တိမ်တွေတလိပ်လိပ်တက်လာပြီးရင် တောင်တွေဆီကညို့ညို့လာစမြဲ။ ကောင်းကင်တခုလုံး မည်းမှောင်အုံ့ဆိုင်း မကြာမတင်မှာ ရွာမည်ဟန်ပြင်တော့မယ်။ မိုးနဲ့အတူ အလွမ်းတွေလည်း တပြိုင်နက်သွန်းချဖို့…ပြီးတော့ မင်းကို လွမ်းဖို့..ဘယ်တော့မှ မမေ့လျော့တဲ့ အလုပ်တခုလို….
မချစ်ပါနဲ့လို့
ပြောတဲ့သူတယောက်ကို ငါကလည်း ချစ်ဖို့ မကြိုးစားဘူးလို့ အလိုက်သင့်ပြန်ပြောတတ်တဲ့သူတယောက်
ငါဖြစ်ခဲ့တယ်။ အချစ်ခံရမှာ ကြောက်တဲ့သူနဲ့ မချစ်မိအောင် နေတဲ့သူနှစ်ယောက် ဆုံဖြစ်ကြမယ်လို့
ဘယ်တုန်းကမှ မှတ်ထင်မထားခဲ့။ လောကဆိုတာ မထင်မှတ်တာတွေ ဖြစ်တတ်တာပဲမဟုတ်လား..
ချိန်းတဲ့နေရာကို
မင်း ရောက်လာတဲ့အခါ ငါတကယ်ပဲ အံ့သြတယ်။ မင်းဟာစွဲမက်ဖို့ကောင်းတယ်
လို့ ငါဝန်ခံပါရစေ။ ဘယ်လောက်စွဲမက်ဖို့ကောင်းသလဲဆို အဲ့ဒီနေ့လွန်တာနဲ့ ငါဘယ်သူ့ကိုမှ
သတိမရတော့လောက်အောင်။ ပါးချိုင့်လေးပေါ်အောင် မင်းပြုံးလိုက်တဲ့အခါ၊ နှုတ်ခမ်းတဖက်ကို
စောင်းပြီး မင်းစကားပြောတဲ့အခါ လောကကြီးတခုလုံးဟာ အရာရာ အသက်ဝင်လှုပ်ရှားလာသလို..
ငါ့ရဲ့ဆံစတွေကို
မင်း တယုတယ သပ်တင်လိုက်တိုင်း ငါ့ရင်တွေ လှိုင်းထတယ်။ လက်ဖ၀ါးပြင်က စီးဆင်းတဲ့ မေတ္တာဟာ
အဲ့ဒီလောက် တာသွားသတဲ့လား။ ထိလိုက်တဲ့အချိန်တိုင်းမှာ အမေ့လက်နဲ့ထိတွေ့ဖူးတဲ့ အရသာကိုပြန်ရတယ်။
အဲ့ဒီလို အကြင်နာ အရိပ်တွေနဲ့ ငါဟာ ကင်းဝေးနေခဲ့တာ ကြာပြီ။ ဘယ်သူ့ကိုမှ မချစ်တတ်တဲ့
ငါ့လိုအရိုင်းအစိုင်းအတွက် ဒီလိုအကြင်နာဆိုတာ မျှော်လင့်စရာမှ မဟုတ်ပဲ။ ငါ့ရဲ့ ရင်ဘတ်ပေါ်မှာ
ခေါင်းတင်ပြီး ပြောသမျှစကားတွေကို နားထောင်ပေးဖို့ မင်းကို တန်ခိုးရှင် တယောက်ယောက်ကများ
ဖန်ဆင်းပေးထားသလား။ တခဏတွေ့ပေမယ့် တဘဝစာလောက်တောင် မမေ့စေအောင် ထိုက်တန်ခဲ့တယ်။
မလိမ်ညာတမ်းပြောကြစတမ်းဆို
ငါမင်းကို ချစ်မိတယ်။ ချစ်မိတယ်ဆိုတဲ့ နောက်က ရယူလိုခြင်း၊ တွန့်တိုခြင်းဆိုတဲ့ အရာတွေ၊
အနှောင်အဖွဲ့တွေကို ငါကြောက်ပါတယ်။ ငါ့ဖက်ကလည်း မဖြစ်လို၊ မင်းဖက်ကနေလည်း မဖြစ်စေလိုခဲ့ဘူး။
ကံတရားဟာ တကယ်တမ်းတော့ ဆန်းကြယ်တယ်။ တွေ့ဆုံခွင့်ဆိုတာ အခါမသင့်ရင် တဘ၀မှာ တခါတည်းရတတ်တာမျိုး။
ငါ့ဘ၀တလျှောက်လုံးမှာ မင်းကိုနမ်းမွှေးဖူးသလောက် တခါမှ မချိုမြိန်ခဲ့ဘူး။ တသက်စာအနမ်းတခုကို
အရှည်ကြာဆုံး ငါနမ်းဖူးခဲ့ပြီ။ တကယ်ဆို ငါကျေနပ်သင့်ပါပြီ…
လူချင်းမတွေ့တောင်
မင်းဆီက စကားသံတွေကို ကြားချင်တယ်။ တခါတရံ စိတ်ထဲက ရုန်းကန်ထိုးထွက်နေတဲ့ တွေ့ဆုံလိုစိတ်ဆိုတာကို
ချိုးနှိမ်ရတာ သိပ်ခက်ခဲပါတယ်။ ငါဟာငါနဲ့ အမြဲဒွိဟတွေ လွန်ဆွဲလို့။ ထပ်မံတွေ့ဆုံလိုတဲ့စိတ်ရယ်
တွေ့ဆုံရမှာကို ကြောက်တဲ့ စိတ်ရယ်…..
ဘယ်သူ့ကိုမှ
မပြောပြဖူးတဲ့ အကြောင်းအရာတွေကို မင်း မမေးပဲနဲ့ အလိုလိုကို ပြောပြမိနေတယ်။ တဖြည်းဖြည်းနဲ့
ငါ့ကိုငါလန့်လာမိတယ်။ သိပ်ကြောက်တဲ့ အခန်းကို ရောက်တော့မယ့် ရုပ်ရှင်ကို ကြည့်နေရသလိုမျိုး။
ငါခံစားဖူးတယ်…ကြောက်ရွံ့နာကျင်ခြင်းတွေနဲ့ ပြည့်သိပ်နေတဲ့ အဲ့ဒီရက်စက်မောပန်းဖွယ်
အခန်းငယ်ကို….
ငါ့လိုပဲ
မင်းကလည်း ငါ့ဆီကို မလာရဲဘူး။ မင်းပြန်လာရင် ငါမင်းကို ချစ်သွားမှာ ကြောက်တယ်လို့ ဖြေတဲ့အခါ
ငါလေ တကယ်ပဲ ရီမိတယ်။ နှစ်ယောက်စလုံးဟာ ရပ်တည်ချက်ခြင်းပါ ဆတူဖြစ်နေခဲ့တာ။ ငါပြောပြတဲ့
ငါ့အကြောင်းတွေကို နားထောင်ပြီးတဲ့အခါ ချစ်ခြင်းတခုမှာ ရပ်မနေပါနဲ့ ပြောတဲ့သူဟာ မင်းဖြစ်နေပြန်တယ်။
မင်းကိုမချစ်မိအောင် နေပါလို့ ပြောပြီး နောက်တခေါက်ချစ်ဖို့ ကြိုးစားပါလို့ပြောတဲ့အခါ
နားမလည်နိုင်စွာ။ မင်းဟာ ငါ့ချစ်ခြင်းကို အလိုမရှိတာများလား…..
နောက်ကျိစေတဲ့
အတွေးတွေနဲ့ အားလပ်တဲ့အချိန်တိုင်းမှာ မင်းဆီက စာတိုလေးတွေကို မျှော်မိတယ်။ မလာတော့မှန်းသိပေမယ့်
ပထမဆုံး အကြိမ် မင်းကိုစောင့်ခဲ့ဖူးတဲ့ ထိုင်ခုံမှာ ထိုင်နေမိတတ်တယ်။ အရာလေးတခုတောင်မှ
မကျန်ရစ်တော့တဲ့ အိပ်ရာထက်မှာ မင်းအငွေ့အသက်ဆိုတာကို လိုက်စမ်းနေမိတဲ့ ညတွေ မရေနိုင်တော့။
ပြန်လာပါ ငှက်ကလေးရေ့ ပြန်လာပါလို့ ရေချိုးရင်း သီချင်းညည်းမိတဲ့အခါ မင်းမကြားနိုင်ပေမယ့်
ကြားပါစေရယ်လို့ စိတ်ထဲက ဖြစ်တယ်။
မင်းလာမလားလို့
ခေါ်မိတဲ့အခါ ယဉ်ကျေးတဲ့ အငြင်းကိုပဲ ငါရတယ်။ မလာဘူးလို့ အပြတ်မငြင်းပေမယ့် မင်းလာမှာ
မဟုတ်ဘူးဆိုတာကိုလည်း စိတ်ထဲကကို သိနေလျက်။ တခါတလေ ငါလေ မင်းကို သိပ်လိုအပ်ပါတယ်။ ဖုန်းထဲကနေ
ပြောချင်တဲ့စကားတွေ ပြောပါလို့ မင်းပြောတိုင်း ငါက မင်းလက်ကလေးကိုကိုင်ပြီး ဒါမှမဟုတ်
ငါ့ရင်ဘတ်ထဲမှာ မင်းကို ထားပြီး စကားတွေ ပြောချင်တာလို့ ဖြေမိမြဲ။ တယောက်မှ အရှုံးမပေးတဲ့အခါ
ဒိုင်ပွဲရပ်နဲ့ ဒီပွဲကို အဆုံးသတ်ရတယ်။
ငါမင်းနဲ့
မဆုံနိုင်တဲ့ တနေရာကို သွားပြီလို့ ပြောအပြီးမှာ ရေပန်းအောက်ကို လူက အလိုလိုရောက်သွားတယ်။
မင်းငါ့ကို ကစားစရာတခုလို သဘောထားခဲ့တယ်ဆိုတဲ့စကားလုံးကို အနူးအညွှတ်ပြန်လည်တောင်းပန်တဲ့
မင်းစာတွေကို ငါလေ မဖတ်တော့ဘူး။ ငါမင်းကိုခွင့်မလွတ်ချင်ဘူး…
ဟိုးတောင်ဆီက
မိုးတွေညို့လာပြန်ပြီ…အလွမ်းတွေနဲ့အတူ မင်းမသိအောင် တိတ်တဆိတ် လွမ်းနေတဲ့ သူတယောက်ရှိနေတယ်ဆိုတာ
မင်းဘယ်တော့မှ သိလာမှာ မဟုတ်ဘူး……
No comments:
Post a Comment