28 February 2020

လမ်းတွေအားလုံးဟာ ရောမမြို့သို့ ဦးတည်


ဒုတိယနေ့ကိုတော့ စိန့်ပီတာ ရင်ပြင်ကို မြင်ရတဲ့ စိန့်ပီတာ ဘုရားကျောင်းရဲ့ ခေါင်မိုးထိပ်ဆုံးကို တက်ကြမယ်။ ရောမမြို့ရဲ့ နေထွက်ချိန် နေဝင်ချိန်ရှုခင်းတွေကို အလှဆုံးပုံဖမ်းနိုင်တဲ့ နေရာလို့ သိထားသော်လည်း ရာသီဥတုက တိမ်ထူနေတာကြောင့် ဒီဘဝအတွက်တော့ ရွာသားလက်လျော့ခဲ့ရတယ်။
မနက်စောစော ရောက်သွားတာတောင် ဝင်ဖို့ တန်းစီနေတဲ့ အတန်းက အတော်လေး ရှည်နေပြီ။ လုံခြုံရေးတွေကိုဖြတ်ပြီးတဲ့အခါ ဘုရားကျောင်းထဲ မဝင်သေးပဲ ဘေးနားက ဓါတ်လှေခါးလက်မှတ်ဝင်ဝယ်တယ်။ပြီးတော့ ဓါတ်လှေခါးနဲ့ ပထမအဆင့်လှေခါးထစ်တချို့ကို ကျော်ချခဲ့တယ်။ ဒုတိယအဆင့်​ လှေခါးထစ်ပေါင်း ၃၂၀ ကို ကြောင်လိမ်လှေခါးလို ခပ်ကျဉ်းကျဉ်းလေးနဲ့ တထစ်ချင်း တိုးဝင်သွားရတယ်။ အထပ်မြင့်ရောက်လေ လှေခါးဘေးနှစ်ဖက်ဟာ ကျဉ်းလာလေပဲ။ 



အပေါ်ရောက်တော့ အပြင်ထွက်လိုက်တာနဲ့ သိပ်လှတဲ့ ရှုခင်းနဲ့အတူ ခရီးသွားဘဝတူတွေဟာ စီးပြီးကြိုနှင့်တယ်။ တိုးရင်းဝှေ့ရင်း နေရာကောင်းတခုယူပြီး ဓါတ်ပုံကို စိတ်ရှိလက်ရှိ ရိုက်နေမိခဲ့တယ်။ အဝိုင်းတပတ် ပြည့်အောင်ပတ်ရင်း လမ်းအားလုံးဟာ ရောမမြို့သို့ ဦးတည်တယ်ဆိုတဲ့ အဆိုကို တွေးနေမိစေတယ်။






အောက်ကို ပြန်ဆင်းလာတဲ့အခါ စိန့်ပီတာဘုရားကျောင်းကို ဝင်ကြည့်ကြတယ်။ ခရစ်ယာန်ဘာသာတွေရဲ့ အထွတ်အမြတ်နေရာဖြစ်တဲ့ဒီဘုရားကျောင်းရဲ့ ကြီးမြတ်လှပတွေဟာ အံ့ချီးမကုန်အောင်ပါပဲ။ ပုပ်ရဟန်းမင်းကြီး အဖူးမျှော်ခံ ကြွမယ့်နေဖြစ်တာကြောင့် ခရစ်ယာန်ဘာသာဝင် ခရီးသွားတွေ တိုးကြိတ်နေကြတယ်။ ကျနော်တို့ကတော့ ဘုရားကျောင်းတခွင် ပတ်ပြီး ဓါတ်ပုံရိုက်ပြီး ပြန်ထွက်လာကြတယ်။ 

အချိန်ကိုကြည့်တော့ နေ့လည်စာ စားချိန်မမှီတော့ဘူး။ ၁၂နာရီမှာ ကိုလက်ဆီယမ်အေရီနာကို ဝင်ကြည့်ဖို့ လက်မှတ်ဝယ်ထားတာကိုး။ ကိုလက်ဆီယမ်တိုးက အတော်လေး ဗရမ်းဗတာ နိုင်ပါတယ်။ ချိန်းထားတဲ့အချိန် ရောက်အောင် ကျနော်တို့ သွားပေမယ့် တိုးဂိုက်က မရောက်သေးပါဘူး။ တိုးက ဝတ်စုံနဲ့လူလာခေါ်တော့လည်း ၁၂နာရီမှာ မဝင်ရသေးပဲ တိုးဂိုက်စောင့်တာလား တခြား ဧည့်သည်စောင့်တာလား မသေမချာနဲ့ ကိုလက်ဆီယမ်ရှေ့မှာ မတ်တပ်ရပ်ခိုင်းထားခဲ့တယ်။ 

အစားထိုး တိုးဂိုက်လား တခြားက တိုးဂိုက်လား တယောက်ယောက်တော့ ကျနော်တို့ကို အဖွဲ့တွေဖွဲ့ပြီး ဝင်ဖို့ ခေါ်လာတယ်။ တန်းစီစရာမလိုပဲ တခြားဝင်ပေါက်ကနေ ကျော်ဝင်ရပါတယ်။ ဒီတိုးဂိုက်က အတော်လေး ဆရာလုပ်ပါတယ်။ ဟိုဟာ မလုပ်ရ ဒီဟာမလုပ်ရ သူ့စကားနားမထောင်ရင် လူတွေကြားထဲ အော်ငေါက်သေးတယ်။ လာအိုတုန်းက တိုးဂိုက်လိုလူမျိုးပါပဲ။

သူရှင်းပြမယ့် အချက်အလက်တွေက အင်တာနက်မှာ ရှာကြည့်လို့ရပါတယ်။ အဓိက သူရှင်းပြတဲ့အချက်တွေကလည်း ဂလက်ဒီယေတာကားထဲမှာ အမှားတွေပါတယ်ဆိုတဲ့ အရာကိုပဲ ထောက်ပြနေခဲ့တာ။ 




သူ့စိတ်တိုင်းကျ တနာရီခွဲနောက်က တောက်လျောက်လိုက်ပြီးတဲ့အခါ ခရီးစဉ်ပြီးသွားပြီ။ အပေါ့အပါးလည်း အဲ့ကျမှ ပေးသွားတယ် တကယ့်ကျေးဇူးရှင်ပါပဲ။ သူ့လက်က လွတ်ပြီဆိုတာနဲ့ တော်တော်လေး ပျော်သွားကြတယ်။ ဒါတောင် နောက်ကနေ ဟိုမှာဒီမှာ မှာနေသေးတာ။ တမတ်တပ်တပ်နဲ့ဆိုတော့ ခါးတွေညောင်းနေတာမို့ ခဏထိုင်ဖို့နေရာရှာကြတယ်။ 

အညောင်းပြေပြီဆိုတော့ ကိုလက်ဆီယမ်ကို စိတ်တိုင်းကျပတ်တယ်။ အပေါ်ထပ်တွေ တက်တာတို့ မြေအောက်ထဲ ဆင်းတာတို့ဟာ နောက်ထပ်တိုးတွေ သပ်သပ်ရှိသေးတာပဲ။ တကယ်တမ်း ပြီးပြည့်စုံအောင်လည်မယ်ဆိုရင် နေ့တဝက် ဒါမှမဟုတ် တနေကုန်လောက် အချိန်ပေးရမယ်။ 



ကျောင်းသားလေးတွေ လေ့လာရေးထွက်ရင်း ပန်းချိီဆွဲနေကြတာလည်း တွေ့ရတယ်။ အရင်ခမ်းနားတုန်းက စကျင်ကျောက်ဖြူတွေနဲ့ ဘယ်လောက်များ ဟိတ်ဟန်ကြီးလိုက်မလဲဆိုတာ အပိုင်းအစပဲ ကျန်တော့တဲ့ စကျင်ကျောက်နံရံ ရုပ်ထုတွေက ပြန်ပြောနေကြသေးတာ။

ကိုလက်ဆီယမ်ကနေ ထွက်တော့မှ နေ့လည်စာ စားဖို့ ဆိုင်လိုက်ရှာကြတယ်။ အနားက ကော်ဖီဆိုင်တဆိုင်မှာ စပတ်ဂတီနဲ့ ကော်ဖီဆွဲကြတယ်။ နည်းနည်းလည်း မှောင်တော့မယ်ဆိုတော့ စိန့်ပီတာဖက် ပြန်သွားပြီး ညရှုခင်း ဓါတ်ပုံရိုက်ဖို့ သွားကြပြန်ရော။





ရိုက်ရင်း ရိုက်ရင်း မိုးအတော်လေး ချူပ်မှ ဟိုတယ်ကို ပြန်လာကြတယ်။ ထုံးစံအတိုင်း spa ကိုဝင် တနေကုန် ခြေတိုအောင် လျှောက်ခဲ့သမျှကို အညောင်းဖြေကြရတယ်။ ဒီညတော့ အထုတ်တွေ စနစ်တကျ ပြန်ထုတ်ကြရမယ်။ မနက်ဖြန် ရောမမြို့ကို စင်္ကာပူနဲ့ မလဲချင်လည်း လဲရတော့မှာပဲ.....

No comments: