25 April 2016

ပင်လယ်ပြာပြာ ကျွန်းငယ်များဆီသို့ (၃)

အိပ်မပျော်ကြတာနဲ့ မနက်လင်းခါနီးအထိ ထိုင်ရင်း ဓါတ်ပုံရိုက်နေမိတယ်။အဲ့ဒီညက အိပ်မပျော်တာဟာ အတော်လေး ဒုက္ခပေးတယ်ဆိုတာ အတော်လေး နောက်ကျမှ သိရတာတော့ မကောင်းပါ.....
ဒီတခေါက် မနက်စာ စားပြီးတဲ့အခါ ကျနော်တို့ စကူဘာ ဒိုက်ဗင်း ရေငုပ်ဖို့ စာရင်းသွားပေးကြတယ်။ စာရင်းယူထားလိုက်ပြီး ခဏနေ သင်တန်းလာတက်ပါလို့ ဆရာက ပြောပါတယ်။ တခါမှ ရေမငုပ်ဖူးတဲ့သူများ ဖြစ်တဲ့အတွက် ကိရိယာများအကြောင်းနဲ့တကွ ရေအောက်မှာ လိုက်နာရမယ့် စည်းကမ်းများ၊ တယောက်ချင်းရဲ့ ကိုယ်အလေးချိန်ကိုမေးပြီး ကျနော်တို့ ရေငုပ်ဝတ်စုံထဲမှာ အလေးတုံးတွေ ဘယ်လောက်ထည့်ပေးမယ်၊ အသက်ဘယ်လိုရှူရမယ်ဆိုတာက အစ တယောက်ကိုတယောက် အချက်ပေးရန် သင်္ကေတများ၊ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အခက်အခဲများ ကြုံရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာအဆုံး ကလေးတွေကို သင်သလို စိတ်ရှည်လက်ရှည် သင်ပေးပါတယ်။ ထုံးစံအတိုင်း ကျနော်တို့ကလည်း မေးခွန်းတွေ တလှေကြီးမေးတာပေါ့။ တခုချင်း တယောက်ချင်းရဲ့ မေးခွန်းတွေကို စနစ်တကျ ဖြေပေးတာကြောင့် ကျနော်တို့ ရေငုပ်ဖို့ စိတ်လှုပ်ရှားတာက လွဲပြီး အကြောက်အလန့် မရှိကြတော့ပါဘူး။

ပထမဆုံး ရေငုပ်ဖူးကြမှာဖြစ်လို့ ကျနော်တို့ ဟာ Snorkeling Course ပရိုဂရမ်ကိုပဲ လုပ်ခွင့်ရပါတယ်။ တယောက်ကို ယူအက်စ် သုံးဆယ့်ငါးကျပ် ကျသင့်မှာဖြစ်ပြီး တခြား ပစ္စည်းငှားခ ဘာညာပေးစရာမလိုပါဘူး။ ပြီးတော့ ထုံးစံအတိုင်း အခန်းနံပါတ်ကိုပဲ မှတ်ယူလိုက်တာဖြစ်ပါတယ်။ ဆရာက နှစ်ယောက်ရှိပြီး ကျနော်တို့ရဲ့ အသက်ရှူဘူးတွေနောက်ကနေ ကိုင်တွယ် သင်ပြမှာဖြစ်တာကြောင့် တခေါက်ကို နှစ်ယောက်ပဲ ရေထဲဆင်းလို့ရမယ်။ ပြီးတော့ တခြားဧည့်သည်နှစ်ဦးကလည်း ဒီနေ့အတွက် စာရင်း ပေးထားပြီးဖြစ်လို့ နှစ်ခေါက် ခွဲပြီးသွားမလားလို့ (ပထမအခေါက်နဲ့ နှစ်ယောက်လိုက်သွား ကျန်တဲ့သူက နောက်တခေါက်မှ) မေးတဲ့အခါ တယောက်မျက်နှာ တယောက်ကြည့်ပြီး ဟင့်အင်း ဖြစ်နိုင်ရင် သူတို့ အရင် ဒါမှမဟုတ် သူတို့နောက်တခေါက်လုပ်ပါ ငါတို့ အတူတူ ရေငုပ်ချင်ပါတယ်လို့ တညီတညာတည်း ဝိုင်းပြောကြတာပေါ့။ ရေငုပ်ဆရာက ဒါဆို တခြားဧည့်သည်တွေနဲ့ သူညှိနှိုင်းပေးပါဦးမယ် ဆိုပြီး လေပြည်အေးအေးလေးနဲ့ ပြောရှာတယ်။ သူ့လောက်စိတ်ရှည်ပြီး စကားပြော ငြင်သာတဲ့ ဆရာ ဘယ်မှာမှ မတွေ့ဖူးသေးဘူး အဟုတ်ပြောတာ.
သင်တန်းက ပြန်လာတဲ့အခါ ဟိုတယ်ဝန်းကျင်က သစ်ပင် ပန်းပင်တွေကို ဓါတ်ပုံလိုက်ရိုက်ကြတယ်။ 
ပုန်းညက်တွေ တွေမြင်တာနဲ့ ဝါဆိုကိုလည်း သတိရမိကြပြန်ရော။ အားလုံးက သီချင်းကြိုက်တဲ့သူချည်း ဖြစ်နေပြန်တာမို့ မြင်သမျှလည်း သီချင်းတွေ ဖြစ်ကြပြန်တယ်။
ဟိုတယ် စားသောက်ခန်းမ ဘေးက ဇိမ်ခံလို့ ကောင်းတဲ့ နားနေဆာင် နေရာလေးကိုလည်း ဓါတ်ပုံရိုက်
ရွက်လှေစီးတဲ့သူတွေကိုလည်း ပင်လယ်ကြီးနဲ့ အတူ မှတ်တမ်းတင်

နေ့လည်စာ အီတာလျံစပါဂတီကလည်း သိပ်စားကောင်းနေပြန်တယ်။ စားပြီးတဲ့အခါ တရေးမှေးကြစို့ ဆိုပြီး အခန်းပြန် မှေးစက်ကြတယ်။ 

ရေငုပ်ဖို့ ချိန်းထားတဲ့အချိန်ရောက်တဲ့အခါ သင်တန်းကျောင်းကို အင်အားပြည့် ချီတက်ကြတယ်။ ကိုယ်စီကိုယ်စီတော့ စိတ်တွေ လှုပ်ရှားနေတာ အမှန်ပါပဲ။ သင်္ဘောဆိပ်ကို လာကြတဲ့ တခြား ဧည့်သည်တွေနဲ့ဆုံတော့ သူတို့အရင် ရေငုပ်မယ်၊ သူတို့ပြန်တက်လာပြီး ကျနော်တို့ ငုပ်တာကိုစောင့်ပေးမယ် ဆိုတယ်။ အတော်လေး အဆင်ပြေသွားတာပေါ့။  သူတို့က ရေငုပ်ကျွမ်းကျင်သူများဖြစ်ပြီး ကိုယ်ပိုင်ရေငုပ်ကိရိယာတွေနဲ့ လေ. ဆရာတွေကတော့ သယ်ရမယ့် အောက်ဆီဂျင်ဘူးတွေ၊ ပစ္စည်းတွေကိုယ်စီစစ်နေကြလေရဲ့။ 

တော်တော်လေး မောင်းပြီးတဲ့အခါ ရေငုပ်ဝတ်စုံတွေဝတ်ဖို့ပေးလာတယ်။ ဝတ်စုံကို အသားနဲ့ကပ်ပြီး ဝတ်ရတဲ့အခါ အတော်လေးကြာတော့ အသက်ရှူကြပ်လာတာမို့ ရင်ဘတ်ကဇစ်ကိုဆွဲချထားရတယ်။ တခါမှအဲ့ဒီလောက် ကြပ်လောက်အောင် မဝတ်ဖူးဘူး။ နှာခေါင်းက အသက်ရှူတာကြောင့် အငွေ့တွေ မျက်မှန်မှာ လာရိုက်ရင်း ကြည့်ရတာဝါးလာရင် နှာခေါင်းနဲ့ပဲ Bubble တွေလုပ်ပြီး မျက်မှန်ကိုကြည်အောင် လုပ်ပါလို့ တဖွဖွမှာတယ်။ 
ကျွမ်းကျင်သူတွေ ရေထဲဆင်းတာ ကိုလည်း သေချာ ကြည့်ခိုင်းပါတယ်။ လှေပေါ်ကနေ အဆင်းမတော်ရင် ခိုက်မိနိုင်တယ်လေ။ ကိုယ်တွေက ပထမဆုံးတွေမဟုတ်လား...
ဆရာ့ပုံ အမှတ်တရ ခွင့်တောင်းပြီး ရိုက်လာတာ

သူတို့ပြန်တက်လာတဲ့အခါ ကျနော်တို့ အလှည့်ရောက်ပြီ။ အလေးတုံးတွေ ရှစ်တုံးလောက်တောင် ထည့်တယ် ထင်တာပဲ။ နောက်က အသက်ရှူဘူးနဲ့ အတော်လေး အလုပ်တွေရှုပ်နေပြီ။ ကဲ ထူးမနေဘူး ခုန်ချဆို ခုန်ချလိုက်တာပဲ။ Gopro ကိုလည်း ကျနော့လက်ထဲမှာ ထည့်ထားကြသေးတယ်။

ပြီးမှ ငုံ့ဆိုတော့ အသက်ရှူဖို့ အဆင်သင့်မဖြစ်ဘူး။ တယောက်ကို တယောက်လည်း ကြည့်မနေနိုင်ဘူး နားထဲမှာ အသံတွေတော့ ကြားတယ်။ တယောက် မရဘူးဆိုပြီး ပြန်တက်သွားတယ်.

ကိုယ်တိုင်ကလည်း ကျားကုတ်ကျားခဲ ရေငုပ်ရမှ ဖြစ်မယ်ဆိုပြီး ကြိုးစားနေရတာ။ ငုပ်လို့မရတော့ သူက ကြိုးလေး တချောင်း ချထားတဲ့ ဆီကို ခေါ်သွားတယ် ငါးမိနစ်လောက် ရအောင် နေကြည့်တဲ့ ရပြီဆို အောက်ထဲမှာ သွားကြည့်လို့ရပြီ ခေါင်းငုံ့ ကြည့်လိုက်တာနဲ့ ကြည်လင်တဲ့ ရေထဲမှာ ငါးတွေ သန္တာကျောက်တန်းတွေဟာ အတိုင်းသား ကြည့်နေရင်း ငါးမိနစ်ကျော်သွားတာ မသိလိုက်တော့ဘူး။ ခဏနေတော့ သတိရတာနဲ့ ခေါင်းဖော်ကြည့်တယ်။ မင်း...ရသွားပြီတဲ့ အောက်ကိုဆင်းမယ်ဆိုပြီး ကြိုးအတိုင်းကိုင်ဆင်းသွားတယ်။  အောက်သာရောက်ရော ကြိုးကိုမလွှတ်မိဘူး။ လူ့စိတ်ဆိုတာများ မသိစိတ်ကနေ ကိုယ့်ကိုကိုယ် ဘယ်လောက်ခင်တွယ်သလဲဆိုတာလေ....
ဆရာက လက်ကိုကိုင်ပြီး ကြိုးလွှတ်ဖို့ အချက်ပြတယ်။ ကြိုးလွှတ်တာနဲ့ စပြီးခေါ်သွားတော့တာပါပဲ။ ဓါတ်ပုံရိုက်ယူလာပေမယ့် အပြင်က မြင်ရသလောက် မလှတာသေချာတယ်။ သန္တာကျောက်တန်းတွေများ ကျောက်ပြားကြီးတွေလို ဧရာမ အချပ်လိုက် အချပ်လိုက်၊ ကျနော်တို့ ခြေထောက်က ရေယပ်ပြားကို မခပ်ရပါဘူး။ အလိုက်သင့်လေးပဲ စီးမျောနေရတယ်။ ကိုယ့်ကမ္ဘာမဟုတ်တဲ့ တခြားကမ္ဘာကိုသွားကြည့်ရတာ သိပ်စိတ်ဝင်စား ရင်ခုန်ဖို့ကောင်းတာပါပဲ။ ကျောက်တန်းတွေရဲ့ အဖျားထိပ်ကလေးတွေ အရောင်တွေ ပြောင်းသွားတာ ရေမှော်တချို့ လူအသက်ရှူသလိုဖောင်းလိုက်ပိန်လိုက်ဖြစ်နေတာ လူမြင်တာနဲ့ ငါးရောင်စုံလေးတွေဟာ ကျောက်တုံးတွေနောက်ကို ပြေးပုန်းကြတာ..အားလုံးဟာ ရှုချင့်စဖွယ် အထူးအဆန်းတွေချည်း...







တကယ်က ကျနော်တို့ ရေငုပ်ချိန် နာရီဝက်ရပါတယ်။ မိနစ်နှစ်ဆယ်ကျော်လောက်မှာတော့ ညက အိပ်မပျော်တာရယ်၊ စားထားတဲ့ အီတာလျံစာတွေပြည့်နေတာရယ်၊ ဓါတ်ပုံရိုက်ချင်ဇောနဲ့ လူကို ဟိုလှည့်ဒီလှည့် လုပ်လွန်းတာရယ်ကြောင့် ခေါင်းတွေ မူးနောက်လာပါတယ်။ ခေါင်းတွေနောက်တာအပြင် ပျို့အန်ချင်တဲ့ စိတ်က ထိန်းမရတော့တာကြောင့် ဆရာ့ကို အချက်ပြတယ်။ အပေါ်တက်ဖို့ လက်မထောင်ပြတော့ ဆရာက ဘာဖြစ်သလဲပြန်မေးတယ်။ သင်ခန်းစာမှာ အန်ချင်တာ ကို ဘယ်လိုအချက်ပြရမယ်ဆိုတာ မပါတာမို့ ပြန်ဖြေဖို့ ခက်နေတယ်။ အသက်ရှူကြပ်တယ်ဆိုတဲ့ သင်္ကေတပဲ ပြလိုက်တော့ ဆရာက အင်္ကျီမှာပါတဲ့ ခလုပ်တချက်လာနှိပ်တယ်။ အပေါ်ကို ဝုန်းခနဲ တက်သွားပြီး ဆရာလိုက်လာတယ်၊ အဲ့ဒီတော့မှ ငါအန်ချင်တယ်ဆိုတော့ ဆရာက အန်လိုက်တဲ့ ပင်လယ်ရေ ထဲမှာ အားရပါးရ အန်ပစ်လိုက်တယ်။ သွားပေတော့ စပါဂတီတွေရေ.....

အားလုံး လှေပေါ်တက်ကြပြီး ဟိုတယ်ကိုပြန်ခဲ့ကြတယ်။ နှမြောတော့နှမြောသား စိတ်က နောက်ထပ် ရေထဲမှာ နေချင်တုန်း။ လူကတော့ ဟိုတယ် ရောက်တဲ့အထိ ခေါင်းမထောင်နိုင်ဘူး။ ဆရာတွေကတော့ အီတာလျံ စားဖိုမှူးလက်ချက်ဆိုပြီး ပွစိပွစိ လုပ်နေကြလေရဲ့....တကယ်က အစားကြီးတဲ့ ကိုယ့်အပြစ်မဟုတ်လား..

ဒီညနေတော့ ဟိုတယ်အခန်းထဲမှပဲ မှိန်းပြီး ကျန်နေရစ်တယ်။ အစားလည်း သိပ်မစားရဲပြန်ဘူး။ အန်ထားတဲ့အရှိန်နဲ့ ရင်ဘတ်က နာနေသေးတယ်။ ခရီးစဉ်တလျှောက် အရာရာနဲ့ အကြောင်းကြောင်းဆိုပါတော့လေ.

ညစာစားပြီးတဲ့အခါ ဟိုတယ် ဧည့်ကြိုကောင်တာကို လာဖို့ ခေါ်ထားတာနဲ့ သွားကြတယ်။ မနက်ဖြန် မနက်စာ အေးဆေးစားပြီးမှ လေဆိပ်ကိုသွားမယ်၊ ကျနော်တို့ ခရီးဆောင်အိတ်တွေကို မနက်စာလာစားရင်း ကောင်တာမှာ လာထားပေးဖို့ (ဟိုတယ်က လေဆိပ်မှာ Check in ဝင်ပေးထားနှင့်တာမို့ အတော်လေး အဆင်ပြေပါတယ်)၊ပြီးတော့ ကျနော်တို့ အသုံးစရိတ်တွေ ရှင်းပေးဖို့ ပြေစာနဲ့တကွ စစ်ပြီး ငွေရှင်းပေးဖို့ပါ။

ဧည့်သည်ကို ဝန်ဆောင်မှု ဘယ်လိုပေးရမယ်ဆိုတာ အတော်ကို နားလည်တဲ့ ဟိုတယ်ပါပဲ။ စိတ်ညစ်ညူးစရာ တခုမှမရှိခဲ့ဘူး။ အားလုံးဟာလည်း ဆုံလိုက်ကြုံလိုက်တိုင်း ပြုံးရွှင်လို့ လွတ်လပ်ပေါ့ပါးစွာ။

မနက်ဖြန်မနက်ကို ဘယ်သူမှ မရောက်ချင်ကြဘူးလေနော့.....

တုန်နေပေမယ့် အမှတ်တရအဖြစ် ရိုက်လာတဲ့ ဗီဒိုလေး ခေါင်းတော့မူးမယ်နော် သတိ (ကြည်ကြည်လေး မြင်ရအောင် 1080ကိုပြောင်းကြည့်ပါဗျာ)

No comments: