပ်နေမိပြီလားမသိ။ အရှေ့က ထိုင်ခုံမှာသူတို့တွေ စကားပြောနေကြတယ်ထင်ပါရဲ့။ အေးလိုက်တာနော်။



နောက်တစ်နေ့မနက်စုရပ်မှာ အားလုံးစုံပြီးဓါတ်ပုံရိုက်ကြတယ်။ တန်းခွဲအလိုက်ဆိုပေမယ့် ပြောင်နောက်နေတာမို့ ဆရာမတွေလည်း မနိုင်တော့ပါဘူး။ တစ်ခါတည်း ဟိုတယ်က Check out လုပ်ပြီး ကက္ကူကိုသွားဖြစ်တယ်။ ပအို့အမျိုးသားနေ့လည်းဖြစ်ပြန် ဘုရားပွဲလည်းဖြစ်ပြန်ဆိုတော့ တစ်လမ်းလုံးကို စည်ကားနေတော့တာ။ ပါလာတဲ့ နိုင်ငံခြားသားနှစ်ယောက်အတွက် ပအို့တိုးဂိုက်နှစ်ယောက်ခေါ်ရမယ်တဲ့။ စောင့် တစောင့်နဲ့စောင့်လိုက်ရတာ တစ်နာရီကျော်လောက်ကြာထင်ပ။








ကက္ကူကိုရောက်တော့ အားလုံးပျော်သွားကြတယ်။ ဘုရားပွဲဈေးတန်းက အတော်စည်နေပြီလေ။ ဓါတ်ပုံတွေအသီးသီးရိုက် ဘုရားတွေ အလီလီ ဖူးပြီး ပွဲဈေးတန်းဖက်လျှောက်ဖြစ်တယ်။ ပအို့ဝတ်စုံတွေ့တာမို့ တိုက်ပုံတစ်ထည်မေးကြည့်တော့ သုံးသောင်းဆိုပါလား။ ခဏ၀တ်ကြည့်မယ်ပြောပြီး ဓါတ်ပုံအမှတ်တရရိုက်မိတယ်။ ဆိုင်က တဘက်ပါပေါင်းခိုင်းနေတယ် နင်ရှမ်းနဲ့တူတယ်ဆိုပဲ။

ကက္ကူကပြန်ထွက်လာတော့ လမ်းမှာ ဗြောင်တောင်တောင်ပေပေကျိချကြတယ်။ ပင်းတယသွားချင်တယ် မသွားချင်ဘူးဖြစ်နေတာမို့။ ပင်းတယကလည်း ဘုရားပွဲရှိတယ်လေ။ ပိုက်ဆံထပ်တိုးပေးပြီး ပင်းတယကို သွားဖြစ်ခဲ့တယ်။ တကယ်တမ်းမသွားသင့်ဘူးဆိုတာ နောက်မှသိလိုက်တာ။ တစ်လမ်းလုံးကားတွေကို တန်းစီနေတာကိုး။

တောင်ကြီးမှာ နေ့လည်စာစားရင်း ဈေးအမြန်ဝယ်ရတယ်။ ထုံးစံအတိုင်း စတော်ဗယ်ရီတစ်ခြင်းနဲ့ ခေါပုပ်ပေါ့။ အဲဒီကခေါပုပ်က ပိုမွှေးတာကိုနော့။

ပင်းတယမှာရတဲ့ အချိန်က သိပ်ကိုနည်းတယ်။ ကားပေါ်ကဆင်းပွဲဈေးတန်းထဲခဏလျှောက်ခဲ့တာပါ။ ဘုရားက တံခါးပိတ်သွားခဲ့ပြီလေ။ မြင်းလှည်းနဲ့ ဓါတ်ပုံရိုက်ချင်တဲ့ မမယုရဲ့ ဒုက္ခကလည်းမသေး။ အစကတော့ သဘောကောင်းမလိုလိုနဲ့ ရိုက်ပြီးတော့မှ ပိုက်ဆံတောင်းလေတယ်။ ရိုးသားတယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဘယ်လိုလုပ်ပေးရပါ့။

ပင်းတယကနေ အပြန် ကလောက မြင်းမထိဂူကိုတစ်ခေါက်။ ကျနော့အထင်ရေစက်များပါသလားပဲနော်။ မြင်းမထိဂူအရှေ့က ဆိုင်လေးမှာ ရှမ်းခေါက်ဆွဲနဲ့တို့ဗူးကြော်ကို ရေနွေးပူပူလေးနဲ့ပေါ့။

ကလောကနေ တောက်လျှောက် ပြန်ဆင်းလာခဲ့တာပါပဲ။ လမ်းတစ်လျှောက် ဘယ်လောက်ကဲခဲ့မယ်ဆိုတာတော့ ပြောမနေတော့ပါဘူး။ အားလုံးပျော်ရွှင်ခဲ့ကြတယ်ဆိုတာတော့ သေချာပါတယ်။

တော်တော်များက အလုပ်ကိုယ်စီနဲ့လေ။ ဘ၀အမော အလုပ်ခွင်ထဲက အမောတွေကို ခဏမေ့ပြီး မြို့ပြနဲ့ဝေးတဲ့ ဟောဒီအပန်းဖြေခရီးကို လိုက်ခဲ့ကြတာ။ မေ့မေ့ပျောက်ပျောက်ပျော်ပျော်ရွှင်ရွှင် ဆိုတော့ ဒီခရီးအောင်မြင်တာပေါ့။ နောက်တစ်ခေါက်ဆိုတာတော့ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ မသေချာတော့။

ရေးစေချင်တဲ့အကြောင်းလေးတွေ ရေးပေးလိုက်ပါပြီ ကိုရုပ်ဆိုးနဲ့ Petite ရေ။ လိုအပ်တာတွေရှိရင် ထပ်ဖြည့်ပေးကြပါလို့….

မျက်ဝန်းညို


ပုံမှန်ပါပဲ။ အညိုရောင်အနားသတ်တွေနဲ့ အနက်ရောင်လေးတွေနဲ့ မျက်သားအဖြူရောင်နဲ့ပါပဲ။ မျက်ဆံတွေကတော့ ခပ်ညိုညို။ ဒါပေမယ့် အဲဒီမျက်ဝန်းညိုတွေကို ကျနော်ချစ်တယ်။

မိုးလေသာတဲ့တစ်နေ့မှာ Supermarket တစ်ခုကို ဈေးဝယ်ထွက်ခဲ့မိတယ်။ မသွားမဖြစ်တဲ့ကောင်တာတွေက စာအုပ်စင်နဲ့ သီချင်းခွေတွေရှိတဲ့နေရာတွေပေါ့။ အခုဒီလထွက်တဲ့ သီချင်းခွေနားမှ ခပ်ကြာကြာရပ်နေမိတယ်။

တဖျပ်ဖျပ်နဲ့ အခွေတွေလဲသွားတာ တွေ့လိုက်တယ်။ ဟိုဘက်အခြမ်းကပဲ။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အသံနောက်ကိုခြေရာခံမိတော့ မျက်နှာချင်းဆိုင်က မျက်ဝန်းညိုကို တွေ့ခဲ့သည်ပေါ့။ ကြောက်ရွှံ့ခြင်းမဟုတ်ပဲ ကြံရာမရ ဖြစ်နေတဲ့ မျက်ဝန်းရယ်လေ။ အတန်းချိန်နီးပြီမို့ အပြေးအလွှားပြန်ထွက်လာပေမယ့် ဒီမျက်ဝန်းက ညှို့ခဲ့သည်ပါ။ လှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ မျက်ဝန်းလို့များ ရေရွတ်ခဲ့မိလေသလား။

မြင်ဖူးတာပေါ့ သွားရင်းလာရင်း မျက်ဝန်းမျိုးစုံကို။ ကလေးငယ်ငယ်လေးကနေ ဘကြီးဘဒွေး ဘွားလေး ကြီးဒေါ်တွေအထိ။ ဒါပေမယ့် ဘယ်မျက်ဝန်းကိုမှ ကျနော်မစွဲလမ်းဖူးလေ။ ဖျတ်ခနဲ့ အတွေ့မှာ တစ်သက်မမေ့နိုင်တော့တဲ့ မျက်ဝန်းအစုံဖြစ်ရအောင်ထိပါ။

သတိထားမိမလားပဲ။ လူတွေအားလုံးရဲ့စိတ်ခံစားမှုကို အဲဒီမျက်ဝန်းတွေက တစ်ဆင့်မြင်ရသတဲ့။ အရယ်အပြုံးအရာအားလုံးကို အဲဒီမျက်ဝန်းက စတင်တယ်ဆိုပဲ။ အပြစ်လုပ်ထားတဲ့ မျက်ဝန်းရဲ့ မရိုးသားမှုကိုလည်း ထင်ဟပ်ပေါ်လွင်စေတယ်။ စိတ်တိုတဲ့မျက်ဝန်း၊ စိတ်ဓါတ်ကျနေတဲ့ မျက်ဝန်း၊ အပျော်တွေနဲ့မျက်ဝန်း၊ ချစ်ရည်ရွှန်းတဲ့ မျက်ဝန်း… အိုးများပြားလိုက်တဲ့ မျက်ဝန်းတွေကြားထဲမှာ ကျနော်စွဲလမ်းမိသွားတာက အဲဒီနေ့က မျက်ဝန်းညိုတစ်ခုတည်းကိုပါ။

ကျနော်တွေ့လိုက်ရတဲ့အခိုက်အတန့်မှာ မျက်ဝန်းပိုင်ရှင်ရဲ့ စိတ်ကကြည်လင်ရှင်းသန့်နေမယ်ထင်တယ်။ လောဘဒေါသမောဟ ဆိုတဲ့ အရာတွေကင်းစင်နေတဲ့ အကြည်ဓါတ်ကြောင့် ကျနော်ညွှတ်နူးသွားတာဖြစ်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီမျက်ဝန်းညိုကို ကျနော်နောက်ထပ်မတွေ့ရတော့လို့ပါ။

ဘာပဲဖြစ်ဖြစ် အဲဒီအပြစ်ကင်းတဲ့ မျက်ဝန်းညိုကို ကျနော်ချစ်မိသွားတာ ယနေ့ထက်ထိ……

12 October 2008

အချစ်ဆိုသည်မှာ ကျနော့အတွက်တော့ ၀ါးဆစ်ထဲကရေ


မတန်ခူးက မှတ်မှတ်ရရ Tag ပါတယ်။ Tag game ကို စသိတုန်းကတော့ တော်တော်လေးတုန်လှုပ်ရပါတယ်။ ရေးဖို့မ၀ံ့မရဲဖြစ်ရတယ်။ Tag တဲ့လူတွေကို လေးစားခင်မင်စိတ်နဲ့ အမြဲရေးပေးပါတယ်။ ဒါပေမယ့် မ၀ံ့မရဲတော့ ဖြစ်ဆဲ…

အချစ်ဆိုတဲ့ အကြောင်းအရာနဲ့ပါတ်သတ်လို့ နှစ်ပုဒ်မှတ်မှတ်ရရရေးဖူးပါတယ်။ ပထမအပုဒ်က အချစ် = သစ်ပင် ???? နဲ့ ဒုတိယက အချစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ “အဘိုးကလည်း အဖွားကို ချစ်တယ်ပြောမှာပဲ အဖေကလည်း အမေ့ကို ချစ်တယ် ပြောတာပဲ ကိုယ်ကလည်းမင်းကို ……..” ဆိုတဲ့ ဦးသုမောင်သီချင်းကို ပြေးဆိုချင်မိတယ်။ အချစ်ဆိုတဲ့ စကားက တဆိတ်လေးနက်လွန်းနေတယ်။ တိမ်မယောင်နဲ့နက် လွယ်မယောင်နဲ့ ခက်ဟန်တူပါတယ်။

ချစ်ခဲ့ဖူးသလား ချစ်တတ်ဖူးသလား ဘယ်မေးခွန်းကိုမှ ကျနော်မဖြေဆိုနိုင်တာ ၀မ်းနည်းစရာအကောင်းသား။ မိဘနဲ့ ခွဲရမှာစိုးလို့ ၅နှစ်သားလောက်မှာ ထိုင်ငိုခဲ့ဖူးတယ်။ ၀န်ထမ်းလောက မှာမို့ ခဏခဏခွဲရတတ်တဲ့ သူငယ်ချင်းတွေအတွက် ငိုခဲ့ဖူးတယ်။ ခင်တတ်မင်တတ်လို့ ပြီးတော့ စိတ်ကို အဆုံးစွန်ထိလွှတ်ပေးတတ်လွန်းလို့ နာကြင်ခဲ့ပေါင်းများလှပါပြီ။

ဘာဖြစ်လို့ နှလုံးသားရဲ့ အရိပ်ကို မမြင်အောင်မသိမ်းခဲ့မိပါလိမ့်။ သူများဖတ်လွယ်မြင်လွယ်တဲ့ စိတ်နှလုံးသားနဲ့ဒီမျက်နှာကို ပိုင်ဆိုင်ရတာ ရိုးသားမှုတစ်ခုလို့ ဆိုသင့်ပါသလား။ အပြစ်တစ်ခုကျူးလွန်မိတိုင်း တခြားမကြည့်နဲ့ မျက်နှာကိုသာစိုက်ကြည့်လိုက် ထိန်းမရသိမ်းမရဖြစ်နေတတ်တယ်။ ယောက်ယပ်ခပ်နေတတ်တာ ကိုယ့်ကိုကိုယ်တောင်မုန်းမိတယ်။ ဒါတောင် ကျနော့ကိုနားမလည်တဲ့ ပုစ္ဆာတစ်ပုဒ် လျှို့ဝှက် အခန်းတစ်ခုအဖြစ် ယူဆတတ်တဲ့လူတွေရှိပြန်ပါသေးတယ်။

မကြာမတင်မှာ ၂၉နှစ်ပြည့်တော့မယ် လူတစ်ယောက်မှာ အချစ်မရှိဘူးလို့ဆိုရင်တော့ တော်တော်လည်း ဖြေရကြပ်ပါလိမ့်မယ်။ ဘ၀အတွက်ပြင်ဆင်ရင်း နောက်ကျသွားပြီဆိုရင်တော့ ဆင်ခြင်ပေးလွယ်လိုက်တာဖြစ်နေအုံးမယ်။ အချစ်တုန်းက ကျနော်မရေးဘဲထားလိုက်တဲ့ အကြောင်းလေးတွေ ထပ်ဖြည့်ပေးလိုက်ပါတယ်။

ကိုယ်ချစ်…………..ကိုယ်ကချစ်ရတယ်။ ဂရုစိုက်မိတယ်။ စိတ်ပူရတယ်။ သူကမသိချင်ယောင်ဆောင်နေရင် တစ်ယောက်တည်း ရင်ထဲမှာ ငိုရှိုက်နာကျင်ရတယ်။ အရိပ်လိုကြည့်ရင်း ရင်ခုန်စွာနှစ်သက်နေမိတတ်ပြန်ပါသေးတယ်။ ကိုယ်အနားမှာ သူရှိပေမယ့် သူ့စိတ်က တစ်ခြား ကမ္ဘာမှာဆိုရင်တော့ ကြွေပွဲ။

သူချစ်………………သူကကိုယ့်ကိုချစ်တယ်။ ဂရုစိုက်တယ်။ အနားမှာစောင့်ရှောက်တယ်။ သူဘာလုပ်လုပ် အကောင်းမြင်တယ်။ ကိုယ့်အတွက် မကြည့်ပဲ ဂရုစိုက်လွန်းတာကြောင့် အချစ်ခံရသူမှာ အနေကြပ်အောင်ဖြစ်ရပါတယ်။ ချစ်တတ်လွန်းတယ်ဆိုပါတော့။

ကိုယ်ချစ်သူချစ်…….တကယ့်ကို လိုက်ဖက်ညီမယ်ထင်ပါတယ်။ အတူသွားအတူစားအတူနေ အေးအတူပူအမျှ။ တစ်ယောက်ကိုတစ်ယောက်ကို နားလည်မှုအပြည့်နဲ့ လင်တစ်ထမ်းမယ်တစ်ရွက်စိတ်ဓာတ်ရှိကြသူတွေပေါ့။

အချစ်နဲ့ပတ်သတ်လို့ ကျနော်သိထားတဲ့ ဗဟုသုတလေးနဲ့လည်းယှဉ်ပြချင်ပါသေးတယ်။ ရေရှားတဲ့ ရေခဲတောင်ပေါ်တက်ဖူးတဲ့ အစ်မတစ်ယောက်က ပြောပြဖူးတယ်။ သူတို့တောင်ပေါ်တက်တော့ သောက်ရေပြတ်တဲ့အချိန်။ ၀ါးပင်ကိုခုတ် ၀ါးဆစ်ထဲမှာ ရောက်နေတတ်တဲ့ မိုးရေတွေကို သောက်ရတယ်။ ရေငတ်နေလေတော့ တရှိန်ထိုးမော့တော့တာပါတဲ့။ ၀ါးဆစ်ကကောင်းတယ်ဆိုရင်တော့ ရေက အေးမြပြီးနေသာထိုင်သာ ရှိတော့တာပါပဲ။ အကယ်၍ ၀ါးဆစ်ကပုပ်နေရင်တော့ တရှိန်ထိုးမော့လိုက်တာမို့ ဗိုက်ထဲကလည်း ရောက်နေပြီ အော်ဂလီဆန်စရာလည်းဖြစ်တာမို့ ပြန်အန်ထုတ်ဖို့လည်း မလွယ်။ ကြိတ်မှိတ်မျိုချရတော့တာပါပဲတဲ့။

ကျနော့အတွက် အချစ်ဆိုတာ ၀ါးဆစ်ထဲကရေလိုပါပဲ။ ရင်ဘတ်ထဲရောက်မှ မထွေးနိုင်မအန်နိုင် ဖြစ်တတ်လွန်းလို့ပါဗျာ…………………

TAG Game သဘောကပြန် TAG ရပါသတဲ့ ဒီတစ်ခါတော့ ကျနော်ပြန် TAG ချင်တဲ့လူတွေကို TAG လိုက်ပါတယ်။ မိတ်ဆွေဆိုတာ ဆိုးတူကောင်းဘက်ရယ်လို့ အဆိုရှိလေတော့ အဆင်ပြေရင်ရေးပေးကြပါဗျာ။

၁။ ကိုရုပ်ဆိုး
၂။ ကိုလင်းဒီပ
၃။ မရွှေပြည်သူ
၎။ မပန်းချစ်သူ

ဒုတိယမြောက် တောင်ကြီးဆီသို့


ဒီတစ်ခေါက်က အပျော်မဟုတ်သလို အလုပ်ကနေသွားခဲ့ရတဲ့ ခရီးတစ်ခု။ ဒါပေမယ့် ၂၀၀၆ ခုရဲ့ နှစ်အကုန် ၂၀၀၇နှစ်အသစ်ကို တောင်ကြီးမှာကြိုခဲ့တာပေါ့။

အလုပ်ကနေ မန္တလေးနဲ့ တောင်ကြီး စတိုတွေကို ပစ္စည်းစစ်ဆေးဖို့တာဝန်ပေးလိုက်တယ်။ ဌာနအလိုက် သုံးယောက်ရွေးလွှတ်လိုက်တာပါ။ ရုံးက ယာလည်းညက်စေ ထွန်လည်းမောစေဆိုပြီး သောကြာနေ့မှရန်ကုန်ကခွာ တနင်္လာနေ့ရုံးပြန်အတက်ဆိုပြီး လွှတ်လိုက်တာပါ။

ပြည်တွင်းလေယာဉ်ခရီးစဉ် အဖြစ် Air Mandalay နဲ့စတင်ကြုံရတာပါ။ ညောင်ဦးမှာ လေယာဉ်ဆင်းတော့ ကိုယ်လည်းလိုက်ဆင်းချင်လိုက်တာ။ ပုဂံမြေကိုလည်း ကျနော်ချစ်တာကိုး။ မန္တလေး တံတားဦးကို သိပ်မကြာဖူးရောက်ပါတယ်။ တံတားဦးကနေ မန္တလေး ကိုတော်တော်သွားရသေးတာပါကလား။ မန္တလေး လေဆိပ်ကြီးကိုလေ့လာချိန်မရပါဘူး။ မန္တလေး မှာ ဒီနေ့ညလုပ်စရာရှိတာလုပ် တစ်ညအိပ် မနက်ဟဲဟိုးကိုပြန်တက်ရမယ်လေ။

မန္တလေး စတိုကိုတန်းသွားပါတယ်။ စတိုဌာနကလူတွေလည်း ရုံးပိတ်ရက်ပေမယ့် ကျနော်တို့ကို စောင့်နေရရှာတယ်။ စစ်စရာရှိတာတွေစစ်ရင်း မရောက်ဖူးတဲ့ မန္တလေးရုံးကို တစ်ခေါက်တော့ လှည့်ကြည့်မိခဲ့သေးတယ်။ အားလုံးလက်စသိမ်းတော့ တော်တော်လေးမှောင်နေခဲ့ပြီ။ ကူညီညာဝိုင်းကြတဲ့လူတွေကို ညစာကျွေးအပြီး ဟိုတယ်ကို ရောက်တော့ မိုးချုပ်နေခဲ့ပေမယ့် မရပ်နိုင်ကြသေးပါဘူး။ မန္တလေးက ဆိုင်တစ်ဆိုင်ကို အော့ဒစ်ဝင်ရင်း ညစာစားခဲ့ကြတယ်။ နောက်တော့ မန္တလေးအိမ်ကို သတိရတာမို့ ဆိုက်ကားဆရာတစ်ယောက်ကို မေးတော့ သူလိုက်ပို့ပေးမယ်တဲ့။ အတူလာတဲ့ လူတွေကို ပြေးပြေးပြောပြော လုပ်ပြီး မန္တလာဆောင်းကို အန်တုပြီး ဆိုက်ကားတစ်စီးနဲ့ ၃၆လမ်းအိမ်ကို သွားဖြစ်ခဲ့တယ်။ မောင်နှမတွေ မတွေ့တာကြာပြီမို့ အိပ်နေတဲ့လူတွေအားလုံးတန်းစီးနိုးခဲ့ရတာ။ နောက်တစ်ခေါက် ပြန်ဆုံဖို့ဆိုတာ ဘယ်တော့လဲမှ မသိနိုင်တာ။ ဟိုတယ်ကို ပြန်ရောက်တော့ ၁၂နာရီထိုးနေခဲ့ပြီ။ ကျောချလိုက်ရုံပဲရှိသေး မောနင်းကောကခေါ်နေပြီ။ ဘုရားကြီးကိုလည်း ဖူးခဲ့ချင်တယ်လေ။ ဘုရားကြီးကို ဦးချရင်း မျက်နှာတော်သစ်နေတာနဲ့လွှဲသွားပါလားလို့ သတိထားမိလိုက်တယ်။ နောက်တော့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်တယ်။ လမ်းဖြတ်သွားတဲ့ လူတစ်ယောက်ကို အကူအညီတောင်းကာမှ တော်တော်ရီစရာကောင်းတဲ့ အဖြစ်ဖြစ်ခဲ့သေးတယ်။ သူက ဗေဒင်ဆရာပါတဲ့ ပထမဆုံး ၃ယောက်ကို အလကားဟောပေးပါတယ်တဲ့။ လက်ဆွဲပြီးခေါ်သွားတာမို့ တစ်ယောက်နဲ့တစ်ယောက် မျက်ရိပ်ပြရင်းလိုက်ခဲ့ကြတယ်။ ပထမဆုံးကတော့ ကျနော်ပေါ့။ ဟောရှာပါတယ်။ အဟောခံနေတဲ့ လူရဲ့ စိတ်မရှည်မှု မယုံကြည်မှုတွေကို မြင်ဟန်တူပါတယ်။ နောက်တော့ ကျန်တဲ့ လူကြီးနှစ်ယောက်။ သူတို့နှစ်ယောက်ကိုတော့ ဘာဖြစ်မယ် ညာဖြစ်မယ် နဲ့ ယတြာချေဖို့ ၅ထောင်ဆီလောက် တောင်းထားလိုက်တယ်လေ။ အဲလိုမျိုး။ သိပ်မများဖူးဆိုပြီး ပေးပစ်ခဲ့တဲ့ သူတို့ကို အငယ်ဖြစ်တဲ့ကိုယ့်မှာ ဆူရအခက် တားရအခက်။ ဓါတ်ပုံရိုက်ရင် သတိထားကြပေါ့ဗျာ။

တံတားဦးလေဆိပ်ကို အခုမှပြန်လေ့လာမိတယ်။ တော်တော်လေးကြီးကျယ်ပါပေတယ်။ အဲဒီတုန်းက ရန်ကုန်လေဆိပ်သစ်ကြီး မဖွင့်သေးဘူးလေ။ ကော်ဖီဆိုင်ရဲ့နာမည်ကိုက ကမ္ဘာကျော် နာမည်ဆိုပါလား။ မနက်စာကို လေဆိပ်က ရောင်းတဲ့ ခေါက်ဆွဲဗူးနဲ့ပေါ့။ ဆွမ်းခံရင်းငှက်သင့်တာက ကိုစန်းထွဋ်။ ဒီနှစ်ပွဲမှာသူ့ကို တင်ဆက်သူအဖြစ်ငှားချင်တာမို့ လေဆိပ်မှာပဲ စကားပြောရင်းဖုံးနံပါတ်တောင်းခဲ့တယ်။ Dreamboard က ကိုမောင်မောင်အေးပါပါလေရဲ့။ အဆင်သင့်တာတော့ အဲလို လိုက်ရှာစရာမလိုခဲ့ဖူး။ ဒီတစ်ခါတော့ Air Bagan နဲ့ဗျ။ ဟဲဟိုးကို ဆင်းဖို့တော်တော်ခက်ပါတယ်။ မြူတွေဆိုင်း နှင်းတွေဝိုင်းနေတာမို့ မဟုတ်ရင် မန္တလေးပြန်ရောက်တတ်ပါတယ်။ ကံကောင်းတော့ ဆင်းလို့ရသွားပါတယ်။ ဟဲဟိုးလေဆိပ်ဆိုလို့ အကြီးကြီးမထင်လိုက်ပါနဲ့။ နယ်မြို့က ဘူတာရုံသာသာပါ။ နိုင်ငံခြားသားတွေ တော်တော်များပါတယ်။ ဆောင်းတွင်းမို့ထင်ပါရဲ့။ အင်းလေးကို ဆင်းမယ် ပြီးရင်တောင်ကြီးတက်မယ်ဆိုပြီး ကားငှားလိုက်ပါတယ်။ ညောင်ရွှေမှရောက်မယ်မကြံသေး တယ်လီဖုန်းကလိုက်လာပါပြီ။ နောက်လထဲမှာ ကျနော်တို့ကုမ္ပဏီက တစ်နိုင်ငံလုံးက ၀န်ထမ်းတွေအတွက် နှစ်ပတ်လည် ညစာစားပွဲရှိပါတယ်။ အဲဒီပွဲအတွက် ကျနော်စီစဉ်ပေးရမှာက ၀န်ထမ်းတွေနဲ့ အကဖျော်ဖြေမှုပါ။ အခု လူစာရင်းလှမ်းတောင်းတာတဲ့။ ကဲ အဲလောက်ထိ။ ဘယ်သူမှမကရင် ကျနော် ချိုမိုင်မိုင်တက်က ပေးမယ်ပြောလိုက်မှ ဖုံးချသွားတော့တယ်။ အင်းထဲကိုလည်း နောက်တစ်ခေါက်ရောက်ခဲ့ပြန်ပေါ့။ မစိမ်းလေတဲ့ အင်းလေးက အရင်လိုသာယာစွာဆီးကြိုပြန်တယ်။ ဒီတစ်ခေါက်တော့ ပတ်ဝန်းကျင်ကို မမြင်ရအောင် မြူတွေဆိုင်းနေခဲ့တာ။ အင်းထဲမှာပဲ နေ့လည်စာစားဖြစ်တယ်။ ပြီးမှဖူးနေကျဘုရားနှစ်ဆူကိုဖူးပြီး ပြန်လှည့်ခဲ့ရတယ်။

တောင်ကြီးကို ရောက်တော့ ၂နာရီလောက်ရှိပါပြီ။ တောင်ကြီးရုံးက တောင်ကြီးဟိုတယ်မှာစီစဉ်ထားတာမို့ ဟိုတယ်ပြန်ရေမိုးချိုးပြီး အမြန်ပြန်ထွက်ခဲ့ရတယ်။ အနွေးထည်နှစ်ထပ်တော့ဝတ်ခဲ့တာပဲ။ ရုံးမှာလုပ်စရာတွေ အားလုံးပြီးတော့ မိုးချုပ်နေပြီ။ ညစာကို နီးတဲ့ဆိုင်မှာစားလိုက်တယ်။ ရုံးကမှာလိုက်တဲ့ ပစ္စည်းပစ္စယတွေလည်းဝယ်ဖြစ်တယ်။ ကလေးတစ်ယောက်က သူ့အမေအတွက် ဆွယ်တာဆိုလို့ ခေါင်းခြောက်အောင်ရှာခဲ့ရသေးတယ်။ ပြီးတော့ တောင်ကြီးက ဆိုင်တစ်ဆိုင်ကို အောဒစ်ဝင်ရပြန်ရော။ အဲဒီဆိုင်က တောင်ပေါ်မှာ ဆိုင်သစ်ဖွင့်ထားတာနဲ့ တောင်ပေါ်ဆိုင်ကို သွားခဲ့ကြရပြန်တယ်။ ဆိုင်မှာ အဆိုနဲ့ဖျော်ဖြေကြပါတယ်။ အင်္ဂလိပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တာမို့ မချီးကျူးပဲမနေနိုင်။ နှစ်သစ်ကူးကို အဲဒီဆိုင်မှာပဲကြိုခဲ့ရတာ။ အရိုးကွဲအောင်ချမ်းတယ်ဆိုတာ အဲဒီမှာထင်တာပဲ။ ဂျင်းဘောင်းဘီ ကိုတိုးလာတဲ့လေက သိပ်အေးလွန်းတယ်။ အအေးကြောက်တဲ့ကိုယ့်အတွက် ခေါင်းဆောင်းတွေ အနွေးထည်တွေပါပေမယ့် မလုံဖူးထင်နေမိတယ်။ ဟိုတယ်ရောက်မှပဲ နွေးနိုင်တော့တယ်။ ဟိုတယ်မှာ မေစပယ်ညိုတို့ကို တွေ့သေးတယ်။ အေးသာယာမှာပွဲလာလုပ်တာပါ။ ကျနော်တို့တော့ မနွှဲနိုင်တော့ပြီပေါ့။

ဟိုတယ်ကို မနက်၆နာရီထိုး ကားခေါ်ခိုင်းထားတယ်။ ဟဲဟိုးကိုပြန်ဆင်းရမယ်လေ။ လေယာဉ်က ကိုးနာရီထင်ပါရဲ့။ မပွင့်တပွင့်မနက်ခင်းမှာ ဈေးကိုဝင် စတော်ဘယ်ရီ ခြင်းပက်ပက်ကို ဖက်နဲ့ထုပ်လို့ ၀ယ်ခဲ့သေးတယ်။ လေဆိပ်ကိုရောက်တော့ ထုံးစံအတိုင်းစောင့်ပေါ့။ လေယာဉ်လိုင်းသိပ်အများကြီးမရှိလို့သာ။ ရင်ဘတ်မှာကပ်ထားတဲ့ စတစ်ကာကိုကြည့်ပြီး ကိုယ့်ဧည့်သည်ကိုခေါ် ပြီးတော့ အော်လံလေးနဲ့ အော် အင်းဧည့်သွားဧည့်လာများတဲ့ ဒီလေဆိပ်ကို တိုးတက်အောင်လုပ်သင့်တယ်ထင်မိတယ်။ ဧည့်လမ်းညွှန်တွေကိုလည်းတွေ့မိတယ်။ လေယာဉ်တွေနောက်ကျမှာမို့ သူတို့လည်း ရောက်ယက်ခပ်နေပါတယ်။

နောက်ဆုံးဆိုက်တာက Air Bagan ပါ။ နှစ်သစ်ပါလို့ကြိုရင်း စာအုပ်လေးတစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဆီလက်ဆောင်ပေးပါတယ်။ ဒီလေယာဉ်က နည်းနည်းကြီးတာမို့ အလာထက်စာရင်လူနည်းနည်းသက်သာတယ်ထင်ရတယ်။ ပုဂံကို ပြန်ဝင်ပြီး မကြာခင်မှာ ရန်ကုန်ကိုရောက်ပါတယ်။

ဒီတစ်ခေါက်က အပန်းဖြေခရီးမဟုတ်ပဲ တာဝန်တွေနဲ့ဆိုတော့ မွန်းကြပ်မိတယ်။ ဒါပေမယ့် သက်တောင့်သက်သာသွားခဲ့ရတဲ့ ခရီးတစ်ခုတော့ဖြစ်ခဲ့ပါတယ်။ ပင်ပန်းတယ်ဆိုပေမယ့်လည်း နောက်တစ်ခေါက်သွားမလားမေးရင်တော့ အိုကေ………….

10 October 2008

တောင်ကြီး (၃)

အင်းထဲမဆင်းခင် ညောင်ရွှေက အန်တီချိုတို့ဆီအလည်သွားဖြစ်တယ်။ ကျိုင်းတုံမှာ မိသားစုတ၀က်လောက်ရောက်နေကြတာလေ။ အမေရိကားက အမျိုးတွေလာပြီး အလှူလုပ်မှာမို့ တောင်ကြီးကို ဈေးဝယ်ထွက်ကြတာ အိမ်လုံးကျွတ်။ တအိမ်လုံးကို ဘယ်သူမှမရှိတော့။ အညာက ဧည့်သည်တွေလာသွားတယ်ပြောပြီး နောက်တစ်အိမ်ပြောင်းကြပြန်ရော။ ပညာရေးမှူးအပျိုကြီးတွေ အိမ်ဆိုပဲ။ ကြွေမုန့်ကင်နေတာနဲ့ အတော်ပဲဖြစ်သွားတယ်။ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ ခရမ်းချဉ်သီးတွေကို ကြွေမုန့်နဲ့ တို့စား၊ အသားပက်လို့ ကွဲအက်နေတဲ့ ပါးနှစ်ဖက်နဲ့မို့ နင်တော့ အင်းသားဖြစ်နေပြီလို့စနေတဲ့ ဒေါ်လေးနီကို သတိရမိတယ်။ အင်းသူလေးတစ်ယောက်လောက် ကောက်ခဲ့ရအကောင်းသားနော်။


စီစဉ်ထားတဲ့ စက်လှေနဲ့ အင်းထဲကိုထွက်ခဲ့ကြတယ်။ သိပ်ကိုလှတဲ့ ကုန်းတွင်းကန်တစ်ခုပါပဲ။ တွင်းတောင်ကိုမရောက်ဖူးပေမယ့် အင်းလေးလှတယ်ဆိုတာ တကယ်ရောက်တော့ ပိုသေချာသွားပြီ။ ဇင်ယော်တွေအစာကျွေးရင်း ကိုယ်တိုင်လည်းခိုးစားနေမိတယ်။ လက်မြှောက်ပစ်ရတာ ကြာတော့ညောင်းတာကိုးဗျ။ လှေဦးမှာမတ်တပ်ရပ်ပြီး ကောင်းကင်ပြာနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ခဲ့သေးတယ်။


ရောက်ပါပြီ ဖောင်တော်ဦးစေတီ။ ရွှေသင်္ကန်းတွေ အပြေးအလွှား လာရောင်းကြပြန်ရော။ အပေါ်က ဂေါပကဆီက ရွှေနဲ့ သူတို့ရွှေဘာကွာတယ်တော့မသိ။ ညီလေးအားပေးအုံးနော်ဆိုတဲ့ အသံတွေကြားမှာ တကယ်ကိုဘာလုပ်ရမှန်းမသိတော့။ သနားတဲ့စိတ်ရယ် အကျင့်မပါအောင်လုပ်ရမယ်ဆိုတဲ့ စိတ်တွေကြားမှာ ဒွိဟဖြစ်နေခဲ့တာပါ။

အရင်ကမျက်နှာတော် ဘယ်လိုရှိလေတယ် မသိရတော့အောင် ရွှေတုံးကြီးတွေဖြစ်နေတဲ့ ဘုရားငါးဆူကို ဖူးရပါတယ်။ မန္တလေးက ဘုရားကြီးလို မျက်နှာကို ရွှေချခြင်းကန့်သတ်ခဲ့ရင်ကောင်းမယ်လို့စဉ်းစားမိတယ်။ တန်ခိုးကြီးတဲ့ ဘုရားငါးဆူပါ။ ဘုရားလှည့်တဲ့အချိန်ရောက်လို့ ဘုရားငါးဆူလုံးများပင့်မိခဲ့ရင် တစ်ဆူက ရေထဲမှာ ပြုတ်ကျပြီး မူလကျောင်းဆောင်ပေါ်ပြန်ရောက်ရောက်နေတတ်တယ်တဲ့။ အကယ်၍ ဧည့်ဘုရားဖူးများ မူလကျောင်းဆောင်လာရောက်ဖူးမျှော်ရင် မဖူးရမရှိလေအောင် ပြန်လည်ကြွချီတာလို့ ဘုရားအံ့ချီးဖွယ်အဖြစ် ဒေသခံတွေက ပြောကြတယ်။



ဖောင်တော်ဦးပြီးတော့ ပေါ်တော်မူ ရန်အောင်မြင်ဘက်ကို လှည့်ဖြစ်တယ်။ တကယ့်ကိုပုဂံက ဘုရားတွေ အတိုင်းပဲ။ ဒီဘုရားရဲ့ထူးခြားချက်က နားတောင်းကအရှင်နဲ့။ နားတောင်းအစစ်ကို သိမ်းဆည်းထားတယ်လို့ပြောပါတယ်။ ပဲခူးငလျင်ဒဏ်ကြောင့် ကွယ်သွားရာကနေ အိပ်မက်ပေးပြီး ပြန်ပေါ်လာတယ်လို့ပြောပါတယ်။ ရေပေါ်ဈေးကို မရောက်ဖြစ်ပင်မယ့် ဒီဘုရားဝန်းကျင်မှာ အသီးအနှံတွေလာရောင်းတဲ့ လှေတွေဝိုင်းနေတာမို့ ရေပေါ်ဈေးလေးလိုပါပဲ။


ကျွန်းမြောတွေပေါ်က အသီးအနှံတွေစိုက်ထားတာ အောင်မြင်မယ်ထင်ပါတယ်။ အပြင်မှာမမြင်ဖူးတဲ့ လက်နဲ့မလှော်ခြေနဲ့လှော်တဲ့ အင်းသားတို့ရဲ့ရိုးရာကိုလည်း လေ့လာခဲ့မိပြန်တယ်။ ကျနော်သာဆို လှေပေါ်ကနေ အခေါက်တရာလောက်ပြုတ်ကျတောင် လှော်တတ်မယ်မထင်ဘူး။ အင်းလေးမှာရွာတဲ့ မိုးဆိုတဲ့ ဇာတ်ကားကိုပြန်လွမ်းနေမိလိုက်တာ ရေတွေစင်မှ သတိရမိတယ် မကြာခင်ညောင်ရွှေပြန်ရောက်တော့မယ်။

ညောင်ရွှေကနေ တောင်ကြီးကို ပြန်တက်တော့ နေခဲ့ချင်မိတယ်။ အင်းလေးက သိပ်ဆွဲဆောင်ထားတာပါလား။ နောက်တခေါက် နောက်တခေါက်နဲ့ အခေါက်ပေါင်းများစွာ လာလည်ချင်တဲ့အထိပါ။

တောင်ကြီးကိုရောက်တော့ မှောင်စပြုနေပြီ။ ဒီနေ့တော့ မောခမ်းကို မှီလိုက်တယ်။ လူ ၈ယောက်စားတာကို ၄၀၀၀ လောက်ပဲကျတာမို့ အားလုံးအံ့အားသင့်နေကြတာ။ လိုက်လာတဲ့ ဖေ့တပည့်ကျော်တွေက မုန့်ဟင်းခါ ၂ပိဿာလောက်ကို တစ်ထိုင်တည်းစားနိုင်ကြတာဆိုတော့ သူတို့ စားအားကိုစဉ်းစားကြည့်ပေါ့ဗျာ။

ဧည့်ဂေဟာပြန်ရောက်တော့ အခန်းရှေ့မှာ ငုတ်တုတ်ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ အမှောင်ထဲမှာမို့ မသဲကွဲဘူးဖြစ်နေတာ။ နောက်တော့ ကျနော့ဆီလျှောက်လာတယ်။ ကျနော့နာမည်ကိုခေါ်တော့ သေချာသွားပြီ ဒါကျနော့ ကလေးဘ၀တုန်းက သူငယ်ချင်း စိုးမိုး။ ၆တန်းလောက်ကတည်းက ကွဲသွားကြတာ။ ပိန်သွားတယ်သူငယ်ချင်း။ ညောင်ရွှေမှာ အသံကြားလို့ တောင်ကြီးထိတက်လာတဲ့ သူငယ်ချင်း တသက်တာ ပြန်မတွေ့တော့ဘူးထင်ထားတာ တခေါက်တော့ တွေ့ဖြစ်ကြသေးတယ်ကွာ။

လူကြီးတွေပင်ပန်းလို့နားပြီဆိုတော့ ကျနော်နဲ့စိုးမိုးက ဆိုင်ကယ်တစ်စင်းနဲ့ မီးပုံပျံပွဲဆီကိုပါ။ ဘောလုံးကွင်းထဲမှာလွင့်လွင့်ကျယ်ကျယ် ပျော်ဖို့လည်း ကောင်းသလို စိုးထိတ်စရာလည်းကောင်းပါတယ်။ ညမီးကျည်တွေက မတော်ရင်အန္တရာယ်ဖြစ်စေနိုင်တယ်။ မီးလောင်သွားလေတဲ့ ညမီးကျည်ကြောင့် ဂျူးရဲ့ ညမီးကျည် ၀တ္ထုကို သတိရမိပြန်ရော။ အင်းတကယ်ငိုကြတာပါ။ အားထည့်ပြီးလုပ်ထားကြတာဆိုတော့လေ။ တကယ်အောင်မြင်သွားပြီဆိုရင်လည်း အရမ်းကို တက်ကြွပျော်ရွှင်စရာကောင်းပါတယ်။ အားလုံးစိတ်လွတ်ကိုယ်လွတ် ပျော်ကြရတာ။ နတ်သမီးကို ဘာဖြစ်မယ်မီးပုံးပျံဆိုလား အော်ကြသေးတယ်။ အိမ်ကမိုးမချုပ်စေနဲ့လို့မှာလိုက်တာမို့ ၁၂နာရီမထိုးခင်မှာ ပြန်ပို့ပေးကြတယ်။ တကယ်တန်းတော့ မပြန်ချင်သေးဘူး။ စိတ်ကူးကောင်းတဲ့လူတွေရဲ့ မိုးပေါ်ကျမှ နောက်ထပ်မီးပုံးလေးတွေ အောက်ကို ပွင့်ထွက်ကျလာတာမျိုးတွေ အထိ တီထွင်ဥာဏ်ကောင်းကြပါပေတယ်။ သူ့ထက်သူလူစွမ်းကောင်းတွေရဲ့ တစ်လုံးပြီးတစ်လုံးအတက်ကို ဖြစ်နိုင်ရင်မိုးလင်းပေါက် ကြည့်လိုက်ချင်တယ်။ ဒါပေမယ့် အချိန်တန်ရင် အိမ်ပြန်ရတယ်မဟုတ်လား။ ခရီးက ဆက်ရဦးမယ်လေနော့။

နောက်နေ့အထိ တောင်ကြီးဈေးက မဖွင့်သေးဘူး။ ရက်ရှည်ပိတ်ထားတာကိုး။ ဘေးနားပတ်ပတ်လည်က ဆိုင်တွေမှာပဲ လိုတာတွေဝယ်ပြီး တောင်ကြီးကို ခွာခဲ့တယ်။ သိပ်ကြိုက်တဲ့လိမ္မော်သီးကိုတော့ တစ်ခြင်းပါအောင်ဝယ်ခဲ့တယ်။ ဈေးဝယ်တဲ့ခြင်းတောင်းသေးသေးလေး မဟုတ်ပါဘူး။ ခါးတ၀က်လောက် ခြင်းတောင်းရယ်ပါ။


တောင်ကြီးကနေဈေးဝယ်ပြီး ပြန်ဆင်းသာဆင်းခဲ့ရတယ်။ စိတ်က မီးပုံပျံတွေကို မပြတ်သေးဘူး။ အောင်ပန်းဈေးနေ့ကြုံလို့ တခါတခေါက် ၀င်နွှဲဖြစ်သေးတယ်။ အသွားတုန်းက နှုတ်ဆက်ထားခဲ့တဲ့ ကလောကို ပြန်တောင်းပန်ရသေးတယ်။ နှစ်တွေကြာပေမယ့် မပျက်စီးသေးတဲ့ နှီးဘုရားရဲ့ အံ့သြဖွယ်ကိုလည်း ဖူးခဲ့ပါသေးတယ်။ နောက်တော့ မြင်းမထိဂူ။ သာသနာပြုနေတဲ့ ဘကြီးကို တွေ့ရတာ ကျက်သရေရှိလိုက်တာ။ အေးချမ်းနေတဲ့ သူ့မျက်နှာရိပ်က သိပ်နှစ်လိုဖွယ်ကောင်းတာပါပဲ။ ဓါတ်မီးလေး ထိုးရင်းအသေအချာလိုက်ရှင်းပြနေလေရဲ့။ အကြိုက်ဆုံးနေရာကတော့ မောင်းတွေ တီးလို့ရတဲ့ ကျောက်ခက်ဆွဲတွေလေ။ သူ့ဟာနဲ့သူကို ဟုတ်လို့။ အသံစုံသားဗျ။ သဘာဝတရားပဲလား ဆန်းကြယ်သားနော်။ သေချာလိုက်ပြပေးတဲ့ အဘကို အမေက ငွေကန်တော့ ရင်း တစ်မိသားစုလုံး ၀ိုင်းကန်တော့ကြတော့ ပေးလိုက်တဲ့ဆုတွေ မနည်းမနော။ နေ့လည်စာထမင်းကိုတော့ ကလောက သုမောင်ထမင်းဆိုင်မှာပါ။

ကလောကပြန်လာအပြီးမှာတော့ တလမ်းလုံး မလှုပ်နိုင်ကြတော့။ ညစာထမင်းစားအပြီးမှာ ကားအပြင်းမောင်းရင်း ပြန်လာကြတယ်။ အိမ်ပြန်ရောက်တော့ ည ၁၂နာရီထိုးနေခဲ့ပြီ။ ဖေက မနက်ဆိုရုံးပြန်တက်ရမယ်။ သားအမိနှစ်ယောက်တော့ လိမ္မော်သီးဝေခြမ်းရေးလုပ်တုန်း။ တွက်ရေးက စက်သူဌေး တွက်ကြည့်တော့ စက်မရှိဆိုသလို အိမ်အတွက်သိပ်မကျန်တော့ဘူးလေ။

လူကသာအိမ်ရောက်နေတာ တစ်အိမ်လုံးက နောက်တစ်လလောက်ထိ တောင်ကြီးမှာ ကျန်နေတုန်း။ တောင်ကြီးကဘယ်လို ကလောက ဘယ်ပုံ ပင်းတယက ဘယ်သို့ဆိုပြီးလေ……

တောင်ကြီး ပထမခရီးစဉ် အပြီး….

09 October 2008

တောင်ကြီး (၂)

ပင်းတယကနေ မေက သူ့ရဲ့ ၀ါသနာသစ်ခွတွေ ၀ယ်ဖြစ်အောင်ဝယ်ခဲ့သေးတယ်။ အခုဆို အိမ်က သရက်ပင်မှာ ပွင့်နေလောက်ရောပေါ့။ မနက်စာစားရင် ရန်ကုန်ကညီလေးတို့ နဲ့ အမှတ်မထင်ဆုံကြတယ်။ အန်တီခင်အေးတို့မိသားစုတွေ ပျော်ပျော်ပါး ဘုရားဖူးထွက်လာတာတဲ့။ အရင်တုန်းက ကျနော်ထိန်းခဲ့ရတဲ့ နိုနိုတို့ ဇိုဇိုတို့တောင် အရွယ်ရောက်နေပြီပဲ။ အင်းလေကိုယ်တိုင်တောင် ငယ်တော့တာမှမဟုတ်တာနော်။

ပင်းတယကပြန်ဆင်းလာပြီး တောင်ကြီးကို တက်ခဲ့ကြတယ်။ ဒီနေ့မီးပုံပျံပွဲစမယ်လေ။ ညက မမြင်ရလေတဲ့ ရှုခင်းကို မနက်အပြန်ခရီးမှာ ငေးရတော့တာပဲ။ ဟိုနေရာလေး ဓါတ်ပုံရိုက်မယ် ဒီနေရာလေးဓါတ်ပုံရိုက်မယ်နဲ့ ရှုခင်းတွေလှလေသမျှ ကားပေါ်မှာ ဂျီကျမိတော့တာ။ တောင်ကြီးကို ရောက်တော့ ၃နာရီထိုးပြီထင်ပါရဲ့။ ဦးသင်းတို့ အမတွေဆီကိုပဲတိုက်ရိုက်သွားမိတယ်။ လူအလာများတဲ့ ရက်မို့ ဟိုတယ်က သုံးယောက်စာပဲ စီစဉ်ပေးနိုင်တယ်တဲ့။ အတူတူလာလူ ရှစ်ယောက်မို့ အားလုံးတည်းဖို့ အဲဒီဗိုလ်ချုပ်လမ်းပေါ်က စိုက်ပျိုးရေးရုံး ဧည့်ဂေဟာမှာပဲ တည်းဖို့ဆုံးဖြတ်လိုက်တယ်။ တောင်ကြီးအိမ်မှာ ဘွားပုရောက်နေတာမို့ ကျနော်တို့ သားအမိတွေပျော်လိုက်ကြတာ။ ဟိုမှာ ဘွားပုလာလည်တုန်းက ဟင်းပေါင်း မုန်ညင်းစော ကင်ပေါင်းကြော်တို့ဆိုတာ နေ့စဉ်ရက်ဆက် စားရင်းဘွားပုလက်ရာ ရှမ်းစာက စွဲနေမိခဲ့ပြီ။

အဲဒီညနေမှာပဲ နာမည်ကျော်တဲ့ ကက္ကူကိုသွားဖြစ်ခဲ့တယ်။ အရင်တုန်းကလို အညိုရောင်နယ်မြေမဟုတ်တော့တာမို့ သွားရေးလာရေးအဆင်ပြေနေခဲ့တာ။ လမ်းတစ်လျှောက်ကရွာတွေကို ကြည့်ရင်း ဆရာမြသန်းတင့်ရဲ့ ကမ္ဘောဇအကြောင်းရေးထားတဲ့ စာအုပ်လေးကို သတိရမိတယ်။




ကက္ကူကိုရောက်တော့ နေစောင်းနေပြီ။ ဘုရားပွဲမှာ ရှမ်းအငြိမ့်တွေ ဇာတ်တွေကဖို့ ပြင်ဆင်နေကြပြီ။ သစ်ပင်ဝိုင်းကြီတွေအောက်မှာ ရွာနီးချုပ်စပ်က ဘုရားပွဲတက်စတိုင်က ကျနော်တို့ အညာအတိုင်းပဲနော်။ ဘွားပုပွဲခင်းထဲဈေးဝယ်နေတုန်း ကင်မရာတစ်လုံးနဲ့ ကျနော်ကတော့ ထုံးစံအတိုင်း ငြမ်းစင်ထားတဲ့ စင်ပေါ်ကို တက်နေမိပြီ။ အနောက်ဘက်ချောင်းကလေးကလည်း လွမ်းစရာတော့ အကောင်းသား။ ငါးရယ် ခဲတံချောင်းရယ်ဝယ်လာပြီး မနက်ဖြန်ငါးထမင်းနယ်ကျွေးမယ်တဲ့ အိုးပျော်စရာကောင်းလိုက်တာ။

အဲဒီညက အပြန်မောခမ်းမှာထမင်းသွားစားမယ်ဆိုပြီး အားကြိုးမာန်တက်ချီတက်ခဲ့တယ်။ အ၀င်မှာပဲ စားပွဲထိုးလေးတွေက ကုန်ပြီတဲ့ ပြန်တော့တဲ့။ အရိုးခံတိုင်းရင်းသားတွေရဲ့ အရှိကိုအရှိတိုင်းပြောလိုက်တာ ဆာနေတဲ့ ဗိုက်တောင်မေ့သွားစေတယ်လေ။ လမ်းမထက်မှာတော့ မီးပုံးတွေနဲ့ အလှပြနေကြပြီ။ ကားနဲ့မဟုတ်ဘူးနော် လူတန်းကြီးက တန်းစီရွှေ့လျားနေတာ။ အားလုံးက စူဠာမဏိကို ဦးတည်နေကြတာထင်ပါရဲ့။









ကားဆက်မသွားနိုင်တာနဲ့ ကားကိုရပ်ပြီး လမ်းဆင်းလျှောက်ကြတယ်။ ဘုရားရောက်ဖို့တော်တော်လိုသေးတယ်။ အင်း လောင်းကစားဝိုင်းတွေက အများသား။ အမျိုးသာတွေတင်မက အမျိုးသမီးတစ်ချို့တောင်ပါသေးတယ်။ ဘုရားထိရောက်ဖို့ တော်တော်လျှောက်ရပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေရယ် မြို့ခံတွေရယ် ဘုရားရင်ပြင်တော်ပေါ်မှာ အပြည့်။ ဘုရားတန်ခိုးကြောင့်ထင်ပါရဲ့ ပြွတ်သိပ်နေတဲ့ မွန်းကြပ်မှုကို မခံစားလိုက်ရဘူး။ ဘုရားရှိခိုးပြီး ပြန်ထွက်လာတော့ မှည်းနက်တဲ့ ကောင်းကင်ယံမှာ အလှတွေဆင်နေကြပြီ။ ခဏတစ်ဖြုတ်ဆိုပြီး ငေးနေလိုက်ကြတာ အအေးဒဏ်ခံရတော့မှ အိမ်ပြန်ဖို့သတိရကြတော့တာ။ ဒါတောင်လမ်းတ၀က်မှာ ကားရပ်ပြီးကြည့်နေမိတဲ့အထိ နောက်ဆံကတင်းနေခဲ့တယ်။ ပင်ပန်းမှုအပြည့်နဲ့ အိပ်ပျော်သွားခဲ့တဲ့ ညတစ်ညပေါ့။

မနက်မိုးလင်းတော့ ရေချိုးဖို့ကြိုးစားရတယ်။ မချိုးဖြစ်တာ နှစ်ရက်ရှိပြီလေ။ မနက်စာစားအပြီးမှာတော့ အင်းထဲဆင်းဖို့ပြင်ကြရတယ်။ ကျောက်မဲက ဧည့်သည်တွေနဲ့ ကားနှစ်စီးပြိုင်ထွက်ခဲ့ကြတာ။ အင်းထဲမှာ စက်လှေမကျန်တော့တာမို့ ညောင်ရွှေက အမျိုးတွေကို စီစဉ်ခိုင်းလိုက်ရတယ်။ အင်းလေးကို ရောက်ရဦးမှာပေါ့……..

08 October 2008

တောင်ကြီး (၁)


“ သူ့အတွက်အလွမ်းပြေ ပန်းတွေတစ်ပွင့်ဆီ ခြွေကာမြေမှာ စုထားရရင်ကွယ် ခုများဆို စကားဥပမာပြောလို့နှိုင်းတယ် မောတို့တိုင်းရဲ့ရှမ်းတောင်တန်းသဖွယ် ဖြစ်နေမယ်ထင်တယ်” ဆိုတဲ့ သီချင်းလေးကြားတိုင်း အဲဒီမရောက်ဖူးလေတဲ့ အလွမ်းတောင်တန်းတွေဆီကို သွားချင်နေမိတယ်။ တခါတခေါက် အရောက်သွားချင်စိတ်က တစ်ဘ၀လုံးစာကို ကြီးစိုးနေတော့တာ။ ငယ်တုန်းကတော့ မေက လူရည်ချွန်ဆိုတဲ့ စကားလုံးနဲ့ ဖြားယောင်းဖူးတယ်။ ညီလင်းညိုတို့ အမာညိုတို့ လိုပေါ့ အင်းလေးတို့ ငပလီတို့ကို လူရည်ချွန်ဆိုတဲ့ အိပ်မက်နဲ့ မက်ခဲ့ကြသလိုပေါ့။ တစ်မျိုးတော့ တစ်မျိုးပဲနော် သမ၀ါယမမှာ ပစ္စည်းထုတ်သလိုမျိုး ဒီတစ်မျိုးယူမှ နောက်တစ်မျိုးပေးမယ်ဆိုတာမျိုးလေဗျာ။

ကျောင်းသင်ခန်းစာတွေ အားလုံးပြီးတဲ့နေ့မှာ အိမ်ကိုခဏအပြန်။ နဂိုတည်းက ရောဂါပေါတဲ့ မေ့မှာ နောက်ထပ်အသစ်နှစ်မျိုးရှိနေပြန်ပြီတဲ့။ ဆရာဝန်က စိတ်ပြေလက်ပျောက် ခရီးထွက်ဖို့ပြောတော့ အဲဒီတောင်ကြီးဆိုတဲ့အရပ်ကို ဦးတည်ခဲ့ကြတယ်။ အားလုံးစီစဉ်ပြီးတဲ့နောက်မှာတော့ ခရီးတစ်ခုစဖြစ်ခဲ့တယ်။ ကမ်းတစ်ဖက်အကူးမှ သတိရတာက ဦးတိကျဖေရယ် သူ့မှတ်ပုံတင်မပါလာခဲ့ဖူး။ ကားလိုင်စင်တော့ ပါတာမို့ ပြန်မလှည့်တော့ပဲ မကွေးဖက်မှာပဲ မနက်စာစားဖြစ်ခဲ့တယ်။ တရွေ့ရွေ့မောင်းလာလေတဲ့ ကားနဲ့ ကျောက်ပန်းတောင်းက ဖိုးပြုံးချိုမှာပဲ ထမင်းစားမယ်ထင်ခဲ့တာ တကယ်တော့ လဘက်ပြားရောက်မှာစားဖြစ်တော့တယ်။ ငါးသေတ္တောကို ခရမ်းချဉ်သီးနဲ့ ကြက်သွန်နိုင်နိုင်သုပ်လေတဲ့ ဒီဟင်းအမည်က အသစ်ဖြစ်စေခဲ့တယ်။ ကြက်သားကြော်မှာ နာမည်ကျော်တဲ့ အရပ်မို့ မ၀ယ်မဖြစ်ကြက်သားကြော်လည်းပါတာပေါ့။ ၀ယ်လာတဲ့ ကြက်သားကျော်ကို တစ်လမ်းလုံးစားသွားလိုက်တာ ပါးကိုညောင်းယူရော။ ဘယ်လောက်ဝယ်ခဲ့လဲဆိုတော့ အသည်နှစ်သည်ကို အားနာတာနဲ့ နှစ်ဗန်းထဲရယ်ပါ။ 

အမှတ်မထင် ကားသမား အစ်ကိုကြီးနဲ့ လဘက်ပြားသူလေးရဲ့ဇာတ်လမ်းလေး ကိုလည်း ကြုံခဲ့ရသေးတယ်။ ခရီးသွားလာရင်းအကြုံကြိုက်ပေမယ့် တစွဲတလမ်းရှိတဲ့ အစ်ကိုကြီး အိမ်က သဘောမတူတာမို့ နှစ်ယောက်သားဝေးနေလိုက်ကြတာ။ ကိုသက်အောင်ခမျာ ဆုံးသာသွားရော ပေါင်းမသွားရဖူးထင်ပါရဲ့။ အချစ်စစ်တို့သည်လည်း ဆုံနိုင်ခွင့် ကြုံခဲတတ်ဘိခြင်း။

သာစည်နည်းနည်းကျော်တော့ မြင်ကွင်းတွေက ပြောင်းစပြုလာပြီ။ လမ်းကတော့ ကျဉ်းသေးတယ်။ ဖုံထူတဲ့ အညာမြေနဲ့ မောမြေတံခါးဝက စတင်ကွာခြားစပြုလာပြီ။ လမ်းဘေးတစ်ဖက်တစ်ချက်ကလည်း ကုက္ကိုပင်ကြီးတွေထင်ပါရဲ့။ တစ်ချို့ဆို လက်နှစ်ဖက်စာတောင် မလောက်နိုင်တော့လောက်အောင် ကြီးမားနေပြီ။ ဒါပေမယ့်ရာသီဥတုကတော့ ပူနွေးဆဲ။

တရစ်ပြီးတစ်ရစ် တက်လာပြီးတဲ့နောက်မှာ ရေဖြူလား ၀က်ဖြူလားမမှတ်မိတော့ပါ။ တောင်တွေပေါ်ကို တက်လာနေပြီဆိုတာ သတိထားမိတယ်။ လိမ္မော်သီးကင်းတွေမြင်တော့ ငေးလိုက်ကြတာ။ ကလောကို မကြာခင်ဝင်တော့မယ်။ မြေနီတွေ မြင်နေရပြီ။ ကောင်းကင်ကလည်း ပြာလိုက်တာနော်။ မြို့အ၀င်မှာတော့ ထုံးစံအတိုင်း အညောင်းပြေအညာပြေ လမ်းဆင်းလျှောက်ရပါသေးတယ်။ ကလောမြို့လေးလှပင်မယ့် နေရစ်ဦးပေါ့။

ကလောပြီးတော့ အောင်ပန်းထင်ပါရဲ့။ မှတ်ဥာဏ်တွေလည်း ချို့တဲ့နေခဲ့ပြီ။ အောင်ပန်းမှာ ကားခဏရပ်တော့ ပြေးလာလိုက်တဲ့ လိမ္မော်သီးသည်တွေ မနည်းပါလား။ ကျောင်းသားအရွယ် လိမ္မော်သီးသည်လည်းတွေ့ပါရဲ့ ကျောင်းမှတက်ရဲ့လားမသိ။

အောင်ပန်းကအထွက်မှာ ပင်းတယကိုသွားဖို့ ရှမ်းပျိုနှစ်ယောက်က အကူတောင်းတာမို့ နောက်ခန်းမှာခေါ်တင်ရင်း သူတို့ရဲ့ ဘ၀ကို မေးနေမိတယ်။ ပင်းတယမရောက်ခင် ရွာကြီးတစ်ရွာကပါ။ အခုလည်းကုန်သွားသွင်းပြီးပြန်လာတာတဲ့။ ထုံထုံနဲ့မောင်းနေတဲ့ ထော်လာဂျီတွေမစီးဖူးလားဆိုတော့ ရီပြီးဖြေတယ် နှေးလို့မစီးချင်ဘူးတဲ့။ မြေပြန့်မှာအလုပ်ရှိရင် ခေါ်ပါဆိုလို့ရီခဲ့ကြသေးတယ်။ အခုဒီမှာတစ်နေ့ ငါးဆယ်ပဲရတာ တနေကုန်အောင်လုပ်ရတာဆိုမှ အရယ်မျက်နာတွေ ငိုမဲ့မဲ့ဖြစ်ခဲ့ရတယ်။ ဟုတ်မယ် ရှမ်းမတွေဆိုပေမယ့် မဖြူကြရှာပါဘူး။ အပြန်ကြ၀င်ပါရှင့် ဂေါ်ဖီတွေတင်တဲ့ကား ကိုမြင်ရင် ဝေးလို့သာ အော်လိုက် လာခေါ်မယ်ရှင့်တဲ့။ တရှင့်ရှင့်ပြောတတ်တဲ့ ရှမ်းပြည်ရဲ့ စကားသံကနားထဲကို စိမ့်ဝင်လွယ်တယ်နော်။

ပင်းတယရောက်တော့ အမှောင်လုနေပြီ။ ထမင်းဆိုင်တွေ အားလုံးပိတ်နေပြီ။ ကြံလိုက်တစ်ဆိုင်တော့ မီးမပိတ်သေးတာမို့ အပြေးအလွှား သွားစားရတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေကြောင့်လား ရှမ်းပြည်မှာ ထမင်းစားရတာ မြိန်လိုက်တာ။ ထမင်းစားပြီးရင် ကုံလုံကို ချီတက်ခဲ့ကြတယ်။ လမ်းတစ်လျှောက် တောင်းနေတဲ့ ကလေးတွေက ပစ်ချသူတွေကြောင့်လား အကျင့်တွေပါကုန်ကြပြီထင်ပါရဲ့။ ချိုချဉ်တွေ ကလွဲရင် ပိုက်ဆံပစ်မချချင်ခဲ့တဲ့ ကျနော့စိတ်က အဆန်းသား။

ကျောင်းရောက်တော့ မိုးချုပ်နေပြီ။ တခြားဘယ်မှာမှ မရှိတဲ့ ဧည့်စာရင်းကိုတိုင်ရင်း မနက်စာ အာရုံဆွမ်းကပ်ဖို့ လျှောက်ဖြစ်တယ်။ မနက်လေးနာရီမှာ မျက်နှာသစ်တော့ ခွက်ကိုတောင် ကောင်းကောင်းမကိုင်နိုင်တော့ အေးစက်လို့ကျင်တက်နေခဲ့ပြီ။ ခေါင်းလျှော်မယ်ဆိုတဲ့ အသံကြားမှာ ရေချိုးဖို့တောင် အားမမွေးရဲတဲ့ ကျနော်တို့တစ်တွေ ရီနေကြရတာပေါ့။ မနက်ငါးနာရီထရင်း ရှမ်းကိုရင်တွေကို ဆွမ်းလောင်းကြရတယ်။ သက်သက်လွတ်ပဲပုပ်ချက်နဲ့ အသီးအရွက်ပါပဲ။ တစ်ပါးချင်းရဲ့ သပိတ်ထဲကိုလောင်းထည့်ရင်း ကုသိုလ်တစ်ရားတွေပဲ ပွားနေမိတော့တယ်။ ပြီးတော့ ကုံလုံဆရာတော် အဖူးအမြော်ခံတဲ့ ဓမ္မာရုံကိုပေါ့။ ဆရာတော်ကို ဖူးအပြီး ပြန်ဆင်းလာခဲ့ကြတယ်။ ပင်းတယ ရွှေဥမင်ကို ၀င်ရင်းပါ။ တောင်ပေါ်မတက်ခင် လက်ဖက်တွေမြည်းရတာ ပျော်ဖို့ကောင်းတယ်။ ၀ါးဆစ်ထဲက လက်ဖက်တွေက ဘာကြောင့်အရသာပိုရတာပါလိမ့်။ များပြားလှတဲ့ ဘုရားတွေကြားမှာ တကယ့်ကို ကြည်ညိုဖို့ကောင်းလိုက်တာ။ တောင်ပေါ်က အမြန်ဆင်းပြီး ပုတ်တလုပ်ကန်ရေပြင်ကိုငေးရသေးတယ်။ ကြီးမားလှပတဲ့ သစ်ပင်တွေကလည်း အပြိုင်းအရိုင်းဆိုတော့ ရှမ်းပြည်လှတာ တကယ်ပါပဲပေါ့ဗျာ။

ဆက်ပါဦးမယ်


ဓာတ်ပုံလေးက ဒီကယူပါတယ် http://i.pbase.com/g6/48/734148/2/73669869.NSRVzay4.jpg

07 October 2008

မိုးတိမ်တွေထဲကအိမ်


အီကွေတာနဲ့ပဲနီးလို့လား တချက်တချက်တိုက်လေတဲ့ ဒီနိုင်ငံကလေတွေက ပူပြင်းလွန်းတယ်။ အဲလိုနဲ့တိမ်တွေ အထပ်ထပ်ဖွဲ့လာခဲ့ရင်လည်း မကြာခဏမိုးအဖြစ်ရွာချတတ်တယ်။ နင်နဲ့ငါရဲ့ စိတ်ကူးထဲကအိမ်လေးဟာလည်း ရွာချတဲ့ မိုးတွေနဲ့အတူ ပျောက်ပျက်ခဲ့ပြီထင်ပါရဲ့။ ရွာနေတာ မိုးရေတွေလား နင်နဲ့ငါရဲ့ မျက်ရည်တွေလား……..ဟင်…

အရင်တုန်းကတော့ တို့နှစ်ယောက်သိပ်ချစ်ခဲ့ကြတယ်။ မရှိလေတဲ့ အရပ်မှာ ငါးပိရည်ပဲစားရစားရပေါ့။ နင်ရတဲ့လခ သုံးလေးသောင်းရယ် ငါရတဲ့လခငါးသောင်းခြောက်သောင်းရယ်နဲ့ လူမွေးလူတောင်မပြောင် အဆောင်အယောင်အခမ်းအနားတွေ မပါပေမယ့် ငါတို့သေချာပေါက်ပျော်ခဲ့ကြတယ်။ အများကစကားတင်းဆို ပြစ်ဖွဲ့ဆိုကဲ့ရဲ့လည်း ငါတို့နှစ်ယောက်တွဲလက်မဖြုတ်ပဲ တစ်ယောက်လက်တစ်ယောက်အုပ်ပြီး ကိုင်ဆွဲထားခဲ့မြဲနော်။ ဒါပေမယ့် နင့်မိဘ ငါ့မိဘအသိုင်းအ၀ိုင်းတွေအတွက် တာဝန်တွေကိုယ်စီပိုင်းပြီး ယူကြမယ်လို့ ထားခဲ့တဲ့ ကတိက၀တ်တွေက ရေကြည်ရာမြက်နုရာဆိုတဲ့ အပြင်ဘက်ဝေးရာဆီကို လှမ်းစေခဲ့တယ်။ အရင်ဆုံးအဆင်သင့်သွားတဲ့ နင်က အရင်သွားခဲ့ပေမယ့် နောက်ဆံတင်းတတ်တဲ့ ငါက ငါ့မိဘအတွက် အခြေကျ အနေလှအောင် အစစအရာရာ စီမံရသေးတော့ နောက်ကပေါ့။

ငါရောက်စကတည်းက စသတိထားမိတာ နင်အရမ်းပြောင်းလဲသွားတယ်နော်။ အေးလေအရင်လို သုံးလေးသောင်းဆိုတဲ့ ၀င်ငွေမျိုးမှမဟုတ်တော့တာ။ အ၀တ်အစားဆိုရင် Brand မှ အစားအစာဆိုရင်ဘာမှ ဖြစ်နေခဲ့ပြီ။ တိုးတက်ခေတ်မှီတဲ့ လူနေမှုပုံစံသစ်ထဲမှာ မူးယစ်နေခဲ့ပြီပေါ့။ ဒူးအထက်နားမှာအမြဲ ရှိတဲ့ တိုနံ့နံ့တွေနဲ့ယဉ်ပါးနေပြီဆိုတော့ ငါအမှတ်တရပေးထားတဲ့ ချင်းဝတ်စုံဝမ်းဆက်လေးကို ဘယ်တန်ဖိုးထားပါတော့မလဲနော်။ သွက်လက်ထက်မြက်မှုတွေနဲ့အတူ နင့်ရဲ့ရိုးသားခြင်းတွေပါ အရောင်မပြောင်းသွားဖို့ ငါဆုတောင်းပေမယ့်….

ငါတို့နှစ်ယောက်သတ်မှတ်တဲ့ အခြေအနေရောက်ရင် ပြန်ကြရအောင်ဆိုတော့ “ ဘာပြန်လုပ်မှာလဲတဲ့” မေးရက်လိုက်တာဟာ။ “ဒီနိုင်ငံဟာ ငါတို့ရေမြေမဟုတ်ဘူးလေ အထူးသဖြင့်ငါချစ်တဲ့ မြေမဟုတ်ဘူး” ဆိုတော့ “ နင်သိပ်ချစ်ရင် အဲဒီမှာပဲ နေပါလား ဘာဖြစ်လို့ အဝေးကိုထွက်လာသေးလဲ” တဲ့။ အဲဒီမေးခွန်းရဲ့ အဖြေကို နင်သိသားနဲ့။ “မဖွံ့ဖြိုးသေးတဲ့ ငါတို့ရဲ့အမိနိုင်ငံကို နင်ထည့်တွက်သင့်တယ်” ဆိုတဲ့ အပြောကို
“နင်ဟာသိပ်အူကြောင်ကြောင်နိုင်ပါလား သူများတကာလည်း ဒီလိုပဲ ငါတို့လဲဒီလိုပဲပေါ့” ဆိုတဲ့ အဖြေနဲ့ကာခဲ့တယ်နော်။ “ဟိုရောက်ရင် သုံးလေးသောင်းနဲ့ ဘာသွားစားမလဲ”ဆိုတဲ့ အမေးကို မဖြေနိုင်တဲ့ နောက်မှာ ငါဟာ ဆွံ့အသူတစ်ယောက်ဖြစ်ခဲ့ရတယ်။ နင်ရဲ့ အရောင်ပြောင်းသွားတဲ့ စိတ်ဓာတ်အတွက် ငါ့ရင်ဘတ်တွေ တအက်အက်နာကျင်ခဲ့ရတယ်။ အဲဒီညက ဖန်ခွက်တွေ တခွက်ခြင်းခွဲနေမိပေမယ့် တကယ်တမ်းကွဲကြေနေရတာက ငါ့နှလုံးသားပါဟာ။

ဘ၀တစ်ခုကို အသစ်ကနေပြန်စမယ့် လူတစ်ယောက် တစ်ချိန်ချိန်မှာ အမိမြေကို ပြန်မယ့်လူတစ်ယောက်ရဲ့ အရိပ်ဟာ နင့်အတွက်မလုံခြုံနိုင်ပါဘူး။ နင်လိုအပ်တဲ့ အရာတွေဟာ ငါပေးနိုင်တဲ့ မေတ္တာတရားနဲ့တင် မဖြည့်စွမ်းနိုင်တော့ဘူးထင်ပါရဲ့။ ပျံပါလေ ပျံပါ ရွှေဟင်္သာတွေ ရှိတဲ့အရပ်ကိုပဲ ပျံပါ။ နင်ရဲ့အလိုမကျခြင်းတွေကိုပဲ ဖြစ်စေခဲ့တဲ့ ငါလိုလူကို သနားမငဲ့ ထားခဲ့ရက်နိုင်ပါတယ်။

အိပ်မက်ဆိုတာ တခါခါ ပန်းတိုင်တစ်ခုအဖြစ်ကို ပြောင်းမသွားတတ်ပါဘူး။ မိုးတိမ်တွေကနေ ငွေ့ရည်ဖွဲ့ပြီး ရွာချတတ်သလို အိပ်မက်အဖြစ်မက်ခဲ့ဖူးတဲ့ မိုးတိမ်တွေထဲကအိမ်ကလေးလည်း လွယ်လွယ်ကူကူပျောက်ပျက်သွားတယ်ထင်ပါရဲ့။ အခုလည်း မိုးတွေရွာပြန်ပြီ် ကိုင်ဇာရဲ့ “ တူနှစ်ကိုယ်မှန်းတဲ့ အနာဂတ်အချစ်တိုင်းပြည် ထူထောင်နိုင်ရန်စွန့်စားမည်” ဆိုတဲ့ သီချင်းလေးကို တစ်ချက်လောက်ပိတ်ပေးပါဗျာ။

05 October 2008

ဖြိုသလစ် ဖြစ်သလို


အကြွေးရှင်ကိုဂျုလိုင်က တချိန်းချိန်းလာချောင်းနေတော့ရေးလိုက်ပါပြီဗျာ။ တောသားလေးဝိုင်တီယူရဲ့ ဖြိုသလစ်မျာအကြောင်း….

ငယ်တုန်းကတည်းဖြိုသလစ်တွေက စခဲ့တာပါ။ ဆောင်းတွင်းဆို မေက ဆေးရုံတက်ပြီး အောက်ဆီဂျင်ရှူနေကြလေ။ အိမ်မှာ ကျန်နေခဲ့တဲ့ ကျနော်တို့တွေက ဖေ့တပည့် ဦးဇော်ကြီးတို့ရဲ့ စီမံချက်ပြုတ်မှုနဲ့ပဲပေါ (ကြက်ဥကြော် လက်ဖက်သုတ်မထပ်စေရဘူး တစ်မျိုးတစ်လှည့်စီ)့။ မနက်စောစော ၅နာရီစာထဖတ်တတ်တဲ့ ကျနော့တာဝန်က အလွန်ခက်ခဲလေတဲ့ ထမင်းပေါင်းအိုးနဲ့ထမင်းချက်ခြင်းပါပဲ။ မီးက ၂၄နာရီလာတဲ့စက်ရုံနယ်မြေဆိုတော့ မီးဖိုခြင်း ဆိုတဲ့ဒုက္ခတွေနဲ့ ကင်းဝေးခဲ့ပါတယ်။ မေဆေးရုံကဆင်းလာပြီဆိုရင်တော့ သူညွှန်ကြားတဲ့အတိုင်း ထုပါဟဲ့ ထောင်းပါဟဲ့ ခွာပါဟဲ့ နွှာပါဟဲ့ ဆိုတာကို ကူလုပ်ပေးရတတ်ပါတယ်။ ဟင်းတစ်အိုးလုံးပြီးမြောက်အောင် မချက်ဖူးပေမယ့် အစီအစဉ်တွေက ခေါင်းထဲမှာ စွဲခဲ့ပါလိမ့်မယ်။ ဟင်းအိုးအကြည့်ခိုင်းလေတိုင်း စာအုပ်တစ်ဖက်ဖြစ်ဖြစ် ကစားစရာတစ်ခုဖြစ်ဖြစ် တွဲထားမိတော့ အိမ်မှာ မောင်တူးတူးဖြစ်တတ်မြဲပါ။

