30 September 2013

မက်ဂျဖဟစ်အင်ပိုင်ယာ ထိုမှတဖန် သရိုဝူလန်

Photo credit to : http://en.wikipedia.org/wiki/File:Surya_Majapahit.png
သူရဲကောင်းမြို့တော်ဆီကို သွားဖြစ်အောင် ဆွဲဆောင်တဲ့ အဓိက နေရာဟာ အခုသွားနေတဲ့ ရှေးဟောင်းမြို့တော် သရိုဝူလန်ပဲဖြစ်တယ်။ တချိန်က အရှေ့တောင်အာရှမှာ ကြီးမားကျယ်ပြန့်ခဲ့တဲ့ မက်ဂျဖဟစ်အင်ပိုင်ယာရဲ့ မြို့တော်ဟာ ဒီသရိုဝူလန်လို့ သမိုင်းသုတေသီတွေက အခိုင်အမာပြောနေကြတယ်။

အင်ပိုင်ယာရဲ့ ကျယ်ပြန့်မှုဟာ အင်ဒိုနီးရှားနိုင်ငံ ကျွန်းစုများသာမက မလေးရှား၊ ဘရူနိုင်း၊ စင်္ကာပူ၊ ထိုင်း၊ အရှေ့တီမောနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အထိ နယ်မြေစိုးမိုးနိုင်ခဲ့တယ်။ မွန်ဂို စစ်ဘုရင် ကူဗလိုင်ခန်ကို စိန်ခေါ်တဲ့အထိ ထက်မြက်တဲ့ ဘုရင်အုပ်စိုးခဲ့တယ်လို့ သမိုင်းကတော့ဆိုတယ်။ မက်ဂျဆိုတဲ့စကားလုံးကတော့ အသီးလို့ အနက်ရပြီး ဖဟစ်ကတော့ခါးသက်ခြင်းလို့ ပြန်ပါတယ်။ အဲ့ဒီအင်ပိုင်ယာ စတည်တဲ့ သစ်တောထဲက အသီးနာမည်ကို ယူပြီး တည်ခဲ့တယ်လို့ယူဆထားကြတာပါ။ အရှေ့အပုဒ်မှာပါခဲ့တဲ့ စစ်သူကြီး ဂါဂျာမက်ဒါဟာလည်း ဒီအင်ပိုင်ယာကြီးထဲက စက်သွားလေးတခုပါပဲ။

ဘယ်လောက်ကြီးမားကျယ်ပြန့်ပါစေ တချိန်ချိန်မှာတော့ ပျောက်ဆုံးပျက်စီးသွားမြဲပဲမဟုတ်ပါလား။ တချိန်က တရုတ်နိုင်ငံ မင်မင်းဆက် ပညာရှင်တွေလာရောက်လည်ပတ် အတုယူခဲ့ရတဲ့၊ ကျနော်တို့ မြန်မာနိုင်ငံ တောင်ပိုင်းအထိတိုင်အောင် ကုန်ကူးသန်းရောင်းဝယ်ခဲ့တဲ့ အဲ့ဒီ မက်ဂျဖဟစ် အင်ပိုင်ယာကြီးဟာ ၁၅ရာစုနှစ်မှာပဲ အစိတ်စိတ်အကွဲကွဲဖြစ်ခဲ့ရပါတယ်။ ဒီအင်ပိုင်ယာကြီး ပြိုကွဲမှုကြောင့် အစ္စလာမ်ဘာသာ ကိုးကွယ်မှုတွေ စိမ့်ဝင်လာခဲ့ပြီး ဟိန္ဒူနဲ့ဗုဒ္ဓဘာသာကိုးကွယ်မှုတွေ တနေ့တခြားလျော့ပါးလာခဲ့တယ်လို့ သမိုင်းကတော့ ဆိုပါတယ်။ အင်ပိုင်ယာရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ရင်ခွဲတံခါးလေးတွေဟာ ဟိန္ဒူဘာသာယဉ်ကျေးမှုပဲဖြစ်ပြီး ယခုအခါ ဘာလီကျွန်းမှာသာ မြင်တွေ့နိုင်ပါတော့တယ်။
ပျောက်ဆုံးသွားခဲ့တဲ့ မြို့တော်ကို ၁၉ရာစုနှစ်မှာ ဆာသောမတ်စ်စတန်းဖို့က တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ဆာသောမတ်စ်ဟာ စင်္ကာပူနိုင်ငံကို စတင်တည်ထောင်သူရယ်လို့လည်း နာမည်ကျော်ခဲ့တယ်။

ကျနော်ကတော့ အလုပ်ကိစ္စနဲ့တည်းဖြစ်တဲ့ ဒူမိုင်းမြို့ရှိ ဂရမ်းဇူယီဆိုတဲ့ ဟိုတယ်က မဂ္ဂဇင်းထဲမှာ ဒီမြို့တော်ကိုစတင်တွေ့ရှိခဲ့ပါတယ်။ အုတ်အနီရောင်ရဲရဲနဲ့ ဝိညာဉ်တံခါး ဖြစ်တဲ့  ဘဂျန်ရာတုဟာ ကျနော့ကို တနေ့မှာ မဖြစ်ဖြစ်အောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချစေတဲ့အထိ စွဲဆောင်ခဲ့ပါတယ်။






ဒီတံခါးမှာ ရှိတဲ့ အနုပညာလက်ရာများဟာလည်း သူ့ခေတ်က သမိုင်းကို အတိုင်းသားဖွင့်ဆိုနေပါတော့တယ်။ တံခါးဟာ ဘုရင့် အိမ်တော်ရာ ဒါမှမဟုတ် နန်းတော်ကြီးတခုလုံးနဲ့ အနီးဆုံး အပိုင်းမှာရှိတယ်လို့ အားလုံးကယုံကြည်ထားကြပြီး သက်သေသာဓက တခုမှတော့ ယနေ့ထက်ထိတွေ့ရှိတယ်လို့ မကြားမိသေးပါဘူး။


တံခါးရဲ့ အနီးတဝိုက်မှာ ကန်ဒီ တိကုရှိပါတယ်။ ဒီစေတီကိုတော့ ကြွက်စေတီလို့လည်း ဒေသခံတွေက ခေါ်ကြတယ်။ ဒီစေတီကို ၁၉၁၂မှာ တွေ့ရှိပြီး တွေ့ရှိတဲ့နေရာဟာ ကြွက်သိုက်တခုမို့ ကြွက်စေတီလို့ အစွဲပြုခေါ်ဆိုကြတာပါ။ ဘုရင့် ရေချိုးကန်လို့ သတ်မှတ်ထားကြသလို၊ မြို့နေလူထုအတွက် ရေဝေတဲ့ နေရာလို့လည်း ယူဆကြပြန်ပါတယ်။ ဆောက်လုပ်ထားမှု အဆင့်နှစ်ဆင့်ရှိတယ်လို့ ဆောက်လုပ်ထားတဲ့ အုတ်အမျိုးအစားနှစ်မျိုးကနေ သက်သေခံလျက်ရှိတယ်။

ကန်ဒီတိကုကို ဖြတ်သွားတဲ့အခါ ပင်လယ်ပြင်လို့ သတ်မှတ်ထားတဲ့  ဆီဂါရန် ရေကန်ဘေးကနေ ကျော်သွားရပါတယ်။ မြို့နေလူထု သောက်သုံးရေအတွက် အသုံးပြုပုံရတယ်လို့ ယူဆရတဲ့ ရေကန်ဟာ တကယ့်ပင်လယ်ပြင်ကြီးလား လို့ထင်ရအောင် ကျယ်ပြောပါပေရဲ့။


လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ရှိနေဆဲဖြစ်တဲ့ ဘရာဟုစေတီကိုရောက်တဲ့အခါ ကျနော်နဲ့ ကိုရွှေဂိုက်တို့ စကားများပါတယ်။ ခရီးမသွားခင် လေ့လာထားတဲ့ ကျနော်က ကမ္ဗောဒီးယား မင်းသမီးရဲ့ အုတ်ဂူကိုသွားလိုတယ်လို့ ပြောထားခဲ့ပါတယ်။ ကိုရွှေဂိုက်က ကျနော့ကို စာမကျေဘူးယူဆပုံပါပဲ မင်းသမီးရဲ့ အရိုးအိုးဟာ ဒီဘရာဟုစေတီမှာလို့ ဘုရားပေါ်တက်ခွင့်မရဘူးဆိုတဲ့ ဆိုင်းဘုတ်ကိုပြပြီးပြောတဲ့အခါ ကျနော် အတော်လေး စိတ်တိုပါတယ်။ လိုက်မပို့နိုင်ဘူး ဒါမှမဟုတ် ငါမသိဘူးလို့ ပြောလိုက်ရင် ရပါလျက် ကျနော့ကို လိမ်ညာတဲ့အပြင် သမိုင်းကိုပါ ပြင်ပြီးပြောတဲ့ ဧည့်လမ်းညွှန်မို့ စိတ်ထဲမှာ လေးစားမှုကို မရှိတော့လောက်အောင်ကို စိတ်ပျက်မိပါတယ်။ တကယ်တမ်း ဒီဘရာဟု စေတီကို ဗုဒ္ဓဘာသာတွေ တည်ခဲ့တယ်လို့ ဖွဲ့စည်းတည်ဆောက်ပုံအရ သတ်မှတ်ထားတာဖြစ်ပြီး ကွယ်လွန်ပြီးတဲ့ ဘုရင်တွေရဲ့ အရိုးပြာတွေ ထားခဲ့တဲ့ နေရာလို့ မှန်းဆထားခဲ့ကြပါတယ်။

ဘရာဟုကနေ နောက်ဆုံး ဝရင်ဂင်လဝမ် စေတီကို ကူးပါတယ်။ စေတီလို့သာ ခေါ်ရတယ် သူရဲ့ ဖွဲ့စည်းပုံက ဘဂျန်ရာတု တံခါးနဲ့ တပုံစံတည်းပဲ။ သူ့နာမည်ရဲ့ အနက်ကတော့ ညောင်ပင်ရိပ်တံခါးလို့ ခေါ်ပြီး စစ်သူကြီး ဂါဂျာမက်ဒါရဲ့ အိမ်တံခါးဝင်ပေါက်လို့ အားလုံးက လက်ခံထားပါတယ်။ တံခါးရဲ့ ဘေးမှာ မူလက အုတ်မြို့ရိုး ရှိပုံရသော်လည်း အခုတော့ တံခါးတခုတည်းသာ ထီးတည်းကျန်လို့နေတယ်။ တံခါး နောက်ဖက်က ကြံခင်းတွေကို ကြည့်ရင်း ရှေးတုန်းက စည်ကားခဲ့တဲ့ မြို့ကြီးတခုကို စိတ်ထဲက လွမ်းဆွတ်လို့လာပါတော့တယ်။
သရိုဝူလန်ကနေ သူရဲကောင်းတို့ရဲ့ မြို့တော်ဆီကို ပြန်ကြတယ်။ နှစ်နာရီကျော်လောက်မောင်းရပြီး မိုးကတဖွဲဖွဲရွာနေတော့တယ်။ မြို့ကို ပြန်မရောက်မချင်း မြို့ဟောင်းရဲ့ အရိပ်တွေဟာ ကျနော့စိတ်ထဲမှာ ထပ်တလဲလဲ ဝဲလည်ပြီး ဝင်ရောက်နေကြတယ်။
မြို့ကိုရောက်တော့ ဟိုတယ်ကိုဝင် အထုတ်တွေချပြီးတဲ့အခါ ညစာစားဖို့ အနားက ရှော့ပင်းမင်းမောကို အသော့နှင်တယ်။ ဗိုက်ကအတော်ဆာနေပြီ။ မောမောနဲ့ ငယ်ရည်စားကိုတွေ့ရသလို အတော်လေး ဝမ်းသာသွားမိတယ်။
 
 
 
 
 
 
ဟုတ်တယ်လေ ရန်ကုန်မှာပဲထိုင်ဖြစ်ခဲ့တဲ့ Black Canyon Coffe ဆိုင်ကို ပြန်တွေ့ရတာကိုး။  သူငယ်ချင်း နှစ်ယောက် ဆာဆာနဲ့ အတော်လေးကို မှာစားဖြစ်ခဲ့တယ်။

ဆက်ပါဦးမယ်
reference: http://en.wikipedia.org/wiki/Majapahit
reference: http://en.wikipedia.org/wiki/Trowulan

No comments: