03 October 2013

သူရဲကောင်းမြို့တော်က အိပ်မက်ကောင်းကင် နဲ့ ကျနော်


အိပ်မက်ကောင်းကင်တခုဟာ ၁၈၉၈မှာ အစပြုတယ်။ တရုတ်နိုင်ငံဖုကျန့်ကျေးရွာ အန်းစီးကနေ ရွေ့လာတဲ့အိပ်မက်ပါ။

ကမ်းကထွက်လာတဲ့ သင်္ဘောဟာ ဆွေးမြည့်ခြင်းတွေကို အဲ့ဒီကမ်းဖက်မှာပဲ ချန်ထားရစ်ခဲ့ဖို့ သူဆုတောင်းနေမိတယ်။ လူမမည် သားတဖက်၊ သမီးတဖက်နဲ့ ကမ်းမမြင်လမ်းမမြင် ဒီပင်လယ်ပြင်ရဲ့ ဟိုတဖက်ခြမ်းမှာ သူ့အတွက် တခုခုတော့ ရှိတန်ကောင်းရဲ့။ သူ့ဇနီးက ကောင်းကင်ဘုံကနေ သူတို့ကို ကြည့်ပြီး နှုတ်ဆက်နေမှာ။ ကောင်းသောခရီးဖြစ်ဖို့ ဆုတောင်းပေးပါ ရှင်မရေ..

ငါ့ဝမ်းပူဆာ မနေသာတဲ့ သမီးကြီးရေ..ခွင့်လွှတ်တန်ကောင်းရဲ့ ဆိုတဲ့စိတ်နဲ့ ကမ္ဘာမီးလောင်သားကောင်ကို ချနင်းခဲ့ရတယ်။ ထမင်းနပ်မှန်အောင် စားရတဲ့ အိမ်ကိုရောက်ရင် သမီးဟာ သူတို့ကို ခွင့်လွှတ်နိုင်မှာပဲလို့ ယူဆလိုက်တယ်။ ငှက်ဖျားရောဂါနဲ့ ဝမ်းရောဂါ သူ့ဆီကို ရောက်မလာခင်အထိတော့ သူဟာ သားငယ်ရဲ့ လက်ကို ပိုင်ပိုင်ဆွဲထားတုန်းပဲ။ သူ့သားငယ် သယ်ဆောင်လာမယ့် ကောင်းကင် တခုကို မမြင်လိုက်ရပါပဲ သူ့ဇနီးရှိရာ ကောင်းကင်ဆီကို သူခရီးဆန့်သွားခဲ့ပြီ။ ချစ်ဇနီးနဲ့တွေ့တဲ့အခါ သူ့သားငယ်ကို စိတ်ချရတဲ့ မိသားစုကိုအပ်ခဲ့ကြောင်းတော့ သူပြောပြလိုက်နိုင်ပါလိမ့်မယ်…

အိပ်မက်ပိုင်ရှင် လူငယ်လေးဟာ အဲ့ဒီကနေ ဘဝကိုစတင်ခဲ့တယ်။ မွေးစားဖခင်ဆီကနေ ကူးသန်းရောင်းဝယ်ရေး အခြေခံနည်းပညာတွေအပြင် တရုတ်စာကိုပါ လေ့လာသင့်ယူခဲ့တယ်။ ၁၁နှစ်အရွယ်မှာတော့ ရထားပေါ်မှာ မုန့်တွေရောင်းရင်း သူ့ရဲ့ အိပ်မက်တွေရောက်မလာခင်အထိ။ ပုဆိုးထဲမှာ ပြီးတော့ လက်ထဲမှာ မုန့်တွေအပြည့်နဲ့ သွားနေတဲ့ ရထားပေါ်ကို အတင်းတွယ်တက်နေရတဲ့ သူဟာ ပြေးလမ်း အမှန်ကို ရောက်ပါ့မလားဆိုတာ ဘယ်သူကမှ မသိနိုင်ခဲ့ကြဘူး..

၁၈လတိုင်တိုင် မရပ်မနားပဲ ကြိုးစားလိုက်တဲ့အတွက် ကိုယ်ပိုင် တပတ်ရစ်စက်ဘီးလေးကို သူပိုင်ဆိုင်လိုက်နိုင်တယ်။ မီးသွေးအိတ်တွေသယ်ပို့ရင်း တခြားလုပ်ငန်းတွေကို လုပ်ကိုင်နေဆဲ သူရဲ့ဘဝလက်တွဲဖော်ကို သူတွေ့ရှိခဲ့တယ်။ ပညာမတတ်၊ ဘဝအာမခံချက်မရှိသေးတဲ့ သူ့ကို သမီးရှင်ေွလက်ခံ သဘောမတူပေမယ့် ၁၉၁၂မှာ နှစ်ယောက်အတူတူ ဘဝတခုကိုထူထောင်ခဲ့ပါတော့တယ်။

တဲအိုပျက်လေးမဟုတ်ပေမယ့် ဝါးနဲ့ဆောက်တဲ့ နှစ်ထပ်အိမ်လေးကနေ အလုပ်တွေဒိုးတူဘောင်ဖက်လုပ်ကြရင်း စျေးထဲမှာ ဆိုင်ခန်းလေးတခု ခြောက်လအကြာမှာ ငှားနိုင်လာတယ်။ ကုန်စုံဆိုင်လေးလို မုန့်အတိုအစလေးတွေ၊ စီးကရက်နဲ့ဆက်စပ်ပစ္စည်းတွေရောင်းနိင်လာခဲ့တယ်။ စီးကရက် စက်ရုံတခုကို သွားရောက်လုပ်ကိုင်ရင်း လုပ်ငန်းရှင်က သူ့လုပ်ရည်ကိုင်ရည်ကို သဘောကျသလို သူရဲ့ အိပ်မက်တွေဟာ အဲ့ဒီစက်ရုံမှာ တစတစနဲ့ ဖွဲ့တည်လာခဲ့တယ်။


မောင်တထမ်း မယ်တရွက်မို့ သူက အပြင်မှာ အလုပ်ကို ကြိုးစားလုပ်ကိုင်ချိန်မှာ ဘဝကြင်ဖော်ကလည်း အိမ်ကနေ တနိုင် မုန့်ဖုတ်လုပ်ငန်းနဲ့ လုပ်ငန်းချဲ့ထွင်နေခဲ့တယ်။ ငွေကြေးရတနာသာမကပဲ သားရတနာ နှစ်ယောက်ကိုလည်း ၁၉၁၄နဲ့ ၁၉၁၅မှာ အသီးအသီးရရှိခဲ့ကြတယ်။



၁၉၁၆မှာတော့အိပ်မက်ကောင်းကင်ရဲ့ခြေဆင်းလေးတွေ ရောက်လာခဲ့ပြီ။ ငွေကြေးအကျပ်အတည်းကြောင့် ဆေးလိပ်ကုန်သည်တဦးရဲ့ ဆေးလိပ်ပစ္စည်းတွေကိုဝယ်လို့ရမယ့် အခွင့်အလမ်းနဲ့ကြုံတယ်။ လက်ထဲမှာရှိတဲ့ ပိုက်ဆံနဲ့မလုံလောက်တဲ့အခါ ဒီအခွင့်အရေးကိုလက်လွတ်ရတော့မှာ။ အိမ်ရောက်လို့ အိမ်သူနဲ့ တိုင်ပင်တော့ အိမ်သူက ခွေးခြေလေးကိုယူပြီး ဆိုင်ခန်းအနောက်ကိုသွားတယ်။ ဆိုင်အနောက်ရောက်လို့ ခွေးခြေလေးကိုချတယ်။ သူဘာလုပ်နေမှန်း မသိနိုင်အောင်ပါပဲ။ ခွေးခြေကနေ တဆင့် အမြင့်ဆုံးဝါးတိုင်ကိုလှမ်းပြီး ဓါးနဲ့ဖွင့်လိုက်တဲ့အခါ….



၀ယ်ယူနိုင်တဲ့ ပမာဏထက်ပိုနေတဲ့ ငွေကြေးတွေ။ အိမ်သူရဲ့ ချွေးနည်းစာတွေကို စုထောင်းတာပါကလား။ အဲ့ဒီကနေမှတဆင့် ဆေးလိပ်လုပ်ငန်းထဲကို သူဟာ ခြေဇုန်ပစ်ဝင်ရောက်လာခဲ့တော့တယ်။ မိသားစုအတွင်းမှာလည်း လက်နဲ့လိပ်တဲ့ဆေးလိပ်တွေလုပ်ရင်း တခြား ချောကလက်၊ လေးညှင်း စတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့အတူ စားသုံးသူစိတ်ကြိုက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ မီးအိမ်မှိန်မှိန်လေးအောက်မှာ ညဥ့်နက်သည်အထိ လက်နဲ့ဆေးလိပ်လိပ်နေရတဲ့ ဘဝတွေဟာ တကယ့်ကို လွမ်းမောစရာပါပဲ။ ဆေးလိပ်လိပ်နေတဲ့ နေရာဟာ တကယ်တမ်း သူတို့ရဲ့ အိပ်ရာ။





၁၉၁၃နှစ်လောက်ကစပြီး ဆေးလိပ်ကုမ္ပဏီတခုမှာ သူ့အိပ်မက်ကို စတင်မြေစမ်းခရမ်းပျိုးခဲ့တယ်။ အဲ့ဒီကနေမှတဆင့် ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါ အိပ်မက်တွေဟာ တစထက်တစ ရုပ်လုံးကြွလာခဲ့ပြီ။ စမ်းသပ်တီထွင်မှုများနဲ့အတူ လူတန်းစားအသီးသီးတို့လက်ထဲအထိ အရောက်ပို့ခဲ့တဲ့ ပြီးပြည့်စုံခြင်း “Sampoerna” ဆိုတဲ့ နာမည်တခုဟာ ယနေ့ထက်တိုင် ကျော်ကြားနေဆဲမို့ အိပ်မက်ကောင်းကင်တခု အောင်မြင်မှုတွေနဲ့ တကယ့်ကို ပြည့်စုံသွားခဲ့ပြီ မဟုတ်ပါလား။










သူရဲကောင်းမြို့မှာ တညအိပ်မယ်ဆိုတော့ လည်စရာတွေကို လေ့လာတဲ့အခါ ဒီအိပ်မက်ကောင်းကင်ဟာ ကျနော့ကို အတော်ပဲစိုးမိုးခဲ့ပါတယ်။ သူတို့နေခဲ့တဲ့အိမ်ကို ပြတိုက်လုပ်ထားတာပြီး လက်နဲ့ဆေးလိပ်လိပ်တာ အလွန်မြန်တဲ့လုပ်ငန်းခွင်တခုလို့ လူတိုင်းက သတ်မှတ်ကြပါတယ်။ တကယ်လည်း သွားကြည့်တဲ့အခါ လက်ကို စက်တပ်ထားသလားအောက်မေ့ရအောင် မြန်ဆန်နေတာကို တွေ့ရတယ်။ သူတို့တနေ့ဘယ်နှစ်လိပ်ပြီးရမယ်လို့ သတ်မှတ်ထားပြီး ဆုပေးဒဏ်ပေး စနစ်မို့ ဆေးလိပ်သမတွေဟာ အတော်ကိုကြိုးစားပမ်းစားလိပ်နေတာကို မြင်ရပါလိမ့်မယ်။ ဓါတ်ပုံရိုက်ခွင့်မပေးတာမို့ မရိုက်ခဲ့ရပါဘူး။












ပြတိုက်နဲ့ ဆက်စပ်ပြီး ကော်ဖီဆိုင်ကို ဖွင့်ထားတာမို့ အတော့ကို နေရာကျပါတယ်။ ဆိုင်တွင်းအပြင်အဆင်များက စွဲမက်စရာပေမယ်မို့ ကင်မရာခလုပ်ကို နှိပ်ပြီးရင်း နှိပ်လို့သာနေမိတော့တယ်။
သူရဲကောင်းမြို့တော်လို့အမည်နာမတွင်ရတဲ့ အကြောင်းက အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲတွေ ဒီမြို့မှာဖြစ်ပွားခဲ့လို့ပဲ ဖြစ်ပါတယ်။ မြို့တော်နာမည်က ဆူရာဘာရာလို့တွင်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ဒုတိယအကြီးဆုံး မြို့တော်တခုလည်းဖြစ်ပါတယ်။ နောက်ပြီး အင်ဒိုနီးရှားနိုင်ငံ ပထမဆုံး သမ္မတဖြစ်တဲ့ ဆူကာနိုရဲ့ မွေးဖွားရာဇာတိလည်း ဖြစ်နေပြန်တယ်။



အချိန်တန်တော့လည်း အိမ်ပြန်ရတာမို့ ကျနော့ရဲ့ သူရဲကောင်းမြို့တော် ခရီးကို ဒီမှာတင်ပဲ တခန်းရပ် အဆုံးသတ်လိုက်ပါပြီ။ နောက်ခရီးတခုမှာ ပြန်တွေ့ကြတာပေါ့ဗျာ....

reference : http://houseofsampoerna.museum/e_sampoernaco_founder.htm
                http://en.wikipedia.org/wiki/Sampoerna

No comments: