17 April 2020

လန်နာတိုင်းပြည်ကို ရှာဖွေခြင်း တ







မနက်စောစော ထရင် တိမ်ပင်လယ်ကို မြင်ရကောင်းတယ်ဆိုပြီး အစောကြီး ထလာကြတယ်။ လွယ်မွေရှုခင်းသာကနေ ကြည့်ရင် တိမ်ပင်လယ်ကို မြင်ရနိုင်တယ်လို့ ကိုစိုင်းက ဆိုပါတယ်။ ပုံမှန်တော့ နိုဝင်ဘာလထဲမှာ မြင်ရတတ်ပေမယ့် ဒီနေ့တော့ တိမ်ပင်လယ်ကို မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် မြင်ရတဲ့ ရှုခင်းကတော့ တကယ့်ကို သာယာပါတယ်။




လွယ်မွေကိုရောက်တဲ့အခါ ချယ်ရီလမ်းအတိုင်းမောင်းလာကြတယ်။ ချယ်ရီပွင့်တဲ့အချိိန်နောက်တခေါက် ရောက်ချင်တယ်လို့တော့ ပြောဖြစ်ကြတာပေါ့။ ရေကန်အနားမှာ ရပ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ ပြီးတာနဲ့ လွယ်မွေစျေးထဲမှာ ခေါက်ဆွဲစားကြတယ်။ ပူပူနွေးနွေးနဲ့ အရသာရှိတဲ့ ခေါက်ဆွဲရယ် ဆန်တို့ဟူးသုတ်ရယ်နဲ့ မနက်ခင်းဟာ လှပစွာ ဖူးပွင့်ခဲ့တယ်။





မနက်စာစားပြီးတာနဲ့ လွယ်မွေက ရှေးဟောင်းစာတိုက် အဆောက်အဦးကို လာကြတယ်။ လင်္ကာဒီပမှာ ရှိတဲ့ Little England ကစာတိုက်လိုမျိုးပါ။ သေချာ စနစ်တကျ ပြုပြင်ထိန်းသိမ်းထားရင် သေချာပေါက် ဧည့်သည်ကို ပြစားလို့ရပါတယ်။ စာတိုက် အဆောက်အဦးကတော့ အကောင်းအတိုင်းကျန်နေပြီး အခုထိ တာဝန်ထမ်းဆောင်နေဆဲပါ။ ဘေးနားက ဝန်ထမ်းအိမ်ရာကတော့ ယိုယွင်းပျက်စီးနေခဲ့ပြီ။


စာတိုက်ကနေ အင်္ဂလိပ်လက်ထက်က နွေရာသီ အပန်းဖြေဖို့ ဆောက်ထားတဲ့ အိမ်အဟောင်းကို သွားကြည့်ကြတယ်။ ကြိုပြီးစီစဉ်ထားရင် ဝင်တည်းလို့ ရတယ်တဲ့။ အခုတော့ သော့တွေလည်း ခတ်ထားတာမို့ စောင့်နေတဲ့ ဆရာကြီးကလည်း အားနာနေတယ်။ ကျနော်တို့ကလည်း အပြင်ကနေ ကြည့်မယ် ဓါတ်ပုံရိုက်မယ် ဒါပါပဲလို့။ ကိုစိုင်းကတော့ အရင်တုန်းက ဒါမျိုး အဆောက်အဦး ငါးလုံးလောက်ရှိတယ် ရေကူးကန်နဲ့ တင်းနစ်ကွင်းလည်း ရှိတယ်လို့ ပြောပါတယ်။ သူ့ဧည့်သည်တွေနဲ့ ညအိပ်တည်းဖူးတယ်တဲ့ မီးလင်းဖိုတွေဘာတွေနဲ့ နှင်းမြို့တော်လို့ အမည်တွင်တဲ့ လွယ်မွေဟာ အေးအေးလေးနဲ့ နေလို့သိပ်ကောင်းမှာ အမှန်ပါပဲ။


စိတ်ကြိုက်ဓါတ်ပုံရိုက်ပြီးတဲ့အခါ အနားက ခရစ်ယာန်ဘုရားကျောင်းကို ခဏဝင်တယ်။ အထဲမဝင်ကြည့်တော့ပဲ အပြင်ကနေပဲဓါတ်ပုံရိုက်ကြတယ်။



လွယ်မွေကနေ ရှုခင်းကောင်းကောင်းမြင်ရတဲ့ မြန်မာ့အသံထုတ်လွှင့်ရေးတိုင် တပ်ဆင်ထားတဲ့ တောင်ပေါ်ကို တက်ကြတယ်။ တောင်ပေါ်ကနေ ထင်းရှူးတောကြားက တိမ်တွေကို ငေးကြည့်မိတယ်။



လွယ်မွေကနေ နောက်ဖက်တောကြောကိုဆင်းလာကြတယ်။ ကျောက်စရစ်ခဲလမ်းမို့ ဆိုင်ကယ် မမှောက်အောင် ရယ် အတက်ကိုတက်အောင် မနည်း ထိန်းမောင်းကြရတယ်။တောင် အဆင်းလမ်းမှာ တိမ်တွေဟာ မီးတောင်ပေါက်သလို ဖြစ်နေတာမို့ ခဏနားရင်း ဓါတ်ပုံရိုက်တယ်။အနားက ရွာမှာ နေ့လည်စာ ထမင်းစားကြတယ်။ ယိုးဒယားဧည့်သည်တွေ နယ်စပ်က ကူးလာတာမို့ သူတို့လည်း ဒီဆိုင်မှာ နေ့လည်စာစားကြတယ်။





ထမင်းစားပြီး အနားက  ဗုဒ္ဓဥယျာဉ်ကို တက်ကြတယ်။ မြေနေရာကျယ်ကျယ်ပြန့်ပြန့်မှာ ဆောက်လုပ်ထားတာမို့ အတော်လေးသာယာပါတယ်။ ကဗျာသချိုင်းဆိုတာလည်း ဝင်ကြည့်ကြတယ်။ ရှုခင်းကြည့်တဲ့နေရာမှာ ကြည့်နေတုန်း ဗြုန်းဆိုတောင်တန်းဆီမှာ မိုးရွာချတယ်။ လျှပ်စီးတွေလည်း လက်လက်တောက်ကုန်တယ်။ အနားက ဓမ္မာရုံကို ပြေးမိုးခိုကြတယ်။ ရေလည်း အတော်ပါလို့ သွားမယ့်လမ်းဟာ ဆိုင်ကယ်နဲ့လည်း မဖြစ်နိုင်သလို လမ်းလျှောက်လို့လည်း မဖြစ်နိုင်တော့ဘူး။ မိုးစဲအောင်စောင့်ပြီး မိုးစဲတာနဲ့ ကျိုင်းတုံကို အမြန်လမ်းကနေ ပြန်လာကြတော့တယ်။


လမ်းတဝက်မှာ Heart Garden ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ကြတယ်။ လမ်းမကြီးရဲ့ ဘေးနားမှာ သစ်ပင်ကြီးရဲ့ အောက်ဖက် ရေကန်လေးထဲမှာ ထိုင်ခုံတန်းလေးနဲ့ သိပ်ကို ရိုတဲ့ ကော်ဖီဆိုင်ပါ။ တောင်ကုန်းပေါ်မှာ သီးသန့်အိမ်လေးတွေနဲ့လည်း ရှိပါသေးတယ်။ ကော်ဖီအေးဆေးသောက် တိမ်တွေရွေ့နေတာကို ငေးရင်း ထိုင်ကြတယ်။

ကျိုင်းတုံစောစော ပြန်ရောက်တာလည်း ကောင်းပါတယ်။ နောက်နေ့ ကျနော်တို့ လန်နာတိုင်းပြည်အစိတ်အပိုင်းထဲကို ထပ်တိုးဝင်ကြမယ်။ ဟိုတယ်မှာအထုတ်ကြီးတွေကို ထားခဲ့မယ်။ လိုအပ်တဲ့အရာတွေကို ခွဲထုတ်ပြီး ကျန်တာတွေကို ထုတ်ပိုးထားခဲ့ကြတယ်.....

No comments: