23 April 2016

ပင်လယ်ပြာပြာ ကျွန်းငယ်များဆီသို့ (၂)

မနက်စောစော နိုးနေကြတာနဲ့ ကမ်းခြေမှာ လမ်းဆင်းလျှောက်ကြတယ်။ ရေပြင်ကိုဖြတ်တိုက်တဲ့ လေနုအေးနဲ့ နူးညံ့တဲ့ သောင်ပြင်ဟာ သိပ်ကိုလှတဲ့ မနက်ခင်းတခုကို ဖန်ဆင်းပေးတယ်။ 
နေရောင်ဟပ်လို့ တိမ်တွေ အရောင်ပြောင်းသွားတာဟာ တွေးချင် ငေးချင်စရာပါ
အငှားခန္ဓာမြှောင်ရှာကြတဲ့ ဝင်ကစွပ်လေးတွေကလည်း ချစ်စရာ
ငါးဖမ်းထွက်မယ့် စက်လှေကလည်း လုပ်ငန်းခွင် သွားဖို့ အဆင်သင့်
 
မနက်စာ စားပြီးတဲ့အခါ ဒီနေ့တော့ တခုခုလုပ်ကြမယ်ဆိုပြီး စနူးကလင်း ကြည့်ဖို့ Activity center မှာသွားပြီး စာရင်းသွင်းပါတယ်။ စာရင်းလက်ခံတဲ့သူက ပင်လယ်ပြင်မှာ ရေကူးဖို့ ကောင်းကောင်းရေကူးတတ်ကြပါသလားဆိုတော့ ကျနော်တို့ အားလုံး ဟုတ်ကဲ့ လုပ်ခဲ့ကြတယ်။ တယောက်ကို ယူအက်စ် သုံးဆယ့်ငါးကျပ် ကျသင့်ပြီး  လိုအပ်တဲ့ပစ္စည်းတွေ ဟိုတယ်က ပေးပါတယ်။ ပိုက်ဆံ ရှင်းစရာမလိုပဲ အခန်းနံပါတ်ကိုပဲ တောင်းယူလိုက်တယ်။ သိပ်အဆင်ပြေတာပါပဲ။
စက်လှေနဲ့ ရေကြည်တဲ့ နေရာကို သွားကြတယ်။ ရေပြင်ဟာ စိမ်းလဲ့ကြည်တဲ့နေရာ ပြာတောက်နေတဲ့နေရာ အများအပြား။ နေရောင်ကလည်း လှတော့ သဘာဝဟာ ပန်းချီဆွဲ ဓါတ်ပုံရိုက်လို့တောင် မမှီတဲ့ အလှအပတွေပါပဲ။
 
စပြီး အဖွဲ့လိုက်ရေထဲဆင်းကြပြီ။ တကယ်တမ်း ပင်လယ်ထဲ ဆင်းတော့ ပထမ အသက်ရှူကိရိယာတွေနဲ့ အဆင်မပြေဖြစ်တယ် ဒုတိယ ပင်လယ်ထဲ ဒီအတိုင်းကူးရမယ်ဆိုတော့ ရေကူးလို့ အဆင်မပြေပြန်ဘူး။ တိုးခေါင်းဆောင်က စိတ်သိပ်မရှည်ပါဘူး။ ကျနော်တို့ကို ရေကောင်းကောင်းကူးတတ်တယ်လို့ ဘာလို့ပြောသလဲပြောပြောဆိုဆို ချန်ထားရစ်ခဲ့ပါတယ်။ ရာဇဝင်ထဲမှာ မဟုတ်ပဲ ပင်လယ်ပြင်ထဲမှာ သူထားရစ်ခဲ့ပါတယ်....
ကယ်တင်ရှင်မဏိမေခလာက အဲ့ဒီတော့မှ ပေါ်လာတယ်။ စိတ်ရှည်တဲ့ အီတာလျံမလေးပါ။ ကျနော်တို့ကို သေချာသင်ပေးပြီး ရေထဲကို ခေါ်သွားပါတယ်။ ကျနော့အတွက် စနူးကလင်း  လုပ်တာ ဒါ ဒုတိယတကြိမ်ပါ။ ဖူးခက်မှာ လုပ်ခဲ့ဖူးပေမယ့် ဒီလိုကျယ်ပြန့်ပြီး ရေစူးနက်တဲ့ ပင်လယ်ပြင် မဟုတ်ဘူးဆိုတော့ ဒါဟာ အတွေ့အကြုံသစ်ပဲပေါ့။ 
ရေတိမ်ပိုင်းမဟုတ်တဲ့အတွက် ကင်မရာနဲ့ ဟိုးအဝေးက ငါးတွေကို လှမ်းရိုက်လို့ မရပါဘူး။ နောက်တော့ ကျနော်တို့ရဲ့ မဏိမေခလာကပဲ လက်ထဲက ကင်မရာကို ယူပြီး ရေအောက်ငုပ်လျှိုးကာ သွားရိုက်ပေးခဲ့ပါတယ်။

ပြန်လာတဲ့လမ်းမှာ စက်လှေမောင်းတဲ့သူက မေးတယ် ကျနော်တို့ ဘယ်နိုင်ငံကလာသလဲတဲ့။ အာရှလူမျိုး အလာနည်းတဲ့ ကျွန်းငယ်လေးမို့ သူ့စိတ်ထဲ မနေနိုင်မထိုင်နိုင်မေးရှာတယ်။ မြန်မာပြည်က လာတာဆိုတော့ ဟာ မြန်မာလူမျိုး ဒါ ပထမဆုံး တွေ့ဖူးတာပဲတဲ့ ကျနော်တို့ လူမျိုးတွေ ခရီးသွား နည်းမနည်း ဆိုတာ ဒီတခုနဲ့တင် ပြောလို့ရနေပြီ။ 

ကမ်းစပ်ဟိုတယ်ကို ကပ်တဲ့အခါ ရည်ရွယ်ပြီး ရိုက်မယ်ဆိုတဲ့ ကိုးရိုးကားယား ခုန်ချတဲ့ ပုံတွေ မရမချင်း ရိုက်ကြတယ်။ နေ့လည်စာ စားပြီး ဟိုတယ်ဝန်းကျင်မှာ စိမ်းတဲ့အပင်တွေကြား၊ အဖြူရောင် သဲသောင်ပြင်၊ ကြည်လင်တဲ့ ပင်လယ်ပြင်နဲ့ တွဲပြီး ဟိုနားတစ ဒီနားတစ ဓါတ်ပုံရိုက်ကြတယ်။
မော်လဒိုက်ဟာ ကြင်စဦး ဇနီးမောင်နှံတွေ ပျားရည်ဆမ်း ခရီးထွက်တယ် ဆိုတယ်..
ဒီညနေတော့ နေဝင်ချိန်ကို စိတ်လိုလက်ရ ထိုင်ဖမ်းနေမိတယ်။
ညအမှောင်မှာ ကြယ်တွေရိုက်ချင်တဲ့ ကျနော့ကို သူငယ်ချင်းတွေက အဖေါ်လုပ်ရင်း ဆိပ်ခံတံတားပေါ်မှာ ကောင်းကင်ပြင်ကိုမော့ကြည့် သီချင်းတွေ ကိုယ်စီဖွင့်လို့ပေါ့။ 

တချို့ညတွေက အိပ်ပစ်လိုက်ရမှာ သိပ်နှမြောဖို့ ကောင်းတာနော်......

No comments: