24 July 2013

ထျန်းမင်၊ ကူကုံး နဲ့ အော်ပရာ

ဟိုတယ်ကိုရောက်ပြီး မကြာခင်ပဲ ဘော့ကရောက်လာပါတယ်။ လက်မတင်လေး မှီတာ။ ဒီနေ့ ပထမဆုံး သွားလည်မယ့်နေရာက ထျန်းမင် ပြည့်သူ့ရင်ပြင်ပါ။



ထျန်းမင်ဟာ သမိုင်းနဲ့ချီတဲ့ နေရာတခု၊ သွေးတွေစွန်းပေခဲ့ဖူးတဲ့ အတိတ်တွေနဲ့အတူ ရှိခဲ့တယ်။ ကမ္ဘာ့
တတိယအကြီးဆုံး ရင်ပြင်တခုဖြစ်ပြီး ရောက်သွားတဲ့အချိန်မှာ ပန်းတွေနဲ့ အလှဆင်ထားတာမို့ ကျယ်ပြန့်တဲ့ ရင်ပြင်မှာ လမ်းလျှောက်ရတာ လွတ်လပ်ပျော်ရွှင်စရာ။














ရင်ပြင်ကနေ မြေအောက်ကို ငုပ်လျှိုးပြီး ကူကုံးလို့ ခေါ်တဲ့ နန်းတော်ကိုကူးကြတယ်။ နန်းတော်ရဲ့ ခမ်းနားမှုကတော့ ပြောမယုံ ကြုံဖူးမှသိ ဆိုတယ်။ နိုင်ငံကကျယ်သလောက် သမိုင်းလည်း ကျယ်ပြန့်တဲ့ တရုတ်နိုင်ငံရဲ့ သမိုင်းဟာ ရာဇဝင်တွေအထပ်ထပ်နဲ့ စိတ်ဝင်စားဖွယ်အတိ။ ဒီနန်းတော်ကတော့ နောက်ဆုံးမင်းဆက်နှစ်ခုဖြစ်တဲ့ မင်း မင်းဆက်နဲ့ ကျင်းမင်းဆက်တို့ရဲ့ နန်းစိုက်ရာပါ။ The last emperor ရုပ်ရှင်ကို ကြည့်ဖူးတဲ့သူတိုင်း အုတ်ရိုးနီနီကြီးတွေနဲ့ သိပ်မစိမ်းလောက်။ ကျင်းပုယီဆိုတဲ့ လူတယောက်ရယ်၊ အရင်ဧကရာဇ်အခုလူဆိုတဲ့ စာအုပ်တအုပ်ရယ် စိတ်ထဲကို ဖျတ်ခနဲရောက်လာတယ်။ ၁၉၁၁ အပါအဝင် များစွာသော အဖြစ်အပျက်တွေဟာ ပြတင်းပေါက်တခုကနေ အလိုအလျောက် ပျောက်ကွယ်ကုန်တယ်။ မပျောက်ပျက်ပဲ ကျန်ရစ်တာတော့ ဟောဒီ နန်းတော်ကြီး တခုတည်း။





နန်းတော်ရဲ့ အထိမ်းအမှတ်ပြတိုက်ဟာ စစ်ပွဲများကို ရှောင်ရင်း နန်းတော်ရဲ့ ပြင်ပဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲ့ဒီကိုရောက်ဖူးတဲ့သူတွေတိုင်း တကယ့်တရုတ်နန်းတွင်း အနုပညာလက်ရာတွေကို တမိန်းတမော မြင်တွေ့ရမှာ။ ကျနော့အတွက်တော့ ပန်းချီကားတွေဟာ တကယ့်ကို မက်မက်မောမော နဲ့ အနားကမခွာနိုင်အောင် ဖြစ်စေခဲ့တယ်။





ဘုရင့်ဥယျာဉ်ထဲမှာ လည်ပတ်ခွင့်တနာရီ ပြီးတဲ့အခါ ဘော့ကို ကျင်းရှန်းတောင်ပေါ်ကနေ နန်းတော်ကို ဓါတ်ပုံရိုက်လိုကြောင်း ပူဆာမိတယ်။ ဧည့်သည်ကို အလိုလိုက်တဲ့ ဘော့ကလည်း အစီအစဉ်ထဲမှာ မပါပေမယ့် လိုက်ပို့ပေးပါတယ်။ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သလိုမျိုး - နန်းတော်ကနေ ကျင်းရှန်းကို အတက်မှာ မိုးစရွာသလို ကောင်းကင်တခုလုံး မီးခိုးတွေနဲ့ ဖုံးသွားခဲ့တယ်။ တောင်ပေါ်ကို အပြေးတက်ရင်း နောင်တချိန် ဒီလိုတက်နိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိပြန်တယ်။ တောင်ပေါ်ကို ရောက်တဲ့အခါ ထင်တဲ့အတိုင်း မှုန်ဝါးနေတဲ့ နန်းတော်ကိုပဲ မြင်ရပါတော့တယ်။

တောင်ပေါ်ကအဆင်းမှာတော့ တိုင်းရင်းဆေးပညာကျောင်းမှာ ခြေထောက်တွေ အလကား အနှိပ်ခံကြတယ်။ စျေးလားရောင်းတာပေါ့ဗျာ ဘယ်နေမလဲ၊ အလကားစမ်းသပ်ပေးမယ်ဆိုပြီး တရုတ်အကြောစမ်းနဲ့စမ်းတော့ ကျနော့မှာ အသည်းရောဂါဖြစ်နေတာမို့ ဆေးဘယ်နှစ်ဖုံသောက်ရမယ် အခုဝယ်သွားရင် ယူအက်စ် ၂၀၀လောက်ပဲကျမယ် အတပ်ဟောတာပေါ့။ သေချင်လည်း သေပါစေတော့ ဘာဆေးမှ မဝယ်ဖြစ်တော့ဘူး။ ကျနော်အသည်းမကောင်းဘူးနော် စိတ်ထိခိုက်အောင် မလုပ်ကြပါနဲ့….
ဒီနေ့ ခရီးစဉ်အဆုံးသတ်က ဘေဂျင်းအော်ပရာပါ။ လိရွမ်ပြဇာတ်ရုံကိုရောက်တော့ ခြောက်နာရီကျော်မို့ တနာရီခွဲစာ ပိုနေတယ်။ ခြေများတဲ့ ကျနော်က အပြင်မှာ လျှောက်လည်ရင်း ညစာစားမယ်လို့ ဘော့ကို ပြောခဲ့တယ်။ ပြဇာတ်ရုံရှိတဲ့ လမ်းတခြမ်းတည်းကပဲ လျှောက်ပါ့မယ်ဆိုတဲ့ ကတိကိုပေးမှ သွားခွင့်ရပါတယ်။ တဖြည်းဖြည်းနဲ့ မိဘနဲ့ခရီးသွားရသလိုတောင် ခံစားမိတယ်။




လမ်းဘေးမှာ မုန့်တွေကို ချိန်ခွင်နဲ့ ချိန်ပြီးရောင်းနေတာ အံ့သြစရာပါ။ တခုဘယ်လောက်ဆိုတာမျိုးမဟုတ်ပဲ အလေးချိန်နဲ့ ရောင်းတာ ဒီတခါ ပထမဆုံး မြင်ဖူးတာ။ ပြီးတော့ လမ်းပေါ်က ဓါတ်ကား။ ဓါတ်ကြိုးတတန်းတန်းနဲ့ အဲ့ဒီကားကို မြင်တော့ ရီချင်ပက်ကျိ။ စျေးလိုနေရာမျိုးကိုတွေ့တော့ စားစရာတွေ တွေ့ပေမယ့် မစားရဲ။ ခရီးစဉ်လေးဖင့်စေမယ့် အမှုကိစ္စကိုတော့ ရှောင်မှ။ စားသောက်ဆိုင်တခုမှာ ဖက်ထုပ်ကို မှာစားကြတယ်။ အဝစားတာတောင်မှ နှစ်ယောက်ပေါင်း စလုံးတဆယ်ပဲကြတယ်။ တပန်းကန်ဆို အများဆိုမှ အများကြီး။


လိရွမ်ပြဇာတ်ရုံကိုရောက်တော့ မှောင်စပျိုးပြီ။ မကြာခင်မှာ စတော့မယ်။ ဒီနေ့ပြမယ့် ပွဲအစီအစဉ်က သုံးခု။ အားလုံး မစခင် ဖီးလိမ်းပြင်ဆင်တာကို ပြတယ်။ အနားကပ်ရိုက်လိုပေမယ့် ထိုင်ခုံနဲ့ ဇာတ်စင်ဟာ အတော်ဝေးနေခဲ့တယ်။ ထပြီးသွားရိုက်ပြန်ရင်လည်း ထိုင်ခုံနေရာကို လက်လွတ်ရမှာမို့ မျောက်သစ်ကိုင်းလွတ်မဖြစ်အောင် နေရာကနေပဲလှမ်းရိုက်ခဲ့တာ။



ပထမဆုံးက ဟာသဆန်ဆန်လေးပေါ့။ အမှောင်ထဲမှာ ဆိုတဲ့ သရုပ်ကို ပီအောင် လုပ်သွားနိုင်တဲ့

နှစ်ယောက်ကို သဘောတွေကျလို့။







နောက်တခုကတော့ နတ်ဘုရားမရဲ့ ပန်းကြဲပွဲ။ စိတ်ရှိတိုင်း ခလုပ်နှိပ်နေတာ ပြန်ကြည့်မိတော့ ရိုက်ထားတာ များလိုက်တဲ့ပုံတွေ။




နောက်ဆုံးကိုတော့ my farewell concubine ဆိုတဲ့ နာမည်ကျော် ဇာတ်နဲ့ အဆုံးသတ်တယ်။ ဒီဇာတ်လမ်းနဲ့အတူ သေဆုံးသွားပြီဖြစ်တဲ့ နာမည်ကျော် မင်းသားတယောက်ကို အမှတ်ရမိပြန်တယ်။

ဇာတ်ပွဲပြီးတဲ့ အချိန်ဟာ မိုးအတော်ချုပ်ပါပြီ။ လမ်းတွေအများကြီး လျှောက်ခဲ့တော့ လူလည်း ပင်ပန်းနေခဲ့ပြီ။ မနက်ကို အစောကြီးထရမှာ မို့ ဟိုတယ်ကို ပြန်ပို့အပြီးမှာ မနက်၈နာရီကို လာခေါ်မယ်လို့ ဘော့က မှာသွားပါတယ်။ နောက်တနေ့မှာ ဟိုတယ်ကနေတခါတည်း အပြီးထွက်တော့မှာမို့ သိမ်းစရာတွေကို သိမ်းရင်း……

ဆက္ပါဦးမယ္....


No comments: