11 November 2017

ဟော့ကိုင်းဒိုး ခရီးစဉ် (၁)

လွန်ဘော့က ပြန်လာတဲ့အခါ နောက်နှစ်ခရီး ဟော့ကိုင်းဒိုးကိုသွားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဟော့ကိုင်းဒိုးသွားလည်ရမယ့်အချိန် ခွင့်ယူလို့ရမယ့် အချိန်တွေကြည့်ပြီးတဲ့နောက် ရုံးမှာ ခွင့်တင်တယ်။ ခွင့်ကျတာနဲ့ တပြိုင်နက် လေယာဉ်လက်မှတ်ကိုဝယ်ဖြစ်တယ်။ တခါမှ မစီးဖူးသေးတဲ့ JAL ကို စီးမယ်လို့ သဘောတူကြတယ်။ အသွားအပြန်စလုံး ၈၉၀နဲ့ လက်မှတ်ဖြတ်ခဲ့တယ်။ Sapporo တိုက်ရိုက်မရှိတာမို့ Tokyo Transist နဲ့ပါ။ နာရီတာနဲ့ ဟိနဒ လေဆိပ်ကြားမှာ ဗျာများနေရသေးတယ်။ များသောအားဖြင့် နိုင်ငံတကာလေကြောင်းတွေက နာရီတာမှာ ရပ်တယ်။ ပြည်တွင်းခရီးစဉ်တွေက ဟိနဒက ပြန်ထွက်တယ်။ ဟိနဒကို ဆိုက်တဲ့လေယာဉ်ကိုပဲ ရွေးဖြစ်ခဲ့တယ်။ လေယာဉ်လက်မှတ်ကို ၁လပိုင်းကတည်းက ဝယ်ထားခဲ့တာဆိုတော့ မစောလွန်းဘူးလားလို့ မေးစရာပါပဲ။ တကယ်တမ်း ရက်နီးလာလေ ဈေးက ပိုများလာလေ ဖြစ်တတ်တာမို့ပါ။

လေယာဉ်လက်မှတ်ဝယ်ပြီးတဲ့အခါ ခရီးစဉ်ကို စစဉ်းစားရတယ်။ ခရီးစဉ်အတွင်း သွားချင်တဲ့ နေရာတွေနဲ့ ဘယ်လိုချိတ်ဆက်သွားရမယ်ဆိုတာ စီစဉ်ရတယ်။ ခရီးစဉ်သေချာပြီဆိုတော့မှ တည်းမယ့် ဟိုတယ်လိုက်ရှာတယ်။ လာဗန်ဒါ ပန်းပွင့်တဲ့အချိန်မို့ ဟိုတယ်တွေက နှစ်ဆလောက်ဈေးတက်နေခဲ့ပြီ။ တချို့မြို့တွေမှာ Airbnb၊ တချို့မြို့မှာ Japanican ပြီးတော့ Agodaနဲ့ အဆင်ပြေသလို ဟိုတယ်တွေကို ဘွတ်ကင်တင်ပါတယ်။ နေစရာ ရပြီဆိုတော့မှ တနေရာကနေ တနေရာကို ဘယ်လို သွားမလဲ ဟိုမှာ ဘယ်လို လည်ပတ်မလဲဆိုတာ အတွက် လေ့လာတယ်။ ကားငှားပြီး ကိုယ်တိုင်မောင်းသွားရင် အရမ်းလွယ်ကူပါတယ်။ ဒါပေမယ့် မြန်မာပြည်က နိုင်ငံတကာလိုင်စင်ကို အသိအမှတ်မပြုတာကြောင့် ကားငှားဖို့ အစီအစဉ်ကို ဖျက်ရတယ်။ နောက်ဆုံး JR Pass 7 days ကိုပဲ ဝယ်ဖြစ်ခဲ့တယ်။ အရေးအကြီးဆုံး အင်တာနက်အတွက် Changi Recommends ကနေ အိတ်ဆောင် အင်တာနက်ကို တနေ့ စလုံးငါးကျပ်နဲ့ ငှားခဲ့တယ်။ 

ဗီဇာကိုတော့ မသွားခင်တလလောက်မှပဲ လျှောက်ဖြစ်တယ်။ အဓိကလိုအပ်ချက်တွေကတော့ သံရုံးက ညွန်ကြားထားတဲ့အတိုင်းပါပဲ။ အလုပ်ကဗီဇာတခုတင်စရာရှိတာနဲ့ အေးဂျန့်နဲ့ပဲ  တခါတည်း နှစ်ခုလုံး တင်ခိုင်းလိုက်ပါတယ်။ အပြီးအစီး ၈၅ ကျပ်ကျပါတယ်။ တကယ်တမ်းသွားရခါနီးတော့ အလုပ်တွေရှုပ်နေတာနဲ့ ခရီးဆောင်အိတ်တောင် သေချာ မထုတ်နိုင်ဘူး။ သွားမယ့်ရက် နီးလေ အလုပ်ထဲမှာလည်း စိတ်မပါပဲ ခရီးကိုပဲ စိတ်ရောက်နေခဲ့တယ်။

ကျနော့လေယာဉ်က မနက်၁နာရီလေယာဉ်ပါ။ လေယာဉ်ပေါ်မှာ အိပ်ပြီးလိုက်သွားရုံပါပဲ။ ကံကောင်းတာက ဘေးခုံမှာ တယောက်မှ မရှိတာမို့ အေးအေးဆေးဆေး အိပ်လိုက်သွားတယ်။ မနက်နိုးတာနဲ့  မနက်စာကျွေးဖို့ ပြင်ဆင်နေကြပြီ။

မနက်စာစားပြီး တနာရီကျော်ကျော်လောက်မှာ ဟိနဒလေဆိပ်ကိုဆင်းပါတယ်။ ဟိနဒ နိုင်ငံတကာ လေဆိပ်ကနေ ပြည်တွင်းလေဆိပ်ကို ဘတ်စကားနဲ့ကူးတယ်။ သူငယ်ချင်းက ရောက်နှင့်နေပြီးသားမို့ သူကပဲ လမ်းပြပြီးခေါ်လာတယ်။ အိတ်အပ်ရမယ့် ကောင်တာမှာ မိသားစု တစုနဲ့ အလုပ်တွေရှုပ်နေတာမို့ စိတ်ကလောနေခဲ့တယ်။ နောက်ဆုံးတခြားကောင်တာက လှမ်းခေါ်ပြီး Check in ဝင်ပေးခဲ့တယ်။ ၁၀နာရီမှာ ရောက်ပြီး ၁၁နာရီခွဲမှာ ပြန်ထွက်တာမို့ တော်တော်လေး ကသီပါတယ်။ နေ့လည်စာလည်းလွတ်ခဲ့တယ်။ တနာရီခွဲကျော်ကြာမယ့် လေယာဉ်ဆိုတော့ တခုခုတော့ ကျွေးမှာပဲထင်ထားခဲ့တာ တကယ်တမ်း အအေးပဲတိုက်တာမို့ မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့ရပါတယ်။

ဆပိုရိုလေဆိပ်ကို အချိန်မှီိရောက်ပါတယ်။ အထုတ်တွေယူပြီးတဲ့အခါ JR လက်မှတ်ရုံးကိုသွားတယ်။ ရထားချိန်လိုသေးတာမို့ reserved seat ယူပြီးတာနဲ့ ဆပိုရိုလေဆိပ်မှာပဲ  နေ့လည်စားစားကြတယ်။ စားပြီးတာနဲ့ ရထားဆီကို ပြန်ဆင်းကြတော့ စာအုပ်ထဲမှာ ညှပ်ထားခဲ့တဲ့ ရထားလက်မှတ်ကို မေ့ပြီး ပျောက်တယ်ထင်နေမိတယ်။ စားသောက်ဆိုင်ပြန်သွားမေးတော့လည်း မကျန်ခဲ့ဘူးတဲ့။ နောက်မှ သတိရပြီး စာအုပ်ထဲက ပြန်တွေ့တယ်။ အသက်ကြီးပြီးကော..

ရထားနှစ်ဆင့် ပြောင်းပြီး ဖူရာနိုးကိုသွားတယ်. တာကီကာဝါဆိုတဲ့ ရထားဘူတာမှာတော့ ရထားပြောင်းချိန် ငါးမိနစ်ပဲရပါတယ်။ ပလက်ဖောင်းပြောင်းရမှာရယ် ဘယ်ပလက်ဖောင်းလဲဆိုတာရယ် ရှာရမှာမို့ တကယ်မလွယ်ပါဘူး။ ရထားဝန်ထမ်းအဖိုးတယောက်က ဖူရာနိုးသွားမှာ မလားဆိုပြီး ကူပြောင်းပေးပါတယ်။ ဓါတ်လှေခါးကို ခလုတ်နှိပ်ပေးပြီး သူက လှေခါးကနေ တက်ပါတယ်။ သွားရမယ် ပလက်ဖောင်းရောက်တော့ ရထားကို စောင့်ခိုင်းထားပါသေးတယ်။ သူမှ မကူညီရင် သေချာပေါက် ရထားလွတ်သွားပြီ။ ကျေးဇူးတွေတင်ရင်း တာဝန်ကျေ ကူညီတတ်တဲ့ ဂျပန်အဖိုးကြီးကို အလေးပြုမိတယ်။



နယ်ပိုင်းရောက်လာလေလေ ရှုခင်းတွေက စိုက်ခင်းတွေနဲ့ ပြည့်လာလေလေပါပဲ။ စနစ်တကျ ထိန်းသိမ်းထားတဲ့ သစ်တောတွေကို ရထားလမ်းတလျှောက်လုံးငေးနေမိတယ်။ ဖူရာနိုးကို ရောက်တဲ့အခါ တည်းဖို့ စီစဉ်ထားတဲ့ အိမ်ရှင် တာကာဆန်က ကားနဲ့လာကြိုပါတယ်။ အိမ်ခန်းနှစ်ခန်းရှိတဲ့ တိုက်ခန်းမှာ ကျနော်တို့က တခန်းယူထားပါတယ်။ ဧည့်ခန်း ရေချိုးခန်းနဲ့ အိမ်သာကို ဘုံအဖြစ် မျှသုံးရမှာပါ။ ရေခဲသေတ္တာထဲမှာ လဖက်ရည်၊ကော်ဖီနဲ့ မနက်စာအတွက် ပေါင်မုန့်နဲ့ ကြက်ဥတွေပါ ထားပေးပါတယ်။ ဖူရာနိုးဟာ မြို့ငယ်လေး ဖြစ်တာကြောင့်  မနက်စောစော ဆိုင်တွေ မဖွင့်တတ်ပါဘူး။ တည်းတဲ့သူတွေ မနက်စာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ တာကာဆန်ရဲ့ စေတနာက အသိအမှတ်ပြုစရာပါပဲ။

အထုတ်တွေချပြီးတာနဲ့ တာကာဆန်နဲ့ ဖူရာနိုး ခရီးစဉ်ကို ညှိနှိုင်းကြတယ်။ တာကာဆန်က ဓါတ်ပုံခရီးစဉ် စီစဉ်ပေးမယ်ဆိုတာကြောင့် ကျနော်တို့သွားချင်တဲ့ နေရာတွေကို လှမ်းပြောထားပြီးပြီ။ သီးသန့်ခရီးစဉ် ဆယ်နာရီအတွက် တယောက်ကို ယန်းခုနှစ်ထောင် စလုံး ၈၅ကျပ်လောက် ကျပါတယ်။ မလာခင် ဈေးစုံစမ်းထားတာက တရက်ကို ယူအက်စ် ၂၅၀လောက်ဆိုတော့ အခုဈေးက အတော်လေးသက်သာပါတယ်။ ပထမနေ့ကိုပန်းကြည့်မယ်၊ ဟနမိနေ့ အဖြစ်ရွေးလိုက်ပြီး ဒုတိယနေ့ကိုတော့ တောင်ကုန်းများကို ရွေးလိုက်တယ်။



အားလုံးအစီအစဉ်ကျပြီဆိုတော့ ဒီနေ့ညနေ ဘာလုပ်မလဲ ဆိုတာ တာကာဆန်ကမေးတယ်။ ကျနော်သွားချင်တာ Ningle Terrace ပါလို့ ပြောလိုက်တဲ့အခါ တာကာဆန်က  တက္ကစီနဲ့သွားရင် ဈေးကြီးတယ် သူလိုက်ပို့ပေးမယ်လို့ပြောလာတယ်။ အသွားကိုတော့ သူ့မှာ ကိစ္စရှိလို့ သူ့ သူငယ်ချင်း ပို့ပေးမယ် အပြန်ကိုတော့သူလာကြိုမယ်လို့ စီစဉ်ပေးတယ်။ ဒါနဲ့ပဲ အဲ့ဒီမှာ ကော်ဖီသောက်ချင်တဲ့ ဆန္ဒပြည့်မြောက်သွားပါတော့တယ်။

Ningle Terrace ကအပြန် ညစာစားဖို့ကိုတော့ တာကာဆန့်သူငယ်ချင်း ဘားကို လိုက်ပို့ပေးတယ်။ Robato ဆိုတဲ့ ရှေးရိုးရာ ဘားလေးကို လွန်ခဲ့တဲ့အနှစ်ငါးဆယ်က အဖေက စတည်ခဲ့တာဖြစ်ပြီး အခုလက်ရှိ တာကာဆန့် သူငယ်ချင်းက ဆက်ခံ အလုပ်လုပ်နေခဲ့တာကြောင့် အရင် ဂျပန်ခေတ်ရှေးရိုးပုံလေးအတိုင်းဖြစ်နေခဲ့တာ။ အဲ့ဒီဘားမှာပဲ ဆိုင်ရှင်က သူငယ်ချင်းမျက်နှာနဲ့ ကျနော်တို့ကို မယ်လွန်သီး အလကားခွဲကျွေးလိုက်တာဖြစ်ပြီး အဲ့ဒီမယ်လွန်သီးကို အသည်းစွဲသွားတာပဲဖြစ်ပါတယ်။

ဘားကအပြန် ဖုန်းကနေ ဂူဂယ်အားကိုးနဲ့ ပြန်မယ်ဆိုတဲ့ လူတတ်ကြီးတွေ ဒုက္ခနဲ့ လှလှတွေ့ပါတယ်။ ငါလူလည်ပါ ဆိုတာတွေ မြေပုံက ဂျပန်စာနဲ့ပဲ တက်လာတဲ့အခါ မလည်နိုင်တော့ပါ။ လမ်းနာမည်တွေလည်း မဖတ်တတ် ဘယ်ကွေ့ရမလား ညာကွေ့ရမလားလည်း မသိ ဝေးသွားလိုက် နီးလာလိုက်နဲ့ ပတ်ချာလည်နေပါတော့တယ်။  မနေနိုင်တဲ့အဆုံး လမ်းသွားတယောက်ကို မေးတော့ သူလည်း မသိဘူးဆိုပြီး အနားလာသမျှလူတွေကို လှမ်းခေါ်အကူအညီတောင်းပါတယ်။ အင်္ဂလိပ်လိုမေးရင် ပြန်မဖြေတတ်ကြဘူးဆိုတဲ့ ဂျပန်လူမျိုးတွေ ဒီမြို့မှာတော့ အလွန်တရာကူညီကြပါတယ်။ ဖုန်းထဲကနေ ဘာသာပြန်ပြီး ကျနော်တို့နဲ့ ဆက်သွယ်တယ်။ ခပ်ငယ်ငယ် အမျိုးသမီးတယောက်က စက်ဘီးယူလာပြီး ကျနော်တို့ကို လိုက်ပို့ပေးပါတယ်။ တည်းတဲ့နေရာ ရောက်တဲ့အခါ ကောင်းသောညပါဆိုတာကို ဖုန်းထဲကနေ ဘာသာပြန်ပြီး နှုတ်ဆက်သွားပါတယ်။

စိမ့်နေအောင် အေးလာတဲ့ညမှာ လေအေးပေးစက်မလိုပဲ စောင်ခြုံပြီး အိပ်ကြရတယ်။ နွေဦးပေါက် ဂျပန်ဟာ ညတာတိုမယ်မှန်း မသိခဲ့တဲ့အချိန်ပေါ့........

No comments: