22 October 2013

အနောက်ဖက်ကုန်းမြေမြင့်သို့တခေါက် (၂)







သွားရမယ့်ခရီးက ဘင်္ဂလောကနေ ဟိုးစပတ်ဆိုတဲ့ မြို့လေးဆီကိုပါ။ ကီလိုမီတာ သုံးရာငါးဆယ် ကျော်ကျော်ရှိပြီး ညဆယ်နာရီမှာ စထွက်တဲ့ရထားဟာ မနက်ခြောက်နာရီ/ခုနှစ်နာရီမှာ ဟိုးစပတ်ကို ရောက်မှာဖြစ်တယ်။ ပထမတန်း လေးယောက်ခန်းအိပ်စင်နဲ့ တယောက်ကို စလုံးသုံးဆယ်လောက်ပဲ ပေးရပြီး တရုတ်ပြည်ကရထား၊ မလေးကရထားတွေနဲ့ ယှဉ်တဲ့အခါ ညံ့နေတာကိုတွေ့ရတယ်။ စျေးကလည်းကွာတာကိုး မလေးက စလုံး ငါးဆယ်လောက်ပေးရပြီး၊ တရုတ်ပြည်ကတော့ တရာ့ငါးဆယ်လောက်ဖြစ်နေတော့တယ်။ မလေးရထားက မနက်စာကျွေးပြီး တရုတ်ရထားကတော့ ဘာမှမကျွေးပါဘူး။ အိန္ဒိယက ရထားက အိပ်ရာခင်းလာခင်းပြီး စောင်တွေ ခေါင်းအုံးတွေ သေချာလုပ်ပေးပါတယ် သူလည်း ဘာမှ မကျွေးပါဘူး။ ကျနော်တို့ မြန်မာပြည်က ရထားကတော့….အိပ်စင်နဲ့ မစီးဘူးလို့ သေချာမသိပါ။ ဒဂုန်မန်းတွေ ပြေးတုန်းကတော့ အဖွားနာရေးအတွက် လက်မှတ်ကို မနက်ငါးနာရီထ တန်းစီပြီး စီးဖူးတယ်။ စားသောက်တွဲပါပြီး ပန်ကာများ မလည်ပါ၊ အဲကွန်းမှ ရေကျသည့်အတွက် ခရီးသည်တွေ စိတ်အနှောက်အယှက်ဖြစ်ခဲ့တာကို သွားအမှတ်ရမိတယ်။ ငယ်တုန်းကတော့ ခုံတန်းတွေအောက် သတင်းစာခင်းပြီး အိပ်ခဲ့တာချည်းပါပဲ။


ဒုတိယတန်း အိပ်စင်

ပထမတန်း အိပ်စင်အပေါ်ထပ်ပါ


အနောက်ဖက်ကို ခရီးသွားတဲ့ သူတိုင်းဟာ အထူးသဖြင့် ကျနော်တို့ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဂါယာကိုအသွားများကြပြီး၊ တချို့က နယူးဒေလီဖက် တဂ်ဂျမဟာကို သွားလေ့ရှိကြတယ်။ ကျနော်က အဲ့ဒီဖက်တွေကိုသွားတာ မဟုတ်ပဲ တခြားကိုသွားတဲ့ အခါ ဘာရှိလို့လဲ၊ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းက အလိုလို ရောက်လာတယ်။ စာဖတ်သူတွေ သတိထားမိ မလားတော့ မပြောတတ်ဘူး။ ကျနော်က သမိုင်းကို စိတ်ဝင်စားပါတယ်။ ပြီးတော့ ယဉ်ကျေးမှုဆိုတဲ့ Culture ရှိတဲ့ ဒေသတွေကို သွားလေ့ရှိတယ်ဆိုတာကိုပါ။ အခုသွားတဲ့ ဟိုးစပတ်ရဲ့ ဆယ့်သုံးကီလိုမီတာ အကွာ ဟမ်ပီဆိုတဲ့ မြို့ကလေးဟာ ဟိုအရင်တချိန်ဆယ့်သုံးရာစုကာလက အိန္ဒိယနိုင်ငံ တောင်ပိုင်းတခုလုံးကို အုပ်စိုးတဲ့ ဘိဂျရနာဂါ ဆိုတဲ့ အင်ပိုင်ယာကြီးရဲ့ မင်းနေပြည်တော်တခုဖြစ်ခဲ့တယ်။







ကျနော်တို့ ဟိုးစပတ်ဆိုတဲ့ မြို့ထိအောင် မသွားခဲ့ဘူး။ တည်းမယ့်ဟိုတယ်က တိုရနာဂါလုဆိုတဲ့ ရွာလေးမှာ ဆင်းပါလို့ ညွှန်လိုက်တယ်။ ဟိုတယ်က လာကြိုတဲ့ကား အဲ့ဒီဘူတာမှာ စောင့်နေပါတယ်။ အဲ့ဒီနေ့က ကောင်းကင်ဟာ ပြာလဲ့နေတယ်။ စက်မှုထွန်းကားတဲ့ ဒေသဖြစ်ပြီး အလုပ်သွားဖို့ ယူနီဖောင်းတွေနဲ့ လူတွေကို အများကြီးတွေ့ရတယ်။ အားလုံးရဲ့ ဦးတည်ရာဟာ JSW ဆိုတဲ့ စတီးစက်ရုံုကြီးဆိုတာကို စက်ရုံုရှေ့က ဖြတ်သွားတော့မှပဲ သိပါတော့တယ်။ 

 

အခုလို ကြယ်ငါးပွင့်ဟိုတယ်ကြီး ဘာကြောင့် ဒီလို နေရာမျိုးမှာ တည်ထားလဲဆိုတဲ ့အဖြေဟာလည်း ဟိိုတယ်ဧည့်ခန်းဆောင်မှာ ပိုပြီးသိသာစေခဲ့တယ်။ နိုင်ငံခြားသား ကျွမ်းကျင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် JSW နဲ့ အနီးဆုံး၊ လေဆိပ်နဲ့အနီးဆုံုးကိုး။ ပြီးတော့ နောက်ထပ် မိုင်းနင်း ကုမ္ဗဏီတခုနဲ့ စတီးလုပ်ငန်းတခုအတွက် အစည်းအဝေးခန်းမ ကောင်းကောင်းတခုဆိုတာ လိုအပ်တယ်မဟုတ်လား။

ဒီဟိုတယ်ရဲ့ ဝန်ဆောင်မှုဟာ ဘင်္ဂလော က ဟိုတယ်ထက် ပိုအဆင့်မြင့်ပါတယ်။ ဧည့်ကြိုအမျိုးသမီးရဲ့ အေးဆေးတည်ငြိမ်တဲ့အလှဟာ သူ့ကို ကျနော် ဓါတ်ပုံရိုက်ပါရစေလို့ ခွင့်မတောင်းပဲ မနေနိုင်အောင်ပါပဲ။ ပိုက်ဆံရေတွက်နေတုန်းမို့ သူ့ကို ခဏစောင့်ပါလို့ သေချာပြောရင်း သူ့ရဲ့ လုပ်ငန်းတာဝန်ကိုလည်း မပျက်ကွက်စေဘူး။ သူရဲ့ ဝန်ဆောင်မှုကြောင့် ကျနော်တို့ ကမ္ဘာကမေ့ထားတဲ့ ဟမ်ပီဆိုတဲ့ မြို့တော်အပြင် တခြား ခရီးစဉ်တွေကို ဟိုတယ်ကနေ ထပ်ပြီးဝယ်ဖြစ်သွားပါတော့တယ်။

ဟမ်ပီမြို့ဟောင်းကို ကမ္ဘာ့အံ့ဖွယ်ထဲမှာ ထည့်ပေမယ့် ပြုတ်ကျနေရစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ယူနက်စကိုရဲ့ ထိန်းသိမ်းပြုပြင်မှု အောက်မှာ ရှိနေခဲ့တာမို့ အပျက်အစီးတွေ ကြားထဲမှာ လှနေဆဲ ဟမ်ပီပါ။ ဟမ်ပီမှာ မြို့တည်ရတဲ့ အကြောင်းက လုံခြံုတဲ့တည်နေရာကြောင့်ပါ၊ တန်ဂဘာရမြစ်ကမ်းပါးကတဖက်၊ ကျန်တဲ့တခြားအရပ်မျက်နှာသုံုးခုမှာ ကျောက်တောင်ကြီးတွေကာရံထားတဲ့ အေးချမ်းလုံုခြံုတဲ့နေရာဖြစ်လို့နေတယ်။

နောက်တပုဒ်မှာ ကျနော်တို့ ကျောက်တုံးမြို့တော် ဟမ်ပီကို အတူတူသွားကြရအောင်...

No comments: