မနက်တော့ နောက်ကျမှ နိုးပါတယ်။ မနက်စာစားပြီးတာနဲ့ အထုတ်တွေသိမ်းတယ်။ တောင်ကုန်းတွေလည်ပြီးရင် ညနေမှာ ရထားနဲ့ ကာမီဖူရာနိုးကနေ အဆာဟိကာဝါမြို့ကို တန်းသွားမှာ ဖြစ်လို့ အိတ်တွေပါ တခါတည်း ယူလာခဲ့တယ်။
တောင်ကုန်းတွေသွားပြီးရင် အွန်ဆမ်ရေပူစမ်းစိမ်ကြမယ်လေဆိုပြီး တာကာဆန်က တဘက်တွေပါသယ်လာဖို့ သေချာမှာတယ်။ ဘီအဲအိက တောင်ကုန်းတွေကို မြင်ဖူးချင်လှပြီ။
လမ်းမှာ တာကာဆန်ရဲ့ လျှို့ဝှက်ရှုခင်းကို ကြည့်ခွင့်ရပါတယ်။ ပထမဆုံး ပန်းခင်းနဲ့အစပြုတဲ့ စိုက်ခင်းတွေအလယ် တောင်တန်းတွေအဆုံးသတ်ထားတဲ့ ရှုခင်းပါ။ ပြီးတာနဲ့ နာမည်ကျော် ရိုလာကိုစတာလမ်းကို ပို့ပါတယ်။ နှစ်ကီလိုမီတာရှည်တဲ့ ဒီလမ်းဟာ နာမည်ကျော်လောက်ပါပေတယ်။ လမ်းတဖက်တချက်က စိုက်ခင်းတွေကလည်း တမျှော်တခေါ်....
ရိုလာကိုစတာလမ်းကနေ နောက်ထပ် နာမည်ကျော် ခရစ္စမတ်သစ်ပင်ကို သွားကြည့်ကြတယ်။ နှင်းတွေဖုံးနေတဲ့ ရှုခင်းနဲ့ ဒီသစ်ပင်ရဲ့ ဓါတ်ပုံကိုမြင်ဖူးထားခဲ့ပေမယ့် အခုမျက်မြင်တွေ့နေရတဲ့ စိမ်းဝါရောင် ရှုခင်းဟာလည်း တမျိုးဆန်းသစ်စွဲငြိစေတာပါပဲ။ ရင်မှည့်နေတဲ့ ဂျုံခင်းနဲ့ စိမ်းစိုနေဆဲ စိုက်ခင်းနှစ်ခုဟာ စိတ်ထဲမှာ တလမ်းဆီသွားနေတဲ့ သူနှစ်ယောက် ဒါမှမဟုတ် ကျောချင်းကပ်ထားတဲ့ သုံးနဲ့လေးလိုပါ။
ခရစ္စမတ်သစ်ပင်ပြီးတာနဲ့ မိသားစုဆိုတဲ့ သစ်ပင်တန်းလေးကို သွားကြတယ်။ အပင်အမြင့်ဆုံးက အဖေ၊ ဒုတိယက အမေ၊အငယ်ဆုံးကတော့ ကလေးငယ်လေးတဲ့လေ.
မိသားစုသစ်ပင်တန်းကနေ ကြယ်ခုနှစ်လုံး စီးကရက်ဗူးရဲ့ မော်ဒယ်အဖြစ်နာမည်ကျော်ခဲ့တဲ့ သစ်ပင်ကိုသွားကြပြန်တယ်။ တောင်ကုန်းထိပ်မှာဆိုတော့ လေက ဟူးဟူးရားရားတိုက်နေတယ်။ ဦးထုပ်လွင့်သွားလိုက်ပြန်ကောက်လိုက်နဲ့ အတော်လေးအလုပ်ရှုပ်စေတဲ့တောင်ကုန်းပါ။
ကြယ်ခုနှစ်လုံးသစ်ပင်က အပြန် ကာမီဖူရာနိုမှာ curry pork noodle ဆိုင်မှာ သွားတန်းစီကြတယ်။ ဆိုင်အဝင်ဝမှာ ဖုံးနံပါတ်နဲ့ ဧည့်သည်အရေအတွက်ရေးပြီး အလှည့်ကျစောင့်ကြရတယ်။ အရသာအတော်ရှိပြီး မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်ပါတယ်။
စားသောက်ပြီးတဲ့အခါ ရေပြာကန်ကို ဦးတည်ကြပြန်တယ်။ ရေပြာကန်ဟာ သဘာဝအတိုင်းဖြစ်လာတဲ့ကန်မဟုတ်ပေမယ့် ခရီးသွားတိုင်းရဲ့ စိတ်ဝင်စားမှုကို ရစေတဲ့နေရာတခုပါ။ Window Background အနေနဲ့ တခုတ်တရ ရွေးချယ်ခြင်းခံရတဲ့ ရေပြာကန်ဟာ တကယ်လည်းအပြင်မှာ လှပါပေတယ်။ ရောက်ကတည်းက ထရိုင်ပေါ့ချပြီး ဓါတ်ပုံရိုက်လိုက်တာ နာရီဝက်ကျော်တဲ့အထိ အဲ့ဒီနေရာမှာ မရွှေ့တဲ့ ကျနော့ကို တာကာဆန်က ရယ်ကျဲကျဲလုပ်ပြီးကြည့်နေလေရဲ့။
ရေပြာကန်မှာ စိတ်ကြိုက်ရိုက်ပြီးတဲ့အခါ ရေတံခွန်ကို ပို့မယ်ဆိုတော့ သိပ်စိတ်မဝင်စားခဲ့ကြဘူး။ တကယ်တမ်း တံတားပေါ်ကနေ ရေတံခွန်ကို မြင်ရတဲ့အခါမှာတော့ ခုန်ချချင်စိတ်တောင်ပေါက်ပါတယ်။ ရေဟာ ကြည်ပြာလဲ့နေတာကြောင့် အသည်းထဲကို တန်းခနဲငြိသွားပါတော့တယ်.
ရေတံခွန်ကနေ မီးတောင်ရှင်ဖြစ်တဲ့ တိုကချိတောင်ခြေကိုသွားတယ်။ တောင်ခြေမှာ တောင်တက်ဖို့လုပ်တဲ့သူတွေကို တွေ့ရတော့ တောင်တက်ချင်စိတ်ဖြစ်မိတယ်။ တိုကချိတောင်ရဲ့ အမြင့်ဆုံးထိပ်ပိုင်းတွေမှာ ရေခဲတွေရှိနေတုန်းပဲ။ နှင်းကို အပြင်မှာ မမြင်ဖူးသေးတဲ့ ကျနော်တို့ဟာ နှင်းတွေနဲ့ ဝေးနေတုန်းပဲ။ တိုကချိတောင်ခြေနားမှာ နာရီဝက်လောက် လမ်းလျှောက်ဓါတ်ပုံရိုက်ပြီးပြန်ခဲ့ကြတယ်။ တကယ်က ရေပူစမ်းဝင်ကြဖို့ အားသန်နေကြပြီ။ ရေပူစမ်းက သဘာဝအတိုင်းဖြစ်ပြီး အပြင်ဖက် တောင်တန်းတွေကိုမြင်ရတဲ့ နေရာမှာ စိမ်လို့သိပ်ကောင်းပါတယ်။ ရေပူစမ်းစိမ်ရင်း တာကာဆန်နဲ့ စကားစမြည်ပြောကြတယ်။ တာကာဆန်ရဲ့ ဘဝတစေ့တစောင်းကို မြင်ရတဲ့အခါ မြန်မာပြည်က လူတွေကို ပြန်မြင်ယောင်မိပြီး စိတ်မကောင်းဖြစ်မိသေးတယ်။
၄၅မိနစ်လောက်စိမ်ပြီးတဲ့အခါ နွားနို့ပုလင်းလေးတွေကိုင်ပြီး ကာမီဖူယာနိုးကို ရထားစီးဖို့ ပြန်လာကြတယ်။ လမ်းမှာ မြေခွေးတွေ့လို့ ဓါတ်ပုံရိုက်ကြသေးတယ်။ ဘူတာရုံမှာ တာကာဆန်ကို နှုတ်ဆက်တော့ ရက်ပိုင်းလေးခင်ကြပေမယ့် အချိန်အကြာကြီးသိခဲ့ကြသူတွေလို ခံစားမိတာကြောင့် စိတ်မကောင်းကြဘူး။
ကာမီဖူရာနိုးဘူတာမှာ ဒီရာသီမှာပဲ ဆွဲပေးတဲ့ ပန်းကြည့်တဲ့ရထားလက်မှတ်ကို ယူလိုက်တယ်။ ပုံမှန်ရထားတွေလို မဟုတ်ပဲ ထိုင်ခုံတွေကို ပြတင်းပေါက်ဖက် လှည့်ထားတာမို့ လမ်းတလျှောက်မြင်ကွင်းဟာ အတိုင်းသား.
ဒီညတော့ အဆာဟိကာဝါဆိုတဲ့မြို့လေးမှာ ခဏနားမယ်။ ဘူတာရုံနားက Business Hotel လေးကိုပဲ ရွေးထားတယ်။ ဘူတာရုံအရှေ့က ကားလမ်းမကို ဖြတ်ကူးလိုက်တာနဲ့ ဟိုတယ်ကို ရောက်ပြီလေ။ ဟိုတယ်ရောက်တဲ့အခါ တာကာဆန်အိမ်က အခန်းကျယ်ကျယ်ကို လွမ်းသွားကြတယ်။ အထုတ်တွေချပြီးတာနဲ့ ဘူတာနားက ကွင်းပြင်ကျယ် ဈေးရောင်းပွဲမှာ ညစာသွားစားကြတယ်။ ဈေးနှုန်းချိုသာပြီး လတ်ဆတ်တဲ့ ပင်လယ်စာတွေပါ။ ပြီးတာနဲ့ ကော်ဖီဆိုင်ထိုင် အေရွန်မောထဲက ဈေးဆိုင်တွေ ပတ်ကြည့်ကြတယ်။ ဒီနေ့ ခရီးစဉ်များသွားတာကြောင့် ပင်ပန်းပြီး စောစောအိပ်ရာဝင်လိုက်ကြတော့တယ်...
No comments:
Post a Comment