လေဆိပ်ထဲဝင်တာနဲ့ ဘေဂျင်းထက်အေးမြမှုက သိသိသာသာ။ မိုးကလည်း ရွာတာမို့ စိမ့်နေအောင်အေးတာ။ လေဆိပ်ထဲမှာ မိုးယိုနေတာကို ခံထားတဲ့ပုံလေးကိုလည်း အမှတ်တရ ရိုက်ခဲ့သေးတယ်။ ချန်အမ်းလေဆိပ်ဟာ ရောက်ခဲ့တဲ့ဘေဂျင်းက လေဆိပ်နှစ်ခုထက် ပိုသန့်ရှင်း၊ သပ်ရပ်တယ်။
ပထမဆုံးတွေ့တာက ဆိုင်းဘုတ်ကိုင်ထားတဲ့ ကားသမားပါ။ ကျေးဇူးရှင်ဂိုက်ကြီးတော်က သန့်စင်ခန်းသွားနေသတဲ့။ စောင့်ရတာ ကြာပေါ့လို့တောင် ညည်းနေသေးတာ။ လေဆိပ်နဲ့ မြို့ဟာ အတော်လေးဝေးပါတယ်။ ဟိုတယ်ကို ရောက်တော့ ၁၁နာရီကျော်ပြီ။ သူငယ်ချင်းက ဗိုက်ဆာတယ်ဆိုတော့ ဟိုတယ်ကနေ ထီးတွေငှားပြီး ထွက်ကြတယ်။ ဘော့က အပြင်မထွက်နဲ့လို့ မှာလိုက်တယ် မဟုတ်လား။
မီးရောင်စုံတွေနဲ့ ခေါင်းလောင်းမျှော်စင်ဟာ လှပသေသပ်နေတယ်။ သိပ်ဝေးဝေးလည်း မသွားနိုင်ဘူး။ ရာသီဥတုက လက်တွေတောင် အေးစက်ထုံကျင်စေတယ်။ အနားက ဆိုင်တခုမှာပဲ ရှိတာနဲ့ပဲစားတယ်။ ခေါက်ဆွဲကောင်းတယ်ဆိုလို့ ခေါက်ဆွဲစားချင်ပေမယ့် ဖက်ထုပ်နဲ့ပဲညားပြန်တယ်။
တညပဲအိပ်တာမို့ မိုးလင်းတာနဲ့ မနက်စာစားအပြီး ဟိုတယ်ကနေ တခါတည်း check out လုပ်ပြီးစောင့်နေရတယ်။ ကားသမားမြင်ရပေမယ့် ဂိုက်ကြီးတော် မလာသေး။ ကိုးနာရီစွန်းမှ ကြွလာတော့တယ်။ စသွားတာတော့ ဒ,ယန်ဆိုတဲ့ ဘုရားကျောင်းပါ။ ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပြီး မျှော်စင်ပုံစံဆောက်ထားတာပဲဖြစ်တယ်။ မြို့ရဲ့ အရပ်လေးမျက်နှာကို အပေါ်ကနေ ကြည့်ရဖို့ လှေခါးတွေကို ခြေထောက်နဲ့ တက်ပေါ့။ တထပ်ပြီးတထပ်တက်ရင်း လှပတဲ့ ချန်အန်းမြို့ကို မြင်နေရပြီ။
နောက်သွားမယ့်နေရာဟာ စစ်သည်တော်တွေရှိတဲ့နေရာ။ ကျနော် အရောက်ချင်ဆုံးနေရာတခုပါ။ မရောက်ခင် အဲ့ဒီအရုပ်တွေလုပ်တဲ့နည်းကိုလေ့လာဖို့ သူတို့ရဲ့ လက်မှုလုပ်ငန်းကိုလိုက်ပြပါတယ်။ ရှေးတုန်းက နည်းတွေကိုပဲသုံးပြီး ရွှံ့ရုပ်တွေကို လုပ်ယူတဲ့နည်းနဲ့ စီးပွားရေးစျေးကွက်ကို ချဲ့ထွင်တာပဲဖြစ်တယ်။ ပြည်တွင်းသာမက ပြည်ပနိုင်ငံအသီးသီးထိ ပို့ဆောင်ပေးတယ်ဆိုမှတော့ လုပ်ငန်းက ကြီးပြီပေါ့။
တခုမှ မဝယ်ပဲ စစ်သည်တော်တွေရှိတဲ့နေရာကိုသာ ပို့ပါတော့လို့။ ရောက်ပြီဆိုတော့ ပန်းခြံတခုထဲကို ဖြတ်ပြီးဝင်ရတယ်။ မက်မွန်သီးမှည့်တွေကို ခူးစားလို့ရတယ်ဆိုလို့ ရေဗူးနဲ့ပစ်လိုက်တာ လေးငါးလုံး ကျလာလို့ ဂိုက်ကြီးတော်ပါ ပျော်သွားတယ်။ လတ်လတ်ဆတ်ဆတ်မို့ ချိုမွှေးနေတယ်။
ပြတိုက်လေးခုရှိတဲ့အနက် နံပါတ် ၁ ပြတိုက်ကို စဝင်တယ်။ ဒါပြီးရင် ထမင်းစားသွားမယ်လို့ဆိုတော့ ခပ်မြန်မြန်သွားမလား အောက်မေ့တယ် အထဲရောက်တော့ ဗိုက်ဆာတာတောင် မေ့လျော့။ ဒီပြတိုက်ဟာ အရုပ်တွေအများဆုံးပဲ။ ဘုရင့်ရဲ့ သချင်္ ိုင်းစောင့်တပ်ဟာ တကယ့်ကို ခမ်းနားလွန်းစွာ။ များလွန်းတဲ့ အရုပ်တွေ။ မျက်နှာ၊ ဆံပင်၊ ဖိနပ်၊ ဝတ်စုံ၊ မြင်းအမြီး ကအစ အသေးစိတ် စနစ်တကျ ပြုလုပ်ထားပြီး တရုပ်နဲ့တရုပ်မတူအောင် လုပ်ထားနိုင်စွမ်းရှိတဲ့ သူတို့ကို မချီးကျူးပဲမနေနိုင်။ ပြီးတော့ စစ်သည်တော်တွေ အားလုံးမှာ ကိုယ်ပိုင်နံပါတ်တွေနဲ့ထားပြီး ကိုယ်လက်အင်္ဂ ါမပြည့်မစုံမခြင်း ပြတိုက်ရဲ့ အနောက်နားမှာ သူတို့ကို မတ်တပ်ရပ် စောင့်ခိုင်းထားပါတယ်။
ဒီစစ်သည်တော်တွေကို ရေတွင်းတူးရာကနေ စတွေ့တဲ့ လယ်သမား ဆယ်ဦးဟာလည်း အခုဆို မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးဖို့ ထိုင်စောင့်နေရတဲ့အထိ နာမည်ကျော်ကြီးတွေဖြစ်လို့။ ဘုရင့်အုတ်ဂူကိုတော့ ရှာမတွေ့သေးဘူး ဒါမှမဟုတ် မရှာပဲဆိုင်းငံ့ထားတယ်လို့ ဆိုတယ်။ တချို့နေရာတွေမှာ အဖိုးတန်ပစ္စည်းတွေ တွေ့ရတဲ့အပြင် အဆိပ်လိုမျိုး၊ ကျိန်စာဆန်ဆန်တွေနဲ့ အခုထိ ပုံပြင်ထဲကလိုမျိုး ဇာတ်လမ်းတွေနဲ့ အတူရှိနေသေးတယ်။
စစ်သည်တော်တွေရဲ့ အရုပ်တွေတင်မကပဲ စစ်ဗျူဟာအခင်းအကျင်းကိုပါ လေ့လာနိုင်တယ်။ ကိုင်ဆောင်ထားတဲ့ လက်နက်တွေဟာ တကယ့် လက်နက်တွေဖြစ်တဲ့အပြင် အခုထက်ထိ ချွန်မြနေသေးတာမို့ စုဆောင်း သိမ်းဆည်းထားတယ်လို့သိရတယ်။
ပြတိုက်နံပါတ် ၁ကိုကျော်တော့ ဗိုက်တွေ တကျုတ်ကျုတ်စာနေပြီ။ ဒီတခါ တဝက်က ဘူးဖေးစနစ်တဲ့။ လက်နဲ့ဆွဲဆန့်ပြီးလုပ်တဲ့ ခေါက်ဆွဲကို ဟင်းအနှစ်နဲ့တွဲတဲ့အခါ နှစ်ပန်းကန်တောင် ထယူရတဲ့အဆင့်ကို ရောက်တယ်။ ပေါက်စီ၊ အသီးအနှံနဲ့ တခြားတိတို့တိတို့လေးတွေကိုလည်း ကိုယ့်စိတ်ကြိုက်ယူပြီးစားနိုင်တယ်။ သတိတခုတော့ပေးပါမယ် ရွံတတ်တယ်ဆိုရင် အဲ့ဒီ စားသောက်ဆိုင်ထဲမှာ သန့်စင်ခန်းမသွားပါနဲ့။
ဗိုက်ပြည့်တဲ့အခါ ကျန်တဲ့ ပြတိုက် သုံးခုကို လှည့်ပါတယ်။ တချို့နေရာတွေမှာ မတူးဖော်သေးပဲ ထားတာကိုတွေ့ရပြီး။ တကယ်တမ်းတူးဖော်စမှာ တွေရတဲ့အရုပ်တွေဟာ လူ့အသားအရောင်အတိုင်းလုပ်ထားတာဖြစ်ပြီး အရောင်တွေပါ ပါတယ်လို့သိရတယ်။ ပတ်ဝန်းကျင်လေထုကြောင့် အရောင်တွေဟာ ပြောင်းလဲသွားတာမို့ အခုဆို အရောင်မပြောင်းလဲတဲ့ နည်းပညာရမှ ကျန်တဲ့ အရုပ်တွေကို တူးဖော်မှာဖြစ်တယ်လို့ ဂိုက်ကြီးတော်က ရှင်းပြတယ်။
နောက်ဆုံး ပြတိုက်မှာတော့ မင်းမိဖုရားတွေ လိုက်ပါစီးနင်းဖို့ကြေးရထားနှစ်စင်းကို ရှာတွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီခေတ်ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှုကို ကိုယ်စားပြုစေခဲ့တယ်။ ရထားပေါ်ကထီးရိုးကို တည်ဆောက်ထားတဲ့ နည်းပညာဟာ တကယ့်ကို စိတ်ဝင်စားစရာ။ ပုံမှန်ထီးရိုးမျိုးမဟုတ်ပဲ ထီးရိုးကို နေရောင်ကိုလိုက်ပြီး စောင်းလှည့်လို့ရသလို၊ အရေးကြုံရင် လက်နက်အဖြစ်ပါ သုံးလို့ရတဲ့အထိ ထည့်သွင်းစဉ်းစားထားတာပါ။
စစ်သည်တော်တွေကို ကျောခိုင်းပြီးတဲ့အခါ ချန်အန်းမြို့ရဲ့ နာမည်ကျော် မြို့ရိုးဆီကိုပါ။ အခုခေတ်မှာတော့ ရှီအမ်းလို့ လူသိများကြတယ်။ မြို့ရိုးနဲ့ ခေတ်သစ်မြို့ပြဟာ ကျုံးလေးတခုပဲခြားတယ်။ နှစ်ပေါင်းများစွာက မြို့ရိုးဟာ ထုနဲ့ထည်နဲ့။ မြို့ရိုးတပတ် စက်ဘီးပတ်စီးကြမယ်လို့ ဂိုက်ကြီးတော်က ပြောတဲ့အခါ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်လုံး မငြင်း။ စက်ဘီးစီးရင်း ဓါတ်ပုံရိုက်ရင်းဆိုတော့ မြို့ရိုးရဲ့ သုံးဖက်ကိုပဲ ရောက်ပြီး တပတ်ပြည့်အောင် ပတ်လို့မရလိုက်ဘူး။ ရထားလက်မှတ်က နှစ်နာရီအကြိုမှာ ထုတ်ရမှာဆိုတော့ ရောက်တဲ့နေရာကနေရပ်ပြီး ပြန်လှည့်ကြရတယ်။ တကယ်ဆို အဲ့ဒီမြို့မှာ နောက်တရက်နှစ်ရက်လောက် ထပ်နေစရာ လည်ပတ်ဖို့ နေရာတွေ အများကြီးကျန်နေသေးတယ်။ ခွင့်ကမရဘူးကွယ် စိုင်းပြန်ရဦးမယ်…
ဘူတာကို ရောက်တဲ့အခါ လူတွေကများပြားစွာ။ ဝင်ခွင့်ရဖို့ အပြင်မှာ တန်းစီရသေးတာ။ ရထားထွက်ဖို့ နှစ်နာရီလိုသေးပေမယ့် ဂိုက်ကြီးတော်က ဘိုင်ဘိုင်လုပ်လိုလှပြီ။ ဘော့နဲ့ယှဉ်လိုက်တော့ စေတနာဆိုတဲ့ အရာပါမလာတာ သိပ်သိသာတယ်။
ည..ရထားကြီး ပျော်ပျော်စီးရပါတော့မယ်
No comments:
Post a Comment