ဒီနှစ်ထဲမှာ ခရီးမသွားရသေးတာမို့ လိုက်ရှာရင်း လေယာဉ်ခစျေးချနေတာကို တွေ့မိတယ်။ လိုက်ချင်တယ်ဆိုတဲ့ အသိတယောက်ကို အဖော်စပ်ရင်း လေယာဉ်လက်မှတ်ကို တရက်နှစ်ရက်တွင်း ဝယ်ပါတယ်။ လေယာဉ်ခ တယောက်ကို စလုံးသုံးရာ့အစိတ်လောက်ကျသွားတယ်။ တကယ်တမ်း ဂျက်စတားက အငိုက်ဖမ်းထားတဲ့ အကွက်ထဲကို ဒီက ငထူက တည့်တည့်ဝင်တာပါပဲ။ ခရီးဆောင်အိတ်တလုံးအပြင် မသယ်ဘူးဆိုတော့ ၂၀ကီလိုကို ကလစ်မလုပ်ပါဘူး။ ဒါပေမယ့် နောက်တမျက်နှာမှာပါနေတာကိုလည်း ဖြုတ်ပေးရမှာဆိုတာ လုံးဝ မသိလိုက်ပါဘူး။ နှစ်ရာကျော်ပဲကျမယ့် ခရီးဟာ သုံးရာ့အစိတ် ဤသို့ဤနှယ် ကျသွားပါတော့တယ်။ ပလုံ။
ဗီဇာခကတော့ တရာကျော် တရာ့နှစ်ဆယ်လောက်ကျမယ်လို့ စီးတီးဟော ရပ်ကွက်ကဆိုတယ်။ ကိုယ်တိုင် လျှောက်လို့ရတယ်လို့ သိရတဲ့အခါ လျှောက်ကြရအောင်လို့ သူငယ်ချင်းကို ဆွယ်ခဲ့တယ်။ သူက ဗီဇာတင်ရတဲ့ အနားတင်ဆိုတော့ ရုံးက ခွင့်ယူစရာလဲမလိုတော့။ ထမင်းစားချိန်ထွက်တင်၊ ဗီဇာရတော့ ထမင်းစားချိန်ပြန်ယူရုံပဲ။ ဗီဇာကို အွန်လိုင်းကနေတင်ပြီး စာရွက်ထုတ်၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ဗီဇာကြေးပေါင်းပြီး တင်လိုက်ဖို့ပါ။ http://www.visaforchina.org/SGP_EN/ အဲ့ဒီမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ အမြန်ကြေးပေးပြီး ဆောင်ရွက်နိုင်တာလည်း တမျိုးကောင်းပြန်တယ်။ ပုံမှန်ကြေးနဲ့ လျှောက်တဲ့အခါ ကိုးဆယ်ကျော်ပေးလိုက်ရပါတယ်။
လေယာဉ်လက်မှတ်နဲ့ ဗီဇာပြီးတဲ့အခါ သွားမယ့် ခရီးကိုစရှာရပြီ။ တည်းမယ့်နေရာ။ နေမယ့်နေရာ။ သူငယ်ချင်းက အားလုံးကို လက်ဝကွက်အပ်ထားပြီး အေးဆေးနေတော့တယ်။ မနေနိုင်တဲ့ လူက ကိုယ့်ဒုက္ခကိုယ်ရှာပေါ့။ ဒီကခရီးသွားအေးဂျင့်တွေရဲ့ ခရီးစဉ်တွေကို မေးတဲ့အခါ တရုတ်ဘာသာ ဧည့်လမ်းညွှန်ဆိုတော့ အဆင်မပြေပြန်ဘူး။ ကြက်ကဘဲကိုနားမလည်၊ ဘဲက ကြက်ကိုနားမလည်ဖြစ်ကုန်မှာမို့ အင်္ဂလိပ်ဧည့်လမ်းညွှန်ကို ရှာဖို့ပါ။
တရုတ်ပြည်က
အေးဂျင့်အတော်များများနဲ့ ချိတ်မိတယ်။ စျေးတွေက လန်ထွက်နေတာပါပဲ။ သူငယ်ချင်းတွေ တားမြစ်ထားတဲ့
စျေးဝယ်ခရီးစဉ်တွေ မပါဖို့ ပြောတဲ့အခါ စျေးတွေဟာ မိုးပေါ်ကို ခုန်တက်ကုန်တယ်။ ကြားဖူးနားဝရှိသလောက်
အတင်းအကြပ်ရောင်းကြတာမျိုးတွေအထိ ရှိတယ်ဆိုတော့ ကိုယ်တိုင်ကလည်း စျေးဝယ်ခြင်းမှာ မခုံမင်၊
ဒါကြောင့် အပြတ်ငြင်း၊ အပြတ်ငြင်းလေ စျေးတွေက ပိုတက်လေနဲ့ မုန့်လုံးစက္ကူတွေကပ်နေတော့တယ်။
အဆုံးသတ်မရောက်ခင်လုလုမှာ
တရုတ်ပြည်သို့ဦးတည် ဆိုတဲ့ အေးဂျင့်နဲ့ ချိတ်မိပါလေရော။ စျေးနှုန်းကလည်း သင့်တင့်တဲ့အပြင်
(တခြားသူတွေရဲ့စျေးနှုန်းတွေနဲ့) လေးလပိုင်းမှာ ဝယ်ရင် ၁၀ရာခိုင်နှုန်းထပ်ချအုံးမယ်ဆိုတော့
လျှော့စျေးဆိုတာနဲ့ အသားကျနေတဲ့ ကိုယ်လိုလူက ဝယ်မယ်ဖြစ်လာတယ်။ စျေးဝယ်ခရီးကိုလည်း သုံးခုပဲ ထည့်ထားပြီး ငါမဝယ်လည်း ဘာမှ မဖြစ်ဘူးနော်ဆိုတဲ့ အာမဘန္တေကို အရင်ယူထားလိုက်တာ။ ခရီးစဉ်ကတော့ ကျနော်သွားလိုတဲ့
နေရာတွေကိုပဲ စီစဉ်ထားတာပဲမို့ နေတတ်ရင် ကျေနပ်စရာပါလေ။ စျေးကတော့ တယောက်ကို ယူအက်စ်
၆၆၀ ကျပါတယ်။ တခြားခရီးသွားတွေနဲ့ အတူသွားရင် စျေးအနည်းအပါး အလျှော့အတင်းရှိပေမယ့်
ကျနော့အစီအစဉ်နဲ့က မကိုက်ပဲဖြစ်နေပြန်တယ်။ ရောက်မယ့်နေ့ဟာ မနက်အစောကြီး တစ်နာရီနဲ့
ပြန်မယ့်နေ့ဟာလည်း မနက်အစောကြီး နှစ်နာရီဖြစ်နေတာမို့ ဟိုတယ်နှစ်ညဟာ သောင်တင်ရေမကျ။
ပြည်တွင်းလေယာဉ်တခေါက်ရယ်၊ ညရထားတစင်းရယ်ဟာလည်း စျေးကို မြှင့်စေတဲ့ အထဲမှာပါနေပြန်တယ်။
ပေါက်တဲ့နဖူးဟာ မထူးတော့ပါဘူး..
ဘေဂျင်းလေဆိပ်ကို
ရောက်တဲ့အခါ မအီမသာ ဆိုးရွားတဲ့ အနံ့အသက်နဲ့ ကြိုတယ်။ အိတ်တွေထွက်လာဖို့ အကြာကြီးကြာပြန်တယ်။
ဒါဟာ တကယ်ကြာတာ မဟုတ်သေးဘူးဆိုတာ အပြန်ခရီးကျမှ သိရတော့တာ။ အပြင်ကိုရောက်တဲ့အခါ ကျနော်တို့ရဲ့
ဧည့်လမ်းညွှန်နဲ့ စတွေ့ပါပြီ။
အသက်လေးဆယ်
ပတ်လည်လောက်ထင်တယ်။ ဝတ်စားထားတာတော့ ရိုးပုံရိုးလက်။ ကျနော့သူငယ်ချင်းက သူ့စတိုင်ဘောင်းဘီ
အပွ (ချောင်ကျနေလို့ ခါးပတ်နဲ့ ပတ်ထားတာတောင် အပုံကြီးချောင်နေသေးတယ်) ကိုတလမ်းလုံး
ပြောစမှတ်ပြုနေခဲ့တာ။ သူ့နာမည်က ဘော့ပါ။ လက်တဖက်ကို အမြဲထောင်ထားပြီး ဘော့နောက်က လိုက်ပါ
(Follow the Bob) ဆိုတဲ့ စကားတလုံးဟာ ဒီခရီးတခုလုံးမှာ ကျနော်တို့ နောက်ပြောင်စရာကို
ဖြစ်လို့။ လမ်းမကူးခင် သူ့ကိုအရင်ကြည့်ရပါတယ်။ သူကူးဆိုမှ ကူးရပြီး၊ ကားတံခါးကအစ သူဖွင့်ပေးမှ
ထွက်ရတဲ့အထိကို ဂရုစိုက်ပါတယ်။ ကျနော်မြန်မာပြည်က လာတယ်ဆိုတာ သူမသိသေးလို့…
အိပ်ငိုက်နေပြီဖြစ်တဲ့
သူငယ်ချင်း နှစ်ယောက်ကို သူက ဘေဂျင်းမြို့ကြီးအကြောင်း ရှင်းလင်းနေတာ။ လေဆိပ်နဲ့ ဟိုတယ်ဟာ
အတော်လေးကို ဝေးတယ်။ ဒါတောင် ညဉ့်နက်ချိန်မို့ ကားတွေ ပါးရှားနေတာဆိုလို့ ခရီးမထွက်ခင်
လုပ်ဖော်ကိုင်ဖက်တယောက်က ဘေဂျင်းမှာ ကားတွေကြပ်တယ်ဆိုတဲ့ အကြောင်းကို သတိရမိတယ်။ ရောက်ချင်လှပြီဖြစ်တဲ့
ဟိုတယ်ကိုရောက်တော့ အခန်းက ကျယ်ကျယ်လွင့်လွင့်ရှိသား။ ရေချိုးခန်းကို မှန်နဲ့ ကာပြီး
စတစ်ကာ အမည်းတပ်ထားပေမယ့် မီးထွန်းရင် အထဲမှာ လူကိုမြင်ရတာမို့ အမြဲမီးပိတ်ထားဖို့
ဖြစ်သွားတယ်။
မနက်
အိပ်ရာက နိုးတဲ့အခါ ဟိုတယ်ရဲ့ မနက်စာက မဆိုးလှ။ ပေါင်မုန့်၊ ခေါက်ဆွဲကြော်၊ ပေါက်စီ
စသည်ဖြင့် စားနိုင်သောက်နိုင်။ အိပ်ရေးဝ ဝ အိပ်ထားဖို့ မှာသွားတဲ့ ဘော့စကားကို နားထောင်စွာ
ကိုးနာရီလောက်ကတည်းက စားသောက်ပြီး အပြင်ထွက်မယ်စိတ်ကူးကြတယ်။ ကျနော်က အနီးအနားမှာ ခြေခင်းလက်ခင်းသာ
လမ်းလျှောက်မယ်ပေါ့။ အပြင်ဖက်ဟာ မေလမှာတောင် အေးမြနေတယ်။ ဟိုတယ်ရှေ့က လမ်းကနေတဆင့်
အနားက စျေးတခုကိုရောက်တယ်။ စိတ်ဝင်စားစရာ သိပ်မရှိတဲ့အခါ ဟိုတယ်ကို ပြန်လာရင်း ကျနော်သွားချင်တဲ့
Qianmen ဆိုတဲ့ နေရာကိုသွားတယ်။
အဲ့ဒီ
လေးသည်တော်ဂိတ်ကို ကျော်ပြီးတဲ့အခါ နာမည်ကျော်တဲ့ လမ်းကို လျှောက်ရင်း လမ်းတလျှောက်က
စားစရာမှန်သမျှကို လက်တည့်စမ်းပါတော့တယ်။ ကမ္ဘာကျော် အမှတ်တံဆိပ်မျိုးစုံကို ဒီလမ်းမတလျှောက်မှာ
ဖောင်ဖောင်ထအောင် မြင်ရပေမယ့် တကယ် စိတ်ဝင်စားတာက လမ်းဘေးက စားစရာပေါင်းစုံ။ ဘေဂျင်းကို
ရောက်ရင် ဘေဂျင်း ဘဲကင်မစားရဘူးဆိုတာ မဖြစ်စေနဲ့လို့ သူငယ်ချင်းကို သွေးထိုးရင်း နေ့လည်စာကို
ဘဲကင် ခပ်ဆူဆူနဲ့ မျောချလိုက်တာ။ ဘဲအဖြူရောင်ကိုတော့ မတတ်သာလို့ ပြန်လွှတ်ပေးလိုက်ပါတယ်...
လမ်းထဲက
ဟိုဟိုဒီဒီတွေ ကြည့်ရင်း၊ ပြတိုက်တခုမှာလည်း မိန်းမော။ မဖြစ်သေးဘူး ဘော့ကြည့်ရတာ အချိန်တိကျပုံပဲ။
သူမလာခင် အမြန်ပြန်မှဆိုပြီး ဟိုတယ်ကို ပြန်ဖို့ တက္ကစီငှားပါတော့တယ်။ လက်ပြလည်း မရပ်၊
ရပ်ပြန်လည်း ကားမရ၊ တက္ကစီဆရာတွေက မာနတွေကြီးချက် အင်္ဂလိပ်လိုပြောမိတာနဲ့ လှည့်ကို မကြည့်တော့ဘူး။
ကျေးဇူးကြီးတဲ့ တက္ကစီဆရာ ရပေလို့သာပဲ။ နေက ပူပူမှာ နောက်ကျမှာစိုးတဲ့ စိတ်ကလည်း ပူနေတာမို့….
ဆက်ပါဦးမယ်
စာကြွင်း
- မြန်မာပြည်က စာအုပ်တွေဝယ်လာပေးမယ်လို့ အမကြီးတယောက်က ပြောလို့ ဒီပို့စ်ကို ရေးပါတယ်. သူ ဒီပို့စ်ကို မကျေနပ်ဘူးဆိုရင် အုန်းနို့ခေါက်ဆွဲထပ်ကျွေးလို့ ရပါသေးတယ်.
No comments:
Post a Comment