23 April 2009
ၾကိဳးမဲ့ အိပ္မက္မ်ား
မကြည်ဖြူပိုင်ရဲ့ ပို့စ်လေးကိုဖတ်ပြီးတော့ အဟောင်းတွေ အသစ်ဖြစ်ရပြန်ပါတယ်။
သီချင်းတွေကိုနားထောင်ခဲ့တာကလွဲလို့ ဆိုရစကောင်းတယ်လို့ မမှတ်ယူခဲ့ တီးရတယ်လို့ မသိခဲ့လေ။ အိမ်နားက ဘဘဦးခင်လှ တီးတတ်တဲ့ မယ်ဒလင်လေးနဲ့ မြမန်းဂီရိသေလာတောင်ဆို ငေးပြီးနားထောင်မိယုံပဲ။ မေကတော့ ငယ်တုန်းက စောင်းတီးသင်ဖူးတယ်ဆိုပဲ။ သွယ်လျရှည်လျားတဲ့ အဲ့ဒီလက်ချောင်းတွေ အောက်မှာ စောင်းသံတွေက ချိုမြနေမှာ သေချာတယ်။ အယ်လ်ခွန်းရည်တို့နဲ့ ပေါင်းပြီးတော့ ပုဂံဆောင်မှာ ဂီတာတီးသေးတယ်ဆိုတော့လည်း တအံ့တသြ။ ဖေကတော့ စိတ်လိုလက်ရရှိရင် ဂစ်တာလည်းအိမ်မှာ အဆင်သင့်ရှိရင်ပေါ့ သူ့အကြိုက်လေးတွေ တီးတတ်တယ်။ ဒါပေမယ့် ရှားပါတယ်။ ကျနော်ကကော…
ကျနော်တို့ရဲ့ သုံးယောက်ကမ္ဘာလေးထဲကို အစ်ကိုဝမ်းကွဲတစ်ယောက် ရောက်လာခဲ့တဲ့နောက်ပိုင်းပေါ့။ အစ်ကိုရှစ်တန်းတက်နေရင်း ဂစ်တာဆိုတဲ့ အရာတစ်ခုက တိုးလာခဲ့ပြန်တယ်။ လက်ထိပ်တွေ အသာမာတည်အောင် ရေနွေးတွေစိမ်လိုက် ဒုန်ချပ် ဒုန်ချပ်တီးလိုက်နဲ့ အားကျမက်မောခဲ့ရတယ်။ သင်ပေးပါဆိုတော့ လက်ချောင်းတွေက ဖလက်တံကို လက်တံပြည့်အောင် မကိုင်နိုင်ခဲ့။ မင်းရှစ်တန်းရောက်ရင် သင်ကွာတဲ့။
ပထမဆုံး ဂစ်တာနဲ့ တွဲပြီး အဆိုဝင်ကြည့်တာက ကျနော့အထင် ခြောက်တန်းနှစ်ဖြစ်မယ်။ တိုတယ်မှာ လုပ်နေတဲ့ ဦးမြငြိမ်းက အတီးပေါ့။ မင်းဆိုတဲ့။ သီချင်းကအလွယ်လေး ကျောင်းဆင်းတဲ့အချိန် မိုးသည်းသည်းမှာ လွယ်အိတ်ကလေးနဲ့ ကောင်မလေး ဆိုတဲ့ သီချင်း။ ဘယ်တော့မှ မမေ့တော့ဘူး။ ဘုန်းကြီး စာအံသလို ဆိုနေလို့တဲ့လေ။ ဝိုင်းဟားကြတာပေါ့။ အသံနေအသံထား ဟန်နဲ့မာန်နဲ့ အဝင်အထွက် အဆွဲအငင် အရှိုက် နကန်းတစ်လုံးမှ ကျနော်မသိခဲ့။ စာပဲဖတ်တတ်ဖူးတာကလား ဘယ်သို့ချီ ဘယ်သို့ချ လားလားမှ မအပ်စပ်လေတဲ့ အတီးနဲ့အဆိုပဲပေါ့။
အစ်ကိုဂစ်တာတီးသင်ရင်း ကိုယ်တိုင်လည်း တီးတတ်ချင်ခဲ့တယ်။ အရမ်းကြိုက်တဲ့ ၀ရန်တာလေးမှာ ခြေလေးနှစ်ချောင်းချ ဂစ်တာလေးပိုက်လို့ အလွမ်းတွေကို သံစဉ်တွေထဲ မျှောလိုက်ချင်တာပဲ။ အချိန်တွေ ကုန်ချင်သလောက်ကုန်ပါစေပေါ့။ ရှိသမျှခံစားချက်တွေကို သံစဉ်တွေထဲ ထည့်ရင်း ကုန်ပါစေ။ ပလက်ကင်တွေဘာတွေကို ခေါက်တတ်တဲ့အထိ တတ်ချင်မိတာ (ပန်းထိမ်မတတ််ခင် ရွှေခိုးသင်ချင်တယ်ဆိုချင်ဆို)။
ကံဆိုးစွာပဲ ဂစ်တာတီးကောင်းတဲ့ အစ်ကိုက ဆယ်တန်းမှာ ကျသွားခဲ့တယ်။ အကြောင်းအရင်းက ဂစ်တာတစ်လက်နဲ့ အချိန်ကုန်နေတာဖြစ်မယ်လို့ အိမ်က ယူဆပါတယ်။ အရှေ့ကပုံပမာရယ်ကြောင့် ရှစ်တန်းရောက်တော့ ဂစ်တာကိုင်ခွင့်မရှိတဲ့။ ဆယ်တန်းအောင်ရင်တော့ ဂစ်တာဝယ်ပေးမယ်လို့ ကတိကဝတ်နဲ့ အပေးအယူ တည့်ခဲ့ပါရော။
ဆယ်တန်းအောင်စာရင်းထွက်တော့ ရန်ကုန်ကိုရောက်နေခဲ့ပြီ။ ဖေကိစ္စတစ်ခုနဲ့ ရောက်လာတော့ ကတိတည်မှ ကြိုက်တတ်တဲ့ ကျနော့ကို ဂစ်တာတစ်လက်ဝယ်ပေးခဲ့ပါတယ်။ ဘုံကျောင်းက အစ်ကိုကြီး ကိုစည်သူလိုက်ဝယ်ပေးခဲ့တယ်။ ဒါပေမယ့်…
ဂစ်တာတီး သင်တန်း တက်ဖို့ သင်တန်းကြေး (ကိုပေါက်ဆီမှာ တက်ရင် သုံးထောင်လားမသိ) မပေးခဲ့ဘူး။ သင်ပေးမယ့်သူလည်း မရှိခဲ့ဘူး။ အဲဒီတုန်းက နေခဲ့တဲ့ တောင်ဥက္ကလာအိမ်ကလည်း တဒင်ဒင် တဒေါင်ဒေါင် အသံမကြားချင်ဘူးတဲ့။ ဂစ်တာဝယ်တာမြင်တာနဲ့ စည်းကမ်းအသစ်ထုတ်ပစ်ခဲ့တာ။ ဂစ်တာလေးကို ပိုက်ပြီး အိတ်လေးထဲကို ပြန်ထည့်ခဲ့ယုံပေါ့။ ဆယ်တန်းအောင်ကာစ လူငယ်တစ်ယောက်မှာ ဂစ်တာတီးသင်တန်းတက်ဖို့ ငွေကြေးမရှိခဲ့။ ဆန်ရောင်းကူရင်း မီးသွေးအိတ်ထမ်းရင်း အဲဒီလောက် ငွေပမာဏမှ မရနိုင်တာနော်။
ဆယ်တန်းကျောင်းသားတွေကို ဂိုက်သင်ရင်း ငွေလေး ရှိပြန်တော့ အိမ်ကို ပြန်ပို့ရင်း မအားလပ်တဲ့ အချိန်တွေကြောင့်ရယ်လို့ ရမယ်ရှာရင်း အိတ်ကလေးထဲက ဂစ်တာလေးက ဒီအတိုင်း။ သင်တန်းတက်ဖို့ ပိုက်ဆံမှ မလောက်ငတာနော်။
နောက်တော့ ကျောင်းတွေဖွင့် ပြန်တယ်။ နေရာတွေလည်း တစ်နေရာပြီး တစ်နေရာရွှေ့ခဲ့ရတယ်။ တီးတတ်သည် အထိသင်ပေးပါလို့ တောင်းပန်ပေမယ့် အချိန်ပေးနိုင်မယ့်သူ သင်ပေးမယ့်သူ တစ်ယောက်နဲ့မှ မကြုံခဲ့ မဆုံခဲ့။ ကြိုးတွေတောင် ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဂစ်တာလေးကိုလည်း တစ်ချက်တစ်ချက်မှ ပြန်ကြည့်နိုင်တော့တယ်။
ကျောင်းတွေပြီးလို့ အလုပ်တွေဝင်တော့ အစ်ကို့အိမ်မှာ ထားခဲ့တဲ့ ဂစ်တာလေးကို သတိတရ ပြန်ယူထားလိုက်မိတယ်။ ဒါပေမယ့် လုပ်ငန်းခွင်ဝင်ပြီမို့ အချိန်ပိုကမရှိပြန်။ အတူနေတဲ့ သူငယ်ချင်းကတော့ သူအလွတ်ရတဲ့ သီချင်းနှစ်ပုဒ်ကို တဗြန်းဗြန်းနေအောင် ခေါက်တတ်ပါတယ်။
အဲဒီနောက်တော့….
အဝေးကိုထွက်သွားရတော့မယ်ဆိုမှ အိတ်ထဲက ဂစ်တာလေးကို မျက်နာပူစွာ ကြည့်မိတယ်။ ခုနှစ်နှစ််တာ ကျနော်နဲ့ရှိနေခဲ့တဲ့ ဂစ်တာလေး။ စိတ်ကူးယဉ်ခဲ့သလို တီးတတ်ဖို့နေနေသာသာ အိတ်လေးထဲမှာ တိုးတိတ်စွာ ရှိနေခဲ့တာ။
အိမ်လာရှင်းပေးတဲ့ တပည့်ကျော် မဲလုံးက အစ်ကို ကျနော့ကိုပေးပါတဲ့။ နှမြောတသနဲ့ ကြည့်နေတဲ့ ကျနော့စိတ်ကို သူမမြင်နိုင်ဘူးထင်ပါတယ်။ ကျနော့အိပ်မက်တွေကို သူမှ မဖတ်နိုင်တာ။ ကိုယ်နဲ့အတူမသယ်နိုင်မယ့်အတူတူ ဂရုစိုက်မယ့်လူလက်ထဲ ကို ထည့်လိုက်ဖို့ အတွေးတွေ ဝင်လာမိတယ်။ ကျနော်မဖန်ဆင်းနိုင်တဲ့ အသံချိုတွေ တစ်ခြားတစ်ယောက် ဖန်ဆင်းရင်းနဲ့ ဂစ်တာလေး နုပျိုလာပါစေပေါ့….
တစ်ချို့အိပ်မက်တွေက လက်တွေ့ဘဝထဲ မရောက်လာပဲ အိပ်မက်တွေအဖြစ်နဲ့ပဲ ကျန်ရစ်ခဲ့တတ်ပါတယ်။ ကြိုးမဲ့ အိပ်မက်တွေက ဝေဝါးနေသင့်ပေမယ့် တစ်ချိန်ချိန်မှာ အခွင့်ရနိုင်ကောင်းတယ်ဆိုတဲ့အသိနဲ့ မေ့ဖျောက်ဖို့ မစွမ်းသာခဲ့သေး….
19 comments:
WWKM said...
no . 1 :D အရင်ဦးတယ်.. ကလေးတွေနဲ့အပြိုင်..
ပြီးမှ ဖတ်မယ်.း)
WWKM said...
ဒါနဲ့ ဂစ်တာလေး မဲလုံးကိုပေးလိုက်ရောလား...
နှမျောမှာပဲနော်..ကိုယ်တန်ဖိုးထားတဲ့ ပစ္စည်းလေးမို့လေ.
အစ်မလည်း ဂစ်တာတီးသင်ဖူးခဲ့တယ်... ခင်မောင်တိုးရဲ့
နှင်းဆီပန်သူ သီချင်းလေးနဲ့စသင်ခဲ့တာလေ... တတ်စက ဂစ်တာလေ တဒေါင်ဒေါင်တီးပြီး လက်ထိပ်
တွေမှာတော့ အသမာတွေတက်ရောပေါ့.... ဒါပေမယ့်
ဝါသနာပါတော့ ပျော်တယ်.. အခုတော့ တီးတတ်တော့
ဘူးရယ်.. :D
သီဟသစ် said...
ကိုဝိုင်တီယူရေ..
ဂစ်တာလေး နှမြောစရာနော်..
မတီးတတ်လိုက်တာ မတီးလိုက်ရတာလည်း ပိုနှမြောဖို့ကောင်းတယ်..
တစ်ခါတစ်လေ ဂစ်တာတီးပြီး သီချင်းဆိုလိုက်ရင် စိတ်ညစ်တာ ပျောက်သွားမယ်ထင်တယ်..
ကျွန်တော်လည်း မတီးတတ်ဘူးဗျ..
စူး said...
ဟုတ်တယ်နော်..
တခါတခါမှာ အခြေအနေမပေးလို့ လုပ်ချင်တာလေးတွေ လုပ်ခွင့်မရခဲ့တာတွေ အများကြီးရယ်
အဲဒီတော့ ..လုပ်ခွင့်ရတဲ့ အချိန်မှာ တွေဝေမနေနဲ့ ..
ရဲရဲသာ လုပ်..
အိပ်မက်ကို မက်မနေနဲ့တော့ ..ဟဲဟဲ..
yehtutnaung said...
အေးဗျာ.. လိုလိုချင်ချင် စိတ်ကလေးရှိရက်နဲ့  အခုလို ဖြစ်သွားရတာ စိတ်မကောင်းပါဘူးဗျာ..။ ကျွန်တော်တို့  မြန်မာလူမျိုးတွေမှာ တခုခက်တာက၊ ငယ်ငယ်ရွယ်ရွယ်မှာ ဂစ်တာတီးလိုက်တာနဲ့  လေလွင့်ပြီး ကျောင်းစာလျော့ပါး သွားတော့မှာ ဆိုတဲ့ အစွဲကြီးရှိနေတာ ဟန်မကျဘူးဗျာ။ တကယ်တော့ နှစ်ခုစလုံး ဟန်ချက်ညီအောင် ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာ ပိုအရေးကြီးတာပါ။ နှစ်ခုလုံးကို သေသေချာချာ ပဲ့ပြင်နိုင်ရင် ဂီတပညာရှင်လဲ ဖြစ်လာနိုင်သလို၊ ပညာရေးလဲ အဆင်ပြေနိုင်မှာပါ။
ဒါနဲ့  သင်တန်းတွေ ဘာတွေစောင့်မနေနဲ့  လုပ်ချင်ရင် ကောက်သာ လုပ်ပစ်လိုက်။ အဲဒီ ခဏတာ စိတ်ကလေး တန်ဖိုးရှိတယ်လို့  ထင်တယ်ဗျ။ လူတယောက်ရဲ့  အိမ်မက်တွေကို ပြောင်းလဲပစ်နိုင်တယ်လို့  ယုံကြည်တယ်ဗျာ။
(ဒူ..ဒူ..ချပ်) x 2 :P
ကြည်ဖြူပိုင် said...
ကြိုးမဲ့အိပ်မက်တွေ ကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါစေ..လက်တွေ့ဘ၀မှာရော အိပ်မက်ဘ၀မှာရော..သိပ်ကိုကြည်နူးဖို့ကောင်းတဲ့သံစဉ်တွေကိုဖန်ဆင်းနိုင်တာ အရမ်းကောင်းတဲ့ဘ၀ပဲနော်
pandora said...
အလုပ်ထဲမှာ အနယ်ထိုင်ပြီး အချိန်ပိုတွေ ထွက်လာတဲ့အခါ ၀ါသနာကို ပြန်အကောင်အထည်ဖော်ပေါ့။ ကိုယ့်မိတ်ဆွေတစ်ယောက်တော့ အသက် ၃၀ ကျော်မှာ ဒီမှာ ဂစ်တာသင်တန်းတွေဘာတွေ ပြန်တက်တယ်။
ဝေလေး said...
ဝေလေးလည်း အဲလိုဖြစ်ဖူးတယ်။ ဂစ်တာတော့ဟုတ်ဘူး။ တယော...။ ကိုးတန်းတုန်းက သူငယ်ချင်းတွေ ကျောင်းမှာတယောသင် တယောထိုးနေကြတာ သိပ်အားကျတာပဲ။ အဲဒါနဲ့ အဖေ့ကိုတယောတစ်လက်လောက်ပူဆာလိုက်တယ်။ ပထမတော့ အဖေက ဘယ်သူက သင်ပေးမှာလဲဆိုပြီးတော့ မဝယ်ပေးသေးဘူး။ အဘိုးက သူသင်ပေးမယ်ပြောလို့ လိုက်ဝယ်ပေးတယ်။ အမှန်တော့ အဘိုးလည်း တယောတော့မထိုးတတ်ဘူး။ မယ်ဒလင်ပဲတီးတတ်တာ။ အဲဒါနဲ့ တယောသွားဝယ်ရော။ ရခါစက ပျော်လိုက်တာမှ တယောလေး တပိုက်ပိုက်နဲ့။ အဖိုးသင်ပေးတဲ့ လက်ကွက်တွေ ရှေးသီချင်းတွေလေ.. မှတ်တောင်မှတ်မိတော့ဘူး။ အဲဒါတွေသင်... တစ်ကယ်တယောထိုးတော့ ကီးကမကိုက်... ဘာလိုနေမှန်းမသိဘူး။ အိယောင်ဝါးနဲ့ နောက်ဆုံး တယောလေးလည်း နံရံကပ်ဖြစ်သွားရှာတယ်။ သနားပါတယ်။
မင်းအိမ်ဖြူ Minn Eain Phyu said...
လာဖတ်ပါတယ် အကို ............
ကောင်းတယ် ကျွန်တော် မှာလည်း ဂစ်တာလေးရှိတယ်
အဲဒီအတိုင်းပဲ ...............
အကို ခေါ်အဝေါ်လေးတွေ ကြိုက်တယ်၊ ကဗျာဆန်တယ် ဗျာ......
Unknown said...
ဂစ်တာ နဲ့ ပတ်သတ်လို့ တော့ အမျိုးထဲမှာ Professional ၂ယောက်ရှိတယ်..။ အိမ်မှာ ဂစ်တာ ၇လုံးရှိတယ်... Electric ၅လုံးနဲ့  Acoustic ၂လုံး..
ငယ်ငယ်က ဂစ်တာအတီး သင်ဘူးတယ်.. နောက်ပိုင်းမှာ အကိုက အိမ်မှာ အရမ်းတီးလို့ ဂစ်တာကို ချစ်ပေမဲ့ နားတော်တော် ငြီးလာတယ်....သူက တံခါးကို သော့ခတ်ပြီး တနေ့ ၈နာရီ တီးတာ...။
ကျမက ဂစ်တာသာ မတီးတတ်တာ သူရှင်းပြတဲ့ ဂစ်တာတွေ အမျိုးအစား နဲ ဂစ်တာသမားတော်တော်များများ အကြောင်းကိုလည်း သိလာတယ်..ဘယ်ဂစ်တာက ဘယ်လို ရှိတယ်...။
ဘယ်နိုင်ငံက ဘယ်ကမ္ဘာကျော် ဘယ်ဂစ်တာသမားက ဘယ်လို သတ်သေသွားတာပေါ့... ကြာလာတော့ ဂစ်တာ သမားဆိုတာ သတ်သေတဲ့ လူတော်တော်များတာပဲလို့ နားလည်သလို တောင် ဖြစ်လာတယ်။
သူက အခု နိုင်ငံတခုက မြူးစစ် တက္ကသိုလ်တခုမှာ Jess, Pop, Rock မေဂျာနဲ့ ကျောင်းတက်နေတယ်..။
သူ့ ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာ သူ့ လို ဂီတကို ရူးသွပ်ပြီး သင်ခွင့်မရတဲ့ လူတွေကို အလကား မြေတောင်မြှောက် သင်ပေးဖို့ တဲ့..။
သူက အဲဒီအချိန်တုန်းက အခုလို မြူးစစ် တက္ကသိုလ် မတတ်သေးပေမဲ့ ..အခွေ၊ စတိတ်ရှိုး တီးတဲ့ အဆင့်တော့ ရောက်နေပြီလေ...။
ရွာသားလေးနဲ့ အဲဒီ အချိန်က ကျမအကို နဲ့ တွေ့ ခဲ့ရင် သူ အလကား သင်ပေးမှာ သေချာတယ်..။
ကျမ အကို ကို ရွာသားလေး ရဲ့ ဒီပိုစ်ကို ပေးဖတ်လိုက်ပါမယ်နော်..။
JulyDream said...
ကိုင်ဇာ့သီချင်း ထင်တယ်။ ပုလဲလုံးလေးလို လက်ရေးလှတာလည်း ပါတယ်လေဗျာ။ အဲဒီ သီချင်းကို ကျွန်တော့်လမ်းထဲက ကလေးတွေ ဂီတာနဲ့ တီးပြီး ဆိုတာ ကြားဖူးတယ်။ ဂီတာနဲ့ တွဲပြီး ဆိုလို့ အတော်ကောင်းတဲ့ သီချင်းပဲဗျ။
Htoo Aung Lwin said...
ဂစ်တာတီးတာပဲ ကိုရွာသားရယ် လွယ်ပါတယ်
အသံထွက်ရင် ပီးတာပဲ
ဘယ်သူနားထောင်ကောင်းကောင်း အရေးမကြီးပါဘူး
ကျွန်တော့်လိုသာဆို ဘယ်လိုလုပ်မလဲ
ဘယ်သူမှလဲသင်မပေးဘူး
ဘယ်သူမှလဲ ဂစ်တာဝယ်မပေးဘူး
သူများတီးတာကို နားနဲ့ထောင် မျက်လုံးနဲ့ကြည့်
ကို့ဘာသာ တီးတတ်သလိုတီး
ကောင်းမှကောင်းပဲနော်
အဲ့လိုတီးတာကို အားပေးတာ ကျွန်တော့် ကောင်မလေး တစ်ယောက်ပဲရှိတယ်........... ဟဲဟဲ နောက်တာနော်
အရင်က ကျွန်တော် ရန်ကုန်မှာနေတုန်းကကော ခုနိုင်ငံခြားရောက်နေတုန်းကော ကျွန်တော့်မှာ ဂစ်တာလေး တစ်လုံးအမြဲ ရှိတယ် စိတ်တွေ ပင်ပန်းနေရင်ပဲဖြစ်ဖြစ် အရမ်းပျော်နေရင်ပဲဖြစ်ဖြစ် ညဘက်မှာ ဂစ်တာလေးတီးပြီး အပန်းဖြေလိုက်ရတဲ့ အရသာကို အရမ်းတတ်မတ်လွမ်းလို့ပါ။
ပန်းခရမ်းပြာ said...
ငယ်ငယ်တုန်းက ဂစ်တာတီး သင်ခဲ့ဘူးတယ်။
စိုးပိုင်ရဲ့ မင်းဘယ်လမ်းသွားသွား အပိုဒ်လေး တပိုဒ်နဲ့တင် ရပ်သွားတာပဲ။
ရွာသားလေး အဖေက တော်လိုက်တာ၊
ဂစ်တာဝယ်ပေးပြီး သင်ဘို့ ပိုက်ဆံတော့ မပေးဘူးနော်။
Moe Cho Thinn said...
ကောင်းပါတယ်။ တပည့်ကျော် မဲလုံးလဲ သူလိုချင်တာလေး ရွာသားပေးခဲ့တော့ အမြဲ အမှတ်ရ ကျေးဇူးတင်နေမှာ။ ကိုယ့်အိပ်မက်လေး သူများကို ဖန်ဆင်းပေးခဲ့တာပေါ့။
တို့အမျိုးသား သူငယ်ချင်းတယောက်လဲ သင်ဖို့ မတတ်နိုင်လို့ ၊ ရူးသွပ်လွန်းလို့ ကိုယ့်ဖာသာကို notes တွေ ဖတ်ပြီး ကိုယ်တိုင်ချတာ။ ဂစ်တာကို ကိုင်တာတောင် သူများနဲ့ မတူဘူး။ တမျိုးကြီး။ စနစ်တကျ မဟုတ်တော့လေ။ ဒါနဲ့ပဲ တီးဝိုင်းတွေမှာ တီးခွင့်ရတဲ့ ဂစ်တာသမားတယောက် ဖြစ်သွားတယ်။ သူ့ ဂစ်တာကိုင် တီးပုံကို ကြည့်ပြီး သူများနဲ့ မတူတော့ တကယ့်ဆရာကြီး ထင်ပြီး အထင်ကြီးလိုက်ကြတာ။ :D
ကိုလူထွေး said...
ကျွန်တော်လည်း အရင်နှစ်တွေက ခိုင်ထူးရဲ့ "အိမ်အလွမ်း" တို့ ဘာတို့  မတောက်တခေါက်နဲ့  ခေါက်ဖြစ်သေးတယ်။ နောက်တော့လည်း ကိုယ်မှတကယ်မတီးတတ်တာ သံယောဇဉ်မထားတော့ပါဘူးဗျာ။ လိုချင်တဲ့သူရှိတုန်း ပေးလိုက်တော့တယ်။
မဲလုံးကတော့ တကယ်တီးဖြစ်မယ်ဆိုရင် ပျော်နေမှာပေါ့ဗျာ။ ကုသိုလ်ရပါတယ်...
မိုးခါး said...
အင်း
ဂစ်တာသိပ်တီးတတ်ချင်တာ
ရွာသားလေးအစားတောင်နှမြောမိတယ်
ပိုင်ရှင်ကတော့ပြောမနေနဲ့တော့နော်
အိပ်မက်တွေ အကောင်အထည်ပေါ်ပါစေး)
တန်ခူး said...
အိပ်မက်တွေ အကောင်အထည်ဖော်လို့  ရပါတယ်… အားခဲ့ရင်ပေါ့….
သိပ်တော့ အထင်မကြီးလိုက်နဲ့ ဦးနော်… အမက ဂီတာ မပြောနဲ့  ၀ါးလက်ခုပ်တောင် သိပ်မှန်အောင် တီးတတ်တာ မဟုတ်ဘူး… တီးတတ်တာက အမ အမျိုးသားပါ… ခင်မောင်တိုး တို့  စိုင်းထီးဆိုင်တို့  ထူးအိမ်သင်တို့  ခိုင်ထူးတို့  မွန်းအောင်တို့  သီချင်းတွေ သူတီးရင် နားထောင်လို့  အကောင်းသား… တခါတခါ မြန်မာသီချင်းတွေတောင် တီးသေးတယ်… သူဘယ်လောက်ထိ တီးတတ်လဲတော့ အမမသိဘူး.. ဒါပေမယ့် အမလို လူမျိုး (ဘာတူရိယာ မှ မကျွမ်းကျင်တဲ့ လူမျိုး) ကတော့ နားထောင်ကောင်းနေတာပဲ… အခု အိမ်မှာ ဂီတာတလက်ရှိတယ်… သားမွေးပြီးကတည်းက သူဂီတာနား သိပ်မကပ်နိုင်ရှာဘူး… ရွာသားလေး အချိန်ပေးနိုင်ခဲ့ရင် သူ့ ကို သင်ပေးမလား မေးကြည့်ပေးမယ်… အိပ်မက်တွေ တကယ်ဖြစ်စေဖို့ ပေါ့….
Unknown said...
အိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖော်နိုင် ပါစေလို့  ဆုတောင်းမိတယ် အချိန်တွေရှိသေးတာပဲ
တို့ လည်း ဂစ်တာတီးပြီး သီချင်းဆိုရင် သိပ်သဘောကျ တာပဲ ကျောင်းတုန်းက သင်ပေးမယ့် အမရှိတာတောင် ကိုယ့်လက်လေးတွေ ကိုယ်သနားပြီး မသင်ခဲ့မိဘူး
အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနော် ဒါမှ ဆေးပေါ့လိပ်လား အုတ်ခဲတံဆိပ်လား ခွဲခြားသိမှာ
ဇွန်မိုးစက် said...
တို့လည်း ငယ်ငယ်က ဂစ်တာတီးသိပ်သင်ချင်ခဲ့တာ။ ထူးအိမ်သင်သီချင်းတွေကို ဂစ်တာတီးပြီးဆိုချင်ခဲ့တာအရမ်း။ တို့ဝမ်းကွဲအစ်ကိုအစ်မတွေတီးနေတာကြည့်ပြီးအားကျရုံပဲ။ အဲဒီ့အိပ်မက်တော့ အကောင်အထည်ဖော်ဖြစ်မယ် မထင်တော့ဘူး။