09 November 2017

လွန်ဘော့ခရီးစဉ် (၅၊ ၆)






မနက်မိုးလင်းနေထွက်တာ ကြည့်ကြတယ်။  ရောင်နီပျို့တာပဲ မြင်လိုက်ရပြီး နေကို မမြင်လိုက်ရပါဘူး။ မိုးလင်းကာစ တချိန်ပဲရင်ဂျာနီက ကိုယ်ထင်ပြတယ်။ သိပ်မကြာခင်မှာ မြူပုဝါကို လွှမ်းခြုံရင်း ပုန်းနေပါတော့တယ်။

မနက်စာစားပြီးတာနဲ့ ဟိုတယ်ရေချိုးခန်း ပန်းခြံမှာ ဓါတ်ပုံရိုက်ဖြစ်တယ်။ သစ်ပင်တွေစိုက်ထားတာမို့ အနံ့အသက်တွေကင်းပြီး မျက်စိလည်းအေးစေတယ်။ ဘယ်လောက်ကောင်းတဲ့ အကြံလဲနော်။



မိုနီကာက ဖုန်းခေါ်တယ်။ သူနည်းနည်းနောက်ကျမယ် အေးအေးဆေးဆေးနေကြပါတဲ့။ တခြားဧည့်သည်တဖွဲ့ကို ရေတံခွန်ပို့ပေးရမှာမို့ အဒီးကပဲ ကျနော်တို့ကို နောက်တည်းမယ့် ဟိုတယ်ကို ပြန်ပို့ပေးမယ်တဲ့လေ။ အပြန်လမ်းမှာ အုန်းခွံနဲ့ ကင်တဲ့ငါးကင်ဆိုင်မှာ နေ့လည်စာဝင်စားကြတယ်။ ဒေသခံရိုးရာမင်္ဂလာဆောင်တခုကိုလည်း ဓါတ်ပုံရိုက်ချင်လို့ အခွင့်တောင်းပြီး ဝင်ရိုက်ကြတယ်။ အရမ်းဖော်ရွေပြီး ဝင်စားခိုင်းနေကြတာ ဝင်မစားဘူးလို့ငြင်းကြတာကြောင့် ပါဆယ်ထုတ်ပြီးပေးလိုက်ကြတယ်။ သူတို့ကလည်း တပြန် ဓါတ်ပုံတွဲရိုက်ကြသေးတယ်။



နှစ်တနှစ်ရဲ့ နောက်ဆုံးနေ့ကိုတော့ တိတ်တိတ်ဆိတ်ဆိတ်လေး ကုန်ဆုံးချင်ကြတယ်။ ဆူဆူညံညံမရှိတဲ့ Mama Bella ကိုရွေးထားခဲ့တယ်။ ဒီခရီးတခုလုံးမှာ သူ့ဟိုတယ်က ဈေးအချိုဆုံး။ အခန်းသိပ်များများမရှိတဲ့အပြင် အခန်းတိုင်းဟာ သပ်သပ်ရပ်ရပ်ပဲ။ လာတည်းတဲ့ ဧည့်သည်တွေရဲ့ မြို့ကို မြေပုံပေါ်မှာ အလံစိုက်ခိုင်းတဲ့အခါ မြန်မာပြည်မှာ အလံတခုမှ မရှိခဲ့ဘူးလေ။ ပထမဆုံး ဧည့်သည်တွေဖြစ်ခဲ့တယ်ဆိုပါတော့။

နှစ်သစ်ကူးည Senggigi မှာ စည်ကားနေပါတယ်။ လမ်းလျှောက် ဈေးနည်းနည်းပါးပါး ဝယ်ရင်း ညစာစားတယ်။ ပြီးတော့ ကော်ဖီသောက် သီချင်းနားထောင်ရင်း ၂၀၁၇ နှစ်သစ်ကို ကြိုခဲ့ကြတယ်။ မိုနီကာတို့ဆီက နှစ်သစ်ဆုတောင်း မက်ဆေ့ကိုရတယ်။ ဒီလိုနဲ့ ၂၀၁၆ဟာ တဖြည်းဖြည်း ကုန်ဆုံးသွားတော့တယ်။

