04 February 2018

ထားဝယ် သို့ ချစ်သောမြေ တောင်ပိုင်း (၄)

မနက်ငါးနာရီ မထိုးခင်မှာ နိုးလာတယ်။ ၂၀၁၈ နှစ်သစ်ရဲ့ ပထမဆုံး နေထွက်ရှုခင်းကို ဖိုးခေါင်းတောင် အစပ် ကုန်းမြင့်နားကနေ ကြည့်ကြမယ်။ မျက်နှာ ကပျာကယာသစ်ပြီး အိမ်ရဲ့ နောက်ကျောဖက်ကို တက်သွားကြတယ်။

အမြင့်တနေရာ တောင်တန်းတွေကို မြင်ရတဲ့ နေရာလွတ်တခုမှာ ခြေကုတ်ယူပြီး နေထွက်အလာကို စောင့်ကြတယ်။ နေမလာခင် ရောင်နီပျို့လာကတည်းက ဘယ်နေရာလောက်က နေထွက်မလဲဆိုတာ မှန်းကြရင်း ရင်ခုန်နေကြတယ်။

စောင့်တော့သာ ကြာပေမယ့် နေထွက်လာတဲ့အချိန်က ခဏလေးပဲ။ တောင်တခုနောက်ကနေ ဘွားကနဲတက်လာပြီး အပေါ်ကို တရှိန်ထိုးတက်သွားတော့တယ်။ တောင်တန်းတွေကြားက မြူတွေဟာ နေရောင်အောက်မှာ ကခုန်ကြတော့တာပေါ့....


နေထွက်ရှုခင်းကြည့်ပြီးတာနဲ့ အထုပ်တွေသိမ်း တောင်အောက်ရွာကို ပြန်ဆင်းကြတယ်။ ရွာကထမင်းဆိုင်မှာ ထမင်းကြော်စားရင်း ကော်ဖီသောက်တယ်။ အဲ့ဒီအချိန်မှာပဲ ဒီနှစ်ဆန်းတရက်နေ့မှာ မင်္ဂလာဆောင်မယ့် ရိုးရာမင်္ဂလာပွဲနဲ့ ဆုံတယ်။ ခွင့်တောင်းရင်း တိုးဝှေ့ပြီး ဓါတ်ပုံဝင်ရိုက်တယ်။ သူတို့ရိုးရာက သတို့သားဖခင်နဲ့ သတို့သမီးဖခင်တို့ ပန်းအိုးချင်းလဲကြတယ်။ သတို့သားမိခင်နဲ့ သတို့သမီး မိခင်တို့ကွမ်းအစ်ချင်းလဲကြတယ်။ ပြီးမှ သတို့သား သတို့သမီးတို့ မင်္ဂလာပွဲဆီကို ဝင်ကြရတယ်။ တမိသားနဲ့ တမိသားဖလှယ်ကြတာကို နှစ်ဖက်မိဖ ကြည်ကြည်ဖြူဖြူဖြစ်ဟန်ကို ဆိုလိုတာထင်ပါတယ်။

ပြီးတာနဲ့ အဲကွန်းလမ်းဆိုတဲ့ ရွာတွေကြားက လျှိုမြောင်လမ်းကလေးကို တောက်လျှောက်မောင်းကြတယ်။ သဲလမ်းတွေမို့ သတိထားပြီး ဆိုင်ကယ်ကို မောင်းရပါတယ်။ နောက်ရွာတရွာမှာလည်း မင်္ဂလာပွဲနဲ့ ဆုံပြန်တယ်။ ဒါလည်း အမှတ်တရအနေနဲ့ ဆင်းရိုက်ကြပြန်ရော။ လွန်ဘော့တုန်းကလည်း ဒီလို နှစ်ဆန်းတရက်မှာ မင်္ဂလာဆောင်ဝင်ပြီး ဓါတ်ပုံရိုက်ကြတာ သတိရသွားမိတယ်။



ဒီနေ့ပထမဆုံးသွားတဲ့နေရာက မယင်းကြီးကမ်းခြေပါ။ မယင်းကြီးကမ်းခြေကတော့ ရေကူးလို့မရပါဘူး။ ရေနက်ဆိပ်ကမ်းလုပ်ငန်းနေရာပါ။ ကမ်းခြေအထိဆင်းပြီး ဓါတ်ပုံရိုက်တဲ့အခါ ဒီရေလှိုင်းကဆွဲပြီး ရေစူးနက်တာရယ် ကျောက်ဆောင်တွေရယ်ကြာင့် ကိုမောင်လေးက တားပါတယ်။ ကျနော်တို့လည်း ခပ်မြန်မြန်ဓါတ်ပုံရိုက်ပြီးတာနဲ့  အပေါ်ပြန်တက်လာကြတယ်။ 
မယင်းကြီးကနေ ထွက်ဝကိုသွားတယ်။ ထွက်ဝသွားတဲ့လမ်းမှာ လျော်ကြေးပေးထားတဲ့ လူမနေတဲ့အိမ်ရာတွေကိုလည်းတွေ့ပါတယ်။ လမ်းတလျှောက်က ခြံတွေကို လုပ်ငန်းအတွက် လျော်ကြေးပေးထားပြီးသားလို့ သိရတယ်။ ဒါပေမယ့် လုပ်ငန်းကလည်း မစတော့ ခြံရှင်တွေက ဆက်ပြီး လုပ်ရင်း နှစ်သီးစားတွေလုပ်နေကြတယ်လို့ ရှင်းပြတယ်။ ထွက်ဝရောက်တော့ ကိုမောင်လေး အသိအိမ်မှာ ညက ကျန်တဲ့ ကြက်သားကင်တွေသုပ်ပြီး ထမင်းပူပူချက်ထားပေးဖို့ မှာခဲ့တယ်။

ပြီးတာနဲ့ ထွက်ဝကမ်းခြေကို ဆင်းတယ်။ ထွက်ဝကမ်းခြေက ကိုယ်ပိုင်ကမ်းခြေပါ။ ခြံပိုင်ရှင်တွေရဲ့ အကွက်လိုက် ပင်လယ်အထိတောက်လျှောက်ပိုင်တဲ့ ကမ်းခြေပေါ့။ ခရီးသည်မရှိသလို ခရီးသွားတွေလည်း မသိသေးတဲ့ ကမ်းခြေပါပဲ။ ကျနော်တို့တွေပဲ ရှိတဲ့ကမ်းခြေမှာ အေးအေးလူလူ ရေကူးကြတယ်။ ဆင်ထောက်တုန်းကလို လှိုင်းဆွဲတာမရှိပဲ တော်တော်ပြေတဲ့ ကမ်းခြေလျောမို့ ရေကူးလို့ကောင်းပါတယ်။ 

ရေကူးပြီးတာနဲ့ ဘေးနားက ချောင်းရေကြည်ကြည်ထဲမှာ ရေချိုအေးဆေး ချိုးရုံပဲ။ ရေချိုးနေတုန်း လာတွတ်တဲ့ ငါးလေးတွေကို ဗီဒီယိုရိုက်ထားသေးတယ်။ 

ရေကူးပြီးပြီဆိုတော့ ဗိုက်ကဆာကြပြီပေါ့။ ရွာကအသိအိမ်မှာ ထမင်းပူပူနဲ့လွေးရင်း မုန့်လက်ဆောင်းလေးပါ ဆွဲကြတယ်။ ပင်လည်းပင်ပန်း ဗိုက်ကလည်းပြည့်ဆိုတော့ ဧည့်ခန်းမှာကျောချလိုက်တာနဲ့ အိပ်ပျော်သွားပါတော့တယ်။

နိုးတာနဲ့ ပြန်ကြဖို့ ပြင်ဆင်နေကြပြီ။ ညနေမောင်းမကန်မှာတွေ့ကြမယ်လို့ ချိန်းတဲ့သူတွေလည်း ချိန်းပေါ့။ ထွက်ဝကနေ ရှမ်းလမ်းပေါ်ကိုပြန်တက်၊ ရှမ်းလမ်းကနေ မောင်းမကန်ကို တော်တော်လေး မောင်းရသေးတယ်။

မောင်းမကန်ရောက်တော့ နေကျတော့မယ်။ သူများချက်ပြုတ်လာတဲ့ ပင်လယ်စာတွေနဲ့ အုန်းရည်သောက်ရင်း နေဝင်ချိန်ကို ကြည့်မိတယ်။ မောင်းမကန် နေဝင်ချိန်ကတော့ လှမြဲလှနေဆဲပေါ့။

မောင်းမကန်ကနေ ထားဝယ်အိမ်ကိုရောက်တော့ အတော်လေးမှောင်နေပြီ။ မနက်ထားဝယ်မြို့နေထွက်တာကို ခေါင်းမိုးပေါ်တက်ကြည့်မယ် ပြီးတော့ မရောက်သေးတဲ့ နောက်တနေရာကို သွားကြမယ်လို့ ပြောရင်း ၂၀၁၈ရဲ့ ပထမဆုံးရက်ကို အေးအေးဆေးဆေး ဖြတ်ကျော်လိုက်ကြတော့တယ်......

No comments: