02 December 2013

ခရမ်းရောင် နန်းတော်ဆီသို့


ခရီးတွေအသွားများပြီး ရှေးဟောင်းနေရာတွေကို စိတ်ဝင်စားတဲ့ ကျနော့ကို လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းက သူတို့ဗီယက်နမ်မှ ခရမ်းရောင်နန်းတော်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ခရမ်းရောင်နန်းတော်ကို အင်တာနက်ကနေ ရှာဖွေကြည့်ပြီးတဲ့အခါ ကျနော့စိတ်တွေ တိမ်းတိမ်းပွေပွေဖြစ်နေပြီ။ မရှေးမနှောင်းမှာ အဲအေးရှား က ဒါနံဆိုတဲ့ မြို့ကို စတင်ပြေးဆွဲကြောင်း ကြော်ငြာလက်ခံရရှိတယ်။ ၂၀၁၁ ဒီဇင်ဘာရုံးပိတ်ရက်မှာ ကျနော် သွားမယ်ဆိုပြီး လေယာဉ်လက်မှတ်ဝယ်လိုက်ပါရော..

လေယာဉ်ခရီးစဉ်က စင်္ကာပူကနေ ကေအယ်၊ ကေအယ်ကနေ ဒါနံ တဆင့်ခံဖြစ်နေတယ်။ ပြီးတော့ ကေအယ်မှာလည်း ထရန်စစ်အနေနဲ့ နေလို့မရပဲ ဗီဇာနဲ့ အထဲကိုဝင်ရ၊ နောက်တခုက အဲ့ဒီနှစ်မှာ ဗီယက်နမ်ဗီဇာ လျှောက်ရပြန်သေးတယ်။ စီးတီးဟော အေးဂျန့်တွေဆီ လျှောက်ရင် ၉၀လောက်ပေးရတယ်ဆိုလို့ အွန်လိုင်းကနေ လျှောက်ပါတယ်။ ယူအက်စ် ၂၀ပေးရပြီး အတော်လေးအဆင်ပြေတယ်။ အခုဒီနှစ်ထဲမှာ ဗီဇာမလိုတော့ဘူးဆိုတော့ ပိုအဆင်ပြေသွားတာပေါ့။ လေယာဉ်ခက အသွားအပြန် စလုံး၃၈၀ကျပါတယ်။ အရင်တုန်းက ပိုးသားလေကြောင်းလိုင်းသာ ပြေးဆွဲပြီး အသွားအပြန် ၆၀၀ကျော်ကျတာမို့ တဝက်လောက်သက်သာနေတာ။

ခရီးစဉ်ကိုစီစဉ်တဲ့အခါ အဲအေးရှားဂိုးကနေပဲ ခရီးစဉ်ကို ဝယ်လိုက်တယ်။ ဝယ်ပြီးမှ သတိရတာက ခရီးစဉ်ဟာ နှစ်ယောက်သွားရမှာလားဆိုတာကိုပါ။ ဒါနဲ့ သူတို့ကို ဆက်သွယ်ပြီးမေးတော့ ဟုတ်တယ် တယောက်တည်းသွားမယ်ဆို နောက်ထပ် ထပ်ဆောင်းငွေပေးရမယ်လို့ဆိုပါတယ်။ တယောက်တည်းဆိုရင် မလေးရှားရင်းဂစ် ၁၇၈၀ကျော်ကျပါတယ်။ ပေါက်တဲ့နဖူး မထူးပြီဆိုပြီး မျက်စိမှတ် ဝယ်လိုက်ပါတော့တယ်။

သွားခါနီး ဘန်ကောက်မှာ ရေကြီးခဲ့တဲ့ အရှိန်နဲ့ ခရမ်းရောင်နန်းတော်ရှိတဲ့ မြို့မှာလည်း ရေတွေကြီးနေတာမို့ ဖြစ်မှဖြစ်ပါ့မလား စိုးရိမ်နေမိတယ်။ ခဲလေသမျှ သဲရေကျဖြစ်ရရင် ဒီမောင်ရင်ကွဲရလိမ့်မယ်..

ဒီဇင်ဘာ၂၇ရက်နေ့ည ၁၁နာရီခွဲမှာ ကေအယ်ကိုစီးလာခဲ့တယ်။ ဒါနံကို မနက်ခုနှစ်နာရီမှာပြန်ထွက်မှာဆိုတော့ အိပ်လို့လည်းမဖြစ်တာမို့ ကေအယ်က စတားဘတ်ဟာ ကျနော့နားခိုရာဖြစ်သွားခဲ့တယ်။ ကွန်ပြူတာသယ်သွားခဲ့တာမို့ ရုပ်ရှင်ကားတွေ တကားပြီးတကားထိုင်ကြည့်ရင်း အချိန်တွေကို သတ်နေမိ။ ကြည့်မိတဲ့ကားက le moine ဖြစ်နေတာမို့ လူက ပတ်ဝန်းကျင်တခုလုံးကိုမေ့လျော့နေသလိုနဲ့ အိပ်ချင်နေတဲ့စိတ်တောင်ပျောက်နေခဲ့တယ်။

မနက်ခုနှစ်နာရီခွဲမှာ စီးလာတဲ့လေယာဉ်ဟာဒါနံကို ကိုးနာရီကျော်ကျော်မှာ ဆိုက်တယ်။ ဗီဇာစာရွက်ကပ်ဖို့ တန်းစီနေတဲ့ သူတွေ အများကြီးမို့ အတော်လေးစောင့်လိုက်ရတာတခုပဲ။ အပြင်ကိုထွက်လာတော့ လာကြိုတဲ့ ကားနဲ့ဂိုက်က အဆင်သင့်ဖြစ်နေပြီ။ အေးမြတဲ့လေထုနဲ့ မြူနှင်းတွေဆိုင်းနေတဲ့ ဒါနံကို တံခါးအဖွင့်မှာ ဘွားခနဲ အတွေ့...





ဒါနံကနေ ဟွေးဆိုတဲ့မြို့သွားဖို့ အစီအစဉ်အတိုင်းစတယ်။ ကမ်းနားလမ်းတလျှောက်ကနေ တောင်တွေဆီကို တဖြည်းဖြည်း နီးလာတယ်။ ပင်လယ်နဲ့ဝေးဝေးသွားသလို ဒါနံမြို့ကြီးလည်း သေးသေးသွားပြီ။ စစ်အတွင်းက ကတုတ်ကျင်းတွေကို တောင်ကုန်းတချို့မှာတွေ့ရတယ်။ 






တောင်ပေါ်လမ်းတွေကို ဖြတ်တဲ့အခါ မြွေလိမ်မြွေကောက်တွေနဲ့မို့ မေမြို့နဲ့ တောင်ကြီးခရီးကို အောက်မေ့မိတယ်။ မြူတွေက ရစ်သိုင်းဝိုင်းဖွဲ့နေပြန်တာမို့ လွမ်းစရာ ရာသီဥတုပါပဲ။ လမ်းတလျှောက်စပါးခင်းတွေကို ဖြတ်တဲ့အခါ ဓါတ်ပုံရိုက်ချင်ပြန်တယ်။ ခက်တာက မြူတွေဆိုင်းနေတာမို့ ရိုက်ရင်လည်း မသဲကွဲ။
ထမင်းစားနားဖို့ တံငါရွာတခုမှာ ရပ်ပေးပါတယ်။ လတ်ဆတ်တဲ့အစားအစာတွေကို ဗီယက်နမ်မှာ တကယ်ရတယ်။ ငါးတကောင်လုံးဆိုတော့ မနည်းစားရတာ တယောက်တည်းမကုန်နိုင်ဘူး။


လမ်းကတဖြောင့်တည်းမို့ တိုးဂိုက်က ကားဆရာကို စကားတွေတတွတ်တွတ် ပြောနေခဲ့တယ်။ အိပ်မငိုက်အောင်ပြောတာတဲ့ ကျနော်က ခဏခဏ မှေးခနဲ အိပ်ပျော်သွားသေးတာ။ နှစ်နာရီလောက်မောင်းရတယ်ထင်တယ်။ တခါတည်း လမ်းသင့်နေတဲ့ နာမည်ကျော်တဲ့ ဘုရင့်သချင်္ ိုင်းတခုကို တန်းသွားတယ်။ 




တုဒပ် ဘုရင်ရဲ့ သချင်္ ိုင်းတော်ပါ။ အီဂျစ်ပိရမစ်တွေလို အာရှမှာ အခုလို သချင်္ ိုင်းတော်ကြီးတွေ တခမ်းတနား ဆောက်တဲ့ဓလေ့ဟာ တရုတ်နဲ့ ဗီယက်နမ်မှာ အတွေ့များတယ်။ သုံးနှစ်ကြာအောင် တည်ဆောက်ခဲ့တဲ့ ဒီသချင်္ ိုင်းတော်ဟာ ပြည်သူတွေကို အခွန်တုပ်ပြီး ဆောက်ထားတာပဲဖြစ်တာမို့ စိတ်ထဲမှာ သိပ်တော့ မကျေနပ်ပါ။ တည်ဆောက်ပုံအရတော့ အေးချမ်းတဲ့ ထင်းရှူးတောရဲ့ အလယ်မှာ ဆယ့်နှစ်ဟက်တာ အကျယ်နဲ့ ခမ်းခမ်းနားနားကိုတည်ဆောက်ထားတာ။


အဝင်ဝမှာလှပအောင် ဆောက်ထားတဲ့ ရေကန်သာကိုမြင်ရမယ်။ ရေကန်ထဲမှာ ကဗျာတွေရွတ်၊ မိဖုရားတွေရဲ့အကအလှ ဖျော်ဖြေမှုတွေနဲ့ နေထိုင်ဖို့လို့ရည်ရွယ်ရင်းဆောက်ခဲ့တာ။ ရေကန်ဖြစ်ဖို့ မြေပြင်
သက်သက်ကို တူးဖော်ခဲ့တာဖြစ်ပြီး၊ တူးဖော်ထားတဲ့မြေသားတွေကို ကန်အလယ်မှာ ကျွန်းပုံစံပြုလုပ်ထားပြန်တယ်။ ကျွန်းငယ်ပေါ်မှာ သားကောင်တွေကို တင်ထားပြီး ဘုရင် အလိုရှိတဲ့အခါ အမဲလိုက်ခြင်း ပြုလုပ်တယ်လို့လည်း ဆိုတယ်။ 




သူမသေဆုံးခင်အထိ အဲ့ဒီ နေရာဟာ သူရဲ့ နွေရာသီစံနန်းတော်ပါ။ သူစံမြန်းရာအဆောင်မှာ ဇာတ်ရုံတွေပါ ဆောက်လုပ်ထားတာကိုတွေ့ရပါတယ်။ ခေါင်မိုးပေါ်က ယင်နဲ့ရန် အတွဲတွေကိုလည်း ဂရုတစိုက်ပြုလုပ်ထားခဲ့တယ်။ ကျောက်စာချပ်ဟာ ဗီယက်နမ်မှာ အကြီးဆုံးလို့ယူဆရပြီး ကီလိုမီတာ ငါးရာကျော်ကနေ လေးနှစ်ကြာအောင် သယ်ဆောင်ယူရတဲ့အထိပါ။
















ဒီသချင်္ ိုင်းမှာတော့ တုဒပ်ရယ် သူ့မိဖုရားကြီးရယ်နဲ့ မွေးစားသားဘုရင်ငယ်တို့ကို မြုပ်နှံထားတယ်။ အုတ်ဂူဟာ အုတ်ဂူအဖြစ်သာ ရှိပြီး သူ့ရုပ်အလောင်းကို ဘယ်နေရာမှာ မြုပ်နှံထားတယ်ဆိုတာ ဘယ်သူမှ မပြောပြနိုင်ပါဘူး။


မိဖုရားတွေကိုထားတဲ့အဆောင်ဟာ အတော်လေးကို ပျက်စီးနေခဲ့ပြီ။ မိဖုရားပေါင်း ၁၀၀ရှိပေမယ့် ဘုရင်ကြီးမှာ သားသမီးတယောက်မှ မထွန်းကားခဲ့လို့ တူကို သားအဖြစ်ပြန်လည်မွေးစားခဲ့ပါတယ်။ 



ခြေတိုအောင်လျှောက်ပြီးတဲ့အခါ ဗီယက်နမ် အမွေးတိုင်လုပ်ငန်းနဲ့ ခမောက်လုပ်ငန်းကိုလေ့လာပါတယ်။ အမွေးတိုင်ကို ရောင်စုံအောင်လုပ်နေတာမို့ စိတ်ကူးစိတ်သန်းကတော့ ဟုတ်ပေ့ဖြစ်နေပါတော့တယ်။

နောက်တနေရာအဖြစ် နန်းတော်ထဲကို ကျနော်တို့ ခပ်ကြာကြာ လျှောက်ကြရအောင်....

No comments: