ငပြည့်
မနေ့ကမှ ငါမင်းသတင်းကို သိရတယ်။ စိတ်မကောင်းဘူး သူငယ်ချင်း။ မင်းက ဒီစာကို ဖတ်နိုင်တော့မှာ
မဟုတ်ဘူး ဒါပေမယ့် ငါက ဒီစာကို ရေးချင်တယ်။ ငါတို့နောက်ဆုံးဆုံဖြစ်တာ နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့
ဂျပန်စာသင်တန်းရှေ့မှာ..အဲ့ဒီနေ့က ငါ့အမ အိုင်စီမေဂျာနဲ့ ဘွဲ့ယူတဲ့နေ့။
မင်းကို
ပုံမှန်ဆို ငါက သတိမထားမိဘူး။ တခြားလူတွေရဲ့ စကားသံတချို့ရယ် အတန်းပြောင်းဖို့ လာတိုင်ပင်တဲ့အတွက်
အတန်းခေါင်းဆောင်တယောက်အနေနဲ့ စကားစပြောဖြစ်တယ်။
မင်းအတန်းမပြောင်းဖြစ်ဘူး။ မင်းရယ် ငါရယ် ငရဲရယ် သချာင်္ချိန်တိုင်းပျော်ရတယ်။ စောစောပြီးတာချင်းတူတာမို့
စကားပြောဖြစ်သွားတာဖြစ်မယ်။ အစားကြိုက်တဲ့ငါ့အတွက် မင်းအမကြီးထည့်ပေးလိုက်တဲ့ Sandwich
က ကုန်ကုန်သွားသလို၊ အိမ်ကိုဒီအတိုင်း ပြန်မပါသွားလို့ မင်းလည်း အဆူမခံရတော့ဘူး မဟုတ်လား။
ငါတို့ထဲက
မောင်လူဆိုးကမင်းကိုကြိုက်တယ်ဆိုလာတယ်။ ကန့်ကွက်နေရအောင် ကလေးတွေမဟုတ်တာမို့ မင်းတို့ချင်း
သဘောတူလက်ခံရင် ငါတို့ကလည်း လက်ခံမယ်။ ဒါပေမယ့် မောင်လူဆိုးကို မင်းလက်မခံနိုင်တာ ငါသိတယ်။
မင်းအနားက သကောင့်သားတွေကလည်း ခဏနေတယောက် ခဏနေတယောက်ပဲ။ မိန်းကလေးတွေဆိုတာ နားလည်ရခက်တယ်လို့
ငါမင်းကိုကြည့်ပြီး ပိုယုံကြည်လာတယ်။ ပြန်ကြိုက်တာလည်း မဟုတ်ပေမယ့် ကပ်လာတဲ့လူတိုင်းကို
လက်ခံနေတာ ဘာကြောင့်လဲလို့ ငါမမေးခဲ့မိဘူး။ မင်းအကြောင်းနဲ့ မင်းရှိမှာပဲ။
မင်းအကြောင်းနဲ့တင်
ရပ်မသွားတာ ငါနောက်ကျမှသိရတယ်။ မောင်လူဆိုးက ငါ့ကိုရန်ရှာတဲ့နေ့မှပါ။ ငါလည်းသတိမထားမိဘူး။
ဆရာ့ရှေ့မှာ ပရောဂျက်အတွက် ငါတို့နှစ်ယောက် အတူတူဖြေရတဲ့အခါ ငါ့လက်ကို မင်းဆုပ်ကိုင်ထားတာ
မင်းကြောက်နေလို့လို့ပဲ ငါနားလည်တယ်။ ဖြစ်နိုင်ရင် ငါက အစ်ကိုတယောက်လိုပဲ စိတ်ထဲမှာရှိခဲ့တာ။
ဖြေပြီးနောက်တနေ့မှာ သူက ငါ့ကိုရန်လာစတာ။ မင်းကိုတော့ အဲ့ဒီအကြောင်းတွေ မပြောဖြစ်ဘူး။
ပြောစရာလည်း လိုတယ်လို့ကို မထင်တာ။
ဒါပေမယ့်
မင်းသိနေခဲ့တယ်။ ပရောဂျက်လုပ်တဲ့အချိန် ဆရာ့ကို ဟိုကောင်ငိုပြပြီး ငါတို့နဲ့ တဖွဲ့တည်းလုပ်တဲ့အကြောင်းကိုပါ
မင်းသိတယ်။ ဒါကြောင့်လည်း မင်းက အရှေ့လှေခါးကနေ အိမ်ပြန်ချင်ယောင်ဆောင်ပြီး အနောက်လှေခါးကနေ
ပြန်ပြန်တက်ရင်း ဟိုကောင့်ကို အရူးလုပ်နေခဲ့တာ. အဲ့ဒီကောင်အကြောင်းကို ငါတို့နှစ်ယောက်စလုံး
တခွန်းမှ မပြောခဲ့ကြဘူး။
မင့်ကို
အမှတ်တရ အရှိဆုံးက ပရောဂျက်အတွက် လိုင်းကားစီးတဲ့နေ့ကိုပဲ။ ဘ၀မှာ လိုင်းကားမစီးဖူးဘူးဆိုတဲ့
လူစားမျိုး ငါ့တသက်မှာ တခါပဲတွေ့ဖူးတာ။ မင်းရှက်နေမှာစိုးလို့ တကယ်က ကားအလယ်ထိုင်ခုံမှာ
ကိုးရိုးကားယားဖြစ်နေတဲ့ မင်းကို ငါရီချင်တယ်။ ဘ၀ဆိုတာ အမြဲတမ်းပြည့်စုံနေတတ်တာ မဟုတ်ဘူး။
ငါတို့တဖွဲ့လုံးသွားဖို့ တက္ကစီနဲ့လည်း မဆန့်ဘူးမဟုတ်လား။ အတွေ့အကြုံရတာပေါ့ကွာ.
မင့်ရဲ့ကိုးရိုးကားယားနိုင်မှုဟာ
အဲ့ဒီမှာ မရပ်ဘူး။ နောက်တခါ ဆရာတွေကို ပရောဂျက် ရှင်းပြတဲ့နေ့မှာ ဆံပင်နှစ်ဖက်ခွဲပြီး
အရုပ်တရုပ်လို ယိုင်ထိုးပြီးလျှောက်လာတဲ့တခါ ကျန်သေးတယ်။ အ၀ါရောင်တောက်တောက် ဖဲကြိုးနှစ်ချောင်းနဲ့
လွယ်နေကျ အရုပ်ကျောပိုးအိတ်နဲ့ တကယ့်ဟာသ။
ငါတို့အတန်းမပြီးခင်
သူရိန်နဲ့ မင်းငြိနေတယ်လို့ ငါကြားတယ်။ မင်းရဲ့ ဇာတ်ထုပ်တွေက တရုပ်ကားတွေလို အတွဲလိုက်လာတာမဟုတ်လား။
ဟုတ်သည် မဟုတ်သည်တော့ မင်းကိုယ်တိုင်ပဲသိမပေါ့။ အရင်ဆုံး သြစတြေးလျကိုထွက်သွားတဲ့ ရှမ်းကလေး၊
နောက်တခါ ကိုလားရှိုး၊ ပြီးတော့ ကိုသင်္ဘော၊ ငါတို့ မောင်လူဆိုး နောက်မှာ သူရိန်ပေါ့။
အတန်းပြီးသွားတဲ့အခါ
ငါတို့တွေ တယောက်စီ ကွဲသွားကြတယ်။ ငါလည်း ငရဲတို့အိမ် မရောက်ဖြစ်တော့ဘူး။ မာမားတို့နဲ့
သာမညကို တခေါက်တော့ အလည်လိုက်သွားသေးတယ်။ ငရဲဆီက မင့်ဖုံးနံပါတ်ရလို့ ငါဖုံးဆက်ဖြစ်တယ်။
အဲ့ဒီအချိန်ငါ ဂျမားမှာ တယောက်တည်းနေတယ်။ ဟင်းချက်ရင်း ဖုံးဆက်နေတာ။ နောက်ပိုင်းတော့
မဆက်ဖြစ်တော့ဘူးကွ။ အလုပ်မအားတာလည်း ပါတယ်။ မင့်အားမအားလည်း မသေချာလို့။
သိပ်မကြာခင်
ငါ စင်္ကာပူကိုထွက်ခဲ့တယ်။ အတန်းထဲက ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရတော့ဘူး။ ငရဲတို့အိမ်နဲ့ရောပေါ့။
ဟိုတမြန်နှစ်က မြန်မာပြည်ပြန်တော့ ၁၃လမ်းအိမ်ရှေ့ကို ဖြတ်လျှောက်ဖြစ်သေးတယ်။ ငရဲတို့
မနေတော့သလိုပဲ။ ငါတို့နှစ်ယောက် စာအတူကျက်တဲ့ ထပ်ခိုးလေးကိုလွမ်းသွားတယ်။ မာမားရဲ့
တရုတ်ဆေးနဲ့ကြက်သားဟင်း အနံ့ကို ပြန်ရဦးမလား လက်ကိုနမ်းကြည့်မိသေးတယ်။
တကယ်ဆို
ကြားရတဲ့ သတင်းကို ငါမယုံနိုင်ဘူး။ မင်းဆုံးသွားပြီဆိုတာ တကယ်မဟုတ်ဘူး။ မင်းဟာ ရှိနေတုန်းပဲ
ငါတို့ သူငယ်ချင်းတွေ စိတ်ထဲမှာ ရှိနေတုန်းပဲ။ အရပ်ကြီးကလန်ကလားနဲ့ ကျောင်းရဲ့ ကော်ရီဒါတခုလုံးပြည့်အောင်
ယိမ်းထိုးပြီး လမ်းလျှောက်တဲ့ မင်းကို ငါတခေါက်လောက် မြင်ချင်သေးတယ်။ မင်းစောင့်နေပါ
ငါ ဒီပုစ္ဆာပြီးအောင် တွက်ပြီးရင် မင်းရှိတဲ့နေရာကို လာခဲ့မယ်။
သူငယ်ချင်း
ငပြည့် ကောင်းရာသုဂတိ လားပါစေ….