23 April 2016

ပင်လယ်ပြာပြာ ကျွန်းငယ်များဆီသို့ (၁)

၂၀၁၄ အကုန်မှာ ၂၀၁၅အတွက် ခရီးသွားဖို့ဆိုပြီး တိုင်ပင်ကြတယ်။ ၂၀၁၄ ကျနော်စီစဉ်တဲ့ခရီးတွေ လိုက်ဖြစ်တဲ့ သူတွေက ၂၀၁၅ အစီအစဉ်သစ်ကို တွန်းတွန်းတိုက်တိုက်ဖြစ်နေကြပြီ။ ဂျပန်ကို ချယ်ရီကြည့်ချင်တာမို့ သွားရအောင်က တမျိုး၊ ဖိလစ်ပင်းက ပါလဝမ်ကမ်းခြေကို သွားကြမယ်ဆိုတာက တဖုံ ပိုက်ဆံ စုကြဖို့ တိုက်တွန်းရင်း ဗီဇာကိစ္စနဲ့ ဂျပန်က အဆင်မပြေဖြစ်၊ စရိတ်စကကြီးတဲ့ ဖိလစ်ပင်းလည်း မဖြစ်တဲ့နောက် ဗြုန်းဆို Expedia က ဈေးချတဲ့ အစီအစဉ်ကို ကြည့်မိလျက်သား တိုက်ဆိုင်သွားခဲ့တယ်။ 

မရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို ပင်လယ်ပြာပြာ လောကနိဗ္ဗါန်ဘုံ ကျွန်းလေးတွေဆီကို သွားဖို့ ဖြစ်လာခဲ့တယ်။ ဈေးချထားတဲ့အစီအစဉ်က အသွားအပြန် လေယာဉ်ခရီးနဲ့ ဟိုတယ်တွေ တွဲလျက်ပါ။ ဟိုတယ်တွေရွေးကြတော့ မော်လဒိုက်ကျွန်းမကြီးကနေ သင်္ဘောနဲ့သွားလို့ရတဲ့ ဟိုတယ်၊ ဒေသတွင်းလေယာဉ်ပျံထပ်စီးရမယ့် ဟိုတယ်စသည်ဖြင့် ရွေးချယ်စရာတွေကို ကုန်ကျမယ့်စရိတ်နဲ့ ကျနော်ကချပြတယ်။ ပြီးတော့ အစားအသောက်အတွက် ကျွန်းငယ်ငယ်က ဟိုတယ်တွေဆိုတော့ တခြားရွေးချယ်စရာ ပြင်ပစားသောက်ဆိုင်လည်း ရှိမှာမဟုတ်ဘူးလေ။ half board full board  စသည်ဖြင့် မနက်စာနဲ့နေ့လည်စာပဲ ယူတဲ့ဈေး၊ အစားအသောက်အကုန်တာဝန်ယူတဲ့ဈေး ထပ်ရွေးရပြန်တယ်။ မနက်စာစားတဲ့ အချိန်ပဲ ဖျော်ရည်တိုက်ပြီး ကျန်တဲ့ နှစ်ချိန်မှာတော့ ဝယ်သောက်ရမှာဖြစ်တယ်။ ရေသန့် အလကား မရပါဘူး။ ရေသန့်ဟာ မော်လဒိုက်မှာ အရှားဆုံးအရာထင်ပါရဲ့။

အားလုံးသဘောတူ ဝယ်မယ်ဆိုပြီးဝယ်လိုက်တဲ့အချိန်မှာ ဟိုတယ်နဲ့လေယာဉ်နှစ်ခုပေါင်း တယောက်ကို စလုံးတထောင်ဖြစ်နေပြီ။ မထူးပါဘူး ဝယ်လိုက်ပါတော့မယ်ဆိုပြီး ဝယ်လိုက်ပေမယ့် စိတ်က သိပ်မပြတ်သေးဘူး။ နောက်တနေ့ ပြန်ကြည့်တော့ တယောက်ကို ရှစ်ရာကျော်လောက်ဈေးက ပြန်ကျနေတယ်။ Expedia မှာ သူတို့ဆီက ဝယ်တဲ့ဈေးဟာ မှန်ကန်ကြောင်း အာမခံတယ် ဆိုတဲ့ အစီအစဉ်ရှိတာကြောင့် သူတို့ကို လှမ်းပြီး ကွန်ပလိန့် တက်ပါတယ်။ ကျနော့ကွန်ပလိန့် မှန်တဲ့အတွက် ခြားနားနေတဲ့ ပမာဏကို ပြန်အမ်းခဲ့တယ်။ လေယာဉ်၊ဟိုတယ်နဲ့ စားသောက်စရိတ်အပြီး သုံးညအိပ်လေးရက်ခရီးအတွက် တယောက်ကို စလုံးရှစ်ရာကျော်ပဲ ကျတာမို့ ကျနော့ခရီးစဉ်ဟာ တန်တယ်လို့ ပြောကြတယ်။ ပုံမှန်အေးဂျင့်တွေဆီမှာ ဝယ်ရင် နှစ်ထောင်လောက်က စပါတယ်။

တခုပဲ ကျနော်တို့ရွေးလိုက်တဲ့ ဟိုတယ်က ဒေသတွင်း လေယာဉ်ထပ်စီးရတယ်။ အဲ့ဒီလေယာဉ်စရိတ်ကတော့ များတယ်ဗျ။ တယောက်ကို အသွားအပြန် ယူအက်စ် ၃၄၀ ပေးရတာမို့ပါ။ ဒေသတွင်း လေယာဉ်ကိုတော့ ဟိုတယ်ကပဲ တာဝန်ယူဝယ်ပေးထားပြီး ဟိုတယ်ရောက်တဲ့အခါ ကျသင့်ငွေ ရှင်းပေးရမယ်ဆိုတယ်။

စိတ်လှုပ်ရှားမှုတွေနဲ့ ဖေဖော်ဝါရီလကုန်ဖို့ကို ဒီဇင်ဘာလဆန်းကတည်းက စောင့်နေကြတယ်။ ခရီးစဉ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်လိုက်ကြ၊ ဟိုရောက်ရင် ဘယ်လို ဓါတ်ပုံရိုက်မယ်ဆိုတာမျိုးကအစ စဉ်းစားနေကြတာပါပဲ။ တယောက်ကတော့ ရေအောက်ဓါတ်ပုံရိုက်ဖို့ GoPro ကင်မရာတောင် ဝယ်ထားနှင့်ပြီ။ တက်ကြွတဲ့ ကြက်ဖကြီးတွေပေါ့လေ...

ဖေဖေါ်ဝါရီ ၂၇ရက်နေ့မှာ ကျနော်တို့ ခရီးစဉ်စတယ်။ လေးနာရီကျော် ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ပေါ်မှာ တောက်လျှောက်ပျံရမှာ။ ပျင်းစရာကောင်းပေမယ့် စိတ်လှုပ်ရှားနေတာနဲ့ လေးနာရီဟာ သိပ်မကြာသလိုပါပဲ။ ခရီးစဉ်အစမှာပဲ ကျနော့ရဲ့ ပြဿနာစတယ်။ အိမ်ကအခန်းဖေါ်တွေ မြန်မာပြည်က သယ်လာတဲ့ ချဉ်ပေါင်ကျော်တွေ နင်းခွစားထားပြီး လေယာဉ်စတက်တဲ့အချိန်မှာ ဝမ်းပျက်တာပါ။ ပုံမှန် ခဏပဲ ကြာတဲ့ လေယာဉ်တက်ချိန်ဟာ ကျနော့အတွက် တကမ္ဘာမက ကြာတယ်ဆိုပါတော့။
မော်လဒိုက် လေဆိပ်ကိုရောက်တဲ့အထိ ဝမ်းက ပျက်နေတုန်း။ ဒါပေမယ့် ပင်လယ်ပြာပြာကို စမြင်ရတာနဲ့ ရောဂါမေ့ပြီး ဓါတ်ပုံရိုက်တော့တာပဲ။ ခရီးသည်တချို့က သင်္ဘောဆိပ်ကိုဆင်း၊ ကျနော်တို့ကတော့ ဟိုတယ်က စီစဉ်ပေးတဲ့ ဂိတ်ကိုသွား၊ အဲ့ဒီလူဆီမှာ အိတ်တွေထား ဓါတ်ပုံရိုက်နေ့လည်စာစား။ ပြီးမှ သူလိုက်ပို့ပေးတဲ့ ပြည်တွင်းလေဆိပ်ကို ချီတက်.
 
လေယာဉ်ပေါ်ကနေ ကျွန်းငယ်လေးတွေ ကို ရင်သပ်ရှုမောငေးဖို့ အချိန်၄၅မိနစ်ရတယ်။ ကျနော်တို့ဟိုတယ်က ဟာနီမန်ဒိုဆိုတဲ့ ကျွန်းလေးပေါ်မှာ။ ၂၀၁၄ နိုဝင်ဘာက ဖွင့်ထားပြီး အီတလီလူမျိုးပိုင် The Barefoot eco ဆိုတဲ့ ကြယ်လေးလုံးအဆင့်ဟိုတယ်လေးပါ။ ဟာနီမန်ဒိုကိုရောက်တဲ့အခါ ဟိုတယ်က ကြိုတဲ့ကားနဲ့ အင်္ကျီဖြူနဲ့ဝန်ထမ်းတယောက်က အဆင်သင့်ရောက်နေပြီ။

ဟိုတယ်ရောက်ရောက်ခြင်း welcome drink နဲ့အတူ တာဝါနွေးနွေးလေးနဲ့ ကြိုဆိုတယ်။ ကျနော်တို့နေတဲ့ အခန်းကို လိုက်ပို့တဲ့အခါ စနစ်တကျ နာမည်နဲ့တကွ ကြိုဆိုကြောင်း စာရေးပြီး အခန်းကို ပြင်ဆင်ထားတာ အိမ်ကို ပြန်လာတဲ့ မိသားစုဝင်တယောက်ကို ကြိုသလိုမျိုးခံစားမိတယ်။ ပြီးတော့ အခန်းထဲက ပစ္စည်းတွေ မီးခလုတ်တွေကအစ သေချာရှင်းပြပေးတယ်။

အကြိုက်ဆုံးက အခန်းသော့ 
ရေချိုးခန်းထဲက ဆပ်ပြာ
အဝတ်တန်း
ပြီးတော့ အခန်းရှေ့က ပင်လယ်....



ရောက်တဲ့အချိန်က ညနေလေးနာရီကျော်ပြီဆိုတော့ ဘာအစီအစဉ်မှ ကျနော်တို့ လုပ်လို့မရတော့ပါ။ ခဏနား ရေထဲ ဆင်းပြီး ဓါတ်ပုံရိုက်ကြ။ နေဝင်ရှုခင်းကို သွားငေးကြတယ်။ ပင်လယ်ထဲ နေလုံးကြီး ငုပ်လျှိုးသွားတာ စိတ်ထဲတမျိုးကြီးပဲ။
ညစာစားဖို့ သွားတဲ့အခါ ဝိတ်တာက ကျနော်တို့ထိုင်ချင်တဲ့ နေရာကိုရွေးပါတဲ့။ နေထိုင်တဲ့ရက်အတွင်း အဲ့ဒီ စားပွဲဟာ ကျနော်တို့အတွက် သတ်မှတ်ပေးထားမှာဖြစ်ပြီး ကျနော်တို့ သီးသန့်မှာစားသမျှကို ဒီစားပွဲကနေ အခန်းနံပါတ်နဲ့ တွဲမှတ်ထားမှာ ဖြစ်တဲ့အကြောင်း ရှင်းပြတာမို့ ရှုခင်းကောင်းကောင်းနေရာကို ရွေးကြရတယ်။

ဘူးဖေးစားသောက်စရာတွေဟာ များလွန်းတာမို့ ဘာရွေးချယ်ရမှန်းမသိအောင်ကို ဖြစ်ကြရတယ်။ များသောအားဖြင့်တော့ အနောက်တိုင်းအစားအစာ များပါတယ်။

စားသောက်ပြီး ခရီးပန်းလာတာကြောင့် အဲ့ဒီညတော့ စောစော အိပ်လိုက်ကြတယ်......

No comments: