30 June 2010

Revenge Post

http://khinoomay77.blogspot.com/2010/06/blog-post_30.html

ဓါတ်ပုံကိုကြည့်ပြီးမှ စာကိုဖတ်ပါ
ဒါမှ မဟုတ် စာကိုဖတ်ပြီးမှ ဓါတ်ပုံကိုကြည့်ပါ
(စာလုံးပေါင်း အမှားတွေနဲ့ ရေးထားပေမယ့် စာဖတ်သူတွေက အမှန်အဖြစ် အလိုလိုတည့်ဖတ်နေတယ်ဆိုတာ ယုံကြည်ပါတယ်လေ ယုံကြည်ပါတယ်)

ခတ္တာတွေကိုတွေ့တယ် ဒါပေမယ့် ဓါတ်ပုံက၀ါးနေတယ်

ခတ္တာတွေကို တွေ့တော့ မတူးမာကို သတိရတယ်။ မတူးမာနဲ့ခတ္တာတွေက ဘာဆိုင်လို့လဲ။ ဆိုင်ပါသကောလား။ မတူးမာတို့အိမ်ရှေ့မှာ မြေစိုက်သစ်ခွတွေနဲ့ ခတ္တာအနီတွေ ပွင့်တတ်တယ်လေ။

မတူးမာကို မသိရင် သူ့အဖေကိုတော့ သိမယ်ထင်တယ်။ သူ့အဖေက ဂေါ်ဘားချော့။ ဟားဟား ဆိုဗီယက်က မဟုတ်ပါဘူး။ နဖူးပြောင်တာရယ် အမာရွတ်ပါတာရယ်ကြောင့်ပါ။ မော်တော်ယာဉ်ဌာနမှူးပေါ့။ ကားသုံးလိုသူတွေအတွက် ဒီလူကြီး လက်မှတ်က အဓိကဆိုတော့ သူ့ကိုမသိဘူးဆိုတဲ့သူ လိမ်ညာတဲ့သူပါပဲ။

ထားပါလေ မတူးမာအကြောင်းပြောရင် ကိုပြည့်အကြောင်းပါမှ ဖြစ်မယ်။ ကိုပြည့်က ကျောင်းမှာ စာသိပ်တော်တဲ့ ကျောင်းသားပေါ့။ မတူးမာ ကျောင်းကိုပြောင်းလာတော့ ခုနှစ်တန်း။ ကျောင်းကိုရောက်ကာစ ကျောင်းသူအသစ်ကလည်း ဖြစ်ပြန်၊ ကျောင်းက ပွဲတွေမှာ သီချင်းလေးဆို ဒိုးဒိုးဒန့်ဒန့်လည်း ဖြစ်ပြန်ဆိုတော့ ဟိုကဒီက အားလုံးနီးပါးလောက်က စိတ်ဝင်စားကြတော့တာ။ ဒီကြားထဲကမှ အောင်ပွဲခံဖလားပိုင်ရှင်က ကိုပြည့်။ မတူးမာဆီက အဖြေကို သူရခဲ့သတဲ့လေ။

ဒါပေမယ့် သူတို့ ကံမကောင်းကြဘူး။ ဖူးစာဆိုတာ ဒီလိုပါပဲ။ ကိုပြည့်ဆယ်တန်းဖြေအပြီး မြစ်ထဲရေဆင်းအကူးမှာ ရေနံတွဲတွေကြားထဲက ပြန်မလာနိုင်တော့ဘူး။ ဒီသတင်းကြားတော့ တမြို့လုံး အုံးအုံးကြွက်ကြွက်။ အောင်စာရင်းထွက်လာတော့ လေးဘာသာဂုဏ်ထူးရှင်တဲ့။ ကဲ ဘာတတ်နိုင်မှာလဲ ကြွေတလှည့် ကြက်တခုန်ဆိုတာကိုး။

မတူးမာ သတင်းတွေ နောက်ထပ်ကြားရသေးတယ်။ ဆယ်တန်းကို ရန်ကုန်မှာ ဖြေတယ်တဲ့။ ဂုဏ်ထူးတခုပဲ ပါတယ်တဲ့။ ဆယ်တန်းဖြေပြီး ပြန်လာတယ်။ မတူးမာကို ကျောင်းမှာ တွေ့သလိုပဲ။ သူငယ်တန်းကို အကူဝင်သင်ပေးတယ်တဲ့လေ။ နှုတ်ခမ်းက မှဲ့လေးနဲ့ ယဉ်စစ ပြုံးနေတဲ့ မတူးမာကို ခလေးတွေ ချစ်ကြမှာပါပဲ။

သိပ်မကြာလိုက်ဖူးထင်တယ် နွေရာသီကျောင်းပိတ်ထားတုန်း မတူးမာတို့ အိမ်ရှေ့မှာ ဆလွန်းကား အဖြူတစင်း ဆိုက်လာတယ်တဲ့။ ကားပိုင်ရှင်ကြောင့် မတူးမာနဲ့ မတူးမာအမေ အန်တီမိတို့ စကားတွေ များကြတယ်ဆိုပဲ။ ကားကလည်း တော်တော်နဲ့ မပြန်ဘူး။ မတူးမာကို ကျောင်းမှာလည်း မတွေ့ဘူး။ ဆေးရုံမှာတွေ့တယ်လို့ ပြောတဲ့သူပြောတယ်။ ရင်ကြပ်ပြန်ပြီလို့ သူ့အိမ်က တစွန်းတစ လွှင့်ကြတယ်။ တကယ်က မဟုတ်ဘူးတဲ့။

ကားအဖြူလေးနဲ့ မတူးမာ ပါသွားတယ်။ မတူးမာကို ပြန်မတွေ့တော့တာ နှစ်တွေ အတော်ကြာ။ ပြန်တွေ့တော့ သားလေး တယောက်နဲ့။ မတူးမာကော ခတ္တာတွေကို သတိရပါ့မလား။

ကျနော်လည်း မတူးမာကို မေ့သွားတာ နှစ်တွေကြာနေပြီလေ

ပြောသားပဲ ဓါတ်ပုံက ၀ါးပါတယ်လို့ ဒါပေမယ့် အဲ့ဒါ ခတ္တာပန်းတွေပါ………………

(စာလုံးပေါင်းအမှားကို တစုံတယောက်ရှာဖွေတွေ့ရှိသွားပါတယ် ပြန်ပြင်ထားပြီးဖြစ်ပါကြောင်း)

12 comments:

mirror said...

မိုက်တယ်ဗျ...။ ဖတ်ကောင်းတယ်။ အရင်ရေးနေကျတွေလဲ သိပ်မတူဘူး။ :)

နေ၀သန် said...

သြော်.. သြော်.. ဂလိုချည်းလား... အဲဒါကြောင့်ကြည့်ပါတယ်..ခုနက ခတ္တာလေးတစ်ပုံတင်ပြီး ဘာလုပ်တာလဲလို့... ဂွတ်အိုင်ဒီယာ

ခင်မင်တဲ့
နေ၀သန်

P.Ti said...

ဖတ်လို့ကောင်းတယ်ဗျ...

ရန်တိုက်ပေးတယ်ပြောပြော ဓာတ်ပုံရော စာရေးတာပါ ကရွာသားက သာတယ်။ :P

ချစ်ကြည်အေး said...

I am supporting P Ti ...Hee hee :)
Go -Ka-P-Ti ...go go ....:P

About the post : Good writing style Ywar thar :))

ဇွန်မိုးစက် said...

:))

linn said...

ဟမ် ..
ခတ္တာ နဲ့ မတူးမာ ...
ခုတလော ဒါတွေ ခေတ်စားနေတာပေါ့ ...

PAUK said...

သိန်ရာသီ
ဝါခေါင်မိုး နဲ့ လှမ်းလာခဲ့တော့..
ခတ္တာရေ...

Maung Myo said...

အူလည်လည် ဖြစ်သွားတယ် ....................

khin oo may said...

ကျေးဇူး.

၁. ဟုတ်တယ် ရေးနေ့ကျနဲ့နဲနဲလွဲနေတယ်။
တို့တွေ ကတော့အက်ဆေးကိုပိုကြိုက်တယ်။ ဇတ်လမ်းထက်စာရင်..

၂. ဒါပေမဲ့ တစ်ကယ့်အဖြစ်အပျက်လား. သရုပ်ဖော်တာ ပီပြင်နေလို့.

၃. P.ti ပြောတာအမှန်. စာရေးတာကော.့ပုံကော ပိုကောင်းတယ်.
စာရေးတာကတော့ထားလိုက်တော့ မနိုင်ဘူး.
ပုံကတော့လိုက်တော့ဖိုက်ချင်သား နှစ်ကျပ်ခွဲမနိုင်လို့..

၎. လင်းကဘာပြုလို့ခေတ်စားတယ်လို့ပြောရတာလဲ.

၅။ ပေါက်ကတော့ထုံးစံအတိုင်းသီချင်းဆိုမှာဘဲ။

၆။ မောင်မျိုးကတော့ ဘာဖြစ်လို့အူလည်လည်ဖြစ်သွားရတာလဲ.

၇။ Mirror, နေဝသန်. ချစ်ကြည်အေး. အပြုံးတစ်စက်နဲ့ဇွန်မိုးစက်. အားလုံးကိုကျေးဇူးပါ.

မှတ်ချက်.
ကွန်မက်များပြန်သွားသည်။

Moe Cho Thinn said...

သူတို့လုပ်တာနဲ့ ဘလော့ ၂ခု ဟိုပြေး ဒီကူး ဖတ်ရမလို ဖြစ်နေပြီ။ နောက်တခါ မခင်ဦးမေ ဘလော့ ဖွင့်ရင် ရွာသားဘလော့ကို ကြို နှိပ်ထားမှ..။ :D

ဒီအရေးအသားကတော့ သွက်တယ်။ ဒါမျိုးလေးလဲ ကြိုက်တာပဲ။ စာရေးတဲ့လူ တော်လွန်းတယ်။ ဓာတ်ပုံဆရာမကြီးကတော့ တော်တီးတီးတော် ပြီးသားး

သင်တို့ကို ချစ်သော
...

Clematis said...

Ywar Thar Lay(YTU) ကမန်းသံပုရာကန်(အထက်မင်းလှမြို့) မှာနေခဲ့ဖူးသလားဟင်??

ပုံ/
မန်းသံပုရာကန်မှာနေခဲ့ဖူးသူ

T T Sweet said...

ရွာသားလေးရေ ... ဒီပို့စ်လေး သိပ်ကြိုက်တယ် ... ရေးပုံက မိုက်တယ် ...
အစ်မကွန်းတို့ ရွာသားတို့ အန်တီသက်ဝေတို့ လုပ်တာနဲ့ ဘလော့တွေဖတ်ရင်း ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် ဖြစ်နေပြီ ...