မနက်လေးနာရီမှာ ခရီးစကြမယ်။ ကျနော့ကိုဆိုင်ကယ်နဲ့ ခေါ်မယ့် နယ်ခံ ကိုမောင်လေးကို လှမ်းနှိုးထားတယ်။ ဖုန်းနံပါတ်မှားနှိုးတာကြောင့် ကိုမောင်လေးကို ခဏစောင့်ပြီး ခရီးကို စခဲ့ကြတယ်။ မနက်စောစော ဆိုင်ကယ်လေနဲ့ တော်တော်လေး အေးတာပါ။
ထားဝယ်မြို့နယ်ရဲ့ထူးခြားချက်က မြို့နယ်တခုလုံးသန့်ရှင်းနေတာပါ။ အိမ်တိုင်း အိမ်တိုင်းနဲ့ ဒေသခံတိုင်းက သန့်ရှင်းရေးကို လုပ်ကြဖို့နှိုးဆော်ထားသူနဲ့ တတပ်တအားပါဝင်ကြတဲ့ တမြို့နယ်လုံးကို လေးစားမိပါတယ်။
တောင်တန်းတွေနားကို ရောက်တဲ့အခါ မြူတွေဆိုင်းတဲ့ ဇာပုဝါဖြူဖြူတွေ
မလွင့်ခင် ဖြတ်ခနဲတွေ့ရတဲ့ မနက်အရုဏ်ဦးအလှကို ရပ်ပြီး ရိုက်ကြပြန်တယ်။
တနာရီကျော်လောက် စီးပြီးတဲ့အခါ ဗိုက်ဆာလာကြတယ်။ လမ်းမှာ ထားဝယ်မုန့်ဟင်းခါးဆိုင် စဖွင့်ကာစတွေ့တာနဲ့ ဝင်ဆွဲကြတယ်။ ထပ်ပြီးမောင်းလာရင်း မုချွတ်လိလုပ်နေတာတွေ့တာနဲ့ ဆိုင်ကယ်နောက်ပြန်လှည့်ပြီး ဝင်စားကြသေးတယ်။ မုန့်သည်ဘေးနားကနေ သူတခုလုပ်ပြီးတာနဲ့ ကိုယ်တခုစား သိပ်ကောင်းတဲ့ မုချွတ်လိပါလား လုပ်နေကြတယ်။ မုန့်သည်အမက မျက်နှာချိုသာရုံမက စေတနာပါ ချိုပါတယ်။ မုန့်အပိုနှစ်ခု သီးသန့်ထည့်ပေးလိုက်သလို ကျနော်တို့တွေ ပျော်နေတာကို ပြုံးပြီးကြည့်နေလေရဲ့...
နောက်ထပ် တနာရီကျော်ကျော်လောက် ထပ်မောင်းလာတဲ့အခါ ရွာကအိမ်မှာ ကလေးတွေကို အမေက ထမင်းကျွေးရင်း မီးလှုံနေတဲ့မြင်ကွင်းကို ဖြတ်လာကြတယ်။ ဓါတ်ပုံရိုက်ချင်လို့ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူလာကြတယ်။
အညာထန်းတောနဲ့ တူတယ်ဆိုတဲ့ မြင်းခွာအော်မရောက်ခင် လမ်းကလေးမှာလည်း ရပ်ကြပြန်သေးတယ်။
ဘုရားဖူးတွေမများခင် ရှင်မှော်ရောက်အောင်သွားကြမယ်ဆိုပေမယ့် ရှင်မှော်သွားတဲ့ လမ်းတလျှောက်မှာ နှစ်ကြိမ်လောက် ရပ်ပြီး ဓါတ်ပုံရိုက်ကြပြန်သေးတာ။ ပင်လယ်ဘေးနားကပ်ပြီး တောက်လျှောက်သွားနေတဲ့ ရှင်မှော်လမ်းဟာ မရပ်ပဲ မနေနိုင်အောင်ကိုလှပါတယ်။
ရှင်မှော်ရောက်တော့ နေပူနေပြီ။ ဘုရားကိုဦးချပြီးတာနဲ့ အောက်ကို အတင်းဆင်းကြတယ်။ ဘုရားဖူးတွေများနေခဲ့ပြီ။ အရင်ကဆို သဘာဝအတိုင်းမို့ ပိုလှမှာ ခုတော့ ရသလောက် အလှလေးတွေကိုပဲ မှတ်တမ်းတင်ခဲ့ရတော့တယ်။ အပေါ်ကို ပြန်တက်လာတဲ့အခါ ဘုရားဖူးကားတွေ တော်တော်များများ ရောက်လာကြပြီ။
ရှင်မှော်ကနေ ပြန်တော့ ငါးဖမ်းရွာကလေးကို ဓါတ်ပုံရိုက်တယ်။ ပြီးတော့ မြင်းခွာအော်ကို ဆင်းတယ်။ မြင်းခွာအော်က ရေကူးဖို့တော့ အဆင်မပြေဘူး။ မြင်းခွာအော်ကနေ ဘိုးဘိုးကျောက်ကို ဆက်သွားကြတယ်။
ဘိုးဘိုးကျောက်ကိုရောက်ဖို့ ခက်ခက်ခဲခဲမောင်းရပါတယ်။ ၆၀ဒီဂရီလောက်မတ်တဲ့တောင်ကုန်းတွေကို အဆင်းအတက်လုပ်ရတယ်။ ဘိုးဘိုးကျောက်ကမ်းခြေက ရေအတော်ကြည်ပြီး တကယ်ကို လှတဲ့ကမ်းခြေတခုပါပဲ။ အမှိုက်တွေမရှိသေးဘူး၊ကားတွေ ဆိုင်ကယ်တွေတော့ ကမ်းခြေမှာ သွားနေကြတာ တားမြစ်သင့်ပါတယ်။ ကမ်းခြေကို သဘာဝအတိုင်း ထိမ်းသိန်းမယ့်သူတွေ လိုအပ်နေပါသေးတယ်။ မူရင်းအစီအစဉ်က ဘိုးဘိုးကျောက်ကနေ စက်လှေနဲ့ ဆင်ထောက်ကို သွားကြဖို့ပါပဲ။ စက်လှေလိုက်မယ့်သူမရှိဘူးလို့ဆိုပါတယ်။
ဘိုးဘိုးကျောက်မှာ အုန်းရေသောက် ခဏနားပြီး နောက်ကြောင်းပြန်လှည့်လာကြတယ်။ ဘိုးဘိုးကျောက်လမ်းထက် ကြမ်းတဲ့ ဆင်ထောက်ကမ်းခြေလမ်းကို ဦးတည်ကြပြန်တယ်။ ဆင်ထောက်သွားတဲ့လမ်းဟာ မိုးတွင်းဆို ဘယ်လိုမှ သွားလာနိုင်မှာ မဟုတ်ပါဘူး။ ကိုမောင်လေးကတော့ ပြောတယ် ဆင်ထောက်မှာ ကျောင်းရှိတယ် ဒါပေမယ့် ဆရာ ဆရာမတွေဟာ အဲ့ဒီကျောင်းကို ဘယ်သူမှ မလာချင်ကြဘူးတဲ့။ ဒီလောက်ခက်ခဲတဲ့လမ်းကို ဘယ်သူက နေ့တဒူဝလာချင်မှာတဲ့လဲ....
ဆင်ထောက်ရွာမရောက်ခင် လမ်းဆုံမှာ ကြံရည်သောက်ကြတယ်။ ရွာကထည့်ပေးလိုက်တဲ့ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ကိုလည်း စားလိုက်သေးတယ်။ ကြံရည်က သိပ်ချိုတာမို့ အပြန်ဝင်သောက်မယ်လို့ပါ စာချုပ်ချုပ်ထားလိုက်ကြသေးတာ။
ဆင်ထောက်ရွာရောက်ပြီဆိုတာနဲ့ စာသင်ကျောင်းကို တခုတ်တရပြတယ်။ စာသင်ကျောင်းကျော်တာနဲ့ ဆိုင်ကယ်လမ်းဆုံးပြီ။ ရေတက်ချိန်ဆို လမုတောကို လှေနဲ့ဖြတ်ရပြီး ခုလို ရေကျချိန်မှာတော့ ခြေကျင်ခရီးပါ။ လမုတောကို မဗေဒါ သီချင်းလေးညည်းရင်း နေပူပူကို လသာသလို ဖြတ်ကြတယ်။ တနာရီကျော်ကျော်လောက် လျှောက်လာရင်း လှိုင်းသံကို ကြားနေရပြီ။
တွေ့ပြီ ရှေ့မှာ ပင်လယ်။ သဲတွေဟာ မြေပဲဆန်လှော်တဲ့ ဒယ်အိုးထဲက ဆားတွေလိုပါပဲ။ နှစ်သစ်ကူးမှာ ဒီ ဆင်ထောက် ကမ်းခြေမှာ နေကြမယ်စိတ်ကူးပေမယ့် ခြောက်ရက်နေ့အထိ ကမ်းခြေဟိုတယ်က အပြည့်တဲ့လေ။ ဒီတော့ ဒီကမ်းခြေကို ရောက်ဖူးတယ်ရှိအောင်ပဲ လာဖြစ်တာပါ။
ဟိုတယ်က ဖွင့်ထားတဲ့ ဆိုင်မှာ နေ့လည်စာ စားဖို့မှာကြတယ်။ ဗိုက်တွေ တအားဆာနေခဲ့ပြီ။ နေ့လည်စာစား ခဏနားပြီးမှ ရေဆင်းကူးကြတယ်။ ဆင်ထောက်ကမ်းခြေက ဘိုးဘိုးကျောက်လောက် သိပ်မလှတဲ့အပြင် လှိုင်းကလည်း ဆွဲတဲ့အတွက် ရေကူးမယ့်သူတွေ သတိနဲ့ကူးစေချင်ပါတယ်။ သီးသန့်ကမ်းခြေလေးဖြစ်သလို၊ ကမ်းခြေစောင့် သက်ကယ်အဖွဲ့တွေလည်း မရှိတာကြောင့်ပါ။ ပြန်တက်လာတဲ့အခါ ဟိုတယ်က ကျနော်တို့ကို ရှားပါးတဲ့ ရေချိုကို ပေးချိုးပါတယ်။ ညနေ နေမကျခင် ကမ်းခြေကနေ ပြန်ထွက်လာကြတယ်။ တအားမှောင်ရင် ဒီလမ်းမှာ ဆိုင်ကယ်နဲ့ လမ်းမသာဘူးလေ...
ဆင်ထောက်ရွာပြန်ရောက်တဲ့အခါ ကျောင်းကို အမှတ်တရ ဓါတ်ပုံရိုက်တယ်။ ပြီးတော့ ကွမ်းသီးလှမ်းထားတာကို ရိုက်တယ်။ ပြီးတော့ ရိုးရာ ဓနိသက်ကယ်ယက်နေတာကို စိတ်ဝင်စားမိတယ်။ လက်ဆင့်ကမ်းသင်ကြားသလို ဖြစ်နေတာမို့ အမှတ်တရ ဓါတ်ပုံရိုက်ယူလာခဲ့ပါတယ်။ ဒီဒေသတွေမှာ ရိုးရာမပျက် ဓလေ့အစဉ်အလာတွေ ထိမ်းသိန်းကြတုန်း...
လမ်းဆုံက ကြံရည်ဆိုင်မှာ တချက်ပဲရပ်တယ် အပြန်ကို အရှိန်တင်ပြီး မောင်းလာကြတယ်။ တချက်တချက် တယောက်ကို တယောက် စောင့်ကြတာကလွဲရင် မနားကြတော့ဘူး။ ကိုမောင်လေးက ဟိုနားရပ်မလား ဒီနားရပ်မလား မေးပေမယ့် ကျနော်လည်း ထူးပြီး မရပ်ခိုင်းတော့ဘူး။ တချက်ပဲ နေဝင်ချိန် ကောင်းကင်ကို ခဏရပ်ပြီး ဓါတ်ပုံရိုက်တယ်။ ပြီးတော့ သူရပ်ပြီး ရိုက်ခိုင်းတဲ့ ဘုရားလှည့်ပွဲ.....
ကမြောကြီးကို ရောက်တဲ့အခါ အိမ်က လူတွေက ဧည့်သည်ကို ဒီလောက်တောင် မောင်းသလား၊ ဧည့်သည်တော့ ပြန်ပြေးတော့မှာပဲ မေးကြတယ်။ မနက်လေးနာရီကနေ ညနေ ၇နာရီလောက်ထိ တောက်လျှောက်သွားပေမယ့် ဧည့်သည်ကလည်း ဒီလိုမျိုးသွားချင် သွားတတ်တာဆိုတော့ အေးဆေးပဲ။ တခုပဲ ဆိုင်ကယ်တနေကုန်ခွထားတော့ ပေါင်တွေတော့ ကွနေတော့တယ်....
နောက်နေ့ ဘယ်သွားဦးမလဲ ဆိုတဲ့ စိတ်နဲ့ ဖြစ်သလို ညစာကို မြို့ပေါ်က တည်းတဲ့ အိမ်မှာ စားပြီးပြီးချင်း ဆေးတွေသောက်စရာရှိတာသောက် လိမ်းစရာရှိတာလိမ်း၊ သိပ်မကြာခင် အိပ်ပျော်သွားပါတော့တယ်......
No comments:
Post a Comment