ကျနော်က ခရီးသွားရတာကို
နှစ်သက်တယ်။ ခရီးမထွက်ခင် ကျနော် သွားမယ့် နေရာတွေရဲ့ အချက်အလက်တွေ၊ ပြီးတော့ ကျနော်
ယူဆောင်သွားမယ့် အရာတွေ စသည်စသည်ကို စီကာစဉ်ကာ အမြဲလုပ်တတ်ပါတယ်။ အဲ့ဒီလောက် စီစဉ်ပေမယ့်
လွဲမှားသွားတဲ့ အကြောင်းအရာလေးတခုက အခု ဒီစာဖြစ်ဖို့ တွန်းအားပေးနေခဲ့ပါရောလား….
လောလောလတ်လတ်ပြီးခဲ့တဲ့
ရုံးပိတ်ရက်က ကျနော် ခရီးထွက်ခဲ့တယ်။ ကျနော်နဲ့ သူငယ်ချင်း နှစ်ယောက်အပါအဝင်ပေါ့။ လေဆိပ်ကို
ဘယ်လိုဆင်းမယ်၊ ဆုံမှတ်နေရာ အချိန်တွေက အစကျနော်တို့ တိုင်ပင်ထားပြီးသား။ ဒါပေမယ့်
သူငယ်ချင်းတယောက်က သူ့ကိုယ်ရေးကိုယ်တာ တခုကြောင့် နောက်ကျခဲ့တာကလွဲရင် ကျနော်တို့ အတော်လေး
အဆင်ပြေတယ်။
ဗိုက်ဆာတတ်တဲ့
ခရီးသွားတယောက်ပါလာတာ အတော်လေးတော့ ရီရပါတယ်။ လေဆိပ်မှာ မနက်စာမကျ နေ့လည်စာမရောက်စားခဲ့ပြီးပေမယ့်
လေယာဉ် လေထဲတက်တာနဲ့ ဗိုက်ဆာတယ်လို့ အသံထွက်လာပါတော့တယ်။ သွားတဲ့လေကြောင်းလိုင်းက ဖျော်ရည်တွေတိုက်တဲ့လှည်းထွက်လာတဲ့
အခါ ဟယ်ထမင်းမကျွေးဖူးလားလို့ တအံ့တသြမေးလာတဲ့သူ့ကို ကျနော်တို့တွေက စနောက်ရင်း တချိန်လုံးသူ့ခမျာ
ဗိုက်ဆာဆာနဲ့ စောင့်ရရှာတယ်။ မျှော်လင့်တကြီးတော့ စောင့်ဟန်မတူပါဘူး အိပ်ပြီးတော့ စောင့်ရှာတာပါ။
တကယ်ထမင်းကြော်နဲ့
ပုဇွန်ကွေးကွေးချစ်စရာလေးတွေကို မြင်ရတဲ့အခါ သူမျက်နှာလည်း လဝန်းကြီးလိုသာ ပါတော့တယ်။
စားသောက်ပြီးတဲ့အခါ ငြိမ်ပြီးပြန်အိပ်သွားပါရော။
လေဆိပ်ကို
သတ်မှတ်ထားတဲ့အချိန်အတိုင်း ဆိုက်ရောက်ပြီး အရာရာဟာ ချောမွေ့ဆဲ။ သက်ဆိုင်ရာ လူဝင်မှုကိုဖြတ်အပြီး
ကျနော်တို့ ခရီးဆောင်အိတ်တွေ ယူရမယ့်နေရာကနေ စောင့်နေပေမယ့် တအိတ်မှ ထွက်မလာပါဘူး။
အိတ်မပါတဲ့ သူငယ်ချင်းကို လူဝင်မှုကနေထွက်တဲ့ အပေါက်ဝနားမှာ စောင့်နေခိုင်းတာမို့ သူလည်း
တမျှော်မျှော်စောင့်နေရာကနေ ကျနော်တို့ အိတ်ထုတ်တဲ့နေရာကို ရောက်လာတဲ့အထိ အိတ်တွေက
ထွက်မလာသေး။
နောက်တော့
အိတ်ယူရမယ့် နေရာကို ပြောင်းသွားတာတွေ့လိုက်တာမို့ ကျနော်တို့တွေ နောက်ကြောင်းပြန်လျှောက်ကြတယ်။
လည်နေတဲ့အိတ်တွေထဲမှာ ကျနော်တို့ အိတ်တွေကို တွေ့လိုက်ရပြီ။ သူငယ်ချင်းအိတ်ကို ချပြီး
ကျနော့အိတ်ကိုချတဲ့အခါ ချလိုက်တဲ့အိတ်က သော့မပါတာကို ချက်ချင်းသတိထားမိတာမို့ လေကြောင်းလိုင်းက
ကပ်ပေးတဲ့ စတစ်ကာကို ကြည့်ပြန်တယ်။ ကျနော့နာမည် မဟုတ်ပါ။ ပြန်တင်ပေးလိုက်ရင်း စိတ်ထဲမှာ
လေးလံမှုကို တပြိုင်နက်ခံစားလိုက်ရတယ်။
လည်နေတဲ့အိတ်တွေ
လျော့သွားပေမယ့် အဲ့ဒီအိတ်ဟာ ပိုင်ရှင်မဲ့နေတုန်း။ သေချာပြီဆိုတဲ့ သတိပေးချက်က စိတ်ထဲမှာ
လင်းထိန်လို့။ နောက်ဆုံး တခြားလေယာဉ်ရဲ့ အိတ်တွေ ထွက်လာတဲ့အခါ သူတို့ရဲ့ Lost
& Found ကို အကြောင်းကြားဖို့ ခြေလှမ်းပြင်လိုက်ပါတော့တယ်။
ထုံးစံအတိုင်း
စစ်ဆေးမေးမြန်းမှုများနဲ့ လိုအပ်တဲ့ စာရွက်စာတမ်း၊ မှတ်တမ်း တွေယူအပြီးမှာ ကျနော်နားမလည်တဲ့
ဘာသာစကားတွေနဲ့ သူတို့ အပြန်အလှန်တွေပြောကြတယ်။ ဘယ်လောက်ထိစောင့်ရဦးမယ်မသိတာမို့ အပြင်ဖက်မှာ
လာကြိုတဲ့ ကားကို သူငယ်ချင်းနှစ်ယောက်က ထွက်ပြီး ပြောနှင့်နေကြပြီ။ နောက်ဆုံးအချိန်ထိ
သူတို့က ကျန်နေတဲ့အိတ်ဟာ ကျနော့အိတ်မဟုတ်ပါဘူးဆိုတာ သေချာပါသလားလို့ တယောက်ပြီး တယောက်လာမေးနေကြတုန်း။
ထပ်ခါထပ်ခါပြောနေလက်စနဲ့
မနက်ဖြန်မနက်အစောကြီး ခရီးထပ်ထွက်မှာမို့ ဒီညနေ အိတ်ရမှဖြစ်မှာဆိုတာကိုပါ ထည့်ရွတ်ပေးနေမိတယ်။
မပူပါနဲ့ လေကြောင်းကနေ ဒီနေ့ညနေ ဆက်သွယ်လာပါလိမ့်မယ်လို့ပဲဖြေတယ်။ ကြိုတဲ့ကားဆီထွက်လာပေမယ့်
စိတ်ကတော့ လေဆိပ်မှာ ကပ်ပြီး ကျန်နေရစ်ခဲ့ပါတယ်။
ဒီလေဆိပ်မှာ
အခုလို ကသောင်းကနင်းဖြစ်တာ ဒါ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်က ကျနော့ပိုက်ဆံအိတ်တခုလုံး
လာပို့တဲ့ ကားထဲမှာ ကျန်နေရစ်ခဲ့တာ။ လေကြောင်းလိုင်းကို Check_in ဝင်ရင် မှတ်ပုံတင်ကဒ်လိုတာမို့
ကဒ်တွေအားလုံးကလည်းပိုက်ဆံအိတ်ထဲမှာ၊ ဘယ်ပြေးရမှန်းမသိဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ရင်
အတော်လေး သနားစရာ။
လေဆိပ်ထဲက
အင်ဖော်မေးရှင်း ကောင်တာကနေ ဟိုတယ်ကိုဆက်၊ ဟိုတယ်ကနေ ကားသမားကိုဆက်ပြီး ကားထဲမှာ ကျန်နေခဲ့တယ်၊
ကားသမားလာပြန်ပေးနေပြီ ကောင်တာဘေးမှာ စောင့်နေပါလို့ အသံကြားရတဲ့အခိုက်ဟာ လှိုက်ခနဲ
ပျော်သွားတယ်။ ရိုးသားတဲ့ကားသမားကိုကျေးဇူးတင်ပါတယ်။
တော်ရုံတန်ရုံ
ကျနော်က လွဲခဲပါတယ်။ ဒါပေမယ့် ကျနော့မှာလည်း အလွဲတွေရှိတယ်။ အဲ့ဒီအလွဲတွေက ဒိုင်ယာရီထဲမှာ
အများကြီး။ တချို့ကိုတော့ မှတ်မိရဲ့။ တချို့ကတော့ မေ့ကျန်ရစ်ခဲ့ပြီ။ အခုအလွဲလေးကိုတော့
မမေ့ခင်လေး အမှတ်တရ တို့ထားချင်တာ သက်သက်ပါ….
စာကြွင်း။
။အိတ်မှားတဲ့သူက ဟိုတယ်ကို သူကိုယ်တိုင်လာပေးပါတယ်။ အိတ်က သော့ကိုဖျက်ထားတာကလွဲရင်
ပစ္စည်းအားလုံး ပြန်ရတယ်။ အပြန်ခရီးမှာ သူနဲ့ တချိန်တည်းဖြစ်နေတာမို့ သူ့ကို ကျနော့အိတ်မှာ
သော့ချိတ်ထားကြောင်း ပြတော့ လိုက်ပို့တဲ့ သူ့အမေက သူ့သားအိတ်မှာ နာမည်တွေ ပတ်ပတ်လည်
ရေးထားလိုက်ပြီဆိုတာ ကျနော့ကို ပြန်ပြရင်း ကျနော်တို့ အားလုံး အတူတူ ရယ်ဖြစ်ကြတယ်။
No comments:
Post a Comment