02 November 2017

လွန်ဘော့ခရီးစဉ် (၄)







မနက်စာကို ၆နာရီမှာ လာပို့ပါလို့ ဟိုတယ်ကို မှာထားခဲ့တယ်။ ပေါင်မုန့်အသီးအနှံတွေနဲ့ ကော်ဖီတခွက်ဟာ မနက်စာကို လုံလောက်သွားစေပါတယ်။ မနက်စာစားရင်း နေထွက်ချိန်ကို ဓါတ်ပုံရိုက်နေမိတယ်။ ဟိုတယ်အပြင်ကိုထွက်လိုက်တာနဲ့ Mr. Nice one က ကားသမားနဲ့ အသင့်စောင့်နေနှင့်ပြီ။ ကားလမ်းတွေ မပိတ်ခင် မြန်မြန်တောင်အောက်ဆင်းသွားကြတယ်။ Mr. Nice one ရဲ့ ဇနီးနဲ့သားကို လမ်းမှာ ဝင်ခေါ်တယ်။ သူ့ဇနီးက နေ့လည်စာအတွက် ဈေးဝယ်ပေးမှာဖြစ်ပြီး သူ့သားကတော့ အပျော်လိုက်လာတာပါ။




ပထမဆုံးသွားတာက Selong Hill ပါ။ တောင်တန်းတွေကိုချစ်တဲ့သူတွေအတွက် စိမ်းညို့နေတဲ့ တောင်တန်းတွေက အသင့်ကြိုတယ်။ ဓါတ်ပုံတွေထဲကနေပဲ ရင်းနှီးခဲ့ရတဲ့ နေရာတခုကို အခုတော့ မျက်ဝါးထင်ထင် မြင်နေရပြီ။ တောင်တန်း တောင်စွယ်အစိမ်းတွေကြားထဲမှာ ဖြူလွလွတိမ်တိုက်တွေနဲ့ ကောင်းကင်ပြာပြာ အပြင် စိမ်းဝါကွက်ကြား လယ်ကွင်းတွေဟာ သဘာဝဆိုတဲ့ အနှစ်သာရကို အပြည့်ဖွင့်ဆိုခဲ့ပါတယ်။

နောက်တနေရာအဖြစ် ဒီကျွန်းလွန်ဘော့ဖြစ်တည်ရာ အိမ်လေးခုနှစ်လုံးရဲ့ ပုံစံတူ ပြခန်းကိုသွားခဲ့တယ် အိမ်ယာတွေထက် ဘေးနားက ဝါးတောကို ပိုပြီးစိတ်ဝင်စားမိတယ်။ တချို့ဝါးရုံတွေက ပိုင်ရှင်ကိုယ်စီနဲ့ ဒီဝါးတောကို ရွာက စနစ်တကျ ထိန်းသိမ်းထားတာ အားကျစရာပါပဲ။




ဝါးတောနောက်က တောင်ကုန်းမြင့်ပေါ်တက်ပြီး ဓါတ်ပုံရိုက်ကြတယ်။ လုပ်ငန်းခွင်ဝင်နေတဲ့ တောင်ယာသမားတွေကို လှမ်းမြင်နေရပြီ။ တိမ်တွေကလည်း လက်တကမ်းလိုလိုမှာပဲ အေးချမ်းလိုက်တာ..




Selong Hill ကနေဆင်းလာတဲ့အခါ ကျနော်တောင်းဆိုထားတဲ့ Umar Maya waterfall ကိုလိုက်ပို့တယ်။ ဒီရေတံခွန်က လမ်းအဆင်မသင့်ပါဘူး။ ကားလမ်းခရီးဆုံးတဲ့အခါ ၄၅မိနစ်လောက် လမ်းလျှောက်သွားရပါတယ်။ ကုန်းဆင်းကုန်းတက်တွေအပြင် ရေစီးသန်တဲ့ ချောင်းကိုလည်း အကြိမ်ကြိမ်ဖြတ်ရ ပြန်တယ်။ တချို့နေရာတွေမှာ သစ်ပင်အမြစ်တွေ အားပြုဆင်းရတက်ရတဲ့အထိ လမ်းခရီး မသာပါဘူး။ ဒါကြောင့်လည်း လာလည်တဲ့သူနည်းပါတယ်။ ပုံမှန်အချိန်ဆိုရေရဲ့အရောင်က စိမ်းပြာရောင်မို့ ရေတံခွန်က သိပ်ထူးခြားလှပတယ်။ ဒီရက်ပိုင်းမိုးရွာထားတာကြောင့် ရေကနည်းနည်းနောက်နေခဲ့တယ်။ ဒေသခံလူငယ် သုံးလေးယောက်နဲ့ ကျနော်တို့ ပဲဆိုတော့ ရှုခင်းကို အေးဆေး ခံစားလို့ရတယ်။ ကျနော်တို့ရေကူးနေတုန်းမှာ Mr. Nice one က ထမင်းဟင်းချက်တယ်။ ထမင်းကြော် ကြက်ဥကြော်နဲ့ ရေတံခွန်အလယ်က ကျောက်တုံးပေါ်က နေ့လည်စာဟာ မမေ့ရက်စရာပါပဲ။

ဟိုတယ်ကို ပြန်ရောက်တဲ့အခါ မိုးမှောင်နေပြီ။ ရေကူးကန်မှာ ရေခဏကူးပြီးတာနဲ့ ညစာစားတယ်။ မနက်နေထွက်တာ ကြည့်ဖို့ စောစောအနားယူကြတယ်....

No comments: