ဒီနှစ် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက် လေးရက်ရယ် အလုပ်က ပိတ်ရက်တရက်ရယ် အားလုံးပေါင်း ငါးရက်ဖြစ်သွားတယ်။ ဒါနဲ့ ခရီးတခုတော့သွားမှပါလေ ဆိုပြီး ကြည့်တော့ လေယာဉ်လက်မှတ် ဈေးအသက်သာဆုံးက စလုံး ၃၆၀နဲ့ မနီလာပဲရှိတယ်။ မနီလာမြို့ထက် ဖိလစ်ပင်းရဲ့ တခြားနေရာတွေကို သွားဖို့ ပိုစိတ်ဝင်စားတာ။ ဘန်ကောက်လို နေရာမျိုးတောင် ဘတ်ဂျက်လေယာဉ်လိုင်းတွေက စလုံး၇၀၀ကျော်နေလေရဲ့။ မထင်မှတ်ပဲ Changi website ထဲမှာ Laos အဲလိုင်းကနေ ဈေးချတယ်ဆိုတာ သွားတွေ့မိတယ်။ ဆက်သွယ်ကြည့်တဲ့အခါ လွမ်ပရာဘန်ကို စလုံး ၃၂၀ပဲ ကျပါမယ်။ ပုံမှန်ဈေးက ၆၀၀၊ ၇၀၀လောက်ရှိပါတယ်။ Silk Air က မနှစ်ကစပြီး ပျံသန်းနေပေမယ့် ၅၀၀၊၆၀၀ လောက် အမြဲဖြစ်နေတတ်တယ်။ တကယ်တမ်း ကျနော့ကို လွမ်ပရာဘန်က ဓါတ်ပုံတပုံက ဖမ်းစားထားတာ မနှစ်ကတနှစ်လုံးပါ။ အဲ့ဒီဓါတ်ပုံထဲက ရေတံခွန်ဟာ လွမ်ပရာဘန်မှာ ရှိနေခဲ့တာ.....
ဒါနဲ့ ခရီးထွက်ရင် ခေါ်ပါဆိုတဲ့ လူတွေကို လက်တို့ပါတယ်။ ပုံမှန်က တယောက်တည်း အမြဲသွားတတ်တယ်။ ခွင့်မယူချင်တာ၊ ခွင့်မရတာ၊ အလုပ်မအားတာ၊ဘတ်ဂျက်ကျော်သွားတာ ဆိုတဲ့ ဆင်ခြေတွေရှိတဲ့ သူငယ်ချင်းတွေကို မခေါ်တတ်ပါဘူး။ လက်တို့လိုက်ရင် လိုက်မှာ သေချာတဲ့ သူတွေကို ခေါ်ရတာ ပိုအားရှိတယ်။ သူတို့ကလည်း အိုကေဆိုပြီး လေယာဉ်လက်မှတ် ဖြတ်ဖို့ ပိုက်ဆံကိုလွှဲလိုက်ကြတယ်။ ဈေးချထားတဲ့ လက်မှတ်လိုချင်ရင် တပတ်အတွင်း လေယာဉ်လက်မှတ်ဖို့ ဘဏ်ကနေ လွှဲပေးရမယ်ဆိုတာကြောင့် ခပ်မြန်မြန်ပဲလွှဲလိုက်ကြတယ်။ သွားမှာက ဇန်နဝါရီလကုန်ပါ။ လေယာဉ်လက်မှတ်ကို နိုဝင်ဘာလ ၂၀၁၆ထဲက ကြိုဝယ်ထားတာ။ နိုဝင်ဘာ ၁၄ရက်နေ့ လေယာဉ်လက်မှတ်ရလာတဲ့အခါ လက်မှတ်ပေါ်မှာ ၃၇၅ကျပ်လို့ပါတယ်။ သူငယ်ချင်းက မေးပါတယ်။ ပိုက်ဆံများထပ်ပေးရမလား မသိဘူးနော်တဲ့။ ကျနော်ကတော့ ဒါ ဈေးချထားတာလေ သူတို့ပြောတဲ့ဈေးပဲ ပေးလိုက်တာ၊ ဈေးနှုန်း မကိုက်ရင် ဘယ်လိုလုပ် လက်မှတ်ထုတ်ပေးမလဲလို့ ဖြေမိတယ်။
နိုဝင်ဘာ ၂၂ရက်နေ့မှာတော့ ပထမလေယာဉ်လက်မှတ် ပို့ပေးတဲ့သူက ကျနော်တို့သွားမယ့်နေ့ဟာ တရုတ်နှစ်သစ်ကူးဖြစ်တာမို့ တယောက်ကို ထပ်ဆောင်း ၅၅ကျပ်ပေးရမယ်လို့ စာပို့လာတယ်။ တရုတ်နှစ်သစ်ကူးဆိုတာ တခြား ဘာသာရေးပွဲတော်လို လမင်း၊နေမင်းကိုကြည့်ပြီးမှ အလိုက်သင့်လုပ်ရတာမျိုး မဟုတ်ပဲ ရက်တွေသတ်မှတ်ပြီးသားတွေပါ။ တနှစ်လောက်အလိုကတည်းက အလွယ်တကူသိနှင့်ပြီးသား ဒီပိတ်ရက်ကို လက်မှတ်ဖြတ်ပြီးမှ ထပ်ဆောင်းငွေပေးရမယ်ဆိုတာတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ဒါကြောင့် မပေးနိုင်ဘူးလို့ အကြောင်းပြန်လိုက်တယ်။ United Airline ရဲ့ဆွဲချတဲ့အဖြစ်အပျက်တွေ မဖြစ်သေးဘူးဆိုတော့ ကျနော်တို့ကတော့ ခပ်မာမာပဲ။ တခြားသူငယ်ချင်းတယောက်ကတော့ Expedia ကနေဝယ်ခဲ့ပြီး စလုံး၂၉၀ပဲ ပေးရတယ်။ ကျနော်တို့လို အခြေအတင်တွေတောင် ဖြစ်စရာမလိုခဲ့ဘူး။
ဟိုတယ်ကိုလိုက်ရှာတော့ ကြမ်းခင်း အခန်းကျယ်ကျယ်မှာ နေချင်လို့ မနည်းလိုက်ရှာရပါတယ်။ Rendezvous Boutique Hotel ကို နောက်ဆုံးမှာ စိတ်ကြိုက်ရွေးလိုက်တယ်။ ငါးညကိုမှ တယောက်ကို စလုံး ၁၇၅ကျပ်ပဲ ပေးရတယ်။ ညဈေးနဲ့လည်း နီးတယ်တဲ့...
ပြီးတော့ ခရီးစဉ်၊ တောင်တက်ချင်တဲ့ သူနဲ့ စလုံးမှာ လမ်းမလျှောက်ချင်တဲ့သူတွေရဲ့ အလည်တည့်တည့်မှာ ကျနော်ပါ။ နှစ်ဖက်စလုံးကို မျှသွားအောင် တောင်တက်နှစ်ရက်ခရီး တရက်ကိုလေးနာရီ၊ City tour တရက်၊ Free & Easy တရက် လုပ်ပေးလိုက်မှ အတော်ဖြစ်သွားကြတယ်။ ခရီးစဉ်ကိုတော့ My Laos Home ဆိုတဲ့ အေးဂျန့်ဆီကနေ ဝယ်တယ်။ တရက်ကို ယူအက်စ် ၅၀နဲ့ သုံးရက်စာ တယောက်ကို ၁၅၀ကျပါတယ်။ တခြားနိုင်ငံတွေထက် ဈေးနည်းနည်းပိုကြီးတယ်။ ဈေးလျှော့မပေးပဲ ကျနော်တို့ကို လေဆိပ်လာကြိုပေးမယ်လို့ စီစဉ်ပေးခဲ့တယ်။
လေယာဉ်က ဗီယက်တိုင်းမှာ တထောက်နားပါတယ်။ဗီယက်တိုင်းမှာ လေယာဉ်ခရီးစဉ် တနာရီ နောက်ကျနေခဲ့တယ်။ လွမ်ပရာဘန်ကို နေဝင်ပြီးမှပဲ ရောက်ပါတော့တယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး တောင်တွေ အင်မတန်ပေါပါတယ်။ ခရီးဆောင်အိတ်တွေ ထွက်လာဖို့ အတော်လေးစောင့်လိုက်ရတယ်။ အပြင်မှာ တိုးဂိုက်နဲ့တွေ့ပြီး ဟိုတယ်ကိုမောင်းပို့ပေးတယ်။ တိုးဂိုက်က အတော်လေးရှင်းပြချင်တဲ့ ပုံပေါက်သလို၊ တလမ်းလုံးသူငယ်ချင်းကလည်း မေးခွန်းတထောင်နဲ့ အတော်လေး အဆင်ပြေလာကြတယ်။
ဟိုတယ်ခန်းက ကျယ်ကျယ်လွင့်လွင့်ပါ။ အထုတ်တွေချပြီးတာနဲ့ ညစာစားဖို့ ညဈေးဖက်ကို ထွက်ကြတယ်။ ဟိုတယ်မှာ မြေပုံတောင်းတော့ ဟိုတယ်က ပြန်ပြောတယ် ဒီမှာ လမ်းပျောက်တယ်ဆိုရင် လွမ်ပရာဘန်မှာ ပထမဆုံးသော လမ်းပျောက်တဲ့ ဧည့်သည် မင်းတို့ဖြစ်သွားမယ်တဲ့...
ဟိုတယ်ကနေ ဆယ်မိနစ်မပြည့်ခင် ညဈေးကိုရောက်တယ်။ လာအို သုံးငွေ KIP ကိုအဲ့ဒီရောက်မှ လဲကြတယ်။ ကျနော်က ယိုးဒယားငွေ လက်ကျန်ရှိတာနဲ့ပဲ လဲလိုက်တယ်။ ပိုက်ဆံ လက်ထဲရောက်တာနဲ့ ညဈေး အဝင်က မုန့်လင်မယားလို မုန့်ကို ဝယ်စားတယ်။ ဈေးတန်းတဆုံး သွားကြတယ်။ အဆုံးနားမှာ အသီးဖျော်ရည်တခွက်ကို ယူအက်စ် နှစ်ကျပ်နဲ့ရောင်းတာ ဆွဲကြပြန်တယ်။ ဗိုက်ဆာနေပြီဆိုတော့ ညဈေးထဲက စားသောက်ဆိုင်တန်းကိုပဲ ဦးတည်လိုက်ကြတော့တယ်။ ငါးကင်၊ ဝက်သားကင်၊ ကြက်သားကင် ကိုယ်စားချင်တာကိုယ်ဆွဲလာကြတယ်၊ ထမင်းတော့ မစားပဲ ကောက်ညှင်းကိုပဲ အဓိက စားကြတယ်။ ဝါးလုံးတန်းထိုင်ခုံတွေမှာလည်း စားသောက်သူတွေ ပြည့်နှက်နေတယ်။ နေရာလွတ်တခုကိုဝင်ထိုင်ရင်း ယိုးဒယားက တယောက်တည်းလာတဲ့ ဧည့်သည်နဲ့အဖွဲ့ကျသွားကြတယ်။ ငါးကင်တွေတောင် လဲစားကြတဲ့အထိပါပဲ။ စားသောက်ပြီးကြတဲ့အခါ ညဈေးဆိုင်ခန်းတွေ သိမ်းနေကြပြီ။ နောက်နေ့မနက်ကို တောင်တက်ခရီးစမှာမို့ ရေမိုးချိုးပြီးတာနဲ့ နားလိုက်ကြတော့တယ်......

No comments:
Post a Comment