လိုက်ကာကို
ဖယ်၍ ပြတင်းတံခါးကနေ ကြည့်နေမိသည်။ တံခါးချပ်တို့ လေတိုးသည့်အတိုင်း လှုပ်ယမ်းနေသည်ကို
ကျော်ပြီး ကြည့်သည်။ ဝေးသွားသော အရာတခုက ဘယ်တော့မှ ပြန်နီးလာနိုင်တော့မည် မဟုတ်…
တောက်ပသော
အရောင်တခု မြင်ခဲ့ဖူးသော ရက်တို့ကို တွေးမိသည်။ တောက်ပခြင်းကို နှစ်လိုစွာ ငေးခဲ့ဖူးသည်မှာ
အတိအကျ။ အရောင်တို့ ကူးစက်လာသယောင် ခံစားမိတိုင်း သူ ကျနော့ကို အကျွမ်းဝင်လာသည်ဟု ယုံကြည်မိသည်။
တကယ်တမ်းက အရောင်တွေ ကူးစက်မလွယ်သော ကျနော့အဖြစ်ကို မေ့လျော့သူမှာ ကျနော်ဖြစ်နေခဲ့သည်။
ထိုအခါ တောက်ပခြင်းက
ကျနော့အဖြစ်ကို သိသည်ဟု ကျနော်က ထင်နေခဲ့သည်။ တောက်ပခြင်းက ကျနော့ကို ချည်နှောင်လိုသည်ကိုလည်း
တဖြည်းဖြည်းနှင့် သိလာခဲ့သည်။ သူချည်နှောင်လိုသော အရာက ကျနော့အတောင်တွေဖြစ်နေတာတော့
မကောင်းပါ။
သူနဲ့ ပတ်သက်၍
ဘယ်အရာကိုမှ ချုပ်ကိုင်မထားလိုခဲ့။ သူလင်းလာသော အချိန်မှာကျနော်က အဆင်သင့်ဖြစ်နေခဲ့သော
ကျနော့စိတ်ကိုပဲ ငြိုငြင်နေခဲ့ပါသည်။ ညကြီးအချိန်မတော် သူလင်းလာသောအခါ အိပ်ရေးပျက်ခြင်းကိုပင်
မသိကျိုးကျွန်ခဲ့သည်အထိ။ ထိုသို့ မသိကျိုးကျွန်ခဲ့သည်မှာ ကျနော် တယောက်တည်း မဟုတ်ခဲ့ပြန်။
တောက်ပခြင်းဖြင့်
ရင်းနှီးခဲ့ပြီဟု စိတ်ထဲက ရှိသောအခါ ယိမ်းယိုင်နေသော စိတ်ကို တည့်မတ်ရန် ခဲယဉ်းစပြုလာသည်။
အမှီအတွယ်မဲ့ ရပ်နေခဲ့သော်လည်း အလင်းတစဖြင့် ထောက်ကူပြုလိုသည်။ ဘယ်သူ့ကိုမှ မျှဝေခြင်းမရှိခဲ့သော
ကိုယ့်အစိတ်အပိုင်းများကို မျှဝေချင်လာသည်။ သို့သော် ထိုအစိတ်အပိုင်းများသည် ပူသည်အေးသည်ကို
ကိုယ်တိုင်က ထည့်မတွက်ခဲ့ပါ။
တောက်ပခြင်း၏
အရိပ်ကိုသာမြင်ခဲ့ရသည်ကိုလည်း ဘယ်တော့မှ မမေ့ခဲ့။ သူ၏ အရိပ်တွေက အရောင်တွေစုံလှသည်လေ။
အရိပ်စစ်ကိုပင် ပြခဲလှသော သူ့ကို အပြစ်တင်ချင်သော်လည်း နားလည်နိုင်ခဲ့သော ကိုယ့်ကိုကိုယ်ပင်
အပြစ်တင်သင့်သည် မဟုတ်ပါလား။
လင်းလိုသည့်အခါ
လင်း၍ မှောင်လိုသည့်အခါ မှောင်သွားသည့် ထိုတောက်ပခြင်းကို ကျနော် နားလည်ရန် တဖြည်းဖြည်း
ခက်လာပြီဖြစ်သည်။ လူသားဆန်သော ကျနော့အတွက် ကျနော် အလင်းကို အလိုရှိလျက် မရနိုင်ပါသော အလိုမကျခြင်းတွေသာ
လက်ဝယ်တွင် ရှိသည်။ အားနာတတ်သော၊ သူများကို အနှောက်အယှက်မပေးလိုသော ကျနော့အတွက် ငြိမ်သက်နေခြင်းသည်သာ
အားထုတ်မှုဖြစ်ခဲ့သည်။
တောက်ပခြင်းက
ကျနော့ကို နားမလည်သလို၊ ကျနော်ကလည်း တောက်ပခြင်းကို နားမလည်ခဲ့သည်မှာ အသေအချာ။ ကျနော် စနစ်တကျ ထုတ်ပိုးသိမ်းဆည်းခဲ့သည်မှာ
ပျော်ရွှင်ခြင်း နှစ်လိုခြင်းများဖြစ်၍ အချိန်မရွေး ကျနော်ဖွင့်ကြည့်တတ်သည်။ ထိုသို့သော
နေ့က ဆိုသော အကြောင်းအရာတို့ဖြင့် ကျနော့ပျော်ရွှင်ခြင်းအိပ်မက်ကို တဖြည်းဖြည်း နိုးထ အသက်ဝင်စေခဲ့သည်။ ကျနော်တတ်နိုင်သည်က
သည်မျှသာ.
ပြတင်းပေါက်က
ငေးကြည့်နေရင်း မိုးစက်တို့ထိတွေ့လာသည်။ မည်းမှောင်သော အာကာပြင်တခုသက်သက်ကိုပဲ ကျနော်
မြင်တွေ့နေရသည်။ မိုးစက်တို့ စိပ်လာသောခါ မျက်နှာပြင်တခုလုံး အေးစက် စိုရွှဲလာချေပြီ။
ကျနော် ပြတင်းပေါက်ကို ပိတ်မထားလိုပါ….
တကယ်တမ်း တောက်ပခြင်းကတော့……………..
No comments:
Post a Comment