မှော်ဆိုတာမျိုးကအံ့ဖွယ်သရဲ…ထူးကဲပါဘိခြင်း။ မှော်အောင်တယ်ဆိုတော့ မှော်ဆရာတွေများလား.မဟုတ်ဘူးတဲ့၊ မှော်အောင်တယ်ဆိုတာ ကျောက်အောင်သလိုမျိုး ပိုက်ဆံတွေ အများကြီးရတာဆိုပါလား။ အဲ့ဒီမှော်ဆိုတဲ့ စကားလုံးက ပဥ္စလက်ဆန်ဆန် ကျနော့ဆီကို ရောက်လာခဲ့တယ်…
ကျနော်တို့အရပ်မှာ မှော်ကို မသိရင် ရန်ကုန်မရောက်ဖူးတာထက် ခေတ်နောက်ကျပါတယ်။ လူငယ်တိုင်းရဲ့ အိပ်မက်ဟာ ဟိုအရင်တုန်းက ဖားကန့် ကျောက်စိမ်းတွင်းတွေဆီကနေ၊ နမ့်တောရွှေမျှောတွေဆီကနေ ဒီနေ့အသစ်စီးဆင်းလာတဲ့ မှော်ပဲဖြစ်ပါတယ်။ မကွေးတိုင်း မင်းလှနဲ့သရက်လမ်းအပိုင်းထဲက ဒဟတ်ပင်ကနေ အခုဆို ရွာသစ်၊ထကိုင်း(ထန်းကိုင်း) အထိ ရေနံလုပ်ကွက်တွေ ချဲ့ထွင်ပြီး ကိုယ်ပိုင်လုပ်ငန်းတွေအဖြစ် လုပ်ကိုင်ရင်း မှော်ဆိုတဲ့ အိပ်မက်တခုက နယ်ခံများကိုသာမက အမြို့မြို့အနယ်နယ်က လူတွေကိုပါ လွှမ်းမိုးထားနိုင်ခဲ့ပြီ။
လုပ်ကိုင်လိုသူတွေဟာ လယ်ရှင်တွေဆီကနေ လုပ်ကိုင်ခွင့်မြေငှားရမှာ ဖြစ်ပြီး ငှားရမ်းခက ဆယ်ပေပတ်လည်ကို တလ သုံးသိန်းခန့်ကစပါတယ်။ တိုင်သုံးတိုင်ကို ဖိုခနောင့်ဆိုင်ပြီး တာလပတ်တွေ အစီအရီအုပ်ထားတဲ့ လုပ်ငန်းခွင်ဟာ ဟိုတစ ဒီတစကနေ ပြွတ်သိပ်ကျပ်ပြည့်လာခဲ့တယ်။ စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့အတူ လိုအပ်တဲ့ စက်ပစ္စည်းတွေ ဝယ်ပြီးရင် လုပ်ငန်းခွင်ကို စလို့ရပါပြီ။ ငွေထုတ်သူတယောက်နဲ့ ကျန်တဲ့လုပ်ကိုင်သူတွေဟာ ရလာတဲ့ အကျိုးအမြတ်ကို ဝေပုံချ ယူကြမှာပဲဖြစ်တယ်။
တွင်းချင်း ကပ်နေပါလျက် ရေနံမထွက်တာမျိုးရှိသလို၊ ကံထူးသူများကြတော့ လျှံတွင်းဆိုတာမျိုးနဲ့ ကြုံကြိုက်လို့ တနေ့ကို ၁၄-၅ ပီပါ ရတာမျိုးလည်း ရှိပါတယ်။ အဲ့လိုမျိုးဆို မှော်အောင်တဲ့ သူတွေအဖြစ် အားလုံးက သတ်မှတ်ကြတော့တာပါ။ ရေရတဲ့ မြေလွှာကို ကျော်တဲ့အခါ ကျောက်အလွှာထုကို တခါဖောက်ရပြန်တယ်။ မှော်သမားအချင်းအချင်း နောက်လေ့ရှိတဲ့စကားက အိမ်က မိန်းမကိုတောင် တူးထားတဲ့မြေကိုနမ်းသလောက် မနမ်းဖူးဘူးတဲ့။ ကျွမ်းကျင်သူတွေက မြေရဲ့အနံ့ကိုလိုက်ပြီး ဘယ်လောက်ထပ်တူးရမယ်ဆိုတာ၊ ဒီနေရာ ရေနံမထွက်ဘူး စသည်ဖြင့် ခွဲခြားနိုင်တယ်။ ရွှံ့စေးမြေကိုမရုန်းနိုင်လို့ တူးနေလက်စကနေ ကျစ်သွားတဲ့အခါ တရုတ်စက်ကလေးမှာ မီးခိုးတွေ တလူလူထွက်လို့။ တွင်းတိုင်းက အပြိုင်တူးကြတာမို့ စက်သံတွေဟာ ဘဝဂ်ညံစေတယ်။ မီးခိုးတွေက တလူလူနဲ့ ရာသီဥတုပူပြင်းတာမို့ တော်ရုံတန်ရုံလောဘနဲ့တော့ မနေနိုင်ဘူးလို့ တွင်းသွားတူးဖူးတဲ့ သူငယ်ချင်းတယောက်ကတော့ ပြောရှာတယ်။
ရေနံရပြန်တော့ ပွပြီဟေ့လို မမှတ်ပါနဲ့ဦး။ ညဖက်ညဖက် ခပ်ထားတဲ့ပုံတွေကို ခပ်လွယ်လွယ် ဓါးရေးပြပြီး အသာလေးယူသွားတတ်ကြသေးတယ်။ အသက်ဘေးဆိုတော့ ပေးရတာပါပဲ။ ကုန်ခါမှကုန်ရော နှမြောတာတော့ မပြောပါနဲ့တော့။ ဖြစ်နိုင်ရင် ဖက်လုံးပြီး ပြန်လိုချင်တာ အဟုတ်။ ဓါးရေးမပြတဲ့အခါကျတော့ တခြားအရေးတွေ ရှိပြန်သေးဗျ။ တမြန်နှစ်က company ဆိုတဲ့ အမြတ်ကြီးစားတွေ လူမိုက်မွေး ခေါင်းပုံဖြတ်မှုတွေကို မခံမရပ်နိုင်တဲ့အခါ အပြန်အလှန်သတ်ပုတ်ကြရင်း ဓါးထိုးမှု၊ ဝိုင်းဝန်းရိုက်နှက်မှု ဆိုတာလည်း ရှိရဲ့။
တွင်းကနေ ပီပါတွေနဲ့ မင်းလှမြို့ကို ရောင်းပါတယ်။ ဆီကောက်တဲ့သူတွေက တခါ ပီပါကို ကြီးထားပြန်တော့ ကိုယ့်ဖက်က ပါပြန်ရော။ တခါ ဆက်ကြေးဆိုတဲ့ ကောက်သူခံသူတွေက တမှောင့်။ လုပ်ငန်းခွင်ထဲ ကောက်သလို၊ ဆီသယ်တဲ့ လမ်းတလျှောက်လည်း မိုးတွင်းမှာ မှိုတွေပွင့်သလို ပခုံးပေါ်ကအပွင့်တွေကလည်း ဖွေးဖွေးကိုလှုပ်လို့။
ဆီမထွက်ပဲ ရှုံးတာမျိုး ရှိသလားဆိုတော့ ဟုတ်ကဲ့ ရှိပါတယ်။ တလကို အနည်းလေး သိန်းနှစ်ဆယ်ကနေ သုံးဆယ်အတွင်း အသာလေးပဲ။ မှော်အိပ်မက်ကနေ မှော်အောင်သူမှော်ဆရာ မဖြစ်ပဲ၊ လယ်ဆုံး အိမ်ဆုံး နွားဆုံးဆိုတဲ့ မျက်လှည့်ပြလိုက်သလို လောကဓံကို ကျော့ကော့နေအောင် ခံကြရတာလည်း ဒုနဲ့ဒေး။
နွေကျ ဖုန်ထူသလို၊ မိုးတွင်းကျပြန်တော့လည်း နွံထဲမှာ ရုန်းလိုက်ရတာ။ ရွှံ့ကိုဖိနပ်လုပ်မှပဲ ဖြောင့်ဖြောင့်လျှောက်နိုင်တယ်။ တာရာတွေ ရာဘာတွေ စီးလို့ကတော့ တဘိုင်းဘိုင်းလဲလိုက်မယ့်ဖြစ်ခြင်း။ ကားဘီးတွေအကုန်လုံးကို သံကြိုးတုပ်ထားရတာသာ ကြည့်တော့။ မိုးများ ဆက်တိုက်ရွာလို့ ရေမျှောပြီဆို မြေကြီးမှာ တိုင်စိုက်ပြီး ကြိုးတုပ်ထားတဲ့ မီးစက်တွေကအစ အားနဲ့မာန်နဲ့ မျှောသွားကြတာ။ လူတွေတောင် အသက်မသေလို့တော်တော့။
အဲ့လောက်အခက်အခဲတွေနဲ့မို့ မလာချင်ဘူးလားဆိုတော့ မဟုတ်ဘူး။ လာသမှ သိပ်ကိုလာတယ်။ ရှုံးနိမ့်လို့ပြန်သူတွေ ရှိသလို ရေမျောရေနဲ့လိုက်သူတွေလည်း ရှိတယ်။ ဟောတယောက် ဟောတယောက်နဲ့ လာလိုက်တဲ့ အနယ်နယ်အရပ်ရပ်က လူတွေဆိုတာ ပုရွက်ဆိတ်တတွင်းမှာ ပုရွတ်ဆိတ်တွေ အုံနေသလို။
လူတွေများပြီဆိုတော့ တခြားဗာဟီရတွေလည်း များလာပြီပေါ့။ တယ်လီဖုန်းတွေရှိတယ်။ အရက်ဆိုင်တွေ စားသောက်ဆိုင်တွေရှိတယ်။ ကာရာအိုကေကနေ အနှိပ်ခန်းအထိ ရှိတယ်။ သုံးသမျှဖုန်းတွေကလည်း နောက်ဆုံးပေါ် အက်စ်ဖိုးလောက်တော့ တရက်စာ ရှာသလောက်ပဲ။ ဆီသယ်ရောင်းလုပ်တဲ့သူတောင် တလကို သိန်းနှစ်ဆယ်ကျန်တယ်။ ပင်ပန်းတာ၊ ဆုံးရှုံးတာတွေ ထည့်မတွက်ရင်ပေါ့လေ။ လူကတော့ ချံုးချံုးကျယူမယ်။ ကိုယ့်ကားမှာ ဆီများများသယ်နိုင်မှ များများကျန်မယ်။ ဆီများများသယ်နိုင်ဖို့ သွားလိုက်စမ်း ဟိုး.လျှိုထဲ မြောင်ထဲကနေ နေ့နေ့ညည တပုံးရလည်း သယ် တဂါလံရလည်း သယ်ပေါ့။
လူတွေကလည်း များလာ၊ လုပ်ငန်းခွင်တခုလုံးဟာ ငွေဆိုတဲ့ လောဘနဲ့ဆိုတော့ တယောက်နဲ့တယောက်ဟာ မေတ္တာဆိုတဲ့ စကားလုံးတွေ ခမ်းခြောက်လို့။ အရှုံးအမြတ်ကို ပေသီးနဲ့တွက်နေကြရတာမို့ ရှဥ့်လည်း ရှဥ့်အထွာ ဆိတ်လည်း ဆိတ်အထွာပေါ့။ ထစ်ခနဲဆို ဓါးနဲ့ရှင်းမယ်၊ အင်အားကြီးသူ အုပ်စုတောင့်သူတွေက မင်းမဲ့စရိုက်ဆန်စွာ ထုနှက်ရိုက်တာတွေလည်း ခဏခဏ။ ဘယ်သူက ဘယ်သူ့ကိုမှ မပြောရဲ။ ပြောနိုင်ဆိုနိုင်ဆိုလို့ အဲ့ဒီယာခင်းအရှင်တွေက ပြောမှ ဆိုမှ ပြီးကြရတဲ့ အရပ်တောင်ဖြစ်နေပြီ။ လူ့လောက စည်းဘောင်တွေ တရားဥပဒေဆိုတာ ဒီအရပ်မှာ မရှိလေ။
ဒါပေမယ့် ဒီအရပ်ကို မသွားချင်တဲ့သူ ဆိုတာမရှိ။ အခုထိတော့ မှော်အိပ်မက်တွေ မက်နေဆဲ…ဘယ်သူကမှ ဒီမှော်…မှော်ရုံတောမှာဖြင့် မမော..မမောနိုင်ကြသေး..
No comments:
Post a Comment