လောကမှာ လက်သင့်မခံနိုင်ဆုံး အမှုကိစ္စမှာ လက်လွတ်ဆုံးရှုံးရခြင်းထက် အခြားရှိလိမ့်မည်ဟု သူဘယ်တုန်းကမှ မှတ်ထင်မထားခဲ့။ ကမ္ဘာကြီးက လုံးသည့်အလျောက် အဆုံးနှင့်အစမှာ အမြဲကပ်လျက်ရှိစတမ်းဟု တွေးမြင်ယူဆနေခဲ့ပါလျက်.....
အဲ့ဒီနေ့မနက်က သူရုံးနောက်မကျခဲ့လျှင်....အကယ်၍ ရုံးမတက်ခဲ့လျှင်..ဆိုသော ကြံမိကြံရာ အတွေးများဖြင့်သာ။ သူစီးနေကျ ၁၈၈ကိုမစီးဘဲ တခြားကားပြောင်းစီးဖို့ အကြောင်းသည် နောက်ကျခြင်းကြောင့်ပင် မဟုတ်လော။ နောက်ကျလက်စနဲ့ ရုံးမတက်ပဲရှိစေဟု စိတ်မပြောင်းပဲ ခိုင်ခိုင်ကျည်ကျည်ရုံးကို သွားနေမိသောကြောင့်လည်း ပါသည်။
ရုံးတက်ချိန်ဖြစ်၍ တိုးဝှေ့နေသော လူအုပ်ထဲတွင် ကျနော့ထက်အရပ်နိမ့်သောသူများ ပါလေ့ရှိသည်..
အဲ့ဒီ အဆိုပါနေ့တွင်တော့ လက်ကိုင်တန်းက ကွင်းကို မမှီမကမ်းလှမ်းနေသော အရပ်နိမ့်သူသည် ကျနော့ရှေ့ရှေ့တည့်တည့်...ထို့ထက်ပို၍ သူ့မျက်နှာ မော့ပြီး ကွင်းကို ကိုင်နေသောအခါ တန်းကိုလွတ်အောင် ခေါင်းငုံ့ထားသော ကျနော့မျက်နှာနှင့် တည့်မတ်စွာ....
ထိုအခါ အမည်းရောင်စက်ဝိုင်း၏ ပြင်ပရှိ အညိုရောင်ဖျော့ဖျော့စက်ဝိုင်းများသည် ကျနော့အား များစွာ ဒုက္ခပေးလေတော့သည်။ ငယ်ငယ်တုန်းက စွဲလမ်းဖူးသော ပြောင်ခေါင်းစိမ်းများပမာ အရည်ရွှမ်းလဲ့ ဝင်းစိုနေသော အညိုရောင်ဖျော့ဖျော့များသည် ကျနော့အား တစထက်တစ....
မျက်နှာလွှဲဖယ်ရန် ခက်ခဲသော နေရာအကျပ်အတည်းတွင် မေ့လျော့စွာ အားမနာပါးမနာ ငေးမောနေသော ကျနော့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ခြင်းဖြင့် ဆန့်ကျင်သည်။ ထိုအခါမှ မျက်တောင်များကို အနားသတ်ထားသော အမည်းရောင် စည်းမျဉ်းကို ကျနော်မြင်သည်.....ရပ်
သို့သော် အညိုရောင်ဖျော့ဖျော့သည် ကျနော့အနားတွင် ရစ်သီရစ်သီဖြင့်သာ။ သွားစမ်းကွာဟု ပါးစပ်က ပြောပြီး မောင်းမထုတ်ခဲ့သော်လည်း လက်ထဲတွင် အလုပ်မပြတ်စေခြင်းဖြင့် ကျနော့စိတ်ကို ချည်တုပ်သည်။ တရုံးလုံးက အရင်လို ပြောင်နောက်နေကြ ခပ်ရှုပ်ရှုပ်ကောင်ကလေး ငြိမ်သက်နေသည်ကို ထိုင်ပြီးကြည့်နေကြသည်။ သူအလွန်ကြိုက်သော ဘောလုံးအသင်း ရလာဒ်ကို တိတ်တဆိတ် စစ်ဆေးခြင်းဖြင့် သူ၏ငြိမ်သက်ခြင်းကို ဖော်ထုတ်လိုကြသည်။ မည်သူမျှ မသိနိုင်သော အကြောင်းအရာမို့ သူက သီချင်းတီးတိုးဆိုရင်း အလုပ်ကိုလုပ်မြဲ....
ထို့နောက်တွင် သူစီးနေကြ ၁၈၈ကားကြီးကိုသူမေ့လိုက်သည်။ ပြောင်းလဲလွယ်တတ်သည့် သဘောကို တရားသဘောလို့ ခပ်ပါးပါးပြောရင်း မနက်ခင်းတိုင်းကို အညိုရောင်ခြယ်သည်။ အနက်ရောင်စည်းမျဉ်းအထက်တွင် တခါတရံ မီးပွိုင့်များပါလာတတ်သလို ရံဖန်ရံခါ ကြယ်ပွင့်များလည်း ငြိတွယ်လာတတ်...
မီးပွိုင့် သင်္ကေတ အစိမ်းရောင်တချို့သည် ရော်ရွက်ဝါတို့ မကြွေခင် လင်းသည်။ အဆိုပါ ရွက်ဝါတို့ကို မြေပေါ်ကြွေသက်မဆင်းခင် ဖမ်းဆုပ်ရင်း ကျနော် လေထဲကို အားပါးတရ ခုန်ပစ်လိုက်သည်။ ထိုနေ့က တရုံးလုံး ကျနော့၏ အစ,အနောက်ကို ပြန်ရသွားကြလေသည်။ လွတ်မြောက်နေသော သူတို့ရက်များကို မေ့လျော့စွာ သူတို့အားလုံးကျနော်နဲ့အတူ အားပါးတရ ရီလိုက်ကြ......
တကယ်တမ်း မရီမောနိုင်သင့်ဆုံးသူမှာ ကျနော်ပင်ဖြစ်သည်။ သူကျနော့ကို အရူးလုပ်လိမ့်မည်ဟု ဘယ်တုန်းကမျှ မယုံကြည်။ သို့သော် သူလုပ်သွားခဲ့လေပြီ။ သူနဲ့အတူ တရုံးလုံးက ကျနော့ကို လက်ညှိုးထိုး ဝိုင်းဟားနေကြသည်ဟု မက်သော အိပ်မက်မှန်နေပါပေါ့။ သူ့သူငယ်ချင်းတွေကလည်း ကျနော့ကို လူညံ့တယောက်ဆိုပြီး ရယ်သွမ်းသွေးကြမည်။
လေတိုက်တိုင်း မုန်းသည်။ ၁၈၈ကားကိုလည်း မုန်းသည်။ ရုံးနောက်ကျသော အဆိုပါနေ့ကိုလည်း မုန်းသည်။ ယနေ့ တနင်္လာနေ့ကိုလည်း မုန်းသည်။ ကျနော့ကို ပိုမိုချစ်ခင်လိုပြီး သူတပ်လာခဲ့သော အပြာနုရောင်ဖျော့ဖျော့ မျက်ကပ်မှန်ကိုလည်း မုန်းသည်။ မျက်ကပ်မှန်ကို မျက်ကပ်မှန်မှန်းမသိသော ကျနော့ကို ကျနော်သာ၍ မုန်းသည်။ အညိုရောင်ဖျော့ဖျော့သည်လည်း မျက်ကပ်မှန်ဟု သိလိုက်သောအခါ ပို၍ပို၍မုန်းသည်...
သို့ဖြင့် အညိုရောင်ဖျော့ဖျော့များသည် ကျနော့အနားတွင် ပတ်ချာလည်, လည်လျက်သာ ရှိနေတော့သည်......
No comments:
Post a Comment