မဲဆောက်ကနေ ဘန်ကောက်ကိုပြောင်းလာတဲ့ ကျနော့ဘကြီးက ဘန်ကောက်ကို လာလည်ဖို့ခေါ်တဲ့အခါ ခရီး သိပ်မသွားတတ်တဲ့ ကျနော်က လွယ်လွယ်ပဲ ခေါင်းငြိမ့်မိပြန်တယ်။ လေးငါးရက်လောက်ဆို လောက်ပါတယ်ဆိုပြီး လေယာဉ်လက်မှတ်ဝယ်တယ်။ လူလည်ဘကြီးကို ကျနော်သွားချင်တဲ့ နေရာတွေစာရင်းပေးရတာပေါ့။ ကျနော်သွားချင်တာ ချင်းမိုင်၊ချင်းရိုင်နဲ့ ရွှေတြိဂံနယ်စပ်ပါလို့....
ဘကြီးက ချင်းမိုင်မှာ သူ့ သူငယ်ချင်းရှိတယ်တဲ့။ ချင်းမိုင်ကို ရထားနဲ့သွားချင်ပါတယ်ဆိုတော့ ရထားလက်မှတ်အရောင်းပိတ်ထားတာမို့ နီးတော့မှဝယ်မယ်ဆိုတယ်။ တကယ်တမ်း တလလောက်အလိုမှာ ရထားလက်မှတ်မရှိတော့။ ဆိုတော့ ကားနဲ့သွားကြမယ် ကားလက်မှတ်ဝယ်ဖို့ ကြည့်ကြတော့ ဆူခိုထိုင်ဆိုတဲ့ နာမည်က ဘွားခနဲပေါ်လာတယ်။ သပိတ်မှောက်နေတဲ့ ဘန်ကောက်မြို့ကို ထရန်စစ်လိုပဲလုပ်မယ် လေယာဉ်ပေါ်ကဆင်း ဆူခိုထိုင်သွားတဲ့ကားထပ်စီးမယ်။ မနက်စောစော ဆူခိုထိုင်ကို ရောက်ပြီပေါ့။
ဆူခိုထိုင်မှာ တညအိပ်မယ် အစီအစဉ်ပြောင်းပြီ၊ ခရီးက ရက်သိပ်မလောက်ချင်တော့။ ဒါနဲ့ လေကြောင်းလိုင်းကိုဆက်သွယ်တယ် ရက်ရွှေ့လို့ရမလားပေါ့။ Thai Airways ပါ။ အပြန်ကိုရွှေ့ချင်တာမို့ ဘန်ကောက်ကို ဆက်သွယ်ပါဆိုပြီး စင်္ကာပူရုံးကပြောပါတယ်။ ဘန်ကောက်ကို အီးမေးလ်အသွားအပြန်လေးရက်ကြာမှ ဘန်ကောက်က ရက်ပြောင်းပေးလို့ မရဘူး စင်္ကာပူရုံးကိုပြန်ဆက်သွယ်ပါလုပ်ပြန်တယ်။ စင်္ကာပူရုံးက ကျနော်ပြောင်းချင်တဲ့ရက် လက်မှတ်မရှိတော့ပါဘူးရောင်းလို့ ကုန်ပြီဆိုတယ်။ အွန်လိုင်းမှာ စစ်ကြည့်တော့ လေယာဉ်လက်မှတ်က ရနေသေးတယ်။
ပရိုမိုးရှင်းနဲ့ဝယ်တာမို့ဆို ပြောင်းလို့ကျသင့်တဲ့ငွေပေးပါ့မယ် ရွှေ့ပေးပါဆိုတာ နှစ်ရက်လောက်နေမှ အဲ့ဒီရက် ရွှေ့လို့မရဘူးအကြောင်းပြန်တယ်။ ဒါနဲ့ နောက်တရက်ဆုတ်ပေးပြန်တော့လည်း မရဘူး၊နောက်တရက် ထပ်ဆုတ်တော့လည်း မရဘူး၊ စိတ်က သိပ်မရှည်တော့တာနဲ့ ဘယ်ရက်ရသလဲ အကြံပေးပါမေးတော့လည်း သူတို့က အဲ့လိုပြောလို့ မရဘူး ကျနော်တို့ပဲ ရွှေ့ချင်တဲ့ရက်ကို ပြောရမယ်လည်းဆိုရော စိတ်ကို ကုန်ပါလေရော။
စင်္ကာပူရုံးကို ဖုံးဆက်တဲ့အခါ ခရီးသွားမှာ ဘာလို့ ရက်ကို သေချာအောင် မလုပ်သလဲ ဆိုပြီး လေသံမာမာနဲ့ ဆူပါတယ်။ စိတ်ကအတော်လေး တိုသွားတာနဲ့ အော်ထုတ်ပစ်လိုက်တယ် လောကမှာ မထင်မှတ်တာတွေ အမြဲဖြစ်တယ် အားလုံးကို အသေမှတ်မနေနဲ့ ငါလည်း စီစဉ်တာပဲ ဒါပေမယ့် ဖြစ်လာတာတော့ ငါလည်း မတတ်နိုင်ဘူး။ မပြောင်းပေးနဲ့တော့လို့ ပြောပြီး နင်တို့လေကြောင်းလိုင်းနဲ့ သေခန်းပြတ်ပြီလို့ ပြောပြီးတခါတည်း ဖြတ်ချလိုက်တယ်။ Bye Bye Thai Airways...
ဘန်ကောက်ကို ခုနှစ်နာရီခွဲမှာရောက်ပါတယ်။ ဘကြီးက လေဆိပ်မှာလာကြိုတယ်။ လေဆိပ်ကနေ အမြန်ရထားနဲ့ မြို့ထဲကိုသွားကြတယ်။ ရထားပေါ်ကနေ သပိတ်မှောက် လူအုပ်ကိုမြင်နေရတယ်။ သီချင်းတွေဖွင့်ပြီး ကတဲ့သူက၊ ထမင်းစားတဲ့သူစားလို့ စည်ကားနေတာ။ မြို့ထဲဘူတာကနေ ဆိုင်ကယ် ကယ်ရီနဲ့ ဆူခိုထိုင် ကားဂိတ်ကိုသွားကြတယ်။ ဘကြီးဆိုင်ကယ် ကယ်ရီက အရင်ရောက်ပြီး ဘကြီးတယောက် သူ့ပိုက်ဆံအိတ်ပျောက်နေတယ်တဲ့။ ပိုက်ဆံအိတ်ကို ကျနော့လက်ထဲက အိတ်ထဲမှာ လေဆိပ်မှာတုန်းက ထည့်ထားခဲ့တာတဲ့လေ။ အတော်စိတ်ချရတဲ့ ဘကြီးလေ...
ဆူခိုထိုင်ကို မနက်လေးနာရီ အစောကြီးရောက်ပါတယ်။ ကားပေါ်ကနေ ဆင်းလိုက်တာနဲ့ လူက တုန်ခနဲနေအောင် အေးစိမ့်သွားတယ်။ ညမနက်အစော အပူချိန် ၁၄/၅ဒီဂရီလောက် ဖြစ်မယ်ထင်တယ်။ နေ့ခင်းတော့ ၁၈ဟာ နေသာထိုင်သာ အတော်ရှိတယ်။ တုပ်တုပ်နဲ့ ဟိုတယ်ကိုချီတက်ကြတယ်။ တိုက်တဲ့လေနဲ့ အရိုးတွေစိမ့်အောင် အေးတာကို မနည်း သည်းခံရတယ်။
ဟိုတယ်က မနက်အစောကြီး Check in ပေးဝင်ပါတယ်။ ဟိုတယ် အခန်းထဲရောက်မှ နွေးသွားတော့တာ။ တုပ်တုပ်သမားကို နေထွက်ချိန်ကြည့်ဖို့ လာခေါ်ပါ ချိန်းလိုက်ပြီး အခန်းထဲမှာ တရေးနှပ်ကြတယ်။
ဆူခိုထိုင်ဆိုတာ အရုဏ်ဦးရဲ့ ပျော်ရွှင်မှုလို့ အနက်ပြန်ရမယ်။ ၁၂ရာစုကနေ ၁၅ရာစု အထိ ဆူခိုထိုင်မင်းသက်တည်တယ်။ ယိုးဒယားနိုင်ငံတော်ရဲ့ အစဟာ ဆူခိုထိုင်ကနေ စတယ်လို့ တချို့လည်း ယုံကြည်ထားကြလေရဲ့။ သူ့အရှေ့မှာ တခြားနိုင်ငံတွေရှိခဲ့ဖူးပေမယ့် သူ့လောက်မကြီးကျယ်ခဲ့ဘူးတဲ့။ ဆူခိုထိုင်ဟာ ယိုးဒယားနဲ့ ခမာရောစပ်နေတယ်။ ခမာဗိသုကာကိုလည်း မြင်နေရတယ်။ အရင်ကတော့ အတော်ကို ကြီးကျယ်ခမ်းနားမယ့်ပုံရှိပေမယ့် အခုလက်ရှိတော့ ပျောက်ကွယ်လုမြို့ရိုးနဲ့အတူ ပြိုပျက်နေတဲ့ ဘုရားစေတီအစုစုဟာ မြို့ငယ်လေးရဲ့ တနေရာမှာ တိတ်ဆိတ်ငြိမ်သက်နေရပြီလေ.
နေထွက်ရှုခင်းရိုက်ဖို့ တောင်ပေါ်က ဘုရားတဆူကို လိုက်ပို့ပါတယ်။ ကိုယ့်ထက်ဦးတဲ့ စုံတွဲတတွဲက ရောက်နှင့်ပြီ။ သူတို့ ထိုင်နေတာလေး ချစ်ဖို့ကောင်းလို့ ရိုက်ခွင့်တောင်းပြီး နောက်ကနေ ရိုက်ယူထားလိုက်တယ်။ ဘကြီးကတော့ သူများစုံတွဲပုံတွေ့တော့ အားကျနေမှာပေါ့လေ။
အကြိုက်ဆုံးကတော့ ဝပ်ဆီချွမ်လို့ခေါ်တဲ့ ဘုရားကို ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံရိုက်ရတာကိုပါပဲ။
တုပ်တုပ်သမားနဲ့ မြို့တပတ် ပတ်ပြီးတဲ့အခါ၊ အဓိက ဆူခိုထိုင်ရှေးဟောင်းယဉ်ကျေးမှုနယ်ကို ပတ်ခဲ့တာပါ၊ ဟိုတယ်ပြန်နားကြတယ်။ သဘောကောင်းတဲ့ ကျနော်တို့ တုပ်တုပ်သမား။ ညနေ နေဝင်ရှုခင်းရိုက်ဖို့ ပြန်ထွက်မယ်ဆိုတော့ အနားမှာ ဆိုင်ကယ်ငှားမလားဆိုပြီး ရှာကြည့်တယ်။ ဆိုင်ကယ်ကို နေ့တဝက်စာငှားပြီး အေးတဲ့လေထုထဲမှာ အရှိန်မြင့်စီးရတာ ပျော်စရာတမျိုးကောင်းတယ်။ ဝေးဝေးလံလံသွားကြည့်ချင်ပေမယ့် နေရာသေချာ မသိဘူးလေ။ တုပ်တုပ်နဲ့တုန်းက ဝင်ကြေးကောက်ပေမယ့် ဆိုင်ကယ်နဲ့လာတဲ့အခါ ကျနော်တို့ကို ဒေသခံလို့ထင်သွားပုံရတယ် ဝင်ကြေးလာမကောက်တော့ဘူး။
ဆူခိုထိုင်ကို စတည်ထောင်ခဲ့တဲ့ ဘုရင်ရဲ့ အမှတ်တရ ရုပ်ထုနဲ့ လာကန်တော့ထားတဲ့ ဖက်စိမ်းကွမ်းတောင်တွေ....
ညနေခင်း နေဝင်ချိန် တအားကြီး မလှခဲ့ပါဘူး။ တချို့လူတွေ ရိုက်ထားတာတော့ အရမ်းလှတဲ့ ညနေခင်းတွေ။ ကျနော်မရိုက်တတ်တာလည်း ပါမှာပေါ့လေ....
နောက်နေ့မနက် ဆူခိုထိုင်ဟိုတယ်လေးရဲ့ မနက်စာဟာ နေခြည်နွေးနွေးအောက်မှာ တကယ့်ကို ကျေနပ်အားရစရာ။ နေ့လည် ချင်းမိုင်ကိုတက်ဖို့ ကားလက်မှတ်ဖြတ်ပြီးပြီ။ ကားက နေ့လည်မှ ထွက်မှာဆိုတော့ အိတ်တွေထားပြီး အနားကိုလျှောက်လည်ကြတယ်။
ဈေးထဲကို ဖြတ်တဲ့အခါ စားစရာတွေ တခုပြီးတခု ဝယ်မိတော့တာပေါ့။
ဘုန်းကြီးကျောင်းထဲက ရေကန်ထဲမှာ ငါးအစာကျွေးတဲ့အခါ ကျောင်းတော်ရာကိုတောင် ပြန်သတိရမိတယ်။
ကျနော်တို့ ချင်းမိုင်ကို ဆက်ကြမယ်လေနော့.....