မနက်မိုးလင်းတဲ့အခါ ညက မိုးရွာထားလို့ အဆဟိကာဝါမြို့ဟာ စိုစွတ်နေခဲ့တယ်။ လမ်းထလျှောက်ရင်း တောင်သူတွေ ဈေးရောင်းနေတာကို ဝင်စပ်စုကြတယ်။ သူတို့ကလည်း ကိုယ်တွေဘယ်နိုင်ငံကလာသလဲ စိတ်ဝင်တစားမေးကြတယ်။ ကိုယ်တွေကလည်း သူတို့တွေ ကျွေးတဲ့အမြည်းတွေကို စိတ်ဝင်စားကြတယ်။ ဘယ်လောက် သဟာဇာတဖြစ်သလဲဆိုတာ။ လမ်းလျှောက်ကပြန်တော့ ဟိုတယ်ကကျွေးတဲ့ မနက်စာကို စားပြီး ဆပိုရိုကို ကူးဖို့ ဘူတာရုံကိုဆင်းကြတယ်။
ဆပိုရိုရောက်တော့ အချိန်က စောနေတာမို့ အိမ်ရှင်လာကြိုမယ့်ကားကို စောင့်ရင်း ဈေးပတ်ကြတယ်။ အိမ်ရှင်က ၁၅မိနစ်လောက်နေမှ ရောက်ပါတယ်။ တကာဆန်အိမ်လောက်မကျယ်ပေမယ့် ဟိုတယ်ထက် အများကြီးကျယ်တယ်။ အိမ်ကို သန့်ရှင်းရေးလုပ်နေတုန်းမို့ အထုတ်တွေချပြီး အပြင်ထွက်ဖို့လုပ်ကြတယ်။ အိမ်ရှင်က သွားချင်တဲ့နေရာကို သူလိုက်ပို့ပေးမယ်ဆိုတော့ အနီးနားက ဟော့ကိုင်းဒိုးတက္ကသိုလ်ကို စိတ်ဝင်တစားရွေးကြတယ်။
တက္ကသိုလ်ဆိုတဲ့ အရိပ်အာဝါသကို ဝင်ကတည်းကပေးပါတယ်။ သစ်ပင်ကြီးတွေရဲ့ ရပ်တည်မှုဟာ နှစ်ကာလကြာရှည်နေတဲ့ ဒီတက္ကသိုလ်ရဲ့ ပြယုဂ်ပဲပေါ့။ ကျောင်းသားလူငယ်တွေ ၊ ဧည့်သည်တွေနဲ့ ကျောင်းက သက်ဝင်လှုပ်ရှားနေတယ်။ ကိုယ်မတက်ဖူးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဆိုတဲ့အကြောင်းကို တွေးမိရင်း တိတ်ဆိတ်ငြိမ်သက်သွားတယ်။ကျောင်းဝန်းထဲမှာပဲ နေ့လည်စာစားကြတယ်။ ပြီးတာနဲ့ တောင်တက်ဖို့ ချီတက်ကြတယ်။
ကျောင်းအရှေ့မှာ ရှိတဲ့ တက္ကစီကားကို ငှားသွားကြတယ်။ ဘယ်သွားမလဲဆိုတော့ တတ်သလောက်မှတ်သလောက် ယာမ ယာမဆိုတော့ သြော်ဆိုပြီး သူသိသွားတယ်။ ကေဘယ်ကားဆိုတော့ သူ တခုခုကို အသည်းအသန်ရှာတော့တယ်။ သူများမသိတာလား ဆိုပြီးစိတ်တထင့်ထင့်နဲ့ ။ နောက်တော့မှ စာရွက်တရွက်လှမ်းပေးတယ် ဒီကောင့်ကဒ်လေ။ ကေဘယ်ကားစီးရင် ဒီကောင့်ကဒ်နဲ့ဆို ယန်းနှစ်ရာလောက် သက်သာမယ်တဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ။ သူမပေးရင် သိလိုက်မှာတောင် မဟုတ်ဘူး။
မိုအီဝါကိုတက်တဲ့အခါ မြို့ရှုခင်းကို အတိုင်းသားမြင်ရတယ်။ ဝန်ထမ်းမိန်းမပျိုက မြို့အကြောင်း တောင်အကြောင်းကို လမ်းတလျှောက်ရှင်းပြတယ်။ ကျနော်တို့ကတော့ တောင်ပေါ်ရှုခင်းကို ရိုက်လိုက်၊ မြို့ရှုခင်းကို ရိုက်လိုက်နဲ့အလုပ်တွေရှုပ်နေခဲ့တယ်။ တောင်ပေါ်ရောက်တဲ့အခါ မြို့ရဲ့ အစွန်းတဖက် ပင်လယ်ကို အတိုင်းသားမြင်နေရတယ်။ တိုက်လာတဲ့ လတ်ဆက်တဲ့ လေနဲ့အတူ မိုအီဝါတောင်က ခပ်စိမ်းစိမ်း ငုံ့ကြည့်နေတယ်။
တောင်ပေါ်မှာ အားရအောင် ဓါတ်ပုံရိုက်ပြီးတဲ့အခါ ပြန်ဆင်းလာကြတယ်။ တက္ကစီတစီးမှ မရှိတာမို့ ကားဂိတ်ကို လိုက်ပို့ပေးမယ့် Shuttle bus နဲ့ပဲ စီးလာကြတယ်။ တောင်အောက်ရောက်တာနဲ့ ဂိတ်ဆုံးပြီဆိုတော့ အူကြောင်ကြောင်လေးတွေ ဖြစ်သွားကြတယ်။ ဒီဆပိုရိုခရီးစဉ်အတွက် ဘာမှ စီစဉ်ထားတာမရှိဘူးလေ။ ကားရပ်ပေးတဲ့ အနီးအနားမှာ Street car ဆိုတာကို မျက်စိကျသွားကြတယ်။ ဘယ်ကိုသွားမလဲ ကားခဘယ်လောက်ပေးရမလဲ သေချာမသိပဲ ကားပေါ်တက်လိုက်ကြတယ်။ ဖိုးသူတော် မျက်စိလည်လေ ဆွမ်းဆန်ရလေဆိုတဲ့ ထုံးကို နှလုံးမူကြတယ်။ တကယ်လည်း လမ်းကြောင်းကို ပြောင်းပြန်စီးလာကြတာ။
မြို့ထဲလူတွေအများကြီးကို တွေ့တဲ့နေရာမှာ ဆင်းကြမယ်ဆိုပြီး ဘာမှ စဉ်းစားမနေပဲ ဆင်းလိုက်ကြတယ်။ လက်သည်းညှပ် ပရောဂျက်ကို အောင်မြင်အောင်လည်း လုပ်ကြသေးတာ။ ဈေးဆိုင်တန်းတွေလျှောက်ကြည့်ပြီး မပြန်ခင်မှာ ညစာစားကြမယ့်ဆိုင်လိုက်ရှာတယ်။ အဓိက ပင်လယ်စာစားမယ်။ လူနည်းနည်း များတဲ့ စားသောက်ဆိုင်ကို ရွေးပြီးသွားကြတယ်။ စားသောက်ဆိုင်မို့ ဈေးနည်းနည်းကြီးတယ်။ အဲ့ဒီကနေမှ တည်းတဲ့အိမ်ကို တက္ကစီနဲ့ ပြန်လာကြတယ်။
ဆပိုရိုက မီးထွန်းထားတဲ့ နာရီစင်ကြီးကို ရိုက်မယ်ဆိုပြီး ထရိုင်ပေါ့လွယ်ပြီး ပြန်ထွက်လာတယ်။ အနားရောက်မှ သေချာရိုက်တော့မယ်ဆိုပြီး ကြိုးစားပမ်းစား လျှောက်လာလိုက်တာ အနားလည်း ရောက်ရော ဖြတ်ခနဲ မီးတွေ ပိတ်သွားပါရော။ အဲ့လို ကံကောင်းတာ။ အရှုံးတော့ မပေးခဲ့ဘူး ဂုံးကျော်တံတား တခုကနေ ဓါတ်ပုံနည်းနည်း ရအောင် ရိုက်ခဲ့သေးတာ။ ပင်ပင်ပန်းပန်း လမ်းပြန်လျှောက်လာရတယ်။ နောက်နေ့ကို ပင်လယ်နဲ့ နီးတဲ့မြို့ကို သွားကြဦးမယ်လေ....
No comments:
Post a Comment