14 April 2020

လန်နာတိုင်းပြည်ကို ရှာဖွေခြင်း ဒု


ဒုတိယနေ့မှာတော့ လားဟူရှီးလူမျိုးတွေရဲ့ ရွာကို သွားလည်ကြမယ်။ ခရီးနည်းနည်းဝေးသလို အနည်းဆုံး တနာရီခွဲလောက် တောင်တက်ခရီးလို့ဆိုပါတယ်။ လားဟူးရှီးလူမျိုးတွေဟာ ယနေ့ထိတိုင် ရိုးရာဝတ်စုံကိုနေ့စဉ် ဝတ်ဆင်နေကြဆဲ လူမျိုးစုဖြစ်ပါတယ်။ အဖြူနဲ့ အပြာလွင်လွင်ဟာ လားဟူးရှီးလူမျိုးတွေရဲ့  ဝတ်စုံပါပဲ။ ပြီးတော့ လားဟူရှီးမျိုးနွယ်စုတွေဟာ ရုပ်ရည်သန့်ပြန့်ချောမောကြသတဲ့။ နောက်ထပ်သဘောအကျဆုံးအရာကတော့ ဒီမျိုးနွယ်စုတခုလုံး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး အရက်သေစာ သောက်စားခြင်း လုံးဝမရှိကြဘူး။

ကိုစိုင်းလာခေါ်တာနဲ့ ခရီးစဉ်ကို အစပြုတယ်။ ဆိုင်ကယ်ရပ်လို့ရတဲ့ ရွာမှာဆိုင်ကယ်ကို အပ်ထားခဲ့ပြီး တောင်တက်ခရီးစဉ်စတယ်။ လမ်းမှာ မင်္ဂလာဆောင်တွေ့တာနဲ့ ဓါတ်ပုံဝင်ရိုက်ကြတယ်။ ဒီတောင်တက်ခရီးက လမ်းမသာပါဘူး။ နည်းနည်းမတ်တဲ့နေရာလည်း ရှိရဲ့၊ သစ်ပင် သစ်တောတော့ ပိုနက်ပါတယ်။ လားဟူရှီပထမရွာ ပန်ပက်ကို မနည်းရောက်အောင် တက်ကြတယ်။ နောက်မဆုတ်နဲ့ ကိုကံချွန်ပေါ့။








လမ်းတဝက်မှာ တောင်ယာဆင်းကြတဲ့ လားဟူရှီးတွေနဲ့တွေ့တယ်။ မိသားစုအလိုက် ဆင်းသူတွေနဲ့ မိတ်ဆွေဖွဲ့ရင်း ဓါတ်ပုံတွဲရိုက်ကြတယ်။ ရိုးရာနားတောင်းနဲ့ ဆွဲကြိုးကို ခွင့်တောင်းပြီး အနီးကပ်ရိုက်ခဲ့ကြသေးတယ်။ နေကြာပန်းကို အစိမ်းလိုက် စားရင်း ဖခင်နောက်ကျောမှာ ဇိမ်ခံလိုက်လာတဲ့ခလေးငယ်ကို ဓါတ်ပုံရိုက်ဖြစ်တယ်။ တူမီးသေနတ်ကိုင်လာတဲ့သူတွေ့လို့ ခွင့်တောင်းပြီး သူ့သေနတ်နဲ့ ရိုက်ကြသေးတယ်။






တောင်ထိပ်ဆီက ပန်ပက်ရွာဟာ နတ်ဘုံနတ်နန်းအလားပါပဲ။ လောကနိဗ္ဗါန်နဲ့ တူတဲ့ ဒီအရပ်မှာ လူနေမှု အသုံးအဆောင် ခေတ်နဲ့ ညီအောင် ဘာမှ ရှိမနေပါဘူး။ ဧည့်သည်ဝင်လာတာနဲ့ တရွာလုံးက ရွာသူကြီး အိမ်ရှေ့ကို စုရပ်ရောက်လာကြတယ်။ ရွာသူကြီးအိမ် ကြမ်းပြင်ပေါ်မှာ အားလုံး ထိုင်ကြတယ်။ ကိုစိုင်းက ပါရာစီတမော့နဲ့ ဆပ်ပြာဝေတယ်။ ဒီကို မလာခင်ကတည်းက သူတို့အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ဆေးနဲ့ ဆပ်ပြာကို ဝင်ဝယ်လာကြတာ။ ခလေးတွေကိုတော့ သားရေပင်နဲ့ ပူစီပေါင်းတွေ ဝေတယ်။ ရွာလူကြီးက မီးဖိုပြီး ရေနွေးတိုက်ပါတယ်။ သူတို့ ဘောင်းဘီမိုးပြာရောင်လွင်လွင်ကို ကြိုက်လို့ အမှတ်တရ ဝယ်မယ်ဆိုပြီး မေးသေးတယ်။ သီးသန့်ချုပ်ရောင်းတာမရှိပါဘူး။ ထိုင်နေတဲ့သူတွေက မျက်လုံးမျက်ဖန် သိပ်လှကြတယ်။ အသားအရေကလည်း ဝင်းဝါနေတော့ မသိရင် မင်းသားမင်းသမီးတွေနေတဲ့ ရွာပါပဲ။


ပန်ပက်ရွာထဲကိုလည်း ပတ်ပြီး ဓါတ်ပုံရိုက်ကြတယ်။



ပန်ပက်ကနေ ပါခါးကို ဆက်သွားမလားလို့ ကိုစိုင်းက မေးတယ်။ နောက်ထပ်တနာရီ တနာရီခွဲလောက် တောင်တက်ခရီးဆက်သွားရမှာပါ။ နောက်တခေါက် ဒီကို ထပ်ရောက်ဖို့ဆိုတာ မသေချာတော့ဘူး ဒါကြောင့် အပင်ပန်းခံကြမယ် ဆက်သွားမယ်လို့ ပြောတာနဲ့ ပါခါးကို ခရီးဆက်ကြတယ်။









ဆုံးဖြတ်ချက် မှန်သွားတယ်ဆိုတဲ့ အရာဟာ လမ်းတဝက်လောက်မှာပေါ်လာတယ်။ပန်ပက်နဲ့ ပါခါးကြားထဲမှာ လားဟူရှီးလူမျိုးတွေရဲ့ စပါးစိုက်ခင်း မြင်ကွင်းဟာ ဒီခရီးစဉ်တခုလုံးအတွက် အထိုက်တန်ဆုံးဖြစ်အောင် လှပါတယ်။ စိမ်းနေတဲ့ စပါးခင်း၊ ဝါနေတဲ့ စပါးခင်းတွေနဲ့ တောင်တန်းတွေကြောင့် အလှဆုံး ဓါတ်ပုံအဖြစ် အမြဲ စိတ်နှလုံးမှာ ထင်ဟပ်စေလို့ပါ။






ပါခါးမှာတော့ရွာထဲလူ သိပ်မရှိတော့ဘူး။ အားလုံးနီးပါး ယာထဲ ဆင်းကုန်ပြီ။ ရွာထိပ်ကကျောင်းမှာ ထမင်းဝင်စားကြတယ်။ ဒီကျောင်းကလည်းပြင်သစ် ဧည့်လမ်းညွှန်ဦးဆောင်ပြီး လှူဒါန်းဆောက်လုပ်ထားတာ။ ရွာထဲမှာ ကလေးငယ်တွေနဲ့ လူကြီးတချို့တဝက်ပဲ ကျန်ရစ်တယ်။

ပါခါးကနေ ပြန်ပြီး ဆိုင်ကယ်ပြန်ယူကြတယ်။ ခဏနားပြီး သူတို့ရောင်းတဲ့ အအေးလေးဘာလေး သောက်ကြတယ်။ ပြီးတာနဲ့ ကျိုင်းတုံ ပြန်လာတယ်။ ကျိုင်းတုံမှာ မရောက်ဖူးသေးတဲ့ နေရာတွေ သွားလည်ကြမယ်။





ပထမဆုံး ဝပ်အင်းကျောင်းကို လာတယ်။ ဝပ်အင်းကျောင်းရဲ့ မူလ ပုံစံဟာ လာအိုက ကျောင်းတော်တွေအတိုင်းပါပဲ။ အထဲ အပြင်အဆင် အရောင်အသွေးနဲ့ နံရံပန်းချီအမွမ်းအပျောက်တွေဟာ လန်နာတိုင်းပြည်ရဲ့  အမှတ်အသားပါ။ ချင်းမိုင်က ကျောင်းအတော်များများမှာလည်း ဒီပုံစံမျိုးမို့ လန်နာတိုင်းပြည်ရဲ့ အငွေ့အသက်ကို ထင်ဟပ်စေပါတယ်။

ဝပ်အင်းကျောင်းမှာ ကျနော့အိပ်မက်ထဲက ဘုန်းကြီးကျောင်းတွေကို သွားဖို့အတွက် ကိုစိုင်းနဲ့ မေးမြန်းစီစဉ်ကြတယ်။ ကားဆရာနောက်တယောက်နဲ့ချိတ်ဆက်ပေးပါတယ်။ ကိုစိုင်းနဲ့ တခြားနယ်ခံတွေကတော့ မသွားစေချင်ပုံပါပဲ။ ကျနော်တို့ကတော့ ရောက်တုန်း တခါတည်းသွားခဲ့လိုက်ချင်မိနဲ့ လွန်ဆွဲနေကြတယ်။

ဝပ်အင်းကျောင်းကနေ ပါလျန်တံခါးဖက်ထွက် ဓါတ်ပုံရိုက်ကြတယ်။ ပါလျန်တံခါးဟာ ရှေးဟောင်းမြို့အဝင်တံခါးတွေထဲက အကောင်းပကတိ ကျန်ရစ်တဲ့ တခုတည်းသော တံခါးပါ။ ပါလျန်တံခါးကနေ သစ်တပင်တောင်ကို သွားကြတယ်။ မြင့်မားသန်စွမ်းတဲ့ သစ်ပင်ကြီးနဲ့ ဓါတ်ပုံရိုက်ရင်း တပိုင်းတစ မပီပြင်အောင် ကျန်ရစ်တဲ့ မြို့ရိုးကို လွမ်းလွမ်းဆွေးဆွေး ကြည့်ဖြစ်ခဲ့တယ်။

သစ်တပင်တောင်နဲ့ ဟိုတယ်က နီးတာမို့ ဟိုတယ်ကို ပြန်လာကြတယ်။ နောက်နေ့ ကိုစိုင်းရဲ့ မွေးရပ်မြေ လွယ်မွေကို သွားလည်ကြမယ် ပြီးတော့ မနက်စောစော သွားကြမယ် ဟိုရောက်မှ မနက်စာစားမယ်ဆိုတယ်။ ညစာကိုတော့ ဟိုတယ်နဲ့ မနီးမဝေးက ဂျင်းကဖေးမှာ သွားစားကြတယ်။ အစကတော့ သီးစုံဒိန်ချဉ်ပဲ မှာစားဖြစ်ပေမယ့် အရသာကောင်း ထိုင်လို့လည်းကောင်းတာမို့  တခြား အစားအစာ၊ ကော်ဖီတွေပါ မှာပြီး စာအုပ်ဖတ်ရင်း အေးအေးဆေးဆး ထိုင်ဖြစ်တဲ့ ညနေဖြစ်သွားခဲ့တယ်.....

No comments: