06 April 2020

လန်နာတိုင်းပြည်ကိုု ရှာဖွေခြင်း ခရီးစဉ်

ဟိုးရှေးရှေးတုန်းက စပါးခင်းတွေနဲ့ စိမ်းစိုပြီး ဘာသာတရားကိုင်းရှိူင်းတဲ့ အလွန်စည်ပင်သာယာ ဝပြောသော လန်နာဆိုတဲ့ တိုင်းပြည်တပြည် ရှိခဲ့ဖူးတယ်။ ဒီတိုင်းပြည်ကို ကျနော်တို့မြန်မာတွေက ဇင်းမယ်လို့လည်း ခေါ်ခဲ့ဖူးတယ် ယွန်းရွှေပြည်လို့လည်း မှတ်ခဲ့ဖူးတယ်။ ဇင်းမယ်ဆိုတာနဲ့ ယိုးဒယား ချင်းမိုင်ကို ပြေးမြင်ကြတာပဲ မဟုတ်လား။ တကယ်က လန်နာတိုင်းပြည်ဆိုတာ ယိုးဒယားပြည်၊ ရှမ်းပြည်နဲ့ လာအိုတို့ တစိတ်တဒေသဆီ ပေါင်းစပ်ထားတဲ့ တိုင်းပြည်ကြီးပါ။ ချင်းမိုင်နဲ့ လွန်ပရာဘမ်ကို ရောက်ဖူးပြီးတဲ့အခါ ရှမ်းပြည်ထဲမှာ ရှိတဲ့ ရှေးဟောင်း လန်နာတိုင်းပြည်ကို ကျနော် ကြည့်ချင်လာတယ်။ ဒါနဲ့ ဒီခရီးကို အစပြုတယ်..

ခရီးစဉ်ရဲ့ အခြေပြုရာမြို့ကို လန်နာတိုင်းပြည်ရဲ့ မြို့တမြို့ဖြစ်တဲ့ ခေမာရဋ္ဌ ဝါ ကျိုင်းတုံမှာပဲ ထားလိုက်တယ်။ ဆိုတော့ ရန်ကုန်ကနေ ကျိုင်းတုံကိုလေယာဉ်နဲ့ ဆင်းတယ်။ တည်းစရာကိုတော့ Thi Ha, The traveller ညွှန်းထားတဲ့ Amitta Hotel ကိုပဲ တည်းခဲ့တယ်။ တောင်တက် ခရီးစဉ်ကိုတော့ မနော်ထိုက်ညွှန်းထားတဲ့ တိုးဂိုက်ကိုစိုင်းကို ဆက်သွယ်ပြီး သွားခဲ့ပါတယ်။ လေယာဉ်က နေ့လည်ပိုင်းမှ ရောက်တယ်။ လေယာဉ်ပေါ်ကနေ တောင်တန်းတွေကြားထဲ ချိုင့်ဝှင်းလွင်ပြင် ကျိုင်းတုံဟာ ရိတ်သိမ်းပြီး စပါးခင်းတွေကြားထဲမှာ သာသာယာယာရှိနေတာကို မြင်ရတာ စိတ်ချမ်းသာလိုက်တာ.


ဟိုတယ်ရောက်ပြီး ခဏနေတာနဲ့ အစာရှာထွက်ကြတယ်။ ဟိုတယ်ကပဲ ဆိုင်ကယ် ကယ်ရီငှားပေးတယ်။ တို့ဟူးအစုံ နဲ့ ဒေသထွက်မုန့်တွေ မြည်းစမ်းစားကြတယ်။ စျေးလည်း ချိုတယ် အချိုမုန့်တော့ သုံးကြတာမို့ မသုံးဖို့ သတိပေးဖို့ လိုပါတယ်။



ဗိုက်ပြည့်ပြီဆိုတော့ နောင်တုံရေကန်နား လမ်းလျှောက်ကြတယ်။ ဆားငံသီးလုပ်တဲ့ အိမ်ကို ဝင်ကြည့်တယ်။ သဘောကောင်းတယ် အမြည်းပါ အလကားကျွေးလိုက်သေးတာ။ နောင်တုံကန်ဘေးနားက ဘုန်းကြီးကျောင်းမှာ ဆူညံသံကြားလို့ တက်ကြည့်ကြတယ်။ ကထိန်ခင်းမှာမို့ ရိုးရာ ဝတ်ရွတ်ပြုအခမ်းအနားကို ဝင်လေ့လာကြတယ်။ ခဏနေ ထမင်းကျွေးမှာနော် စောင့်ပါဆိုပြီး ဧည့်ဝတ်ကျေပြွန်တဲ့ ဒေသခံတွေဟာ အရိုးခံ ချစ်ခင်စရာ။ 

တိုးဂိုက်ကိုစိုင်းရောက်လာတာမို့ ကျနော်သွားချင်လည်ချင်တဲ့ နေရာတွေနဲ့ အစီအစဉ်ဆွေးနွေးကြတယ်။ မနက်ဖြန် သူမအားတာမို့ အသိလမ်းညွှန်ဦးစိုင်းလုံးကျောက်ကို အစားထိုးပေးထားတယ်။ နောက်နေ့တွေအတွက်တော့ သူ အဆင်ပြေတာမို့ သူပဲလိုက်ပို့ပေးမယ်ဆိုတယ်။ နိုင်ငံခြားသား ဧည့်သည်တယောက်ကလည်း လိုက်ချင်တယ်ဆိုတာနဲ့ ကိုစိုင်းနဲ့ပဲ တိုက်ရိုက်ဆွေးနွေးခိုင်းလိုက်တယ်။ ကျောပိုးအိတ်ခရီးသည်ဆိုတော့ တနေ့တာ ဂိုက်ဖိုးကို ခြစ်ခြုပ်စျေးဆစ်ပါတယ်။ တကယ်က သူတို့ကို ပို့ဆောင်ရတဲ့ ဝန်တာလည်း ကြီးတာမို့ သူ့စျေးနဲ့ သူရှိတာကို စျေးချပေးလို့မရတာမို့ အဆင်မပြေပဲဖြစ်သွားတယ်။
နေဝင်ချိန် နောင်တုံကန်ရှုခင်းကို ဓါတ်ပုံရိုက်မယ်ပေါ့။ တကယ်က နောင်တုံကန်ကနေ နေဝင်တာကို မမြင်ရပါဘူး။ အမှောင်ကျသွားပြီဆိုတော့ ကန်ဘေးနားက စားသောက်ဆိုင်တွေဆီ ဦးတည်ကြပြန်ရော။ အကင်ဆိုင်တွေ တန်းစီနေတော့ အကင်စားမယ်ပေါ့။ ဘယ်လောက်စည်သလဲဆို မှာပြီး နာရီဝက်လောက် ကြာမှ စားစရာက ရပါတယ်။ စျေးလည်း မသေးဘူး ပြီးတော့ စပ်လိုက်တာ ဝီခေါ်နေတာပါပဲ။ စားပြီး ပါးစပ်တွေ၊ ဗိုက်တွေ၊ ရင်တွေပူပြီး ပြန်လာကြတယ်။


စောစောနိုးလာတာနဲ့ ဟိုတယ်ပေါ်ကနေ နေထွက်ရှုခင်း ဓါတ်ပုံရိုက်ဖြစ်တယ်။ နေရောင်ခဏပဲ မြင်ရပြီး မကြာခင် မြူတွေဆိုင်းပြီးမြို့ကိုဖုံးသွားတော့တယ်။


မနက်မိုးလင်းတော့ ဟိုတယ်မှာ မစားပဲ ဟိုတယ်နားက စျေးမှာမနက်စာ သွားစားကြတယ်။ ခေါက်ဆွဲမျိုးစုံကိုနှစ်ပွဲလောက် စားပြီးတော့ ဗိုက်က ပြည့်နေပြီ။ ဒီနေ့သွားမယ့်ခရီးက ပန်လေဆိုတဲ့ အမ်းလူမျိုးတွေ နေတဲ့နေရာ။ အစားအသောက်ကတော့ ကိုယ်စားချင်တာတွေကို စျေးထဲက တခါတည်း ဝယ်လာခဲ့ပါလို့ တိုးဂိုက်က လှမ်းပြောတယ်။ ဒုက္ခဆိုင်ရှေ့မှာ ဒုက္ခတွေ အားရပါးရ ဝယ်လာခဲ့တယ်။ ဒုက္ခမှန်သမျှ ဝါးစားပစ်လိုက်မယ်လို့ ကြုံးဝါးခဲ့သေးတာ...




ဦးစိုင်းလုံးကျောက်မလာခင် ကျနော်တို့က အဆင်သင့်ဖြစ်နေပြီ။ ပန်လေကိုလာတဲ့ လမ်းမှာ တယောက်နဲ့ တယောက် မိတ်ဖွဲ့ကြတယ်။ ကင်မရာနဲ့ဆိုတော့ သူကလည်း ကျနော်တို့ကိုဌာနဆိုင်ရာ ဘာညာလိုလို ၊ သတင်းသမားလိုလို ထင်နေတာတဲ့။ ဝါသနာအရ ကမြှောက်ကခြောက်ပဲ ရိုက်တတ်တာလို့ အထင်မကြီးပါနဲ့လို့ ရှင်းပြရတယ်။ ရှုခင်းရိုက်တာ ဝါသနာပါတယ်ဆိုတော့ ရှုခင်းကောင်းတဲ့ နေရာမှန်သမျှသေချာ ရပ်ပြပေးတယ်။ တကယ့်ကို ရင်ထဲကလာတဲ့ ဝန်ဆောင်မှုဆိုတာ သိသာပါတယ်။
ပန်လေမှ မဟုတ်ဘူး ဒီက တိုင်းရင်းသားရွာတွေဟာ တောင်ထိပ်တွေမှာချည်း။ ဘာလို့လဲ မေးစမ်းတဲ့အခါ ဘေးအန္တရာယ် လုံခြုံစိတ်ချရအောင် အခုလိုမျိုး တောင်ထိပ်တွေမှာ ရွာတည်ကြတာပါ။ တောင်ထိပ်က ရွာဆိုတော့ တိမ်တွေကြားက အိမ်တွေဟာ နတ်ဘုံနတ်နန်းတွေပါ။ ရွာထိပ်က ကျောင်းမှာ ဆိုင်ကယ်နဲ့ အထုတ်တွေချတာနဲ့ ရွာရှိကလေးအကုန် ဆင်းလာကြတယ်။ တိုးဂိုက်နဲ့ သူတို့ဘာသာဗေဒစကားပြောကြတယ်။ 







ရွာကဧည့်ခံမယ့် အိမ်မှာ တရွာလုံးစုလာကြတယ်။ အမ်းဆိုတဲ့ လူမျိုးစုဟာ သူတို့ကိုယ်ပိုင် ဝတ်စားယဉ်ကျေးမှု ၊ ယုံကြည်ကိုးကွယ်မှုနဲ့ အမျိုးသမီးတွေရဲ့ မည်းနက်အောင် သစ်ရွက်နဲ့ ဆိုးထားတဲ့ သွားမည်းမည်းတွေကြောင့် ထင်ရှားတယ်။ အခုနောက်ပိုင်းမျိုးဆက်သစ်တွေမှာတော့ ဒီလို အလေ့အထ မရှိတော့တာမို့ နှောင်းခေတ်မှာပျောက်ဆုံးသွားတော့မယ် အနေအထားမှာ ရှိပါတယ်။ သူတို့ရဲ့ အပြုံးတွေနဲ့ ဧည့်ဝတ်ခံကြသလို အိမ်ရှင်က ငှက်ပျောသီးနဲ့ ရေနွေးကြမ်းကိုဒေါင်းလန်းလို ခြေထောက်တပ်ဗန်းကြီးနဲ့စားစားဆိုပြီး ကျွေးပါတယ်။ဦးစိုင်းလုံးကျောက်ကတော့ သူ့မှာပါတဲ့ သရေပင်တွေ ကလေးတွေဝေ၊ ရှေ့ကဧည့်သည်တွေ ချန်ရစ်ထားခဲ့တဲ့ ဖိနပ်တွေ တန်တဲ့သူနဲ့ဝေရင်း အလုပ်တွေ ရှုပ်နေလေရဲ့။



လာတဲ့ အယောက်စီတိုင်းရဲ့ လက်ထဲမှာ ရောင်းဖို့ ပစ္စည်းလေးတွေကိုယ်စီနဲ့ပါ။ စျေးသိပ်မကြီးတာမို့ အမှတ်တရလည်းဖြစ် သူတို့ကိုလည်း ကူညီရာရောက်အောင် အားပေးခဲ့ပါတယ်။ စျေးဝယ်လို့ ပြီးပြီဆိုမှ အားလုံး ကိုယ့်အိမ်ကို ပြန်ကြတယ်။ ကျနော်တို့ကတော့ ရွာထဲကို တပတ် ပတ်ကြတယ်။ အောက်ဆုံးကပုံက သူတိုရဲ့ ရိုးရာနတ်စင်ပါ။





ပြီးတော့ ကျောင်းကိုပြန်လာပြီး နေ့လည်စာစားကြတယ်။ ပါလာတဲ့ ဒုက္ခတွေနဲ့ ကောက်ညှင်းကို လက်ပေါက်ကပ်အောင် စားကြတာပေါ့။ ဒီကျောင်းကို ပြင်သစ်ဧည့်လမ်းညွှန်နဲ့ တခြား အလှူရှင်တွေ စုပေါင်းပြီးလှူထားတာတဲ့။ ကျိုင်းတုံလို ခေတ်ဆန်ဆန် မြို့နဲ့ မနီးမဝေးပေမယ့် ဒီက အမ်းလူမျိုးတွေဟာ ရှေးဆန်တုန်း တချို့အသုံးအဆောင် အစားအသောက်တွေ မသုံးတတ် မစားတတ်ကြအောင် ရိုးသားကြတုန်းတဲ့လေ။ ကျောင်းကိုလည်း လာတတ်သူနည်းနေတုန်း ဆရာ ဆရာမကလည်း မရှိသလောက် ရှားနေတုန်းပဲ။ စာဖတ်သူတွေလည်း တတပ်တအား ကျောင်းအတွက် လှူဒါန်းပေးကြရင် ကောင်းမှာနော်...
 
အခါရွာကို ဖြတ်ပေမယ့် စျေးနေ့ မဟုတ်တာမို့ မဝင်ဖြစ်တော့ဘူး။ ရွာကလူငယ်တွေဟာလည်း ရိုးရာဝတ်စုံ မဝတ်ကြတော့ပဲ ခေတ်နဲ့အညီ နေထိုင်ဝတ်စားကုန်ကြပြီမို့ ရိုးရာဝတ်စုံ ဝတ်ဆင်သူဟာ ရှားပါးလာခဲ့ပြီ။ ကံကောင်းစွာပဲ အခါဝတ်စုံ ဝတ်ထားတဲ့ သူတယောက်နဲ့ ဆုံတော့ ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ ခေါင်းဆောင်းကို မချွတ်ပဲ အခါကြီးရက်ကြီးအခါမှသာ ခေါင်းလျှော်ဖို့ ချွတ်တာတဲ့။



ပန်လေက ပြန်ဆင်းလာပြီး ရေတံခွန်ကို သွားကြည့်မလားဆိုတော့ သဘောတူလိုက်တယ်။ ရေတံခွန်ကနေ မြင်ရတဲ့ စိုက်ခင်းဟာ အတော်လေး လှပါတယ်။ တိုက်တဲ့လေကအေးပေမယ့် နေကတော့ အတော်ပူပါတယ်။ ရှမ်းပြည်ထဲမို့ ရာသီဥတုအေးမယ် ထင်ထားတာ တကယ်တော့ ကျိုင်းတုံက ပူပါတယ်။ နေသာတော့ ကောင်းကင်ပြာသလို ဓါတ်ပုံရိုက်တာလည်း လှတာပေါ့လေ။





အပြန်လမ်းမှာ စကားစမြီပြောကြရင်း ဦးစိုင်းလုံးကျောက်က နောင်တုံကန်က နေဝင်ချိန်ကို ကြည့်လို့ရမယ့် နေရာတခုကို လိုက်ပို့ပေးမယ်ဆိုပြီး ကျိုင်းတုံကိုပြန်လာကြတယ်။ နောက်တုံကန်ကို ပတ်ပြီး ကုန်းမြင့်ပေါ်က စွန်တောင်ဘုရားနားက ဘုန်းကြီးကျောင်းကို ပို့ပေးတယ်။ ဘုန်းကြီးကျောင်းပေါ်ကနေ နေဝင်သွားတာကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း ဓါတ်ပုံရိုက်တယ်။ အရောင်ပြောင်းသွားတဲ့ ကောင်းကင် နောက်ခံနဲ့ စွန်တောင်ဘုရားဟာ တမျိုးအမြင်ဆန်းပါတယ်။

မနက်က ဝယ်ထားတဲ့ ထောပတ်သီးကို ဒီအတိုင်းခွဲပြီး ညစာအဖြစ်စားလိုက်ကြတယ်။ နောက်နေ့ မနက်ကို တောင်တက်ခရီး နောက်တခုဆိုတော့ စောစော အိပ်ရာဝင်ဖြစ်တယ်..

No comments: