23 June 2010

သို့/ Thet ဆိုသော အစ်ကို

ကျနော့စာကြောင့် ထိခိုက်နာကျင်ရတယ်လို့ သိရတာ ကျနော်စိတ်မကောင်းပါဘူး။ အဓိက စိတ်မကောင်းဖြစ်မိတာ အိမ်ပြန်ခဲ့လို့ အမေလို့ ခေါ်ရင် ထူးမယ့်သူမရှိတဲ့အဖြစ်ကိုပါ။ ဒီအဖြစ်တွေက လူတိုင်းကြုံရမှာပါ အခုမကြုံလည်း နောက်ကြုံရမှာပါ။ သတိရတဲ့အခါ တမ်းတတဲ့အခါ မွေးကျေးဇူးတွေအတွက် အလှူဒါနလေးလုပ်ရင်း ကုသိုလ်ကောင်းမှုတွေကို အမျှဝေပေးဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ (ဗုဒ္ဓဘာသာ ရှုထောင့်က ရေးထားတာမို့ မကိုက်ညီခဲ့ရင် ခွင့်လွတ်စေချင်ပါတယ်)

အားလုံးက အိမ်ပြန်ချင်ကြတာပါပဲ။ အဝေးရောက်အမြင့်ပျံငှက်များလို့ ကျနော် တခါသုံးမိတယ်။ ဆော်လမွန်ငါးတို့ အိမ်အပြန်လို့လည်း ရည်ညွှန်းဖူးတယ်။ ရေကြည်ရာမြက်နုရာရွေ့ကြရင်း ရောက်ရှိအောင်မြင်တဲ့နေရာမှာ အိုးအိမ်တွေဝယ်ကြတယ်။ အဲဒီနေရာမှာပဲ ဆက်လက်နေထိုင်ဖြစ်သွားကြတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုးတက်ဖို့ နိမ့်ကျနေပေမယ့် ကိုယ့်ဇာတိမြေကို ပြန်ဖို့တော့ ဆန္ဒ လူတိုင်းမှာရှိကြတယ်။ အခွင့်သာခဲ့ရင် ပြန်ချင်ကြတာချည်းပါပဲ။

ကြိုမယ့်သူ မရှိလည်း ပြန်ဖို့ နောက်မတွန့်ပါနဲ့အစ်ကို။ ဒီမြေ ဒီရေနဲ့ ထိတွေ့ရင် အစ်ကို့စိတ်ပင်ပန်းမှုတွေ လွမ်းဆွတ်တမ်းတမှုတွေ သက်သာလာမှာပါ။ အဲ့ဒီမြေမှာ တကယ့်ကိုနှစ်နှစ်ကာကာပြုံးပြမယ့်သူတွေရှိတယ်။ ကျနော်တို့ နှစ်ခြိုက်ခုံမင်တဲ့ အစားအသောက်တွေရှိတယ်။ အတုအယောင်တွေ မဟုတ်သေးတဲ့ သဘာဝအလှတွေ ရှိတယ်။ မြန်မာလို့ ဆိုနိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိတယ်။

အိမ်အပြန်ဆိုတဲ့ပို့စ်ကို ရေးမိတာ ကျနော် အပြီးပြန်ချင်လို့ပါ။ အကြောင်းကြောင်းတွေကြောင့် ကျနော် မပြန်နိုင်သေးဘူးဗျာ။ မဲဇာတောင်ခြေ ရတုကို ဖတ်ရတုန်းက ဒီလောက်တောင်ပဲ ခံစားတတ်လိုက်တာလို့ တကယ်ကိုယ်တိုင်ကြုံတော့မှ နင့်နင့်သည်းသည်းကို ဖြစ်လို့။

ဘာပဲဖြစ်ဖြစ် တနေ့တော့ ကျနော်တို့ အိမ်ပြန်နိုင်ကြမှာပါ…

အဲ့ဒီအချိန်ကျရင် ကျနော်တို့အိမ်က သာယာစည်ပင်နေမှာ။ ဖွံ့ဖြိုးတိုးတက်နေမှာ။

ကြိုဆိုတဲ့လက်တွေလည်း ကမ်းလင့်နေမှာပါ

ကျနော်တို့ တူတူပြန်ကြမယ်လေ အစ်ကို……………

(အီးမေးလ်လည်း မရှိ၊ လင့်လည်း မရှိတာမို့ ဘလော့ကနေပဲ စာပြန်လိုက်ပါတယ်ခင်ဗျာ)

10 comments:

chocothazin said...

အိမ်ပြန်မယ်လေ။

အမေ... သားပြန်လာပြီလေ ဆိုတဲ့ ပို့ စ်ပါ ထပ်ဖတ်သွားတယ်။

ချစ်ကြည်အေး said...

ပလန်ကြတာပေါ့....:)

အပြောင်အပျက်မဟုတ်....စိတ်လက်ပေါ့ပါးစေအောင်လို့ပါ....:P

ကိုသက်ဝင်း said...

ရွာသားလေးရေ...
အကို့အတွက် သီးသန့်ပြန်ရေးပေးတာမို့ အထူးတလည် ၀မ်းသာမိပါတယ်။
အကိုလည်း Blog တွေလုပ်လိုက် ပြန်ဖျက်လိုက် နဲ့ တစ်ခုမှ အကောင်းမရှိသေးပါဘူး။
ငါ့ညီစာကိုဖတ်ရင်းနဲ့ အကို့အတွက်အားရှိစေပါတယ်။ ဘာပဲပြောပြော အမေနဲ့ အကို တို့ မောင်နှမတွေ ပျော်ပျော်ရွှင်ရွင် တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နေခဲ့ဖူးတဲ့ အခုတော့ တစ်ယောက်မှ မရှိတော့တဲ့ အကိုတို့ရဲ့ တောင်ငူက အိမ်လေးကို တစ်ခေါက်လောက် ပြန်ပြီး အလွမ်းပြေ ပြန်ပါဦးမယ်။
အဲဒီတော့မှ ရင်ထဲကလာတဲ့ အသံနဲ့ အမေ လို့ တိုးတိုးလေး ခေါ်ပြီး အကိုကြေကွဲပါဦးမယ်။ ဒီစာကို အကို မျက်ရည်တွေကြားထဲက ရေးမိတာပါ။
အမေ့ကိုချစ်တဲ့ အမေကချစ်တဲ့ သားငယ်တွေ ကိုယ်စား ဒီစာကိုရေးမိပါတယ်။
အကိုရဲ့ facebook address ပါ။

http://www.facebook.com/#!/profile.php?id=100001033933597

PAUK said...

လာလေ..
ပြန်ကြတာပေါ့..။။

(ပြန်ဖို့ စိုင်းပြင်နေတာကြာပေါ့)

linn said...

အိမ်ပြန်ချင်တဲ့ ဆန္ဒတွေနဲ့ ပြန်တဲ့ အခါ ရရှိတဲ့ ပျော်ရွှင်မှုတွေကို အိမ်ပြန်ချင်သူ အားလုံး တစ်ထပ်တည်း ရရှိနိုင်ပါစေ ...
ခင်မင်စွာဖြင့်...
လင်း

ကိုသက်ဝင်း said...

ရွာသားလေးရေ.
ဒီနေ့တော့ Blog တစ်ခုထပ်လုပ်ဖြစ်တယ်၊
http://thetwin-sg.blogspot.com/
အဲဒီမှာ လာ မန့် နိုင်ပါတယ်နော်။

Maung Myo said...

အကြောင်း ကြောင်းတွေကြောင့် ဟုတ်ပါ့ တူတူပဲး)

ဆန်းဝင်း said...

ဝေးနေရသူမှာ တူတူ ခံစားရပါတယ်...ကိုရွာသားလေးရေ..

ကောင်းကင်ပြာ said...

စိတ်ကူး နဲ့ ခဏခဏ ပြန်နေသူ တယောက်..ပါ

khin oo may said...

ဒီမှာပိုပျော်တယ်။