28 October 2014

ရေမွှေးမြစ်၊ သိမ်းမွေ၊ အန်ကယ်ဟို ပြီးတော့ နှစ်သစ်ကူးည

ကွေးကွေးလေးနဲ့ နှပ်နေတာ အတော်တောင်ကြာလို့ စာဖတ်သူတွေတောင် ဒီခရီးစဉ်ကို မေ့လောက်ရောပေါ့။ သွားခဲ့တဲ့ခရီးတွေကို ရေးတဲ့အခါ ဓါတ်ပုံတွေစုရ၊ အကြောင်းအရာတွေကို ပြန်ဖတ်၊ ခရီးစဉ်တွေကို ပြန်စဉ်းစားရနဲ့ အတော်လေး နှောင့်နှေးစေတယ်။ စိတ်မအား လူမအား ဖြစ်ရတဲ့အခါ ခရီးသွားအကြောင်းအရာတွေကို တော်တော်နဲ့ ပြန်မကိုင်ဖြစ်လို့ပါ…






ဟွေးရဲ့ နောက်ဆုံးနေ့မှာတော့ နာမည်ကျော် ရေမွှေးမြစ်ထဲမှာ သင်္ဘောစီးခြင်းပေါ့။ ဂိုက်နဲ့အတူ သင်္ဘောဆိပ်ကိုဆင်းတယ်။ မြန်မာပြည်နဲ့ အတော်လေးဆင်ပါတယ်။ ကျနော်တို့ မကွေး-အထက်မင်းလှ သင်္ဘောခရီးစဉ်ကို ပြန်သတိရစေတယ်။ 


သင်္ဘောခရီးစဉ်တလျှောက် မြစ်ထဲက ဘေးဘယ်ညာကို ဓါတ်ပုံတွေ ရိုက်တယ်။ တိုးဂိုက်က အသံတခုပြုတဲ့အခါမှ နောက်ကို လှည့်ကြည့်မိတယ်။ သင်္ဘောပိုင်ရှင်ရဲ့ ကလေးဟာ ပန်းချီကားလေးတွေနဲ့ ကျနော့ကို စျေးရောင်းချင်လို့ စောင့်နေရှာတယ်။ ကျောင်းတက်သလားလို့ မေးတော့ တက်တယ်တဲ့။ ဒါဆို သူတို့ပညာရေး မဆိုးလှဘူးပေါ့။




မြစ်ထဲမှာ ငါးမျှားသူ၊ ခေါင်းလျှော်သူ၊ လှေလှော်သူတွေကို ဓါတ်ပုံ ရိုက်ဖြစ်ခဲ့တယ်။



ဗီယက်နမ်မှာ အမြင့်ဆုံး ဘာသာရေး အဆောက်အအုံအဖြစ် ရှိနေဆဲ သိမ်းမွေ ဗုဒ္̕ဓဘာသာ ဘုရားကျောင်းဟာ ရေမွှေးမြစ်ရဲ့ မြောက်ဖက်ကမ်းဦးမှာ ရှိတယ်။ မြစ်ထဲကနေ မြင့်မားတဲ့ အဆောက်အဦးကို မြင်နေရပြီ။ ကမ်းနဖူးက ဘုရားဟာ အရပ်ရပ်က ခရီးသွားတို့ လှမ်းမျှှော်ဖူးချင့်စဖွယ်။ 


၁၆၀၁ခုနှစ်မှာ ပထမဆုံးသောငုယင်ဘုရင်တည်ခဲ့တာ ဖြစ်ပြီး နတ်သမီး ဒါမှမဟုတ် နတ်ဘုရား တပါးက အဲ့ဒီမြေနေရာမှာ ဘုရားတည်ဖို့ တိုက်တွန်းခဲ့တယ်။ တိုက်တွန်းပြီးတာနဲ့ နတ်သမီးဟာ မျက်စိရှေ့တင်ကနေ ချက်ချင်းကွယ်ပျောက်သွားခဲ့တယ်လို့ ယုံကြည်ခဲ့ကြတယ်။


စတည်ကာစက ရိုးရှင်းစွာ ဆောက်လုပ်ထားပေမယ့် နောက်ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုတွေနဲ့ ယနေ့မြင်ရတဲ့ ဘုရားကျောင်းပုံစံဖြစ်နေခဲ့ပါပြီ။ တိုးဂိုက်က မြစ်ကမ်းကို ကပ်ပြီးဆောက်ထားတဲ့ စည်းရိုးဘောင်ပေါ်ကနေ ရေမွှေးမြစ်ကို ဓါတ်ပုံရိုက်ဖို့၊ ထင်းရှူးပင်ကြီးတွေနဲ့ ပဏာရနေတဲ့ ဘုရားကျောင်းကို ဓါတ်ပုံရိုက်ဖို့ တဖွဖွပြောနေလေရဲ့။

ကျောင်းဝန်းတနံတလျားကိုလည်း လျှောက်ကြည့်ဖို့ တိုက်တွန်းတာမို့ တိုက်တဲ့လေနုအေးကို ရှူရှိုက်ရင်း ကျောင်းဝန်းအနှံ့ လျှှောက်ကြည့်နေတုန်းမှာ ကားတစင်းကိုသွားတွေ့တယ်။ အဲ့ဒီကားရဲ့ နောက်ခံဇာတ်လမ်းဟာ ကြက်သီးထဖွယ်စရာ ကောင်းတဲ့ အဖြစ်အပျက်ကိုပါ တွေ့လိုက်ရတယ်။

ကားပိုင်ရှင်က သင့်ကွမ်ဒပ် လို့ ဘွဲ့ရတဲ့ ရဟန်းတပါးရဲ့ကားပါ။ အဲ့ဒီကားကို ဒီဘုရားမှာ သိမ်းထားတာဖြစ်ပြီး အဆိုပါ ရဟန်းရဲ့ နာမည်ကျော်ဓါတ်ပုံကို ကျနော် ဟိုတယ်ရောက်မှ အင်တာနက်ထဲမှာ ရှာကြည့်ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်ကာလ ဗီယက်နမ် နိုင်ငံရဲ့ ဘာသာရေး အချေအတင်ဖြစ်ကြရာကနေ ဒီရဟန်းက သူ့ဘာသာသာသနာအတွက် ဓါတ်ဆီငါးဂါလန်ပုံးကို ကိုယ်ပေါ်လောင်းကာ မီးရှို့ဆန္ဒပြခဲ့လိုပါပဲ။ သင်္ကန်းတွေ အသားတွေ တဖြည်းဖြည်းလောင်ကျွမ်းနေတဲ့အထဲကနေ ကြာပန်းပုံ ဝတ်ပြုလျက် သူရဲ့ ဓါတ်ပုံဟာ ကမ္ဘာတလွှားမှာ အတော်ကို ကျော်ကြားသွားခဲ့တယ်။ တကိုယ်လုံးလောင်ကျွမ်းသွားသည့်တိုင် လှုပ်ခြင်း ရုန်းကန်ခြင်း ငိုညည်းခြင်းမရှိတဲ့ သူ့အဖြစ်အပျက်က အားလုံးကို တုန်လှုပ်သွားစေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအဖြစ်အပျက်ကို ဂိုက်က အတိုချုံးပြောသွားပြီး နောက်မှ သေချာရှာဖတ်ခဲ့တာပါ။ ကျောင်းဝန်းတလျှောက် တိတ်ဆိတ်ငြိမ်သက်မှုကတော့ အံ့သြစရာကောင်းလှပါတယ်။

အပြန်ကိုတော့ မြစ်ကြောင်းနဲ့ မဟုတ်ပဲ ကားနဲ့လာခေါ်ပါတယ်။ နေ့လည်စာစားသောက်ပြီးတဲ့အခါ ညနေဖက်မှာ လျှောက်လည်ဖို့ ဆိုက်ကလိုလို့ခေါ်တဲ့ ဆိုက္ကားဆရာနဲ့ ချိတ်ပေးပါတယ်။ ဆိုက်ကလိုဆရာက ညနေ ခြောက်နာရီ ဟိုတယ်ရှေ့မှာ စောင့်နေမှာဖြစ်ပြီး ကျနော်သွားချင်တဲ့ နေရာတွေကို မောင်းပို့ပေးဖို့ ဂိုက်က ပြောပေးရှာတယ်။



