အလုပ်ကိစ္စနဲ့ ဂျပန်ကို ရောက်တုန်း ရှားရှားပါးပါး တနင်္ဂနွေပိတ်ရက် တရက်ရပါတယ်။ ကိုဘေးမှာတည်းတာဆိုတော့ မရောက်ဖူးသေးတဲ့ ကျိုတိုကို သွားဖို့ စီစဉ်တယ်။ ရောက်ဖူးပြီးသားဖြစ်တဲ့ စီနီယာက သူလိုက်ပို့မယ်ဆိုတော့ အိုခေပေါ့...
တကယ်တမ်းသွားရမယ့်နေ့မတိုင်ခင် မိုးကသည်းသည်းမည်းမည်းရွာတယ်။ နောက်နေ့လည်း မိုးရွာဦးမယ်လို့ မိုးလေဝသက ထုတ်ပြန်တယ်။ လိုက်ပို့မယ်ဆိုတဲ့ စီနီယာက မိုးရွာလို့ မလိုက်တော့ဘူးတဲ့။ ကျနော်ကတော့ စိတ်ထဲ ညွှတ်တာမို့ ကျိုတိုကို တယောက်တည်းထွက်လာလိုက်တယ်။ မစီးဖူးသေးတဲ့ ကျည်ဆန်ရထားလည်း စီးမယ်ဆိုပြီး ဟိုတယ်နားက ဘူတာမှာ လက်မှတ်ဝယ်လိုက်တယ်။ ကျည်ဆန်ရထားစီးဖို့ ရှင်းကိုဘေးကို သွားရသေးတာ။
ကိုုဘေးကနေ ကျိူတိုကို နာရီဝက်ပဲကြာပါတယ်။ ကျိုတိုကို ရောက်တာနဲ့ အရမ်းသွားချင်တဲ့ ဝါးတောအုပ်ကို ချီတက်တယ်။ တိုက်ရိုက်ရောက်မယ့် တိုးဘတ်စ်ကားကိုစီးသွားတယ်။ တနာရီလောက်ကြာမှ ကားမှတ်တိုင်ကိုရောက်တယ်။ ကားမှတ်တိုင်ကနေ တံတားတခုကို ကျော်ပြီး ဝါးတောဆီကို လျှောက်ရတယ်။ ဝါးတောကိုရောက်တော့ ဧည့်သည်တွေနဲ့ စည်ကားနေခဲ့ပြီ။ ဓါတ်ပုံထဲမှာသာ လူရှင်းပြီး လှပနေပေမယ့် အပြင်မှာတော့ လူအုပ်ကြားထဲရောက်နေတဲ့ ဝါးတောကိုပဲ မြင်ခဲ့ရတယ်။
ဝါးတောကအထွက်မှာ ပန်းခြံတခုထဲဝင်ရင်းကနေ ဘုရားကျောင်းတခုထဲကို ရောက်သွားတယ်။ မက်မုံပန်းတွေကို ရိုက်ရင်း ဘုရားကျောင်းအနားမှာ ထရိုင်ပေါ့နဲ့ ဓါတ်ပုံအေးဆေးရိုက်နေခဲ့မိတယ်။ နောက်မှ ဘုရားကျောင်းကတာဝန်ရှိသူ လာပြောမှ မြင့်မြတ်တဲ့ မြေနေရာမှာ ထရိုင်ပေါ့ ထောင်ခွင့်မရှိဘူးဆိုတာ သိခဲ့ရတယ်။ လာပြောတဲ့သူက ယဉ်ယဉ်ကျေးကျေးမို့ လိုက်နာရတဲ့ သူလည်း စိတ်ကျေနပ်ရတယ်။
ဘုရားကျောင်းကထွက်လာတော့ ဗိုက်ကဆာနေတာနဲ့ အနားက ဆိုင်တခုမှာ နေ့လည်စာစားဖြစ်တယ်။ ပြီးမှ နောက်ထပ်သွားလည်ရမှာတွေအတွက် အချိန်လုရမှာမို့ တက္ကစီကိုလက်ပြရတယ်။ နောက်တနေရာကတော့ ဒီနေရာမရောက်ရင် တိုကျိုမရောက်ဖူးလို့ ဆိုစမှတ်ဖြစ်ရတဲ့ ကင်ကကူဂျိ ဝါ ရွှေကျောင်းပါ။
နာမည်ကြီးနေရာဆိုတော့ ခရီးသွားဧည့်သည်တွေဟာ အုံခဲနေတယ်။ ဝင်ခွင့်ရဖို့ တန်းစီစောင့်ကြရတယ်။ အတော်လေးကိန်းခမ်းကြီးတဲ့ နေရာလို့ ပြောနိုင်တယ်။ ဧည့်သည်တွေကို တနေရာတည်းမှာ စုပြုံမနေစေပဲ အစောင့်တယောက်က နေရာချ ကြီးကြပ်နေတယ်။ မြေပေါ်မှာ ထိုင်လိုက်တာမျိူး ဒူးထောက်တာမျိုးလည်း ခွင့်မပြုဘူးဆိုတာ တွေ့ခဲ့ရတယ်။
ရွှေကျောင်းတော်ကို အားရပါးရ ဓါတ်ပုံရိုက်ပြီးတဲ့အခါ သူ့အနောက်က ပန်းခြံထဲကိုလူအုပ်နဲ့ ရောထွေး လျှောက်ကြည့်ဖြစ်တယ်။ အဲ့ဒီကနေမှ ထွက်ပေါက်ဖြစ်ပြီး ထွက်ပေါက်နားမှာ ဆုတောင်း ဝတ်ပြုသူတွေနဲ့ ဆုတောင်းကဒ်ပြားတွေကို မြင်ခဲ့ရတယ်။
ရွှေကျောင်းပြီးတာနဲ့ ငွေကျောင်းဖြစ်တဲ့ ဂျင်ကကုဂျိကို ဆက်သွားဖြစ်တယ်။ စိတ်ထဲက ငွေကျောင်းက ဧည့်သည်ပဲနည်းလို့လား နောက်က တောတောင်ရိပ်ကြောင့်လား သူ့ကို ပိုနှစ်သက်မိတယ်။ ငွေကျောင်းကပိုရိုးရှင်းပါတယ်။ ငွေကျောင်းအနောက်ဖက်တောင်ပေါ်က ကျောင်းနဲ့အတူ ကျိုတိုမြို့တစိတ်တဒေသကို ကြည့်ခွင့်ရတယ်။
အချိန်က သိပ်မကျန်တော့တာမို့ခပ်သွက်သွက်သွားလာခဲ့ရတာ တကယ်တော့ အေးအေးချမ်းချမ်း လည်သင့်တဲ့နေရာတွေပါ။ ငွေကျောင်းကနေ ကိုဘေးကို ရထားပြန်စီးဖို့ အဆင်အပြေဆုံးဖြစ်တဲ့ ဖူရှိမိအင်အာရိကို အပြေးသွားရတယ်။ မိုးနည်းနည်းကျလာတာနဲ့ အနားက စတိုးဆိုင်မှာ ထီးဝယ် ထီးတချောင်းနဲ့ တလမ်းလုံး ရှုပ်ယှက်တွေခပ်နေတော့တယ်။ ဂျပန်ရုံးက ညစာစားဖို့ မက်ဆေ့လမ်းပို့တယ်။ မမှီနိုင်လောက်တော့ဘူး မိုးချုပ်မှ ရောက်မယ်လို့ ပြောပြီး ငြင်းလိုက်ရသေးတယ်။
တိုင်လုံးနီနီတွေနဲ့ ဓါတ်ပုံဆရာတွေအကြိုက် ဖူရှိမိအင်အာရိကတော့ လူနဲ့တိုင်လုံး မသည်းကွဲအောင်ကို များပါတယ်။ အညာက ဘုရားပွဲလိုမျိုးကြိိတ်ကြိတ်တိုးစည်တာပါ။ လူလစ်တဲ့အချိိန် မနည်း စောင့်ပြီး စိတ်ကြိုက်ပုံရအောင် ရိုက်ရတယ်။ ရိုက်နေတုန်းလူဖြတ်သွားတတ်တာမို့ အချိန်အတော်လေးကြာအောင် စောင့်ခဲ့ရပါတယ်။
တောင်ပေါ်ထိတက်ချင်ပေမယ့် အခွင့်မသာပါဘူး။ မိုးလည်းရွာတာမို့ ခဏနေတာနဲ့ အမှောင်က ရုတ်ခနဲကျလာတယ်။ နာရီဝက်လောက်ပဲ အထက်ကို တက်ပြီး ပြန်ဆင်းလာ။ရထားလက်မှတ်ကို ရိုးရိုး ရထားလက်မှတ်နဲ့ အိုဆာကာကို ဖြတ်ပြီး ကိုဘေးကို ပြန်လာခဲ့တယ်။ ကိုဘေးဟိုတယ်နားက ဘူတာမှာပဲ ညစာကို စားရင်း ကျိုတိုကို နောက်တခေါက်အေးအေးဆေးဆေး သွားလည်ဖြစ်အောင် လည်ဦးမယ်လို့ စိတ်ထဲကနေ တေးထားမိပြန်ရော...
No comments:
Post a Comment