နှစ်သစ်မှာ ခွန်အားအပြည့်နဲ့ နိုးထတယ်။ မင်္ဂလာနှစ်သစ်ပါလို့ အားလုံးကို နှုတ်ဆက်ရင်း မနက်စာစားတယ်။ မိုနီကာက လာနေပြီလို့ဆိုတယ်။ တကယ်တမ်း ရောက်လာတာက ခရစ်စ်ပါ။ မနေ့က Snorkeling trip မှာ အပူရှပ်ပြီး မိုနီကာ ဖျားနေတဲ့အတွက် ဒီနေ့ကို ခရစ်စ်က တာဝန်ယူထားကြောင်းရှင်းပြပါတယ်။ ဟိုတယ်ကနေ Check out လုပ်ပြီး မရောက်ဖြစ်သေးတဲ့ ကမ်းခြေတွေကို သွားကြမယ်။


ပထမဆုံး Selong Belanak ကမ်းခြေဟိုတယ်တခုကို လိုက်ပို့ပေးပါတယ်။ ကော်ဖီသောက်ရင်း Private beach မှာ ဓါတ်ပုံရိုက်ကြတယ်။ ခရစ်စ်ကတော့ ဟိုတယ်ရဲ့ အခြားတခြမ်းကို အညိုရောင်နယ်မြေ အဖြစ်သတ်မှတ်ထားပြီး ဒေသခံတွေရဲ့ ကမ်းခြေလို့ ပြတယ်။ အမှိုက်တွေ စနစ်တကျ မထိန်းသိမ်းတာကြောင့် ကမ်းခြေနဲ့ပင်လယ်ကို ပျက်စီးစေတဲ့ အတွက် စိတ်ညစ်ရတယ်တဲ့လေ။

ကမ်းခြေဟိုတယ် ကနေ ထွက်လာတော့ လမ်းတဝက်မှာ နေ့လည်စားဖို့ ရှုခင်းကောင်းတဲ့ နေရာမှာ ရပ်ပေးပါတယ်။ ရှုခင်းက လှတာကြောင့် ဓါတ်ပုံရိုက်ဖို့ကို အရင်လုပ်ကြတယ် ပြီးမှ အစားကိုမှာမယ်လို့ သေချာပြောခဲ့တယ်။ ဆိုင်ရှေ့မှာ ဆိုင်းဘုတ်က ပြူးနေအောင် တပ်ထားပါတယ် မစားသောက်ပဲ ဓါတ်ပုံရိုက်တာသပ်သပ်ဆို ဆိုင်ထဲ မဝင်ပါနဲ့တဲ့။ ဒါကြောင့် သေချာ စားပါမယ့် အကြောင်းပြောထားခဲ့ပါရဲ့ စားပွဲထိုးက ဓါတ်ပုံရိုက်နေတဲ့ဆီလာပြီး သုံးကြိမ်လောက်လာမေးနေတော့ ဓါတ်ပုံရိုက်တာ အာရုံပျက်ပါတယ်။ အစားအသောက်က အရသာမဆိုးပေမယ့် အစောက စိတ်အစာမကြေတာကြောင့် စားရတာ အဆင်မပြေပါဘူး။







နောက်တနေရာကတော့ Kuta Beach ပါ။ အသွားသင့်ဆုံးနေရာတခုပါ။ ကမ်းခြေတွေအားလုံးထဲမှာ သူ့ကိုအကြိုက်ဆုံးပါပဲ။ ၁ရက်နေ့မို့ ဒေသခံတွေပါ လည်ပတ်တာကြောင့် လူတွေ ဘယ်လောက်များသလဲဆို ကားလမ်းတောင် ပိတ်သွားပါတယ်။ တောင်ကုန်းနှစ်ခုကို နေပူကျဲကျဲမှာ တက်ကြတယ်။ ဓါတ်ပုံရိုက်ရင်း အချိန်ကလည်း ကုန်တာမြန်ပါတယ်။ 

Kuta Beach ကနေ လေဆိပ်ကိုပြန်တော့ လမ်းမှာ ကားလမ်းစပိတ်ပါတယ်။သုံးနာရီမှာ ပြန်လာခဲ့တယ် ဖြစ်ပြီး ငါးနာရီမှာ Check in ဝင်ဖို့ပါ။ ခရစ်စ်ကတော့ စိတ်တွေလောပြီး ပူပန်နေပါတယ်။ ကျနော်ကတော့ မှီတယ်လို့ စိတ်ချထားပြီး ခပ်အေးအေးပဲလိုက်လာတယ်။ ဘတ်ဂျက်အဲဆိုရင်တော့ ကောင်တာက စောစောပိတ်တတ်တာမို့ စိတ်ပူရမယ်။ အခုက Silk Air ဆိုတော့ မထွက်ခင် နာရီဝက်လောက်အထိ ရောက်ရင်ရသေးတာမို့ စိတ်ကို ဖျော့ထားတယ်။ လမ်းပိတ်ရခြင်း အဓိက အကြောင်းအရင်းက Sasak village အရှေ့ မှာ တိုးကားအကြီးတွေ ပိတ်ပြီး ထပ်ဆင့် ရပ်ထားလို့ပါပဲ။ ခရစ်စ်ကတော့ မော်တော်ပီကယ်ကို ဒီလို မရပ်ရဘူးဆိုတာ နားမလည်ဘူးလား ကားတွေ ပိတ်ကုန်ပြီနဲ့ ရန်လုပ်နေသေးတယ်။ အဲ့ဒီပိတ်တာ ကျော်တာနဲ့ လမ်းက ဖြူးနေတာပါပဲ။ 

သွားခဲ့သမျှ ခရီးသွားအေးဂျန့်တွေထဲမှာ ဒီအေးဂျန့်က ငွေပေးရ အခက်ဆုံးပဲ။ စရန်ငွေလည်း တပြားမှ မတောင်းပါဘူး။ တချို့ အေးဂျန့်တွေက ရောက်တဲ့နေ့မှာ ငွေအကြေ ချေရပါတယ်။ ဒီအေးဂျန့်ကတော့ ရာသီဥတုပေါ်မူတည်ပြီး ခရီးစဉ်ပြောင်းနိုင်တာမို့ဆိုပြီး ပိုက်ဆံ မတောင်းပါဘူး။ ဒီမနက် ပေးမယ်ပြောတော့လည်း ပြန်ခါနီးမှ အေးဆေးပေးပါတဲ့။ အခုလေဆိပ်ထဲရောက်တော့မှ ဘယ်လောက်ပေးရမယ်ဆိုတာ အတင်းမေးပြီး ပေးရပါတယ်။

အချိန်မှီတယ်ဆိုတော့ လေဆိပ်ထဲမှာ ကော်ဖီ အေးအေးဆေးဆေးသောက်ရင်း အမှတ်တရလက်ဆောင်တွေ ကြည့်ကြတယ်။ ဒီမှာ ပုဝါဝယ်တဲ့သူရဲ့ ဟာသကို အမြဲ သတိရမိတယ်။ ပုဝါတွေက ယူအက်စ် ၅၀လောက်မို့ ဈေးကြီးတယ်လို့ ပြောတာကို အင်ဒိုပိုက်ဆံနဲ့ ဘယ်လိုတွက်တယ်မသိဘူး ယူအက်စ် ၅ကျပ် ၁၀ပဲဆိုပြီး ငါးထည်လောက်ယူနေတယ်။ တားတဲ့သူကို ကြိုက်လို့ဝယ်တာ အေးဆေးပဲဆိုပြီး လုပ်နေတာနဲ့ အင်းလေ သူတကယ် ကြိုက်လို့နေမှာပါဆိုပြီးထား ထားလိုက်တယ်။ တကယ်တမ်း ငွေရှင်းတဲ့အချိန်မှ ယူအက်စ် ၃၀၀ကျော်လောက် ကျသွားတယ်။ ပြောပြောပြီး ရီလိုက်ရတာဆိုတာလေ....

လွန်ဘော့က ဘာလီလောက် စီးပွားရေး မဆန်သေးဘူး။ ကမ်းခြေတွေကလည်း အရိုင်းဆန်နေတုန်း ဒေသခံတွေကလည်း အရိုးခံအတိုင်းရှိနေတုန်းပဲ။ ဒီတခေါက် မရောက်ဖြစ်ခဲ့တဲ့ ကမ်းခြေတွေကို ရေရွတ်ရင်း နောက်တခေါက် သွားကြရအောင်လို့ ပြောရင်း လွန်ဘော့ကနေ ပြန်လာခဲ့ရတယ်.....

No comments: