နင်ဟာ အတောင်ပါတဲ့ငှက်ပါ….ငါက လွင့်ပါးတဲ့ရော်ရွက်ဝါ….
မျက်စိမကောင်းတာကြောင့်ပဲလား အမှတ်မထင် ပင့်ကူအိမ်တခုနဲ့ ၀င်တိုက်မိခဲ့တယ်။ ပင့်ကူအိမ်ဟာ လက်တွေဆန့်ကားပြီး ကျနော့ကို စောင့်နေခဲ့တာလည်း ဖြစ်နိုင်တယ်။ ပင့်ကူကိုတော့ ဖျတ်ခနဲသာတွေ့ပြီး နောက်ပိုင်း မတွေ့ဖြစ်တော့…..
အခန်းထဲကို ၀င်လိုက်ရင် အခန်းတခုလုံး မှောင်ပိန်းနေတာကို သတိထားမိတယ်။ အလင်းက လာသူမို့ အမှောင်ထဲမှာ ချက်ချင်း ကျင့်သားမရသေးပါ။ မမြင်မကန်း စမ်းတ၀ါးဝါးမှာ မျက်နှာကို အရင်တို့ထိလာတာပဲဖြစ်တယ်။ နှုတ်ခမ်းများကို ဖြည်းဖြည်းခြင်း လာထိတဲ့အခါ သိစိတ်မှာ တစုံတရာကို လန့်လာတယ်။
လက်တွေနဲ့ ဖယ်ရှားဖို့ ကြိုးစားတဲ့အခါ….ရုန်းလေ မြုပ်လေ ဖြစ်နေတာမို့ ရုန်းရင်းနဲ့ပင် မောဟိုက်လာခဲ့။ ညှို့ငင်မှုတခုခုကို ကျနော် အမှတ်မထင် လိုက်ပါသွားခဲ့ပြီ။ အသံတခုခုလား တွေ့ထိမှုတခုလား စိတ်ထဲက မှတ်မထားနိုင်တော့။ နဖူးပေါ်မှာ ကျနေတဲ့ ဆံစတွေကို တွန်းတင်သွားတာ သိလိုက်တယ်။ နစ်ဝင်သွားပြီဆိုတာကို သိလိုက်တဲ့အချိန်ဟာ အတော့ကို နောက်ကျနေခဲ့ပါပြီ….
ပြန်လည်နှိုးထလာတဲ့အခါ နှိုးစက်က အလိုက်သင့် မြည်ဟီးခဲ့ပြီ။ အိပ်ရာထက်ကို ဘယ်လိုရောက်နေခဲ့သလဲ…ပြန်တွေးလို့မရ။ ခေါင်းတွေဟာ အိပ်ရေးမ၀စွာ နောက်ကျိ။ အလုပ်သွားဖို့ နောက်မကျခင် တက်သုတ်ရိုက်ပြင်ရင်း ဘာတွေဖြစ်ခဲ့ပြီလဲ အတွေးစဉ်ထဲမှာ ချာချာလည်။
အလုပ်ထဲမှာ လည်း အငြိမ်မနေနိုင်။ စိတ်ဂဏှာမငြိမ်တဲ့ လူတယောက်လို။ ပင့်ကူအိမ်ဟာ အိပ်မက်တခုလား၊ စိတ်စွဲလမ်းမှုလားဆိုတဲ့ မေးခွန်းတွေနဲ့ လုံးလိုက်ထွေးလိုက်။ လက်ထဲမှာ ရှိနိုင်မယ့် သက်သေ မှန်သမျှကို ပြူးပြဲပြီးရှာခဲ့တယ်..ဒီည အဲ့ဒီပင့်ကူအိမ်ကို တွေ့မှ ဖြစ်မယ်…
စိတ်ထဲမှာ တေးထားပြီး အလုပ်ကို ပြီးအောင်လုပ်ရတဲ့အခါ အလုပ်ချိန်ဟာ ရှည်ကြာလွန်းမက ကြာရှည်။ မနေ့ကအတိုင်းပဲ အခန်းတံခါးကို အသာတွန်းဖွင့်ပြီး ၀င်လာတယ်။ ဘယ်မလဲ အဲ့ဒီ ပင့်ကူအိမ်။ ဒင်းနဲ့ ဒီညပြဿနာကို ရှင်းမှ ဖြစ်မယ်။ ဒုတ်ဒုတ်ထိ ဖြေရှင်းလိုက်ရမှ ကျေနပ်တတ်သူမို့ လိပ်ခဲတည်းလည်းဆိုတဲ့ မတင်မကျမျိုးကို အရင်ကတည်းက မနှစ်မြို့သူပါ။ မီးအမှောင်ထဲမှာပဲ ရှာဖွေရင်း မိုးသောက်အလင်းကို တွေ့တော့မှ ကြိတ်မနိုင်ခဲမရဖြစ်ရပြန်တယ်….
ဒီတညမဟုတ်တောင် နောက်တညပေါ့လို့ တွေးရင်း အလုပ်ကို နောက်တခေါက်။ လာကြိုတဲ့ကားပေါ်မှာ မှေးကနဲပျော်တော့ ခြေကားယား လက်ကားယား ပင့်ကူတကောင်ကို မြင်ရတယ်။ ခပ်တည်တည်ပြုံးပြနေတာမို့ စိတ်ကတအားတိုလာရင်း ၀ုန်းခနဲ ထမိတော့ ဘေးခုံကလူတွေပါ အလန့်တကြားဖြစ်ကုန်ရော….
အလုပ်ထဲကို စိတ်နှစ်ပေမယ့် သိတဲ့အတိုင်း အာရုံက ပါမလာ။ ခိုးလို့ခုလု ဖြစ်နေတဲ့ အထာမို့ နေသားမကျစွာ။ ကျန်တဲ့သူတွေကိုပါ အော်မိတဲ့အခါ အော်မိ ပြီးမှ ပြန်တောင်းပန်ရင်း ဒီလိုနဲ့တော့ မဖြစ်သေးပါဘူးလို့…..
အခန်းထဲကို ၀င်တဲ့အခါ အိမ်ဖွဲ့ချင်သလိုလို ဖြစ်နေတဲ့ ပင့်ကူအိမ်ပါးပါးကို မြင်မိတယ်။ နောက်တနေ့မှာတော့…တွေ့ကြပြီပေါ့။
အရာရာတိုင်းဟာ မင်းအကြောင်းနဲ့ နွယ်ဆက်လာ…
အလုပ်ခွင်မှာ အမှားမလုပ်မိအောင် စိတ်ကို အတင်း ချွန်းနဲ့ အုပ်ထားရတယ်။ ခပ်ရေးရေးမျှင်ရတဲ့ ပင့်ကူမျှင်တွေကို လက်နဲ့မထိရဲသေး။ မတော်တဆ ပြတ်ထွက်ကုန်ရင် တနေ့ရွှေတလုံးအုတဲ့ ဘဲလို အဖြစ်ဆိုးမယ်။
ရေးရေးကနေ ထင်းထင်းဖြစ်လာဖို့ ဘယ်လောက်အကြာစောင့်ရသလဲ ကျနော်မသိပါ။ ပြက္ခဒိန်က ရက်တွေကို စိတ်မရှည်စွာ ခြစ်ပစ်မိတယ်။ တနင်္လာနဲ့ သောကြာပင်လယ်ဟာ စနေတနင်္ဂနွေ မြစ်ချောင်းတွေကို ခပ်မြန်မြန်စီးဆင်းစေရင်းပေါ့။ တကယ်က ကျနော့အတွက် အချိန်သိပ်မကျန်တော့….
ပျံသာပျံပါ ရွှေဟင်္သာရေ့ ….
စိတ်မြန်လက်မြန်ရှိသူမို့ စောင့်ရတဲ့ အလုပ်ဟာ မသက်သာပါ။ ဒီနေ့လား၊ နောက်နေ့လား….စိန်ခြူးကြာညောင်တွေလည်း မလုပ်ချင်ခဲ့။ ပင့်ကူကိုလည်း မတွေ့တဲ့အခါ ပင့်ကူအိမ်တွေဟာ ဖွဲ့တည်နေလည်း အပိုပါ။ စိတ်အလိုအတိုင်း လက်နှစ်ဖက်ကို ဝှေ့ယမ်းရင်းသာမက အချွန်အတက်တခုကိုပါ ရှာဖွေနေခဲ့တယ်။ ထိုးနှက်ပစ်လိုက်ရရင် ဒုက္ခဆိုတဲ့ အရာတွေ ငြိမ်းသွားမယ်ချည်း တွေးထင်ထားတာ….
ပင့်ကူအိမ်တွေ အခန်းမှာ နောက်ထပ်မတွေ့တော့အောင် သန့်ရှင်းရေး လုပ်သူတွေကို အကြိမ်ကြိမ် သတိအထပ်ထပ်ပေးထားတယ်။ နောက်တခါ ကျနော့စိတ်တွေ နောက်ကျိမွန်းကြပ်မသွားမိအောင် ပင့်ကူဆိုတဲ့ စကားလုံးကို မပြောကြဖို့လည်း မှာထားတယ်.
ခေါင်းအုံးဖုံးမှာ ချည်အနက်နဲ့ ထိုးထားတဲ့ ပင့်ကူပုံ တံဆိပ်လေးတွေကိုတော့ ကျနော် မေ့လျော့စွာ…..
အပြုံးပန်းမလှတဲ့ ကိုယ်လိုလူရဲ့ အပြုအစု အယုအယဟာ…..
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
No comments:
Post a Comment