ရေမိုးချိုး ညနေ ခြောက်နာရီ မှောင်ရီပျိုးချိန်မှာ ဆိုက်ကလိုဆရာနဲ့ ဟွေးညနေခင်း ခရီးကိုဆက်ခဲ့တယ်။ အဓိက ရိုက်ချင်တာ ခရမ်းရောင်နန်းတော်ရဲ့ ညခင်းမီးထွန်းချိန်ပါ။ ဒါပေမယ့် နန်းတော်ကြီးကို အမှောင်ချထားတာမို့ အခွင့်မသာခဲ့ဘူး။



ရိုးရာအိမ်ဆိုတဲ့နေရာလေးတွေ လိုက်ပို့ပေးတယ်။ စျေးရောင်းဖို့ ဦးတည်ထားတဲ့ နေရာတွေဆို ဝေးဝေးရှောင်တာမို့ ခပ်ကြာကြာမနေဖြစ်ခဲ့ဘူး။





အားလုံးထဲကမှ အန်ကယ်ဟိုရဲ့ အိမ်အဟောင်းကို ပိုပြီး စိတ်ဝင်စားပါတယ်။ အန်ကယ်ဟိုဟာ ဟွေးမှာ ကျောင်းတက်ခဲ့ပြီး တော်လှန်ရေး စိတ်ဓါတ်တွေ အဲ့ဒီအရပ်ကနေ စတင်မွေးဖွားခဲ့တယ်လို့ ဆိုနိုင်တယ်။ အန်ကယ်ဟိုရဲ့ ရိုးစင်းလှတဲ့ ကျေးလက်အိမ်ကလေးကို ဓါတ်ပုံအမှတ်တရ အမှောင်ထဲကနေ မဖြစ်ဖြစ်အောင် ရိုက်ခဲ့ပါတယ်။

အပြန်လမ်းမှာတော့ နာမည်ကျော် ဖိုလို့ခေါ်တဲ့ ဗီယက်နမ်ခေါက်ဆွဲကို ဆိုက်ကလိုဆရာ အကူအညီနဲ့ လမ်းဘေးက ဆိုင်မှာ စားဖြစ်ခဲ့တယ်။ ဒေသခံတွေ တော်တော်များများ စားနေကြတာ အားရစရာ။ ခေါက်ဆွဲနဲ့တင် မရပ်သေးပဲ ဘဲတွေ အကောင်လိုက်ကင်နေတာကို တခြမ်းမြည်းဖို့ ဝယ်တာ စလုံးလေးကျပ်လောက်ပဲ ပေးရတာ။ မကုန်ဘူးဗျာ အရှုံးပေးခဲ့ရတယ်။







အဲ့ဒီညက နှစ်သစ်ကူးညမို့ တမြို့လုံး လူတွေဟာ အပြင်မှာချည်းထင်တယ်။ ပြင်သစ်တွေ ဆောက်ခဲ့တဲ့ တံတားကို မီးရောင်တွေပြောင်းပြီး အလှဆင်ထားတယ်။ တံတားဒီဖက်ကထိပ်ကနေ ဟိုဖက်ထိပ်ကို ပြီးအောင်လျှောက်တယ်။ ဓါတ်ပုံရိုက်တယ်။ ခဏလောက်နေတော့ ဟိုတယ်ကို ပြန်လျှောက်လာခဲ့တယ်.

ဟိုတယ်ပြန်ရောက်တာနဲ့ နောက်နေ့ တခြားမြို့တခုကို ခရီးဆက်မှာမို့ ခရီးဆောင်အိတ်ပြန်စီရတယ်။ မနက်စောစောပြန်ထွက်ဖို့အတွက် စောစောအိပ်လိုက်တာပဲ ကောင်းပါတယ်။

 မနက်ခင်း ဟွေးမြို့က မိုးတဖွဲဖွဲကျပြီး နှုတ်ဆက်နေခဲ့ပြီ။ နောင်တချိန် ပြန်တွေ့ကြဦးစို့လို့………..

No comments: