Ba Be Lake ကနေ ခရီးရှည်တခု ဆက်ကြပြန်တယ်။ ဒီတခါ သွားတာကတော့ ဒီခရီးစဉ်ရဲ့ အဓိက ဦးတည်ချက် ဖြစ်တဲ့ Ban Goic ဘန်ချွိုင်ရေတံခွန်ဆီကိုပါ။ ဒီရေတံခွန်က ဗီယက်နမ်နဲ့ တရုတ်နယ်စပ်မှာရှိပါတယ်။ အရင်တုန်းကတော့ သူပိုင် ကိုယ်ပိုင်ငြင်းခုံလုခဲ့ကြပေမယ့် နောက်ဆုံး ကြားချပြီး နှစ်နိုင်ငံပိုင်သတ်မှတ် သဘောတူထားခဲ့ပါတယ်။ ရေရဲ့ စွဲမက်ဖွယ်အရောင်၊ အဆင့်ဆင့်စီးဆင်းလာတဲ့ လှပမှု၊ နောက်ခံတောင်တန်းများရဲ့ စိမ်းညှို့ငင်မှုတေတွဟာ ဒီရေတံခွန်ကို ကျော်ကြားစေတဲ့ အထောက်အပံ့တွေပါ။
ရေတံခွန်ကို မရောက်ခင်မှာ နေ့လည်စာ စားကြတယ်။ တရုတ်ပြည်ဘက်မှာတော့ ဟိုတယ်ရှိပြီး ဗီယက်နမ်ဘက်မှာ စားသောက်ဆိုင်လေးပဲရှိပါတယ်။ တည်းခိုစရာ မတွေ့မိဘူး။ ရေတံခွန်ကို အနီးကပ်ကြည့်ဖို့ ဝါးဖေါင်လှေလေးတွေနဲ့ လွန်းထိုးနေကြတယ်။ ခရီးစဉ်ထဲမှာ ဒီဟာမပါတဲ့အတွက် ကျနော်တို့ နယ်ခြားဖြတ်ခွင့်နဲ့ ဝါးဖောင်စီးခွင့်အတွက် တယောက်ကို US10.0 လားမသိဘူး ပေးရပါတယ်။ တရုတ်ပြည်ဘက်ဧည့်သည်က ပိုများသလိုပဲ။
ဝါးဖောင်စီးပြီးတဲ့အခါ အနားက သွားလို့ရတဲ့ ရေတံခွန်ကို သွားကြတယ်။ ရေတံခွန်သွားတဲ့လမ်းမှာ တံတားတခုကျိုးနေပေမယ့် ခရီးသည်အချင်းချင်း ကူညီရိုင်းပင်းပြီး ဖြတ်ကြတယ်။ ကူညီတဲ့အကျိုးကျေးဇူးနဲ့ ဗီယက်နမ်က ခရီးသည် လင်မယားနှစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ဖြစ်သွားကြပါတယ်။ ရေတံခွန်နားမှာ ဗီယက်နမ်ရဲ့ နယ်ခြားမှတ်တိုင်လည်းရှိပါတယ်။
ရေတံခွန်ကနေ အနီးဆုံးတည်းခိုခန်းရှိတဲ့ မြို့ကိုပြန်ကြတယ်။ တနာရီလောက် မောင်းရမယ်ထင်တယ်။ လမ်းမှာ ရေတံခွန်ကို စီးဆင်းတဲ့ ချောင်းမှာ ခဏရပ်ပြီး ဓါတ်ပုံရိုက်ပါတယ်။ အဲ့ဒီနေရာလည်း အတော်လေးလှပြီး သာယာတယ်။ မြို့နာမည်က Cao Bang ချောင်ဘန်ပါ။ ဟိုတယ်မှာ ချက်ကင် ဝင်တဲ့အခါ တိုးဂိုက်နဲ့ ဧည့်ကြိုတို့ စကားအကြီးအကျယ် များကြတယ်။ ကျနော်တို့ကို တလွှာတည်း မစီစဉ်ပေးတဲ့အတွက် စကားများကြတာဖြစ်ပြီး ခွန်းကြီးခွန်းငယ်များကြတာမို့ တိုးဂိုက်ကို ဝိုင်းချော့ကြရတယ်။
ဟိုတယ်အခန်းက အတော်လေး ကျယ်ပြီး သန့်ရှင်းပါတယ်။ ဒီည ညစာကို တိုးဂိုက်က သူကျွေးမယ်လို့ ပြောပါတယ်။ ပြီးတော့ ရေတံခွန်မှာ ခင်ခဲ့တဲ့ ဗီယက်နမ်စုံတွဲကလည်း ကျနော်တို့နဲ့ မိတ်ဖွဲ့ ညစာအတူတူလာစားမယ်တဲ့လေ။ ထမင်းဆိုင်က တိုးဂိုက်ရဲ့မိတ်ဆွေဆိုင်ဖြစ်ပုံရပါတယ်။ မြန်မာလို ဆိုရင်တော့ ပုံစားဆိုင်ပါ။ ဟင်းချက်တွေ မဆိုးဘူးကောင်းပါတယ်။ ထမင်းစားရင်း ရီစရာတခု၊ စိတ်လှုပ်ရှားစရာတခုဖြစ်ခဲ့ပါတယ်။
ထမင်းစားရင်း အရိုးနဲ့ အမှိုက်တွေကို ဗီယက်နမ်စုံတွဲက အောက်ကို ချနေတာမြင်တဲ့အခါ ကျနော့စိတ်ထဲမှာ သူတို့ဘက်အခြမ်းမှာ အမှိုက်တောင်းရှိတယ်လို့ ထင်မိတယ်။ ဒါနဲ့ သူငယ်ချင်းကို ငါ့ကိုလည်း အမှိုက်တွေ အမှိုက်တောင်းထဲ ချပေးပါလို့ အကူအညီတောင်းတယ်။ သူကလည်း ယူပြီးပစ်ချပေးပါတယ်။ ဒါပေမယ့် သူပြောတဲ့ စကားကြောင့် ကျနော်တို့တွေ ရီရမလို ငိုရမလို ဖြစ်သွားကြတယ်။ တကယ်က အောက်မှာ အမှိုက်တောင်း မရှိဘူးတဲ့ ကျနော်က ပစ်ချပေးဆိုလို့ သူလည်း သူတို့လိုပဲ ပစ်ချပေးလိုက်တာတဲ့လေ။ ထမင်းဝိုင်းကထတော့ စားပွဲအောက်ခြေမှာ အရိုးတွေ အမှိုက်တွေချည်းပဲ။ ကျန်တဲ့ ထမင်းဝိုင်းတွေလည်း အဲ့လိုပဲ....
ထမင်းဆိုင်က ထမင်းရောင်းရင်း အရက်ဘီယာပါရောင်းပါတယ်။ ဒါကြောင့် နယ်ခံတွေလည်း လာသောက်ကြပြီး ကြည့်ရတာ ဧည့်သည်ဖြစ်တဲ့ ကျနော်တို့ကို မူးပြီး ကြည်ပုံမရဘူး။ ကျနော်တို့တွေ စကားပြောရင်း ရီကြတဲ့အခိုက်မှာ ခွမ်းဆိုတဲ့ အသံတခုကြားလိုက်ရတယ်။ အဲ့ဒီလူကို သူ့ သူငယ်ချင်းတွေက အပြင်ကို ခေါ်ထုတ်သွားကြပြီး သူလုပ်လိုက်တာ သူ့လက်ကိုင်ဖုန်းကို သောက်နေတဲ့ ဖန်ခွက်ထဲ အားနဲ့ ပစ်ထည့်လိုက်တာပါ။ သူတို့ဘာသာစကားနဲ့ ကျနော်တို့ကို ငေါက်သလိုငမ်းသလို ပြောလိုက်ပါသေးတယ်။ နားမလည်တော့ ဘုမသိဘမသိလေးတွေနဲ့ ကြည့်နေကြတယ်။ တိုးဂိုက်ကတော့ ရဲကို ဖုန်းဆက်ခိုင်းပြီး ထမင်းဆိုင်ရှင်ကတော့ ခါးကျိုးမတတ် လာပြီးတောင်းပန်တယ်။ သူက အင်္ဂလိပ်လိုလည်း မတတ်တော့ ကျနော့ကိုပဲ နာမည်တပ်ပြီး ဆောဆော ဆောဆောဆိုတာပဲပြောနေတော့ လူက ရီချင်ပက်ကျိဖြစ်နေမိတယ်။
ညစာကို တိုးဂိုက်က ကျွေးပြီးတဲ့နောက် နယ်ခံ စုံတွဲကလည်း ကာရာအိုကေသွားဆိုကြမယ်ဆိုပြီး လုပ်လာပါတယ်။ ကျနော်တို့ကလည်း ဗေထိဆို ကပြီးသားဆိုတော့ ပါသွားကြပြန်ရော။ နယ်မြို့လေးရဲ့ ကာရာအိုကေကတော့ အံ့မခန်းပါပဲ။ စင်္ကာပူက ရန်ကုန်က ကာရာအိုကေဆိုင်တွေကို ပြချင်ပါတယ်။ သီချင်းတွေကို Touch Screen နဲ့ရွေးရပါတယ်။ ဒါတောင် နယ်စပ်မြို့လေးနော်။ အသံကုန်အောင် အားရပါးရ ဟစ်ကြပြီး ဒီကာရာအိုကေခကိုလည်း နယ်ခံစုံတွဲက ရှင်းသွားတယ်။ သိပ်ဖော်ရွေတဲ့ ဗီယက်နမ်တွေနော်....
ကိုရွှေတိုးဂိုက်က ကာရာအိုကေနဲ့မရပ်ချင်သေးပဲ တခြားကလပ်လိုမျိုးထပ်သွားချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့သုံးယောက်လုံး ဖလက်ပြနေခဲ့ပြီ။ ဟိုတယ်ကိုပဲပြန်ပို့ပေးပါလို့။ သူတို့တော့ ထပ်သွားကြသေးလား မသိတော့ဘူး။ အခန်းရောက်တာနဲ့ တချိုးတည်း အိပ်ပျော်သွားပါတော့တယ်.....
No comments:
Post a Comment