ဆယ်တန်းအောင်လေတော့ ဖေက ငါတို့အမျိုးတွေထုံးစံအတိုင်း သူများအိမ်မှနေရမယ်ဆိုပြီး အဝေးကိုလွှတ်ခဲ့တယ်။ မီးသွေးကျုံး ဆန်အိတ်ထမ်းဘ၀လေးပေါ့။ အိမ်ရှင်အဒေါ်က ခရီးထွက်သွားတဲ့ အချိန်မှာပဲ အဲဒီမီးဖိုချောင်ဇာတ်လမ်းက စတော့တာပါ။ ပထမဆုံးစချက်တဲ့ ရေခမ်း ထမင်းက ဆန်ပြုတ်ဖြစ်သွားခဲ့တာပါပဲ။ အိမ်က အစ်ကိုကြီးတစ်ယောက် ဆန်ပြုတ်ကြိုက်ပါတယ်ဆိုပြီး အားပေးသွားတာ တစ်အိုးလုံး ကုန်သွားခဲ့တဲ့အထိ။ ဖြစ်သလိုပင်မယ့် အဲလိုအောင်မြင်ခဲ့တာပါ။ ထမင်းကြော်ကြော်တော့လည်း အမချိုသင်း အမျိုးသားလို ထမင်းတွေထဲ ကြက်ဥတွေဆမ်းပြီး မကျက်ပဲ အရည်တရွှဲရွှဲနဲ့မို့ နှာခေါင်းပိတ်စားတောင်မရခဲ့လို့ သွန်ပစ်ခဲ့ရဖူးပါတယ်။

နောက်တော့လည်း အစားမက်တဲ့လူဆိုတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ဟင်းတွေကို ချက်တတ်ခဲ့ပါတယ်။ သင်ဆရာမြင်ဆရာကတော့ မေပဲဖြစ်ပါလိမ့်မယ်။ အရိုးမပါတဲ့ အဲဒီလျှာရဲ့ ရသတဏှာနောက်ကို လိုက်နေမိတော့လည်း ဒုက္ခကို သုခလို့ထင်ချင်ထင်နေတော့တာကိုး။

ဒီကိုရောက်လာပြီးမှ အစားအစာတွေက ကိုယ်နဲ့ဘယ်လို့မှမအပ်စပ်။ချိုရင်ချို ဘာမှအရသာမရှိလေတဲ့ လက်ဆေးရေ ဟင်းချိုတွေပဲ တွေ့နေရတယ်လေ။ နေ့လည်ထမင်းစားကိုတော့ ရုံးနားက ကန်တင်းမှာ ၁၂၃၄ ရေပြီးအလှည့်ကျအားပေးလိုက်ပါတယ်။ စားလို့မြိန်လားဆိုရင်တော့ အင်အားရှိအောင်စားနေရတာပါလို့ပဲ ဖြေရပါမယ်။

ဟိုဘက်တစ်လလောက်ကနေစပြီး ရုံးပြန်လာရင် ထမင်းမစားချင်တဲ့ ပြဿနာတက်နေခဲ့ပါတယ်။ အဲဒီတော့ ကျနော့ညနေစာတွေက ဖြစ်သလို အသီးတွေ ဒါမှမဟုတ်ပေါင်မုန့် ပြီးတော့ ကော်ဖီပေါ့။ တခါတလေစားချင်စိတ်ရှိရင်တော့ စားဖြစ်ပါတယ်။ သူများတွေချက်ထားတာကို အခန့်သားထိုင်စောင့်ပြီးစားတတ်တာပါ။ (ဘော်ချက်တာလဲဖြစ်နိုင်တယ်နော်)။

စနေ၊ တနင်္ဂနွေဆိုရင်တော့ ကောင်းကောင်းကန်းကန်း ချက်စားဖြစ်ပါတယ်။ လာစားမယ်ဆိုရင်တော့ ကြိုပြောပါဗျာ။ ဖြိုသလစ်ကိုစားနိုင်တယ်ဆိုရင်တော့ အချိန်မရွေးပေါ့။ ကိုဂျူလိုင်ရေ ကျေနပ်တော့နော့………………………

ပုံလေးကိုတော့ ကျနော်ကြိုက်တဲ့ ကာတွန်းကားကပုံလေးထည့်ပေးလိုက်ပါတယ်။

03 October 2008

ရင်လှိုက်ပိုး


ရင်ထဲ အသည်းထဲထိအောင်လှိုက်စားတတ်တဲ့ ပိုးမို့ ရင်လှိုက်ပိုးလို့ အမည်တပ်လိုက်ပါတယ်။ အဲဒီပိုးက တစ်ချိန်လုံးထကြွလေတဲ့ပိုး ပြန်လည်ဖျောက်ဖျက်ပစ်ဖို့ ခက်ခဲစေတဲ့ပိုးပါ။ အခုလည်း ကျနော့မှာ ရင်လှိုက်ပိုး ရှိနေခဲ့ပါပြီ။

ဒီနှစ်ရဲ့အစ မတ်လရဲ့နေ့တစ်နေ့မှာ ကျနော်တို့သူငယ်ချင်းတွေစုပြီး မုန့်ဟင်းခါးချက်စားကြတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပြူတာကိုသုံးပြီး သင်တန်းတစ်ခုက ညီမငယ်တစ်ယောက်နဲ့စကားပြောဖြစ်တယ်။ သူစာဖတ်နေတယ်တဲ့။ ကျနော်သိတဲ့ ညီမငယ်တစ်ယောက် စာရေးနေတယ်ဆိုပါလား။ သူပေးထားတဲ့ လင့်လေးကနေ သွားကြည့်မိတယ်။ “ရွှေပြည်သူ” ပါတဲ့။ Mayonnaise ပုလင်းနဲ့ကော်ဖီ (၂)ခွက် ပို့စ်လေးက တော်တော်ကို ကောင်းပါတယ်။ မူရင်းအင်္ဂလိပ်လိုကို မေးလ်မှာဖတ်ခဲ့ဖူးတယ်။ ဘာသာပြန်တော်တဲ့ညီမငယ်ရဲ့စာက ကျနော့ရင်ဘတ်ကို ထိရှခဲ့ပါတယ်။ ပြီးတော့ကျနော်တို့သူငယ်ချင်းတွေ စိတ်ဝင်စားပြီး အပြန်ပြန်အလှန်လှန်ကြည့်နေမိတာက စကားပြောတဲ့ ခွေးကလေး ဗီဒီယိုဖိုင်လေးပါ။ ညီမငယ်ရွှေပြည်သူဆီကို ဖုံးဆက်ပြီးစတော့ သူ့ခမျာထိတ်ထိတ်ပြာပြာဖြစ်ခဲ့ရှာတယ်။ ရွှေပြည်သူဆိုတာ သူပါလို့ သိတဲ့လူသိပ်မရှိခဲ့လို့ပါ။ ညီမငယ်ရေ ခုတော့ ၀ဋ်ဆိုတာ ၀ါမထပ်ဖူးတဲ့ နောက်တစ်နှစ်တောင်မကူးလိုက်ပါဘူးဗျာ။ အဲဒီကမှ ကျနော်စာရေးချင်တယ်ဆိုတဲ့ အကြောင်းပြောဖြစ်တယ်။ မူလဦးတည်ချက်ကတော့ ကျွန်းအိပ်မက်လိုစာတွေ ရေးပေးချင်လို့ပါ။ တွေ့သမျှလူတိုင်းရဲ့ ထပ်တူညီတဲ့ မေးခွန်းတွေရဲ့ အဖြေကို တစ်နေရာရာမှာ စုထားခဲ့ချင်မိတာ။ မအားမလပ်တဲ့ကြားကနေ သူဆောက်ပေးထားတဲ့ ဒီဘလော့လေးထဲမှာ အရင်နှစ်က ရေးဖူးခဲ့တဲ့ စာအဟောင်းလေးကိုပဲ အားမနာလျှာမကျိုး သူ့ကိုပဲစာရိုက်ဖို့အကူအညီတောင်းပြီး တင်စေခဲ့တယ်။ မညီးမညူကူညီတဲ့ အပြင်အားပေးမှုတွေပါပေးခဲ့တဲ့ ရွှေပြည်သူပါပဲ။

ဆောက်ပြီးတဲ့ ဘလော့အသစ်ကလေးကို အစ်ကိုရုပ်ဆိုးကို ပြကြည့်မိတယ်။ ရောဂါပိုးကို တစ်ယောက်တည်း မခံစားပဲ ဖြန့်ကျက်ခံစားခဲ့မိတယ်။ အချိန်တွေကို အလဟဿကုန်မှာထက်စာရင် ၀ါသနာပါတဲ့ စာရေးခြင်းနဲ့ကုန်ဆုံးချင်မိတယ်။ ပျင်းရိညီးငြွေ့ဖွယ်ကောင်းတဲ့ ညနေတွေကို အသက်ဝင်အောင်ကြိုးစားနေခဲ့တာပါ။ တကယ်တန်းတော့ ကျနော်က စာရေးဆရာတစ်ယောက်မဟုတ်ခဲ့သလို ဘလော်ဂါတစ်ယောက်လို့လည်း မဆိုနိုင်ပါဘူး။ အမှန်က ကျနောဟာ စာရေးသူတစ်ယောက်သက်သက်ရယ်ပါ။ ဒါပေမယ့် ကျနော်ရေးခဲ့တဲ့ စာတွေတိုင်းမှာ ကျနော်အားတွေထည့်ခဲ့ပါတယ်။ တစ်နေ့တစ်ပုဒ်တင်ရမယ်ဆိုပြီး ပြီးစလွယ်ပေါ့ပျက်ပျက် မတင်ရက်ခဲ့ပါဘူး။ အကြိုက်မတူ အတွေးမတူ အယူအဆမတူခဲ့ရင် လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ သို့ပေမယ့် လှောင်ပြောင်ပြက်ရယ်ပြုခြင်းကိုတော့ ကျနော့ စိတ်ကလက်မခံနိုင်ပြန်ပါဘူး။ စာရေးနေတဲ့ စာရေးသူတစ်ယောက်ဆိုရင် ဒီခံစားချက်ကို နားလည်ပေးနိုင်မယ်ထင်ပါတယ်။ စာမရေးတတ်ဘူး ပေါက်ကရတွေရေးနေတယ် ဘာတွေရေးမှန်းမသိဘူးဆိုရင်တော့ တကယ့်ကို အရည်အချင်းမပြည့်ဝတဲ့ လိုအပ်ချက်တော်တော်များများနဲ့ စာရေးသူတစ်ယောက်ဟာ ကျနော်ပါပဲလို့ အမှန်အတိုင်းဝန်ခံပါတယ်ဗျာ။

စာရေးခြင်းဆိုတဲ့ ဟောဒီရင်လှိုက်ပိုးကို အူလှိုက်သည်းလှိုက်အကိုက်ခံရပြီးပါပြီ။ တစ်နေ့တစ်နေ့ဝင်မကြည့်ရ မဖတ်ရရင်မနေနိုင်တဲ့ အရှေ့အရှေ့က စီနီယာတွေလို ဘလော့ရောဂါက တော်တော်ကို ကျွမ်းနေခဲ့ပြီ။ ကုသလိုမရနိုင်တော့တဲ့ တစ်ချိန်လုံး တလှုပ်လှုပ်တရွတရွဖြစ်စေတဲ့ အဲဒီရင်လှိုက်ပိုးက အခုအချိန်မှာ အမြစ်တွယ်တာ မှတော်တော်နဲ့ကို ခွာချလို့မရနိုင်တော့အထိ……………………………….