02 July 2017

ခေါင်ဆီရေတံခွန်သို့





မနက်စာကို ဟိုတယ်မှာ Main Course တခုနဲ့ ကော်ဖီဒါမှမဟုတ် အသီးဖျော်ရည်တခုမှာလို့ရပါတယ်။ ပေါင်မုန့်ကင် ဘေကွန်နဲ့ ကြက်ဥကြော်မှာလိုက်တယ်။ စားပြီးတာနဲ့ တောင်တက်ဖို့ တိုးဂိုက်က လာခေါ်ပါတယ်။ သွားဖူးသမျှခရီးတွေထဲမှာ ဒီတိုးဂိုက်က စည်းကမ်းချက်တွေ အများဆုံးပဲ။ အတိုအပြတ်တွေ မဝတ်ရဘူး ပြန်လဲ ခိုင်းတာမျိုးအထိ စည်းကမ်းတွေနဲ့လေ။ တောင်တက်ခရီးစမယ့် ရွာကို ကားနဲ့သွားကြတယ်။ ရွာရောက်တဲ့အခါ ဒေသခံ လမ်းပြကို ခဏစောင့်ရပါတယ်။ မဖွံ့ဖြိုးတဲ့သူတို့ဒေသကိုရောက်တဲ့အခါ ကိုယ်တွေရဲ့တိုင်းပြည်ကိုလည်း သတိရအောက်မေ့စေပါတယ်.
 ရွာက ခလေးတယောက်နေမကောင်းဖြစ်ခဲ့ရင် မိဘက ချေထားတဲ့ ယတြာအပြင်အဆင်ပါ.


ဒေသခံရောက်တာနဲ့ တောနက်ထဲကို တဖြည်းဖြည်းစိမ့်ဝင်ကြတယ်။ ရာဘာခြံတွေလည်း ရှိပြီး သစ်တောတွေ သဘာဝအတိုင်းကျန်ရှိနေတုန်းပဲ။ လမ်းလျှောက်မြန်တဲ့သူနဲ့ လမ်းလျှောက်နှေးတဲ့သူတွေကြားမှာ ဓါတ်ပုံရိုက်ရင်း နောက်ကနေ လိုက်နေမိတယ်။ တနာရီခွဲလောက် လျှောက်လာပြီးတဲ့အခါ ခဏနားပါတယ်။ နားတဲ့နေရာက ကျောက်တောင်နဲ့ သစ်ပင်အမြင့်တွေကို ဓါတ်ပုံရိုက်ဖြစ်တယ်။
ဆက်လျှောက်လာရင်း လျှိုမြှောင်တွေကိုလည်း ဖြတ်ရတယ်။ သစ်ပင်အုပ်တွေကြားက လမ်းလေးဟာ လေအေးပေးစက်မလိုပဲ စိမ့်အေးနေတယ်။ ဂူတခုကိုရောက်တဲ့အခါ ဒေသခံလမ်းပြရဲ့ ခရီးစဉ်ပြီးဆုံးသွားပြီ။ ကျနော်တို့ နေ့လည်စာစား နားကြတယ်။ ဂူထဲကိုတော့ မဝင်ဖြစ်ကြပါဘူး။ ကောက်ညှင်းနဲ့ ငါးကင် သင်္ဘောသီးထောင်းနဲ့ တိုးဂိုက် သယ်လာတဲ့ နေ့လည်စာကို စားကြတယ်။ ပင်ပင်ပန်းပန်းလမ်းလျှောက်လာကြတော့ စားလို့ မြိန်လိုက်တာ။
နေ့လည်စာ စားပြီးတဲ့အခါ ရေတံခွန်ရဲ့ အစ Spring ကိုသွားကြတယ်။ ရေကကြည်လင်နေတာပါပဲ။ တကယ်ကို ခုန်ဆင်းလိုက်ချင်စရာ။ တိုးဂိုက်က ဒီနေရာမှာ ရေမကူးပါနဲ့လို့ မနည်းတားထားလို့။ မဟုတ်လို့ကတော့ ရေထဲရောက်နေပြီးပြီ. သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်လျှောလေးမှာ ခလေးတွေကလည်း ဆော့လို့.
နာရီဝက်လောက် သွားပြီးတဲ့အခါ ရေတံခွန်ရဲ့ အပေါ်တည့်တည့်ကိုရောက်တယ်။ ပုံမှန်တွေ့နေကြ ရေတံခွန်လိုမျိုးမဟုတ်ပဲ သစ်ပင်သစ်တောကြားထဲက စီးဆင်းလာတဲ့ရေတံခွန်ဖြစ်နေတာပါပဲ။ မီတာခြောက်ဆယ်လောက်အမြင့်ကနေ အဆင့်ဆင့်စီးလာတဲ့ရေတံခွန်ရဲ့ လှပမှုက ကျနော့ကို ဖမ်းစားနေခဲ့တာ မနှစ် တနှစ်လုံးမဟုတ်လား။ ဒီရေတံခွန်ကြောင့်ပဲ ဒီခရီးကို မဖြစ်ဖြစ်အောင် စီစဉ်ခဲ့တာပါ.

ကျနော်သွားချင်တဲ့ နေရာက ဒီရေတံခွန်ရဲ့ ဒုတိယအဆင့်နေရာပါ။ ဒါပေမယ့် ဒုတိယအဆင့်နေရာကို သွားဖို့ တိုးဂိုက်က ခွင့်မပြုဘူး။ အန္တရာယ်ရှိတဲ့အတွက် သွားခွင့်မပြုဘူးလို့ဆိုပါတယ်။ ကျနော်နဲ့ တခြားသူငယ်ချင်းတယောက်ကတော့ ဓါတ်ပုံသွားရိုက်ရုံပဲ သွားမယ်ဆိုပြီး ဇွတ်ထွက်လာကြတယ်။ အဲ့ဒီနေရာကို ရောက်ဖို့ ကျိုးနေတဲ့ သစ်ပင်အောက်ထဲကနေ လေးဘက်ထောက်ပြီးဝင်ရသလို၊ ချောနေတဲ့ ကျောက်နံရံတွေကြားမှာ မြက်ပင်တွေဆွဲပြီး ကြိုးစားပမ်းစား သွားခဲ့ရပါတယ်။ ပင်ပန်းရကျိုးနပ်ပါတယ်။ ဒုတိယအဆင့်နေရာက တော်တော်လေးလှတယ်။ ရေကူးကြတဲ့အခါ အတော်လေး အေးစက်နေတာမို့ ခဏပဲ ကူးနိုင်ကြတယ်။ 

ပြန်ဆင်းလာတော့ တိုးဂိုက်က စိတ်ဆိုးနေပြီ။ သူဆူတာ ခဏသည်းညည်းခံလိုက်တယ်။ ကိုယ်လုပ်ချင်တာ လုပ်ပြီးပြီ မဟုတ်လား။ ကျနော်တို့ တခုခု ဖြစ်ခဲ့ရင် သူ့မှာ တာဝန်အပြည့်ရှိတာမို့ တာဝန်ကျေပွန်သူ တိုးဂိုက်တယောက်ပါ။
ဟိုတယ်ပြန်ရောက် ရေမိုးချိုးပြီးတဲ့အခါ ညစာကို Tamnak Lao ဆိုတဲ့ရိုးရာဆိုင်ကိုသွားကြတယ်။ ဆိုင်အပြင်အဆင်ကတော့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ရောစပ်နေတဲ့ပုံပါ။ ဧည့်သည်အများစုက အနောက်တိုင်းကပါပဲ။ ဒါပေမယ့် စားပွဲထိုးကို ကော်ပြန့်ကြော်က အသားပါသလားလို့ မေးတဲ့အခါ မပါဘူးလို့ ပြောပေမယ့် တကယ်က ၀က်သားနုပ်နုပ်စင်းထားတာလေးတွေ ပါနေခဲ့တယ်။ အချိုပွဲမှာတာလည်း မချပေးပါဘူး။ မှာတဲ့စာရင်းထဲ သေချာ မှတ်မထားဘူးထင်ပါတယ်။ အင်္ဂလိပ်စကားပြော အဆင်မပြေတာမို့ စားရတာ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး.

ထမင်းဆိုင်ကနေ Tuk Tuk ငှားပြီး ဟိုတယ်ကို ပြန်ခဲ့ကြတယ်။ အရမ်းပင်ပန်းပြီး အိပ်ချင်နေကြပြီလေ....

No comments: