အိမ်ကိုရောက်တဲ့အခါ
အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းပွဲကြီးက စောင့်ကြိုတယ်။ မုန့်ညင်းစောနဲ့ လမ်းက ဝယ်လာတဲ့
ကြက်သားကြော်၊ ဝက်သားလုံးကြော်တို့နဲ့ ထမင်းဝိုင်းဟာ မြိုင်ဆိုင်နေတယ်။ ထမင်းမြန်မြန်စားပြီးတဲ့အခါ
ဒေါ်နန်းကြည်တောင်ပေါ်ကို လိုက်ပို့မယ့် ဆိုင်ကယ်တွေဟာ အိမ်အောက်ကို ရောက်နေပြီ။ နေမဝင်ခင်
မြန်မြန်လာတဲ့…
သေချာတယ် ကျနော့ကိုသာ ဆိုင်ကယ်မောင်းခိုင်းရင် တောင်ပေါ်ရောက်မှာ မဟုတ်ဘူး။ မတ်လိုက်တဲ့ အတက်။ နောက်ကလိုက်ရတဲ့သူက အားတောင်နာယူတယ်။ ဆိုင်ကယ်အတော်လေး ရုန်းရမှာလေ။ တောင်ပေါ်ကိုရောက်တဲ့အခါ အလင်းရောက်ရှိတုန်းလေး တိမ်တွေကို အမိအရဖမ်းတယ်။ ခရမ်းရောင်တွေနဲ့ပြည့်လို့။ ဆရာတော်တွေက ပြိုင်ပွဲဝင်ဖို့လားတဲ့ စောစောလာတာမဟုတ်ဘူးတဲ့။ ဓါတ်ပုံရိုက်တဲ့သူတွေ လာနေကြဖြစ်ပုံရတယ်။
ပြန်ဆင်းလာတဲ့အခါ
အန်တီနီက ရေခဲမုန့်ကျွေးမယ်ဆိုလို့ ရေခဲမုန့်ဆိုင်ကို သွားကြတယ်။ ဗိုက်ကပြည့်နေတာမို့
နည်းနည်းပဲကျွေးပါလို့မှာရတယ်။ သူတို့အရပ်က ကျွေးတဲ့အရာတွေကို ကုန်အောင်စားမှ ကြိုက်တာကိုး။
အုန်းသီးရေခဲမုန့်တခုနဲ့ လက်ဖက်ရည်တခွက်သောက်တယ်။ နေတဲ့ရက်နည်းလို့ ဘာမှ မကျွေးလိုက်ရတာကို
စိတ်မကောင်းဘူးပဲညည်းနေကြတော့တာ။
ဆိုင်ကယ်နဲ့
အရှေ့ပိုင်းကိုသွားထားတာမို့ မနက်ဖြန်အရှေ့ပိုင်းကို လူကြီးတွေအတွက် ဆိုင်ကယ်နဲ့သွားလို့
အဆင်မပြေဘူးဆိုပြီး လာတုန်းက ကားသမားကိုပဲ ဆက်သွယ်ပြီးငှားဖြစ်တယ်။ ကားသမားဟာ အတော်လေးစိတ်ရှည်တယ်။
လိုလိုချင်ချင်ပဲလိုက်ပို့မယ်လို့ပြောတယ်။
ညဖက်အခါးရည်သောက်ရင်း
တယောက်တပေါက်စကားတွေပြောကြတယ်။ အားလုံးအိပ်ငိုက်လာသလို စောင်တွေကလည်း လေးလေးလာတာ။
သူတို့ကချမ်းတယ်အော်နေပေမယ့် ကျနော့အတွက် နေသာထိုင်သာ။ စောင်ခြုံမိတဲ့အခါ စောင်ပိရင်းအိပ်ပျော်ပါလေရော။
မနက်လင်းပြီဆိုတော့ မျက်နှာသစ်မှ ရေကအတော်အေးတာပါလား။ ခြေဆန့်လက်ဆန့် ကျနော်လမ်းလျှောက်ထွက်ချင်တယ်။ အိမ်ပေါ်ကနေမြင်ရတဲ့ မြူတွေဝေနေတဲ့မြို့ မနက်ခင်းမှာ ကျနော်ဒီအတိုင်း ကုန်မသွားချင်ဘူး။ ဒါနဲ့ တယောက်တည်း လမ်းလျှောက်ထွက်ပါတယ်။ လက်ထဲမှာ ကင်မရာနဲ့ပေါ့။
မနက်လင်းပြီဆိုတော့ မျက်နှာသစ်မှ ရေကအတော်အေးတာပါလား။ ခြေဆန့်လက်ဆန့် ကျနော်လမ်းလျှောက်ထွက်ချင်တယ်။ အိမ်ပေါ်ကနေမြင်ရတဲ့ မြူတွေဝေနေတဲ့မြို့ မနက်ခင်းမှာ ကျနော်ဒီအတိုင်း ကုန်မသွားချင်ဘူး။ ဒါနဲ့ တယောက်တည်း လမ်းလျှောက်ထွက်ပါတယ်။ လက်ထဲမှာ ကင်မရာနဲ့ပေါ့။
လျှောက်ရင်း လျှောက်ရင်း ဘုန်းကြီးကျောင်းတွေကိုတွေ့တယ်။ တောင်ပေါ်ကနေ ကိုရင်ဆွမ်းခံကြွတာကို ရိုက်တယ်။ တွေ့တဲ့သူတွေက ပြိုင်ပွဲဝင်ဖို့လားလို့ မေးကြတယ်။ ဒီလက်ဟာ ပြိုင်ပွဲဝင်တဲ့လက်မှ မဟုတ်တာ။ ကြားရင် တခြားလူတွေ ရီကုန်မယ်။ ကိုယ့်ဟာကိုတောင် ရီမိတယ်။
အိမ်ပြန်ရောက်တော့ တို့ဖူးနွေးက အသင့်ကြိုနေပြီ။ ဒီအရပ်က တို့ဖူးနွေးကို ခေါက်ဆွဲနဲ့မစားဘူး အီကြာကွေးနဲ့ပဲစားတယ်။ ကိုးနာရီထိုးမှာ ကားကအိမ်ရှေ့ကိုရောက်တယ်။ အချိန်တိကျပါလေရဲ့။ ကားနဲ့ဆိုတော့ အရှေ့ပိုင်းကို ခဏနဲ့ရောက်တယ်။ မိုးကုတ်ဆရာတော်ကြီးကြွင်းကျန်ရစ်တဲ့ မျက်လုံးတော်ကိုသွားဖူးတယ်။ ဆရာတော်ကြီးနေထိုင်ခဲ့တဲ့ အခန်းကိုလည်း မူရင်းအတိုင်း ခြေရာလက်ရာမပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ပူဇော်နေကြတာကို ဖူးတွေ့ခဲ့ရပါတယ်။
ဖောင်တော်ဦးဘုရားကိုရောက်တဲ့အခါ ရွှေ၊ငွေပလ္လင်တော်ကို ဖူးခွင့်ရတယ်။ ရွှေသားအတိပြီးတဲ့ပလ္လင်မှာ ပတ္တမြားတွေဟာ ရဲရဲတောက်နေတယ်။
ဝက်စတူးခါက်ဆွဲစားမလား၊ ကားရုံမြီးရှည်စားမလားဆိုတော့ နှစ်ခုစလုံးစားမယ်လို့ ဖြေလိုက်မိတယ်။ နံရိုးခေါက်ဆွဲဆိုင်ကို အရင်သွားကြတယ်။ ပြီးမှ ချမ်းသာကြီးဘုရားကိုဦးတိုက်တယ်။ ချမ်းသာကြီးဘုရားကို လုံးတော်ပြည့်ရွှေချပြုပြင်နေတာမို့ အပြင်မှာဝါးငြမ်းတွေကိုပဲတွေ့ရတယ်။
ချမ်းသာကြီးဘုရားကုန်မြေမြင့်ကနေ
မိုးကုတ်မြို့ကို ဓါတ်ပုံအခုလိုရိုက်ယူခဲ့တယ်။
ထာပွဲနေရာဟာ
နေရာသာကျန်ရစ်တော့တယ်။ တကယ့် ကျောက်အရောင်းအဝယ်ဟာ ဟိုအရင်ကာလများလို မဟုတ်တော့ပဲ ဦးပိုင်ရဲ့လက်အောက်မှာ
လုံးလုံးကျရောက်သွားတယ်လို့ ကားဆရာကရှင်းပြတယ်။ ရန်ကုန်နဲ့ နေပြည်တော်မှာသာ အရောင်းအဝယ်ဖွင့်တော့တာမို့
ဆိုင်တန်းလေးတွေပဲကျန်ရစ်တဲ့ ထာပွဲဟောင်းနေရာကနေ အတိတ်ကိုလွမ်းဆွတ်နေကြတာ.
စျေးကိုရောက်တော့ မိုးကုတ်စျေးကို ရောက်ဖူးအောင် အပေါ်ထပ် အောက်ထပ် လျှောက်လို့လည်တယ်။ အနွေးထည်တွေခေတ်စားတဲ့ နေရာပေါ့။
စျေးကပြန်တော့ ကားရုံမြီးရှည် ဝင်ဆွဲကြတယ်။ ရှမ်းထမင်းချဉ်ရဲ့ အရောင်လေးကကို လှလို့နေတယ်။ ထမင်းချဉ်ရော မြီးရှည်ရော အပြိုင်စားဖြစ်တာပါပဲ။ ဒါတောင် အန်တီဝါက လျှော့စားခဲ့အိမ်မှာ မှိုသင်္ကန်းသုပ်ထားမယ်ဆိုလို့….
အန်တီဝါ့ရဲ့
ဧည့်ဝတ်ကျေပွန်မှုဟာ အတိုင်းထက် လွန်လို့နေတယ်။ အိမ်ရောက်တာနဲ့ မှိုသင်္ကန်းသုပ်ထားနှင့်ပြီဖြစ်တယ်။
ထမင်းစားပြီးတဲ့အခါ လူကြီးတွေက ချဉ်စော်ခါးသီး အချဉ်ထုတ်ဆိုင်ကိုသွားကြတယ်။ ကားကသုံးနာရီကျော်လောက်မှာလာကြိုပြီ။
အားလုံးကိုနှုတ်ဆက်ပြီး မကြာမတင်ပဲဆင်းခဲ့ကြတယ်။ အပြန်လမ်းမှာ ကျောက်ပြသာဒ်ကို ကားဆရာက မမေးပဲလိုက်ပို့ပါတယ်။ ဓါတ်ပုံရိုက်ချင်တဲ့သူကို အထာနပ်နေလောက်ပြီလေ။
အလာတုန်းက မိုးရွာနေလို့ ကင်းရွာရှုခင်းကို မရိုက်ခဲ့ရတာ အခုမှ အတိုးချရိုက်ခွင့်ရတော့တယ်။ စိမ်းနေတဲ့ အစိမ်းဟာ ရင်ထဲကို တိုးရိုးပေါက်ဝင်နေတယ်။ ဘာဆိုဘာမှ ပြုပြင်ထားခြင်းမရှိတာမို့ လှလိုက်တဲ့ အမိမြေလို့ ရင်ထဲကမြည်တမ်းနေမိတယ်။
ညဟာ
တဖြည်းဖြည်းမှောင်လာတယ်။ မန္တလေးအိမ်ကိုရောက်တော့ ဆယ့်တနာရီကျော်တော့မယ်။ လူကလည်း အိပ်ချင်နေတယ်။
အသွားတုန်းကမှာခဲ့တဲ့ ပေါင်းတင်းတွေရယ်၊ စားချင်လှချည်ရဲ့ဆိုပြီး ဝယ်လာတဲ့ ခေါပုတ်တွေကိုဆွဲပြီး
အိမ်ထဲကိုဝင်ရင်း တောင်တွေရော မြူတွေရောကို ကျောခိုင်းလိုက်ပါတော့တယ်။
No comments:
Post a Comment