28 November 2017

အိုတယု နိုဘိုရိဘတ်စု၊ ဟော့ကိုင်းဒိုး (၅)

နောက်တနေ့ မနက်စောစောနိုးလာတော့ ဝယ်ထားတဲ့ အသီးအနှံတွေကို မနက်စာအဖြစ်စားကြတယ်။ ဒီအိမ်က မနက်စာ မစီစဉ်ပေးဘူးလေ။ ပြီးတာနဲ့ ကားငှားပြီး ဘူတာရုံကိုထွက်လာတယ်။ တကယ်က ဘူတာရုံနဲ့နီးနီးလေး ဆယ်မိနစ်လောက်လမ်းလျှောက်ရင် ရောက်ပါတယ်။ အထုတ်တွေနဲ့ဆိုတော့ ကားပဲ ငှားစီးလိုက်ကြတော့တယ်။

ဘူတာရုံမှာ အိုတယုသွားမယ့် အစောဆုံးရထားကို နေရာယူလိုက်ကြတယ်။ အမြန်ရထားတွေက မနက်ဆယ်နာရီမှဆိုတော့ ပုံမှန်ရထားကိုပဲရွေးလိုက်တယ်။ အရွေးမှန်သွားတယ်။ ရထားက ချောင်နေတဲ့အပြင် ခပ်မှန်မှန်လေးသွားတာကြောင့် ပင်လယ်နားက ဖြတ်သွားတဲ့အခါ ရှုခင်းကို ခံစားလို့ရတယ်လေ။
အိုတယုရောက်တဲ့အခါ ပထမဆုံးက ဘူတာရုံမှာ အိတ်တွေ ထားခြင်းပဲ။ အိတ်တွေထားဖို့ လော့ကာအကြီးကြီးတွေ ထားပေးတယ်။ အရမ်းအဆင်ပြေတယ်။ သွားလေရာ တွန်းသွားပြီး ဒုက္ခမတွေ့တော့ဘူးလေ။ ပြီးတာနဲ့ Double cheese cake ဝယ်တယ်။ ဆိုင်ကလည်း အခုခဲထားတာမို့ စားလို့မရသေးဘူးဆိုတာ ရှင်းပြ၊ကိုယ်တွေကလည်း အခုမစားနိုင်သေး။ ကိတ်ကို ဆွဲပြီး ဘူတာရုံကထွက်လာတော့ ဘယ်သွားကြမယ် မဆုံးဖြတ်ရသေးဘူး။ နာမည်ကျော် တူးမြောင်းရယ် နေ့လည်စာစားမယ် ဒါပဲ အစီအစဉ်ဆွဲထားတာ။ ကားမှတ်တိုင်မှာ ကားစောင့်နေရင်း အဏ္ဏဝါပြတိုက်ဆိုတော့ စိတ်ဝင်စားသွားကြတယ်။ ဒါနဲ့ အဲ့ဒီကားပေါ်ပါသွားကြလေရဲ့။







နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက်ကြာမှ ပြတိုက်ကိုရောက်တယ်။ ပြတိုက်က တောင်ကုန်းထိပ်လေးမှာ ကောင်းကင်ပြာတဲ့နေမို့ နေပူပြီး ရှုခင်းကလှနေတယ်။ ပြတိုက်အဝင်ဝကနေ မြေအောက်ထဲကို ဆင်းသွားရတယ်။ ရှားပါးတဲ့ ငါးမျိုးစိတ်တွေဆိုတော့ စိတ်ဝင်စားစရာပါပဲ။ အထဲကနေ အပြင်ထွက်လာတဲ့အခါ အပြင်မှာကမ်းခြေနားမှာ ပြတိုက်အခန်းတွေ ရှိနေသေးတယ်။ ကမ်းခြေအနားအထိဆင်းကြမယ်ဆိုပြီး ဆင်းကြတယ်။ နာရီဝက်လောက်ပဲဆိုပြီး လာတာ တနာရီလောက်ကြာပါတယ်။ ဒါတောင် ခပ်သွက်သွက်သွားကြလို့။ ဖျံတွေ ပင်ဂွင်းတွေ စင်ရော်တွေနဲ့ ကမ်းခြေနားမှာလည်း သာယာတယ်လေ။ 

အဏ္ဏဝါပြတိုက်ကနေ ပြန်တော့ ဘတ်စကားက နာရီဝက်လောက် စောင့်ရဦးမယ်တဲ့။ ဒါနဲ့ လမ်းမကိုထွက်ပြီး ကားငှားဖို့လိုက်တယ်။ တက္ကစီတစီးမှ မတွေ့ဘူး။ အနားမှာ စက်လှေစီးဖို့ လက်မှတ်ရောင်းနေတဲ့ ဂိတ်ကိုမေးတဲ့အခါ ဖုန်းဆက်ခေါ်ရမှာတဲ့။ ဖုန်းတွေလည်း မရှိကြဘူးဆိုတော့ သူခေါ်ပေးမယ်တဲ့။ စိတ်ရှည်လက်ရှည် တက္ကစီကို ခေါ်ပေးတယ်။ သွားမယ့်နေရာက အိုတယုတူးမြောင်းလို့ ပြောလိုက်တယ်။ တက္ကစီမလာမချင်း သူက ကျနော်တို့ကိုစကားလာပြောပေးသေးတယ်။ သဘောကောင်းချက်။ ဆယ့်ငါးမိနစ်လောက်ကြာတဲ့အခါ တက္ကစီသမားလာတယ်။ အိုတယုတူးမြောင်းကိုသွားမယ်ဆိုတာလေးပါ ကားသမားကို တခုတ်တရ လာပြောပေးသွားသေးတယ်။

ကားကို တူးမြောင်းနားမှာ ရပ်ပေးတယ်။ ရပ်ပေးတဲ့ နေရာမှာ စားသောက်ဆိုင် ဝင်ဖို့ တန်းစီနေကြတယ်။ ဗိုက်ဆာလာသလိုပဲ ဆိုပြီး တန်းစီကြမလား လုပ်နေတုန်းမှာ တံခါးက ပွင့်လာတယ်။ မထူးဘူးဆိုပြီး ရောယောင်ဝင်လိုက်ကြတယ်။ စားလို့ကောင်းမယ်ထင်တဲ့ ဆိုင်ကိုရွေးတယ်။ ဆိုင်ထဲမှာ ဂဏန်း ဂဏန်းဆိုပြီးရွတ်နေကြလေရဲ့။ ဂဏန်းဟင်းချို၊ ဂဏန်းလက်မမှာပြီး ပျော်ပျော်ကြီး စားသောက်ကြတယ်။ ပင်လယ်စာတွေ စားအပြီး ဝယ်ထားတဲ့ ချိစ်ကိတ်ကို စားကြတယ်။ အရသာသိပ်ကောင်းတဲ့ အစားအသောက်တွေပါပဲ။ ဈေးကလည်း ဆပိုရိုထက် တဝက်လောက်ကို ကွာပြီး ဈေးချိုပါတယ်။ ပင်လယ်စာစားမယ်ဆို ဆပိုရိုမှာ မစားပဲ အိုတယုမှ စားကြဖို့လက်တို့ချင်ပါတယ်။



ဗိုက်ဝပြီဆိုမှ တူးမြောင်းဘေးကို လမ်းသလားကြပြီပေါ့။ တူးမြောင်းတိုတိုလေးဟာ တချိန်က သမိုင်းဝင် နေရာပေါ့။ မြောင်းတဖက်ခြမ်းက ကုန်လှောင်ရုံတွေဟာ ဂျပန်ခေတ်ဦးစက်မှု ထွန်းကားချိန်တွေပေါ့။ အခုတော့ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေနဲ့ ခရီးသည်တွေကို စွဲဆောင်နေတဲ့ နေရာတခုဖြစ်နေခဲ့ပြီ။ ဆောင်းတွင်း နှင်းတွေကြားမှာ ပိုလှတယ်လို့ပြောကြပါတယ်။ အခုနေရောင်အောက်မှာလည်း တမျိုးလေး လှနေတာပါပဲလေ။



တူးမြောင်းကနေ ဘူတာကို တက္ကစီနဲ့ ပြန်လာကြတယ်။ ရထားချိန်စောနေသေးတဲ့အပြင် ဘူတာရုံအပြင်ဖက် ဗုံတွေကို စိတ်ဝင်စားနေတယ်။ သွားမေးတဲ့အခါ ရိုးရာဗုံတီးပွဲ ဧည့်သည်တွေကို ဖျော်ဖြေဖို့ဆိုတော့ ရှေ့ဆုံးကနေ နေရာယူတော့တာပေါ့။ ဗုံတီးပွဲပြီးမှပဲ အထဲကိုဝင်ပြီး ချောကလက်ဘီစကစ်တွေ ဝယ်ကြတယ်။ အိုတယုကနေ နိုဘိုရီဘတ်စုကို ရထားနဲ့ သွားကြမယ်။









နိုဘိုရီဘတ်စုဘူတာကနေ ဟိုတယ်ကို တက္ကစီငှားသွားရတယ်။ အချိန်ကို အသုံးချချင်တာကြောင့် တက္ကစီကို စီးရတာ စရိတ်က ကြီးပါတယ်။ ဟိုတယ်ရောက်တဲ့အခါ အထုတ်တွေချပြီး ငရဲတောင်ကြားကို ချီတက်ဖို့ ဘတ်စ်ကားစောင့်တယ်။ ကားက မလာတာကြောင့် လမ်းပဲလျှောက်သွားလိုက်တော့တယ်။ ငရဲတောင်ကြားဆိုတာ သဘာဝရေပူစမ်း ဒီနိုဘိုရီဘတ်စုရဲ့ မူလဇစ်မြစ်ပေါ့။ ငရဲတောင်ကြားကနေ တောင်တက်ခရီးတိုလေး သွားကြတယ်။ ခြေထောက်စိမ်လို့ရတဲ့ သဘာဝရေပူစမ်းကို လျှောက်ရင်း တဖြည်းဖြည်း တောထဲကို စိမ့်ဝင်လာကြတယ်။ နည်းနည်းလည်း မှောင်လာတာမို့ ခရီးသည်သိပ်မတွေ့ဖြစ်ဘူး။ ရေပူစမ်းနေရာက စိမ်လို့ကောင်းတဲ့အပြင် အောက်က ကြမ်းပြင်ကလည်း သဲအမည်းရောင်တွေပါ။ နေရောင်မကျခင် ခပ်သွက်သွက်လျှောက်လာကြတယ်။ ဟိုတယ်ပြန်ရောက်တော့ ညစာစားချိန်ရောက်နေပြီ။



ရေပူစမ်းစိမ်မယ်ဆို ထမင်းစားချိန် နည်းနည်းပဲရမယ်ဆိုတော့ ရေမချိုးတော့ပဲ ထမင်းစားဖို့ အရင်သွားကြတယ်။ အခုတည်းတဲ့ အွန်စမ်ဟိုတယ်တွေက ညစာမနက်စာ စရိတ်ငြိမ်းပါ။ ညစာက ဘူးဖေးဆိုတော့ သာမန်ကာလျှံကာလောက်ပဲ ထင်ထားတာ တကယ်က ရှယ်ဖြစ်နေတယ်။ ပင်လယ်စာတွေ အလျှံပယ်၊ ဟင်းချက်ကလည်း ကောင်းဆိုတော့ ဗိုက်ခွေးနမ်းတော့တာပေါ့။ စားပြီးတော့ အခန်းကို ပြန်ပြီး ခဏနားကြတယ်။ အခန်းထဲမှာ အိပ်ရာခင်းပေးထားပြီး စောင်အောက်မှာ ခဏခွေနေမိတယ်။ ညမှ အွန်စမ်တက်စိမ်တော့မယ်။ အခန်းက ဂျပန်စတိုင်အခန်းမို့ တာတမိမြက်ဖျာလေးခင်းထားပြီး အနံ့ကလည်း မြက်ဖျာနံ့လေးသင်းနေတယ်။ ညဖက် ရေနွေးစိမ်ပြီး ပြန်အိပ်လိုက်တာ မနက်တော်တော်လေး နောက်ကျမှ နိုးပါတယ်....

No comments: